ယနေ့ကာလဟာ ဒီမိုကရေစီခေတ်၊
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီး ဖြစ်တဲ့ အားလျော်စွာ တစ်ချိန် တစ်ခါက
ထွန်းတောက်ခဲ့တဲ့ လက်ဝဲ အိုင်ဒီယော်လော်ဂျီတွေ မှေးမှိန်လာတဲ့ခေတ်ကြီး
ဖြစ်လာပါတယ်။ နိုင်ငံရေးကို လူတိုင်း ပါဝင် ဆောင်ရွက်နိုင်ခွင့်နဲ့
ပါတီစုံစနစ် ထွန်းကားနေပြီး အမျိုးမျိုးသော အာဏာရှင်စနစ်နဲ့ တစ်ပါတီ
အာဏာရှင်စနစ်တွေ ခေတ်ကုန်လာတဲ့ခေတ် ဖြစ်ပါတယ်။
လွန်ခဲ့တဲ့အနှစ်
၄၀ နဲ့ ၅၀ လောက်ရဲ့ရှေ့ပိုင်းတွေမှာ ကွန်မြူနစ်ပါတီ သမိုင်းဆိုတာတွေကို
နိုင်ငံရေး စိတ်ဝင်စားသူ လူငယ်တွေထဲမှာ လေ့လာခဲ့ကြတယ်။ CPSU လို့
အတိုကောက်ခေါ်တဲ့ “ဘော်လ်ရှီဗစ်ပါတီ သမိုင်းအကျဉ်း” ဆိုတဲ့စာအုပ်ကို
ကျေညက်နေအောင် ဖတ်ခဲ့ကြတယ်။ "ကမ္ဘာကို ကိုင်လှုပ်သော ထို ၁၀ ရက်" ဆိုတဲ့ ၁၉၁၇
ခုနှစ် အော်ရိုရာ သင်္ဘောပေါ်က ပစ်လိုက်တဲ့ အမြောက်သံကနေစလို့ ကရင်မလင်
နန်းတော်ကို သိမ်းပိုက်တဲ့အထိ ဖြစ်သွားစေတဲ့ ရုရှား အောက်တိုဘာ
တော်လှန်ရေးရဲ့ ၁၀ ရက်တာ အကြောင်း ရေးသားထားတဲ့ စာအုပ်တွေကို
စိတ်လှုပ်ရှားစွာ ဖတ်ခဲ့ကြတယ်။
အရှေ့တောင်အာရှ မှာတော့ ၁၉၆၀ ပြည့်လွန်နှစ်များက စလို့ အင်ဒိုနီးရှား၊
မလေးရှား၊ ထိုင်းကွန်မြူနစ် ပါတီတွေ ပျောက်ကွယ် ချုပ်ငြိမ်းသွားခဲ့တယ်။
ဗမာပြည်မှာတော့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ဌာနချုပ် ရုံးစိုက်ရာ ပဲခူးရိုးမ
အခြေခံစခန်းတွေ ၁၉၇၅ လောက်မှာ ချေမှုန်းခံလိုက်ရ ပေမယ့် ၁၉၆၈ ခုနှစ် ကတည်းက
တည်ထောင်ထားခဲ့တဲ့ တရုတ်နယ်စပ်ရှိ အရှေ့မြောက် အခြေခံစခန်းတွေ ဆိုတာ
တည်ရှိ နေတဲ့အတွက် တော်လှန်ရေး ဆက်လက် ဖြစ်ပေါ်ခဲ့တယ်။ ဒါပေမဲ့ ၁၉၆၈ ကစလို့
နောက်နှစ်ပေါင်း ၂၀လောက် ကြာတဲ့အခါမှာတော့ ဗမာပြည် ကွန်မြူနစ်ပါတီဟာလည်း
အခြားသော အရှေ့တောင်အာရှ ပါတီများလိုပဲ ချုပ်ငြိမ်းခြင်းဘက်ကို
တိုးဝင်နေတယ်လို့ ဆိုရတော့မှာပါ။
ဒီနေ့အချိန်မှာ တစ်စုံတစ်ယောက်က (သို့)တစ်စု တစ်ဖွဲ့က ပါတီသမိုင်းနဲ့
ပတ်သက်လို့ မှတ်မိသမျှ ရေးကြမယ်ဆိုရင်တော့ တခြား တစ်စုံတစ်ယောက် (သို့)
တခြား တစ်စုတစ်ဖွဲ့က ကန့်ကွက်မှာ သေချာပါတယ်။ တစ်ဖက်က အမှန်အတိုင်းရေးတယ်
လို့ဆိုရင် တစ်ဖက်က အပုပ်ချတယ်လို့ ထင် မယ်။ တစ်ဖက်က
ချီးမွမ်းခန်းတွေရေးရင် တစ်ဖက်က ပိုတယ်လို့ဆိုမယ်။ ဒီဖြစ်ရပ်မျိုးကို
ရှောင်လွှဲလို့ ရမယ်လို့ မထင်ပါဘူး။ လက်ရှိ ကွန်မြူနစ်ပါတီ၊ ဗဟိုစည်းရုံးရေး
ကော်မတီဆိုပြီး ပါတီအလံ ဆက်ကိုင် ထားတဲ့ ဝါရင့်ပုဂ္ဂိုလ် တချို့လည်း
ရှိပါသေးတယ်။ သူတို့ကတော့ ရှုံးနိမ့်သွားတဲ့ သမိုင်းကို ရေးမှာ မဟုတ်ပါဘူး။
ဒီအချိန်မှာပဲ ကိုဘာတေးလစ်တနာရဲ့ ‘Rise and Fall of the Communist Party
of Burma’ ဆိုတဲ့ စာအုပ် ဘာသာပြန် ထွက်ပေါ်လာပါတယ်။ ဘာသာပြန်သူက
ဆရာကျော်ဝင်းဆိုတော့ အခန်းဆက် တင်ပြချက်တွေက ချောမွတ်ပြီး ထွက်လာပါတယ်။
ဒါပေမဲ့ အကြောင်းအရာပိုင်း မှာတော့ ပြောစရာတွေ ရှိနေပါတယ်။ အကြမ်းဖျင်း
တွေ့နိုင်တာကတော့ နိုင်ငံရေး သုံးသပ်ချက်တွေ တိမ်နေပါတယ်။ ဒါပေမဲ့
စာရေးသူဟာ လက်ဝဲသမားလည်းမဟုတ်၊ ကွန်မြူနစ် တစ်ယောက်လည်းမဟုတ်၊ အဂ္ဂါစနိုး
ကဲ့သို့သော ပုဂ္ဂိုလ်မျိုးလည်းမဟုတ်တဲ့ ၂၀ ရာစု ဂျာနယ်လစ် တစ်ယောက်သာ
ဖြစ်တဲ့အတွက် သူ့ကိုတော့ အပြစ်ဆိုစရာ မရှိလှပါဘူး။ တချို့သော နေ့စွဲများ၊
ခုနှစ်သက္ကရာဇ်များ၊ အဖြစ်အပျက်၊ အကြောင်းအရာ အတော်များများမှာလည်း
လက်ဝဲသမားဆိုသူများ အမှတ်မထားမိခဲ့တာတွေ အတော်များများ တွေ့ရမှာပါ။
ဒီစာအုပ်နဲ့ ပတ်သက်လို့ ရေးစရာ အချက်တချို့ရှိတဲ့အနက် ဝနယ် အာဏာသိမ်းပွဲ
အကြောင်းနဲ့ ပတ် သက်လို့ ပထမဆုံး နည်းနည်း ပြောပြလိုပါတယ်။ ဒီအကြောင်းကို
ပြောမယ်ဆိုရင် ဆိုဗီယက်ယူနီယံ မှာ ဖက်ဒရေးရှင်း ပြည်နယ်တွေ
ခွဲထွက်သွားပြီးနောက်ပိုင်း၊ ဂိုဘာချော့ ဂျော်ဂျီယာဘက် ရောက်နေ ချိန်မှာ
ဂိုဘာချော့ကို ဖြုတ်ချတဲ့ လက်ဝဲသမားကြီးများရဲ့ အာဏာသိမ်းမှု တစ်ကြိမ်
ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီလူကြီးတွေ အလျှော့ပေးသွားခဲ့တယ်။
