အဲဒီအချိန်က ပစ်ခတ်မှုတွေက ထောက်လှမ်းရေးက တာဝန်ရှိတယ်လို့ တချို့ကပြောတယ်။ ဖမ်းဆီးတာ၊ ထောင်ချတာ။ အဲဒီအပေါ်မှာ ဗိုလ်ချုပ်ကြီး အမြင်က။
ထောက်လှမ်းရေးက ဘယ်ရှိမလဲဗျာ။ ကျွန်တော်တို့က သတင်းနဲ့ အချက်အလက်ပဲ လုပ်တာပဲ။ ထောက်လှမ်းရေးမှာ သေနတ်တောင်မှ မရှိဘူး။ အဲဒီအချိန်တုန်းက ထောက်လှမ်းရေးကတောင် အဖမ်းခံရသေးတယ်ဗျ။ သရက်တောကျောင်းတိုက်က ဆရာတော်ကြီးတွေ ကယ်လိုက်လို့ လွတ်သွားတာ။
ဗိုလ်စည်သူတို့။
အင်း ဗိုလ်စည်သူတို့လေ။ အဲဒါ ဆရာတော်ကြီးတွေ ကယ်လိုက်လို့။ အဲဒါ လွတ်သွားတာဗျ။ နောက်ပြီးတော့မှ ထောက်လှမ်းရေးက စစ်တွေမှာ သုံးယောက် အသတ်ခံရတယ်။ ကျွန်တော်တို့မှာ သေနတ်ဘယ်ရှိမလဲဗျ။ ဝေါ့ကီ တော်ကီပဲ ရှိတာဗျ။ လူပရိသတ်ထဲမှာ ဝေါ့ကီတော်ကီနဲ့ သွားပြီးတော့ သတင်းယူရတာ။ အန္တရာယ်လည်း ကြီးပါတယ်။ ကျွန်တော်တို့က ဘယ်လိုလုပ် အမိန့်ပေးလို့ ရမလဲဗျာ။ ကျွန်တော်တို့က စစ်တပ်အကြီးအကဲမှ မဟုတ်ဘဲ။ ထောက်လှမ်းရေးဆိုတာ ခိုင်းတာလုပ်ရတာဗျ။ မဟုတ်ဘူးလား။ သူတို့က ထင်နေတာက ထောက်လှမ်းရေးက အကုန်လုံး လျှောက်ပြီးတော့မှ အကုန်လုံး အပေါ်မှာ စိုးမိုးလိမ့်မယ်လို့ ထင်တာ။ ဘယ်ဟုတ်မှာလဲဗျ။ ဘယ်စိုးမိုးလို့ ရမလဲ။ စစ်တပ်က အစဉ်အလာနဲ့ လာတာဗျ။ ကျွန်တော်က အဲဒီအချိန်မှာ ထောက်လှမ်းရေး အကြီးအကဲ ဆိုပေမယ့် ကျွန်တော်က နံပါတ်သရီး အဆင့်ပဲ ရှိတယ်။ ကျွန်တော့်ကို န၀တ တာဝန်ပေးတဲ့ အချိန်မှာပေါ့။ စောစောပိုင်းကတော့ မဟုတ်ပါဘူး။ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဆိုတာ ဟိုးအနောက်မှာ။ (၈၈) မှာ ကျွန်တော် အတွင်းရေးမှူး (၁) ဖြစ်တော့မှ ကျွန်တော်က နံပတ်သရီး အဆင့်ရှိတာ။ နံပါတ်သရီးဆိုတာ နံပါတ်ဝမ်း၊ တူးကို ကျော်လွှားလို့မရဘူးဗျ။ တပ်မတော်မှာ အစဉ်အလာ မရှိဘူး။
အခုက ဒီလိုလေ ဒီအရေးခင်းနဲ့ ပတ်သက်ပြီး ရေးကြတာ တော်တော်များများ စာအုပ်တွေ ထွက်လာတယ်။ အားလုံးရဲ့ ပစ်မှတ်က ထောက်လှမ်းရေး ဖြစ်နေတယ်။
ထောက်လှမ်းရေးဆိုပြီး ပစ်မှတ်ညွှန်နေတာကိုးဗျ။ ကျွန်တော်ကလည်း အဲဒါကို မတုံ့ပြန်ချင်ဘူးဗျ။ ဘာကြောင့်လဲ ဆိုတော့ အရူးနဲ့ လူကောင်းနဲ့ စကားပြောရင် လူကောင်းပဲ နစ်နာမှာပေါ့ဗျာ။ အရူးဘယ် နစ်နာမလဲဗျ။ မဟုတ်ဘူးလား။ အခု အရူးချီးပန်းလို လုပ်နေကြတာတွေဗျ။ မဟုတ်ဘူးလား။ အဓိကက ဒီလိုဆိုးဝါးသွားတာ နိုင်ငံရေး အကျဉ်းသားတွေ ပေါ်လာတာ၊ ထောင်ချတာ၊ ထောင်ထဲမှာ သတ်ဖြတ် သေတာတွေ အားလုံးက ထောက်လှမ်းရေး လက်ချက်လို့။
