တကယ့်ယုံကြည်မှု “သဒ္ဓါ” ဆိုတာ မည်ကာမတ္တမဟုတ်၊ “စိတ်ချ ယုံကြည်မှု” ကိုပဲ ကိုယ်စားပြု ပါတယ်" တဲ့။ ဒီကနေ့ကာလကို ယုံကြည်မှု တည်ဆောက်နေတဲ့ ကာလ အဖြစ်လည်း သတ်မှတ်ထားကြတော့ “သဒ္ဓါ” အဆင့်ကို ရောက်ဖို့ဆိုတာ မယုံကြည်တာက အစ၊ ယုံကြည့်တာက အလယ်၊ ယုံကြည်တာက အဆုံးဖြစ်တာမို့ ယုံကြည့်တဲ့ အလယ်ကာလကို ဖြတ်သန်းနေပြီ လို့တော့ ဆိုရမှာပါပဲ။
ဒီလိုဖြတ်သန်းနေပြီမို့ မကြာခင် သဒ္ဓါအဆင့်ကို ရောက်တော့မယ် လို့တော့ ဘယ်သူမှအာမခံနိုင်မှာ မဟုတ်ပါဘူး။ သံခင်းတမန်ခင်းစကား ဆိုတာလည်း သံခင်းတမန်ခင်းအရ ပြောတာပဲရှိတယ်လို့ ကြားကောင်းအောင် ပြောတယ်ဆိုတာ ကြားမကောင်းတဲ့ စကားတွေထက်တော့ လှပနေမှာပါ။ “ဒါပေမဲ့ ဒါပေမဲ့ပေါ့”။ ဒါတွေဟာ အညာတွေလား သဒ္ဓါတွေလား။
တကယ့်သဒ္ဓါဆိုတာ ရင်ဘတ်ထဲမှာသာ ရှိတာမျိုးဖြစ်ပါတယ်။ နိုင်ငံရေးထားပါဦး။ အိမ်ထောင်ရေးပဲ တွေးကြည့်ပါဦး။ အိမ်ကမိန်းမက အပြင်မှာ အလုပ်ထွက်လုပ်နေတဲ့ သူ့ယောက်ျားကို မယုံဘူး။ ချောလို့လည်း မယုံဘူး။ ထောလို့လည်းမယုံဘူး။ ဟိုဘက်က သူကလေးက လှနေလို့ စိတ်မချဘူး။ ရွနေလို့ စိုးရိမ်တယ်။ ဘယ်မှာလဲ လင်နဲ့မယားကြားမှာ ထားရှိတဲ့ သဒ္ဓါယုံကြည်မှု။ ယောက်ျားကလည်း တစ်မှောင့် "အိမ်ကို ဟိုကောင်ဘာလို့ လာတာလဲ။ စောစောက နင့်ကိုဖုန်းဆက်တာ ဘယ်သူလဲ၊ ကြာလှချည်လား၊ ဘာတွေပြောနေတာလဲ" နဲ့။ ယုံကြည်မှုနဲ့ ပြောတဲ့စကား ဆိုလို့ တစ်လုံး လောက်ပဲ ရှာပြစမ်းပါ။ ဘယ်ချက်ကွဲမလဲ၊ နားသာထောင်နေ ဆိုတဲ့ လင်မယားတွေလည်း လောကမှာ အများကြီးပါပဲ။ ဒါ လင်မယားနှစ်ယောက်ချင်းရဲ့ကိစ္စလေးပဲ ရှိပါသေးတယ်။
ခုဟာကတော့ အိမ်ထောင်ရေးလည်းမဟုတ်၊ ရပ်ရေးရွာရေး မဟုတ်တဲ့ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ် နိုင်ငံရေးကိစ္စကြီး ဖြစ်နေပြန်တော့ မလွယ်ရေးချမလွယ် တကယ်ဆွေးရတယ် ဖြစ်နေ ပါတော့တယ်။ ခုဆွေးနွေးလိုက် ခုပဲ တိုက်ပွဲကြီးငယ်တွေ ပြန်ဖြစ်လိုက်နဲ့ နောက်နေ့ သတင်းဆောင်းပါးတွေမှာ “ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ်” ဆိုတဲ့ ဆောင်းပါးမျိုးတွေနဲ့ပဲ သံသယ သံသရာ လည်နေဆဲပါပဲ။ ကျွန်တော် တင်စားမှု လွန်ကဲသွားတယ် မထင်ပါနဲ့နော်။ ဒါတကယ်ပြောခဲ့တာပါတဲ့။ တည်ငြိမ်တဲ့မူဝါဒ မရှိသေးတဲ့အပေါ်မှာ ညည်းတွားပြောဆိုလိုက်တာ ဖြစ်ပြီး နိုင်ငံရေးလုပ်ရာမှာ သူ့ကိုသေတဲ့အထိ ခိုင်းပါ။ သေချင်သေပါစေ။ သူသေသွားသော် သူ့အသားကို စားနိုင်ကြပါတယ်တဲ့။ ဒါဟာငြိမ်းချမ်းရေး ဇာတ်လမ်းရှည်ကြီးထဲက လျှပ်တစ်ပြက် ဇာတ်ဝင်ခန်းလေး တစ်ခုမျှသာ။ ဖန်သားပြင် ပေါ်မှာ ဘာတွေ ဆက်ဖြစ်လာလိမ့်ဦးမလဲ ဆိုတာကတော့ ရင်တမမ စောင့်ကြည့်ကြဦးစို့။
တစ်သက်လုံးက ရင်တမမတွေနဲ့ ယခုရင်တမမတွေ ပေါင်းရင်၊ ရင် နှစ်မမ ပြောရမလားတော့ မသိပါ။ "မီဒီယာနဲ့ပတ်သက်၍ အမှုလေးမှု တစ်ပြိုင်နက် ငြိစွန်းနေပါသဖြင့် တစ်မှုကို တစ်ဆယ့်ငါးနှစ် ကျခံရမှာဆိုတော့ လေးနဲ့ မြှောက်ပြီး နှစ်ခြောက်ဆယ် ပျော်ပျော်ကြီးထောင်နန်းစံစေ" ဆိုတဲ့ ဇာတ်လမ်းတွေနဲ့လည်း ကျွန်တော်တို့ တိုင်းသူပြည်သားတွေ ယဉ်ပါးခဲ့ကြပြီး ဆိုတော့ “ကိုယ်ဘာများတတ်နိုင်ဦးမှာလဲ” သီချင်းလေးပဲ အလွတ်ကျက်ပြီး အထဲဝင်ရုံပါပဲလေ။
တော်ပါသေးတယ်။ “ပြောင်းလဲလာသောရွာကလေး” သီချင်းထဲမှာ “ခုတော့ ဒီလိုမဟုတ်ပြီ” ဆိုတဲ့စာသား ပါလာသေးလို့ပေါ့။ ခု မဟုတ်တာကိုတော့ ကျေးဇူးတင်မိပါတယ်။ ခုပါ ဆက်ဟုတ်နေသေးရင်လည်း “ပြည်ထောင်စု” ဆိုတဲ့ စကားစုရဲ့ ရှေ့ဆုံးကစကားဖြစ်တဲ့ “ပြည်” ကိုထည့်မရေးဘဲ ထားလိုက်ဖို့သာ ရှိပါတော့တယ်။ “တို့ရွာကလေး ပြောင်းလဲလာချေပြီ”
သီချင်းလေးပဲ ဆက်နားထောင်ချင်ပါတယ်။
“မြန်မာ့ဥပဒေ၊ ကမ္ဘာ့အမှုပွေ” မဖြစ်ရလေအောင် သမ္မတကြီးခရီးစဉ် မှာ ဝိုင်းဝန်းအကြံပေးတဲ့ ပြုရမယ့် အလုပ်တွေနဲ့ ပြင်ရမယ့်ဥပဒေတွေ တသီကြီးပါပဲ။ ရှေးကအုပ်ချုပ်သွားခဲ့တဲ့ သူတွေဟာ နောက်အုပ်ချုပ်မယ့် သူတွေ၊ ဥပဒေပြုမယ့်သူတွေကို အလုပ်လက်မဲ့ မဖြစ်ရလေအောင် တာဝန်ရှိပုဂ္ဂိုလ်တစ်ဦး ပြောခဲ့သလို ပြောရရင် “စနစ်တကျ စီမံဆောင်ရွက်ခဲ့တာပါ” လို့ ပြော ရမယ်နဲ့တူပါရဲ့။ ဒေါ်အောင်ဆန်းစုကြည် ကတော့ အလုပ်တွေများလွန်းလို့ အရင်ဘဝလေး ပြန်တမ်းတမိပုံကို အရွှန်းဖောက်ခဲ့တာ သွားသတိရမိပါတယ်။