နောက်တစ်ကြိမ် ကရင်မလင်ကို ချီတက်လာတဲ့ တင့်ကားတပ်တွေပေါ်မှာ ဟာလ်ဆင်က
တက်ပြီး လူထုကို မိန့်ခွန်းခြွေခဲ့တယ်။ အဲဒီ အချိန်မှာ တင့်ကားတပ်တွေက
နောက်ဆုတ်ပြီး ပြန်သွားခဲ့ကြတယ်။ ဒီအဖြစ်အပျက်တွေက ကွန်မြူနစ်
လူဟောင်းကြီးများနဲ့ တပ်နီတော်တို့ဟာ အာဏာထက် နိုင်ငံရေးကို
ပိုအလေးထားခဲ့တာ တွေ့ရပါတယ်။
ကွန်မြူနစ်ပါတီထဲမှာ
ကိုးကန့် ပုန်ကန်တော့မယ်ဆိုတာကို ဗဟိုက နှစ်လလောက် ကြိုပြီးသိခဲ့ပါတယ်။
ဥက္ကဋ္ဌ သခင်ဗဟိန်းတင်ဟာ ဖုန်ကျားရှင်ကို တရုတ်ပြည်ထဲက စစ်မောင်မြို့မှာတွေ့
ပြီး ဒီကိစ္စကို မေးခဲ့ တယ်။ ဖုန်ကျားရှင်က ဘူးခံပြီး ငြင်းပါတယ်။ ဥက္ကဋ္ဌ
ယုံကြည်လောက်အောက် ကတိတွေ အများကြီး အထပ်ထပ်ခါခါ ပေးတယ်လို့ သိရတယ်။
နောက်တစ်လလောက်အကြာမှာ ကိုးကန့်ခရိုင် ကော်မတီက ကြေးနန်းနဲ့
အကြောင်းကြားလာတဲ့အတွက် အရှေ့မြောက်စစ်ဒေသ စစ်ဆင်ရေးမှူး ယီကျင့်(ခေါ်)
ဗိုလ်ရဲဒင်ကို လွှတ်ပြီး ဆွေးနွေးစေပါတယ်။ ဗိုလ်ရဲဒင်ဟာ ကိုးကန့်
စတင်တိုက်ပွဲဆင်ချိန်က ခေါင်းဆောင်ခဲ့သူဖြစ်ပြီး ကိုးကန့်သားများအပေါ်
သြဇာရှိသူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကိုလည်း ဖုန်ကျားရှင်က လက်ဆောင်
ကားတစ်စီးတိုက်လောက်နဲ့ ချွေးသိပ်ပြီး လွှတ်လိုက်ပါတယ်။ နောက်ဆုံး
ကိုးကန့်ခရိုင်မှူး “ဝမ်ဝင်လန်” (တရုတ် အမျိုးသမီးစစ်စစ်၊ ကွယ်လွန်သွားတဲ့
ရဲဘော်ဟောင်း တစ်ယောက်ရဲ့ ဇနီးဖြစ်သူ) ကိုယ်တိုင် ပန်ဆန်းကို လိုက်လာပြီး
ကိုးကန့်မှာ စစ်ပြင်နေပြီ ထိန်းလို့မရ တော့ဘူးဆိုပြီး လာပြောချိန်မှာတော့
အချိန် မမီတော့ပါဘူး။
ဒီပုန်ကန်မှု မတိုင်ခင် ဖုန်ကျားရှင်ဟာ လော်စစ်ဟန်နဲ့ အဆက်အသွယ်
ရှိခဲ့တယ်ဆိုတာ နောက်မှသိရ တဲ့ကိစ္စပါ။ ဝတွေကိုလည်း ဖုန်ကျားရှင်တို့က
စည်းရုံးထားခဲ့ပုံ ရပါတယ်။ ဒါပေမဲ့ ဝ တပ်တွေဟာ ကိုးကန့် ကိစ္စပြီးမှ စတင်
ပြင်ဆင်ခဲ့တာပါ။ သူတို့ပြင်ဆင်တဲ့ နေရာကတော့ ဝနယ်မြောက်ပိုင်း မြို့တော်