ခင်ဗျားကို ကျွန်တော် ပြောမယ်နော်။ အဲဒီအချိန်တုန်းက စစ်အုပ်ချုပ်ရေးဗျ။ အခုအုပ်ချုပ်ရေးနဲ့ မတူဘူးဗျ။ အခုက ဒီမိုကရေစီခေတ်မှာ မို့လို့ ပြောပိုင်ခွင့် ရှိတာကိုးဗျ။ စစ်အုပ်ချုပ်ရေးခေတ်မှာ ဘယ်သူပြောရဲသလဲ။ ပြောပိုင်ခွင့် မရှိဘူးဗျ။ သူ့ဥပဒေနဲ့သူဗျ။ အဲဒီအချိန်တုန်းက ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေက ရှိတယ်ဗျ။ တည်ဆဲဥပဒေ အနေနဲ့ လုပ်တာ။ အခုဥပဒေက ဒီမိုကရေစီ ဥပဒေဗျ။ မတူဘူးဗျ။ စနစ်ချင်း မတူဘူး။ အချိန်အခါချင်း မတူဘူး။ အခုပြောလို့ရတာ ပြောနေတာကိုးဗျ။ ရေးလို့ရတာ ရေးနေတာကိုးဗျ။ ဟိုတစ်ချိန်တုန်းက တည်ဆဲဥပဒေကို ဖောက်ဖျက်ရင် ဖောက်ဖျက်တဲ့သူ ခံရတာပဲ။ ကျွန်တော်လည်း ခံခဲ့ရတာပဲဗျ။ ကျွန်တော့်ကို ထောင် ၄၄ နှစ်ချတာပဲ။ ကျွန်တော့်ကို တည်ဆဲဥပဒေကို ဖောက်ဖျက်တယ် ဆိုပြီးတော့ ထောင် ၄၄ နှစ်။ ကျွန်တော်ဘာမှ Complain လုပ်လို့မရဘူးလေ။ ကျွန်တော့်ကို စီရင်ချက်ချတဲ့ အချိန်မှာ ကောင်းပါပြီ။ ဘာပြောစရာ ရှိလဲတဲ့။ မရှိပါဘူးလို့။ သူ့အမိန့် ချမှတ်တဲ့ အတိုင်းပဲ ကျွန်တော်လိုက်နာ ရတာပဲဗျ။
နောက်တစ်ခုက ဒီအချိန်မှာ အားလုံး လွတ်လပ်ပွင့်လင်းတဲ့ အချိန်မှာ အရင်အစိုးရနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ကြီး ဖွင့်ချမယ်လို့ တောင်းဆိုနေတာတွေ ရှိတယ်။
ကျွန်တော် လူကြီးတစ်ယောက် လုပ်ခဲ့တဲ့အချိန်မှာ ယခင်တုန်းက ကောင်းတာရော၊ မကောင်းတာရော ပြန်ပြီးဖွင့်ချရမယ် ဆိုတာက လူကြီးရဲ့ အင်္ဂါရပ်နဲ့ မညီဘူးဗျ။ အဲဒီလို ကျွန်တော်ခံယူတယ်။ အကုန်ဖွင့်ချ မယ်ဆိုရင် ကျွန်တော်က ဖော်ကောင် မောင်ဘညွန့်လို ဖြစ်သွားမှပေါ့ဗျ။ မဟုတ်ဘူးလား။ ကျွန်တော့်အဖေက ဦးဘညွန့်ဗျ။ အရေးအခင်း ကာလတုန်းက ဖော်ကောင် မောင်ဘညွန့်ရဲ့ သားဆိုပြီး ကျွန်တော့်ကို လုပ်သေးတယ်။ ဂဠုန်ဦးစော လက်ထက်တုန်းက ဖော်ကောင် မောင်ဘညွန့်ဟာ ဗိုလ်မှူးကြီးခင်ညွန့်ရဲ့ အဖေဆိုပြီး လုပ်သေးတယ်လေဗျ။ ကျွန်တော်က အဲဒီလိုဟာမျိုးကို ကျွန်တော့် စရိုက်မှာ မရှိပါဘူး။ ဖော်ကောင် လုပ်မယ့်စရိုက်မျိုး ကျွန်တော့်မှာ မရှိဘူး။ ပြီးတာပြီးခဲ့ပြီ။ အတိတ်က အတိတ်ကို ထားခဲ့မယ်။ ကောင်းတာ ဆိုးတာသည် အတိတ်မှာ ကျန်ခဲ့ပြီ။ ဘုရားဟောတာနဲ့ အတူတူပေါ့ဗျာ။ နောက်ပြီး အနာဂတ်ကိုလည်း ဘာကြီး ဖြစ်ရမယ်၊ ညာကြီး ဖြစ်ရမယ် မျှော်မှန်းချက်လည်း မရှိပါဘူး။ ပစ္စုပ္ပန်မှာ ဘာလုပ်သင့်သလဲ။ လောလောဆယ် ဘာဖြစ်သင့်သလဲ။ လုပ်သင့်တာ လုပ်မယ်။ ဖြစ်သင့်တာ ဖြစ်ရမယ်။ ဒါပဲ။ ကျန်တာ ဘာမှဆန္ဒလည်း မရှိဘူး။ လိုလားချက်လည်း မရှိဘူး။ မျှော်မှန်းချက်လည်း မရှိဘူး။ အခု ကျွန်တော့်ကို အတိတ်က ဖြစ်ခဲ့တာတွေ ဖော်ကောင် လုပ်ရမယ်ဆိုရင် ကျွန်တော်ဖော်ကောင် ဖြစ်သွားမှပေါ့ဗျ။ ကျွန်တော့်စရိုက်က အဲဒီလို စရိုက်မျိုး မဟုတ်ဘူး။ ပြီးခဲ့တာ ပြီးပြီဗျ။ အခု ကျွန်တော်ထင်တယ် ဖြစ်နေကြတာက တိုင်းပြည်မှာ အုပ်ချုပ်တဲ့ အစိုးရ ဆိုတာတော့ ကောင်းရာကောင်းကျိုး လုပ်တာပဲဗျ။ တိုင်းပြည်တည်ငြိမ် အေးချမ်းအောင်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတာဝန် ရှိတာကိုးဗျ။ တာဝန်ရှိတဲ့ အစိုးရဆိုတာ တိုင်းပြည်ကောင်းရာ ကောင်းကျိုး လုပ်ရမယ် ဆိုတာကို ခံယူတာပဲ။ သူကြိုးစား လုပ်တာပဲဗျ။ ဒါပေမယ့် အဲဒီမှာ လူတွေမညီညွတ်ရင်တော့ ဘယ်လိုမှ မအောင်မြင်နိုင်ဘူး။ စည်းလုံး ညီညွတ်မှုတော့ ရှိရမယ်။ ဦးကိုနင်းရင် ပဲ့ကထောင်၊ ပဲ့နင်း ဦးထောင် ဆိုရင်တော့ တိုင်းပြည်က ဘယ်လိုမှ မတိုးတက်ဘူး။ အားလုံးစည်းလုံး ညီညွတ်ရမယ်ဗျ။ အခုအချိန်မှာ အချိန်ကောင်းဗျာ။ ဒီအချိန်ကာလက တိုင်းပြည်တိုးတက်ရမယ့် အချိန်ကောင်းဗျ။ ဒီအချိန်မှာ လူတွေက ညီညွတ်နေရမယ်။ အခုက မဟုတ်ဘူးဗျ။ အပြစ်အနာအဆာတွေ လျှောက်ဖော်။ ဟီးရိုးလုပ်နေ ကြတာကိုးဗျ။ ဟီးရိုးလုပ်နေကြတော့ တိုင်းပြည် တိုးတက်ဖို့ တော်တော်ခက်တယ်ဗျ။
ဗိုလ်ချုပ်ကြီးက ငါတော့ ကင်းတယ်လို့ အမြဲကြွေးကြော်တယ် ဆိုတာ ကြားဖူးတယ်။
အင်းလေ။ အဲဒါကို ကျွန်တော့်ကိုလိုက်ပြီး အပုပ်ချနေတာ။ အဲဒါလည်း ကင်းရဲ့လား။ မှန်ရဲ့လားဆို ပြီးတော့ပေါ့။ ကျွန်တော်ဂျာနယ်တွေ ဖတ်နေတာပဲ။ တွေ့နေတာပဲ။ ကျွန်တော့်ကို တွယ်နေတာကတော့ Reporter ရယ်၊ Messenger ရယ် တွယ်နေတယ်။ တွယ်ပါလေ့စေ။ အရူးနဲ့ အကောင်းပဲဗျာ။ အရူးနဲ့ဖက်ပြီး