နောက်ကြောင်းလည်း မလှည့်ချင်၊ ဒီ “ဥပဒေကျမ်းထုပ်” မဟုတ်တဲ့ “တုတ်ကြမ်း” ကို ရွက်ပြီး ရှေ့ဆက်လှမ်းလို့လည်း မဖြစ်နဲ့ လူညီမှပဲ “ကျွဲ” မှ “ဤ” ပြန်စာစီလို့ ရတော့မှာပါ။ လူညီ မညီ ဆိုတာကလည်း ဥပဒေကို ပြင်ရာမှာ “အရပ်နဲ့တစ်မတ်” နှစ်ဇာတ်စလုံးညီမှ ပြင်လို့ရမှာ ဖြစ်နေပြန်တော့ တစ်ဇာတ်ထဲ ဥပဒေ ပွဲကလို့မရ ဖြစ်နေပါတယ်။ ခွကျတာက တစ်မတ်ဇာတ် ဆိုတာမျိုး က ဘယ်ကမ္ဘာမှာ မရှိပါဘဲ ဒီမှာတော့ ထိုးဇာတ်တစ်ခုအနေနဲ့ တိုးချဲ့ထားတဲ့ အတွက် “ကမ္ဘာ့အရပ်နဲ့ မြန်မာ့တစ်မတ်” ဆိုရမလို ဖြစ်နေပါတယ်။ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်အောင် ကမ္ဘာ့ဥပဒေတွေနဲ့ အရင်ဆုံး ရင်ဘောင်တန်းနိုင်ဖို့ လိုမယ်ထင်ပါတယ်။
“ကျေးဇူးပြုပြီး ဖိနပ်ချွတ်၍တက်ပါ” ဆိုသလို ဘွတ်ဖိနပ် ချွတ်ပြီးတက်နိုင်လျှင် ကောင်းလေစွလို့ တွေးမိပါတယ်။ တပ်မတော်ရဲ့ ဖခင်ကြီးကိုယ်တိုင်လည်း ဘွတ်ဖိနပ်ချွတ်ပြီးမှသာ တက်ရောက်ခဲ့တာပါ။ လူကိုပြောချင်းမဟုတ် မူကိုပြောခြင်းမျှသာ။
ကြားဖူးတဲ့ ဒဿနအမြင်လေးတစ်ခုက “ခြေမလေးတစ်ချောင်းဟာ ဘယ်လောက်ပဲ လှပလွန်းသည်ဖြစ်စေ၊ သူ့အလှတရားရဲ့ တည်ရာဟာ “ခြေမ” နေရာမှာပဲ ရှိပါတယ်။ “လက်မ” နေရာကို လက်မထက် လှမယ်ထင်ပြီး လာတပ်လို့ မလှနိုင်တာလည်း အလှရဲ့သစ္စာတရား တစ်ခုပါပဲ" တဲ့။ ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ အမြင်မှာလည်း အခွင့်ထူးခံ “ခြေမ” ဝန်ထမ်းအဖြစ် ကျန်တဲ့ ခြေတွေ လက်တွေကမြင်ရင် သင့်တော်ပါမည်လားဆိုတဲ့ အတွေးတွေလည်း ဝင်ရောက်နေမိပါတယ်။ အချို့က သံခင်းတမန်ခင်း သဘောဆောင်ပြီး ဘယ်လိုပဲ ပြောသည်ဖြစ်စေ၊ ပြည်သူတွေရဲ့အမြင်မှာတော့ ဒါဟာမသင့်တော်ဘူး လို့သာ မြင်နေကြတာပါ။ “ခြေမ” နေရာမှာပဲ အလှဆုံးဖြစ်အောင် ကြိုးစားဖို့ ပြည်သူတစ်ယောက်အနေနဲ့ မေတ္တာရှေ့ထားကာ အကြံပြုလိုက်ရပါတယ်။