မိုင်းမောရဲ့ အရှေ့ဘက် တည့်တည့်လောက်မှာရှိတဲ့ “ပန်ဝိုင်” မြို့နယ်ထဲမှာ
ဖြစ်ပါတယ်။ ပန်ဝိုင်ဒေသဆိုတာဟာ တရုတ်ပြည်က ဖီမော်၊ ဂလန်၊ ကန်ဖန်ဒေသနဲ့
အလဲအထပ်လုပ်ပြီး ဗမာပြည် ကို ပေးခဲ့တဲ့ နေရာဖြစ်ပါတယ်။
တောင်ကတုံးတွေပဲရှိပြီး အလွန်ခေါင်တဲ့နေရာ ဖြစ်တယ်။ ဒါပေမဲ့ တရုတ်ပြည်အတွက်
ကံမကောင်း ဖြစ်သွားရတဲ့အချက်ကတော့ ဖီမော်ဘက်မှာ လယ်တွေပါတဲ့ မြေပြန့်
ကလေးတချို့ ရလိုက်ပေမယ့် ဝနယ်က တောင်ကတုံးတွေရဲ့ အောက်မှာ ခဲမဖြူသိုက်တွေ
ရှိနေတာကို အဲဒီအချိန်က မသိခဲ့တာပဲ ဖြစ်ပါတယ်။
အခုနက ကိစ္စကို ပြန်ဆက်ရရင် ပန်ဝိုင်ရဲ့ မြို့နယ်မှူးဟာ ပေါက်ယိုချန်းရဲ့
ညီဖြစ်သူ “ပေါက်ယိုဝှါ” ပဲ ဖြစ်ပါတယ်။ အဲဒီ ဝမြောက်မှာပဲ အခြေစိုက်တဲ့
တပ်မဟာ “၁၂” တပ်မဟာမှူးဟာလည်း ပေါက်ယိုချန်း ရဲ့အစ်ကို “ပေါက်ယိုယိ”
ဖြစ်ပါတယ်။ အဲဒီ အလွန်စိတ်ချရတဲ့ နေရာမှာ အာဏာသိမ်းမယ့် တပ်ရင်းကို
လေ့ကျင့် ပြင်ဆင်ခဲ့တာပါ။ ဗဟိုရုံးကို တက်သိမ်းခဲ့တဲ့ တပ်ခွဲမှူး
“ဆိုက်ထန်း” ဆိုသူဟာ နောက်ပိုင်း ဝတွေရဲ့ ယိုးဒယားနယ်စပ်က နယ်မြေသစ်မှာ
အတော် ထွန်းတောက်ခဲ့ပြီး နောက်ဆုံးတော့ ပုန်ကန်မှု ကျူးလွန်တယ်ဆိုကာ
ဖမ်းဆီးသတ်ဖြတ်တာ ခံသွားရတဲ့ ပုဂ္ဂိုလ်ပါ။ တပ်ခွဲမှူး ဆိုက်ထန်းနဲ့ သူ့တပ်
ဟာ မြို့တော် ပန်ဆန်းကို မရောက်ဖူးပါဘူး။ ဝမြောက်က တပ်တွေဖြစ်တဲ့အတွက်
ယဉ်ကျေးမှုနိမ့်ပြီး ဗမာစကားလည်း မတတ်ကြပါဘူး။
ဒါပေမဲ့ ပန်ဆန်းရဲ့အထက်ပေ ၂၀၀၀ လောက်မြင့်တဲ့ ယုံတင့် ဆိုတဲ့ရွာက
ဆင်းလာတဲ့ ကားလမ်းဟာ ပန်ဆန်း မြို့လယ်ဈေးကို ဖြတ်၊ ဘောလုံးကွင်းနဲ့ စစ်ဒေသ
ဌာနချုပ်ကိုဖြတ်ပြီး နမ့်ခချောင်းဘေးအတိုင်း သွားရင် လမ်းဆုံးတဲ့ နေရာဟာ
ဗဟိုရုံးပါပဲ။ ကြားမှာ ဗဟို စစ်ဦးစီးဌာနအောက်နဲ့ ဗဟို ထောက်ပံ့ရေးဌာနကို
အလယ်တည့်တည့်က ဖြတ်သွားရပါတယ်။ ဒီတပ်ဟာ ဗဟို ထောက်ပံ့ရေးဌာနကိုဖြတ်တော့
မိုးလင်းစ ပြုနေပါပြီ။ ဝရဲဘော်တွေက လမ်းမသိလို့ လမ်းမေးကြရင်းနဲ့ အဲဒီဌာနက
ဝရဲဘော်တွေပါ ထွက်လာပြီး ဆူဆူညံညံ အသံတွေ ထွက်နေပါတယ်။ ဗဟိုရုံးဟာ အဲဒီ