ရန်ဖြစ်ရင်လည်း ကျွန်တော်ပါ အရူးဖြစ်သွားမှာပေါ့။ မလုပ်ပါဘူး။ သူ့ဖာသာသူ ပြောချင်တာပြော။ ရေးချင်တာရေး။ လက်ညောင်းရင် ရပ်သွားလိမ့်မယ်။ ကျွန်တော့်ကို အပုပ်ချလည်း ကိစ္စမရှိဘူး။ ကျွန်တော်က တရားသဘောနဲ့ နေနေတာ။ အဲဒီတော့ ကျွန်တော် အခုအချိန်မှာ ဘာသာရေး အလုပ်လုပ်မယ်။ လူမှုရေး အလုပ်လုပ်မယ်။ ဒါပဲ။ ကျွန်တော်နိုင်ငံရေး လုံးဝမလုပ်ဘူးဆိုတာ ခင်ဗျားကို ပြောပြီးပြီ။ ဘယ်သူ လာဆွယ်ဆွယ်၊ ဘယ်သူက ကျွန်တော့်ကို လာပြီးတော့မှ ဆွဲဆောင် ဆွဲဆောင် ဘယ်တော့မှ နိုင်ငံရေး မလုပ်ဘူး။ ကျွန်တော်ယတိပြတ် တစ်ခါတည်း ဆုံးဖြတ်ထားပြီးသား။
ဗိုလ်ချုပ်ကြီးကို လွှတ်ပေးလိုက်ပြီးတော့ ဗိုလ်ချုပ်ကြီးတပည့် ဗိုလ်ချုပ်သန်းထွန်း တို့ကျတော့ ဘာလို့ ချန်ထားသလဲ။
သူတို့လည်း ဒီလိုပဲ အကြောင်းတွေ ရှိမှာပေါ့ဗျာ။ ဒီမယ် ဘာသာတရားရဲ့ အဆုံးအမ ရှိမယ်ဗျ။ အကျိုး ဆိုတာက အကြောင်းရှိမှ အကျိုး ဖြစ်တယ်။ အကျိုးဆိုတာ အကျိုးချည်း သက်သက် မဟုတ်ဘူး။ အကျိုးရယ် အပြစ်ရယ် ဆိုတာ ရှိတာပေါ့။ အကြောင်းရှိရင် အကျိုးရယ် အပြစ်ရယ်ဆိုတာ ပေါ်လာတာပဲ သူလည်း အကြောင်း ရှိလို့ပေါ့ဗျာ။ ကျွန်တော် ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ အရေးခင်း ကာလတို့ ဘာတို့ဟာ ၈၈ အရေးခင်းတို့ ထောင်ကျတဲ့ဟာတို့ ဘာတို့ ညာတို့မှာက ၈၈ အရေးခင်းကို တကယ့်ကို အသေးစိတ် သိတာက ဗိုလ်ချုပ်သန်းထွန်းရယ်၊ ဗိုလ်မှူးကြီးတင်လှရယ် သူတို့နှစ်ယောက်က အသိဆုံးပဲ၊ ထောင်ထဲမှာ ကျန်နေတာ သူတို့နှစ်ယောက်။ ဂဃနဏကို သိတယ်။
မြို့တော်ခန်းမရှေ့မှာ ညဘက်ပစ်တဲ့ အချိန်မှာ ဗိုလ်မှူးကြီးတင်လှ ရှိတယ်လို့ ရေးတဲ့သူက ရေးထားတာရှိတယ်။
ရှိတာပေါ့ဗျ။ ထောက်လှမ်းရေးက လူအုပ်စုနဲ့ လျှောက်လိုက်နေရတာပဲ။ မသိလို့သာ အသက်မခံရတာ သိရင်တော့ သူတို့လည်း ခေါင်းဖြတ်ခံရမှာပဲ။ လူအုပ်တွေထဲမှာ ကျွန်တော်တို့ ထောက်လှမ်းရေးတွေ ရှိနေတာပဲ။ လိုက်နေတာပဲ။ စစ်တွေမှာဆိုရင် သုံးယောက် အသတ်ခံရတယ်။ စည်သူတို့ ဆိုလည်း ကံကောင်းလို့ ဆရာတော်ကြီးတွေ ကယ်လိုက်လို့။ ကံတရားပေါ် မူတည်တာပေါ့ဗျာ။ တကယ်ဆိုရင် ဖမ်းသွားပြီး ဓားနဲ့ခုတ်ပြီး သတ်တော့မှာဗျ။ ကျွန်တော်လည်း ၄၄ နှစ် က ၇ နှစ်လွတ်တာ ကံတရားပဲဗျ။
Credit To First-11