တိုင်းပြည်ကို ခေါင်းဆောင်နေတဲ့ အဖွဲ့ ဖြစ်စေ၊ နောက်နောင် ခေါင်း ဆောင်လာနိုင်တဲ့ အဖွဲ့အစည်းဖြစ်စေ ပြည်သူတွေရဲ့အပေါ်မှာ ထားရှိအပ်တဲ့ သဘောထားတစ်ခုကတော့ “ပြည်သူတွေဟာ မိမိတို့အပေါ်မှာ အစဉ်အမြဲ ယုံကြည်နေသူတွေ ဖြစ်အောင် ယုံကြည့်နေသူတွေ အဆင့်က လွန်မြောက်အောင် အစဉ်အမြဲပဲ ပြည်သူကို ဦးထိပ်ပန်ဆင်တဲ့စိတ်နဲ့ ကြိုးစားဆောင်ရွက် သွားမယ်” ဆိုတာပဲဖြစ်ပါတယ်။ ပြည်သူကမိဘ၊ မိဘကသာ ပထမဆိုတာ ဒီမိုကရေစီရဲ့သဘာဝပါပဲ။
ပြည်သူတွေဟာ လူမှန်ကိုသာ နေရာမှန်ပေးချင်ကြမှာပါ။ လူမှားတွေ အတွက် နေရာမှန်ဆိုတာ ကြက်ခြေခတ်ထားတဲ့ ကုလားထိုင်တစ်ခုသာ ဖြစ် ပါလိမ့်မယ်။ စီးပွားရေးအယူအဆတစ်ခုမှာ စားသုံးသူဘက်ကသာ အမြဲမှန်ပါတယ်။ နိုင်ငံရေးမှာလည်း ပြည်သူဘက်ကသာ အမြဲမှန်ပါလိမ့်မယ်။ အရင်ကလို “ငါသာပထမ၊ ဒုတိယဆိုတာ ဇာဂနာ နောက်ထွက်မယ့်စာအုပ်” လုပ်လို့ တော့မရပါ။ တစ်ယောက်တည်းပြေးပြီး ပထမအော်ရတာမျိုးဟာ ကလေးတွေ အတွေးထဲမှာတောင် ရှက်စရာကောင်းနေပါပြီ။ အပြိုင်အဆိုင်ရှိမှ တိုးတက်မှုရှိမယ်ဆိုတဲ့ အမြင်နဲ့သာ ယှဉ်ပြိုင်ကြရမှာပါ။
ယနေ့ ပြုပြင်ရေးဆွဲမယ်ဆိုတဲ့ ဖွဲ့စည်းပုံမှာလည်း ကိုယ့်ထက် ပြေးလုံးကောင်းပြီး သက်လုံလည်း ကောင်းနိုင်မယ့်လူလို့ ယုံကြည်ရသူကို ချောက်ချ ထားတဲ့ဥပဒေများ ရှိနေမနေ ဆန်းစစ်ပြီး တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ တို့ပြည် တို့မြေ ဖြစ်ရလေအောင် ကြံဆောင်ကြဖို့လည်း လိုပါတယ်။ ချောက် ချတဲ့ အကျင့်တွေကို ပြည်သူတွေက လက်သင့်ခံကြမှာ မဟုတ်တော့ပါဘူး။ သိသိကြီးနဲ့ ညစ်နေပြန်ရင်လည်း ရေမချိုးတဲ့လူအနား ဘယ်သူမှမကပ်ချင် ဖြစ်ကုန်မှာပါပဲ။