တောင်ကြောရဲ့ထိပ်ဆုံး နမ့်ခမြစ်က ကွေ့ဝိုက်ပြီး ပြန်စီးသွားတဲ့
ခက်ရင်းခွလို ထိပ်တည့်တည့် နေရာမှာ ရှိပါတယ်။ သူတို့ဟာ ဗဟိုရုံးမရောက်ခင်
မီတာ ၁၀၀ လောက်အလို ကတည်းက သေနတ်တွေကို မြှောက်ပြီး အော်ဟစ်
တက်သွားကြပါတယ်။ ဗဟိုစစ်ဦးစီးနဲ့ ဗဟိုရုံးဌာန တွေဟာ ညနေကတည်းက ဝတပ်တွေ
ဆင်းလာတာကို သတင်း ရထားပြီးဖြစ်လို့ ဗဟိုကင်းတပ်ဟာ တောင်ကြောအလယ်မှာ အသင့်
စောင့်နေပါတယ်။ ကင်းတပ် ရဲဘော်တွေက ဝတွေဖြစ်ပြီး အမိန့်ပေး မယ့် သူတွေက ဗမာ
ရဲဘော်တွေပါ။ အမိန့်ပေးမယ့်သူတွေက ပစ်ဖို့ အမိန့်မပေးသလို ဝရဲဘော်တွေ
ကလည်း ပစ်မိန့် မတောင်းခဲ့ပါဘူး။ အားလုံး စိတ်မကောင်းစွာ မင်သက်မိပြီး
ကြည့်နေခဲ့ကြတာပါ။
အာဏာသိမ်းတပ်ဟာ
ဒီအတိုင်းပဲ ဗဟိုရုံးထဲကို ဝင်သွားပြီး လူကြီးတွေကို ဆွဲထုတ်ပြီး
ဂိုဒေါင်သစ်လို့ ခေါ်တဲ့ ဗဟို ထောက်ပံ့ရေးဌာန အစွန်မှာရှိတဲ့
ကူးတို့ဆိပ်ဘက်ကို ခေါ်သွားတာဖြစ်တယ်။ ဗဟိုရုံးပေါ် မှာတော့ ဥက္ကဋ္ဌ တစ်ယောက်ပဲ
မလိုက်ဘူးဆိုပြီး တင်းခံနေလို့ ကျန်ခဲ့တာပါ။ ဒီအာဏာသိမ်းပွဲဟာ
ဆိုးဆိုးဝါးဝါး၊ ရက်ရက်စက်စက်တွေလုပ်ပြီး ရုန်းရင်းဆန်ခတ်
အာဏာသိမ်းပွဲမျိုးတော့ မဟုတ်ခဲ့ပါဘူး။ ဘဏ္ဍာရေးမှူး ဗဟိုကော်မတီ ဦးကျင်စင်း
(ခေါ်) ဦးကျော်မြင့်နဲ့ စိုင်းအောင်ဝင်းဟာ ဂိုဒေါင်သစ်မှာပဲ နေကြတာပါ။
ဒါကို အာဏာသိမ်းတဲ့ ပုဂ္ဂိုလ်များကလည်း မသိကြပါဘူး။ ဗဟိုကော်မတီ
ဦးစိုင်းအောင်ဝင်းဟာ နေ့လယ်ပိုင်းမှာ ရှမ်းဘောင်းဘီဝတ်၊ ခမောက်ဆောင်းပြီး
ဗဟိုရုံးပေါ်တက် သွားကာ ဥက္ကဋ္ဌနဲ့တောင် သွားတွေ့လိုက်ပါသေးတယ်။ ဝ
ရဲဘော်တွေကလည်း တားရကောင်းမှန်း မသိပါဘူး။ နောက်မှ သူ တရုတ်ပြည်ဘက်
ကူးသွားတာပါ။
ဗဟိုလူကြီးများ တရုတ်ပြည်ဘက် ရောက်သွားပုံကတော့ ဒီလိုပါ။
ဂိုဒေါင်သစ်ရောက်ချိန်မှာ ဆိုက်ထန်း က စကားပြောစက်နဲ့ ပေါက်ယိုချန်းဆီ
အစီရင်ခံတော့ ပေါက်ယိုချန်းက လူကြီးတွေကို မေးခိုင်းပါ တယ်။ “စစ်ဒေသ