ယုံကြည်မှု တည်ဆောက်တယ်ဆိုတာ မယုံကြည်နိုင်မှု သံသယဒွိဟ တွေ မရှိရအောင်သာ လုပ်ရမှာကို သံသယတွေ ပြန်လည်တိုးပွားလာအောင် ကြံဆောင်မြဲ ကြံဆောင်နေကြမယ် ဆိုရင်တော့ နောက်ကြောင်းပြန် အန္တရာယ် ကို တစ်ဖန်ကြုံတွေ့နိုင်တာကြောင့် သားရွှေအိုးထမ်းလာတယ် ထင်တဲ့ မိဘပြည်သူတွေဟာ ဖွင့်ကြည့်လိုက်မှ ရွှံ့အိုးမှန်း သိရတယ်ဆိုရင် ရွှေမြန်မာတွေ ရွှံ့မြန်မာဘဝကနေ တက်လာမှာ မဟုတ်တော့ပါ။
ယုံကြည်မှုရဖို့ မလွယ်ကူမှန်း သိသော်လည်း မဖြစ်နိုင်တဲ့ကိစ္စလည်း မဟုတ်ပါ။ မလွယ်တာကို အကြောင်းပြပြီး တကယ်ကြာအောင်တော့ မလုပ်စေချင်တော့ပါ။ ပြင်စရာတွေ တစ်ပုံတစ်ခေါင်းနဲ့ ဥပဒေကို ၁၅နှစ်ကြာ ရေးဆွဲခဲ့ဖူးတော့ အချိန်နဲ့ ဒီရေဟာ မြန်မာကို မစောင့်တဲ့အတွက် နောက်မှာ ပြတ်ကျန်ခဲ့တာကို ရှေ့ကနိုင်ငံတွေ လက်တွဲခေါ်ချင်စိတ်ရှိတုန်း သွက်သွက် ကလေးလျှောက်ရင်း ပန်းတိုင်ကို လှမ်းကိုင်မိစေချင်ပါတယ်။
ပြည်သူတွေ ရင်ဘတ်ထဲမှာ အမုန်းတရားတွေ သိပ်ပြီး ထားရှိနေကြတာ မတွေ့ရဘဲ မျှော်လင့်ချက်တွေနဲ့ အသက်ရှင်နေကြတာပါ။ တစ်နေ့မှာ ငါတို့တိုင်းပြည်ဟာ သာယာဝပြောလာမှာ အသေအချာပဲလို့ ယုံကြည်နေကြ ပါတယ်။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်များဟာ ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို ဖျက်ဆီးသူတွေအဖြစ် သမိုင်းမတွင်ရစ်စေချင်ကြပါဘူး။ မိဘပြည်သူများရဲ့ အိမ်မက်များကို အကောင်အထည်ဖော်ပေးသူများ ဆက်၍မက်ခွင့်ပေးသူများ အတ္တနည်းပါးသူများ အဖြစ်သာ လေးစား တန်ဖိုးထားလိုကြတာ ဖြစ်ပါတယ်။
တိုင်းသူပြည်သားများ အပေါ်မှာ ကျောသားရင်သား မခွဲခြားဘဲ အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်မျိုးကို လိုလားကြပါတယ်။ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ယခင် ပုဂ္ဂိုလ်ကြီးရဲ့ ကိုယ်ရံတော်ဖြစ်ဖူးသူက လယ်သမားတစ်ဦးကို သေနတ်နဲ့ချိန်ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်တာ၊ ဒါကို ကာယကံရှင်ရဲ့ ကိုယ်တိုင် ထွက်ဆိုချက်အရပဲ ဝန်ခံပြီး ဖြစ်နေတာကို တိုင်ကြားထားတဲ့အပေါ်မှာ လုံးဝ အရေးယူ ဆောင်ရွက်လုပ်ကိုင်ခြင်း မရှိတဲ့အခါ ပြည်သူတွေရဲ့ ယုံကြည်မှုတွေဟာ ယုံကြည်မှုအဆင့်ရဲ့ အောက်ကို ကျရောက်ခဲ့ရပြီး ယခင်ပုဂ္ဂိုလ်ကြီးရဲ့ မြေးတော်သူကပဲ မော်တော်ပီကယ်ကို ပါးရိုက်သွားတာကို ပန်းနဲ့ ပေါက်သွားသလို သတင်းအစအနကို ဖျောက်ပစ်လိုက်ပါတယ်။
ကြီးတဲ့အမှုကို သေးအောင်ဆိုတာ ဒီလိုလူတန်းစားကြီးတွေရဲ့ အမှုကြီးတွေကျတော့ သေးရုံ မက ပပျောက်အောင် လုပ်တာဖြစ်နေပါတယ်။ သေးတဲ့အမှုကို ပပျောက်အောင် ဆိုတာကျတော့ တိုင်းပြည်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အာဇာနည်နေ့ကျရောက်လို့ မြင်းစီးကျောက်ရုပ်ရှေ့ လွမ်းသူပန်းခွေချမိတာ ထောင်ထဲသွားပြီး လွမ်းခိုင်းဖို့ တရားစွဲတင် ထားပြန်ပါတယ်။ သေးတဲ့အမှု တောင်မဟုတ်တဲ့ အမှုမဟုတ်တဲ့အမှုပါ။ ခုတော့ “အမှုမဟုတ်တာက အမှုကြီး ဖြစ် တကယ့်နိုင်ငံတော်ပိုင် လက်နက်နဲ့ နိုင်ငံသိ ခြိမ်းခြောက်မှုက ပြစ်မျိုးမှဲ့ မထင်ဖြစ်” ဆိုတော့ ပြည်သူတို့ အိပ်မက်တွေသာ အကောင်အထည် မပေါ်ရင် ရှိရမယ်။ “ကောသလအိပ်မက် ၁၆ ချက်” ကိုတော့ အကောင်အထည်တွေ ဖော်နေသလိုပါပဲ။ ဒီလို ပုံနဲ့တော့ မိုးကြီးမချုပ်စေချင်ပါ။ အချိန်မီ ကုစားပေး နိုင်ကြပါစေ။
ပြည်သူတွေရဲ့ ယုံကြည်မှုတွေကို ယုံကြည်မှုပြည့်ဝအောင် စွမ်းဆောင် နိုင်စွမ်းတွေ၊ နိုင်ငံတော်ရဲ့ အားနည်းချက်ဖြစ်တဲ့ တရားစီရင်ရေးကို ပြန်လည် တိုးတက်ကောင်းမွန်လာစေမှုတွေ၊ ပြည်သူပြည်သားများရဲ့ စားဝတ်နေမှု လူနေမှုဘဝ တိုးတက်မြင့်မားလာအောင် အားထုတ်မှုတွေ၊ ဒီမိုကရေစီရေး ငြိမ်းချမ်းရေးတိုးတက်မှုတွေ၊ နိုင်ငံတကာနဲ့ ခိုင်မာတဲ့ ချစ်ကြည်ရင်းနှီးမှုတွေ၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီး အဖြစ် အောင်မြင်စွာ ပေါ်ထွန်းလာမှုတွေ နဲ့အတူ ကမ္ဘာ့အလယ်ထည်ဝါ၍ ဂုဏ်သိက္ခာရှိသော နိုင်ငံတော်နှင့် နိုင်ငံသားများ ဖြစ်နိုင်ကြပါစေလို့သာ အခါခါ ဆုမွန်ခြွေလိုက်ရပါတယ်။
(ဌေးအောင်ကို)
Credit To The Voice Weekly