ဌာနချုပ်ဘက်ကို လိုက်လာမလား၊ တရုတ်ပြည်ဘက်ကို သွားမလားဆိုတော့၊
စစ်ဒေသဘက်ကို လိုက်ရင်တော့ ရဲဘော်တွေရဲ့ အကြမ်းပတမ်း လုပ်တာ
ခံရနိုင်တယ်ဆိုပြီး” မေးခိုင်းတယ်။
အဲဒီလို တပ်ခွဲမှူး ဆိုက်ထန်းက
ပြန်ပြောတော့မှ "ရဲဘော်အောင် (ခေါ်) ဗိုလ်မျိုးမြင့်က တရုတ်ပြည် ဘက်ပဲ
သွားပါတယ်" ဆိုပြီး ပြောလိုက်တယ်လို့ သိရပါတယ်။ ဥက္ကဋ္ဌကိုတော့
ဘာမှမထိခိုက်စေဖို့ တရုတ်ဘက်က ဝတွေကို အကြောင်းကြားခဲ့တယ်လို့ ကြားရတယ်။
အဲဒီနေ့ ညနေလောက်မှ ဥက္ကဋ္ဌကို ထမ်းစင်နဲ့မပြီး ကူးတို့ဆိပ်ကို ပို့ရာမှာ
တရုတ် နိုင်ငံခြား ဆက်ဆံရေးဌာနက ပုဂ္ဂိုလ်တွေ ဟိုဘက်ကမ်း မှာ လာကြိုပြီး
မုန်းလင်ဆိုတဲ့ နယ်စပ်မြို့လေးကို ခေါ်သွားတာဖြစ်ပါတယ်။ ခေါင်းဆောင်
အများစုဟာ အဖမ်းခံရပြီးမှ တရုတ်ပြည်ဘက်ကို ပို့ပေးလိုက်တာပါ။
ထွက်ပြေးတယ်လို့ ဆိုရမယ့်သူက နှစ်ယောက် ပဲရှိပါတယ်။ ဗိုလ်နေဝင်း(ခေါ်)
ဦးတင်ရီနဲ့ ယီကျင့် (ခေါ်) ဗိုလ်ရဲဒင်တို့ ဖြစ်ပါတယ်။ ဦးတင်ရီကတော့ သူ့ရဲ့
ဗဟို စစ်ဦးစီးချုပ်ရုံး ကေဒါများ၊ ရုံးချင်း ကပ်နေတဲ့ ဗဟို ဝါဒဖြန့်ရုံးက
ကိုသံချောင်း၊ ကိုစောကိုဦး (ယခု ထိုင်းနိုင်ငံဘက်တွင် ရှိသူများ)၊
မိသားစုများနဲ့အတူ ရုံးအောက်က နမ့်ခချောင်းကိုဖြတ်ပြီး ကူးပြေးရတာပါ။
ဗိုလ်ရဲဒင်ကတော့ စစ်ဒေသရုံး နောက်ကျောက တောင်ကုန်းလေးကိုတက်ပြီး ဟိုဘက်ကို
ပြန်ဆင်းပြီးမှ ချောင်းကို ခက်ခက်ခဲခဲဖြတ်ပြီး ပြေးလာရတယ်လို့ ဆိုပါတယ်။
သူတို့ နှစ်ဦး လုံးဟာ လူမုန်းများသူများ ဖြစ်ကြပါတယ်။ ဗိုလ်ရဲဒင်ရဲ့
ကိုယ်ပိုင် ဂိုဒေါင်ထဲမှာ တပ်ခွဲ တစ်ခွဲစာ လက်နက်ခဲယမ်းနဲ့ စစ်ဝတ်စုံများ၊
အသုံးအဆောင်များအပြင် လက်နက်ကြီးတချို့ပါ သိမ်းဆည်း ရတယ်ဆိုပြီး ဝ
ရဲဘော်တွေက ပြောတာသိရတယ်။
အာဏာသိမ်းမယ်ဆိုတာ
ကြိုသိနေပြီး သိသိနဲ့ကို တားဆီးလို့ မရနိုင်ခဲ့တဲ့ ပြဿနာပါ။ ကိုးကန့်
အာဏာသိမ်းမှု ဖြစ်ပြီးပြီးချင်းမှာ ဝ တွေလည်း အတုမြင် အတတ်သင်
လုပ်လာလိမ့်မယ်ဆိုတာကို ဗမာကျောင်းသား တောခို ရဲဘော်တွေထဲက လူကြီးတွေကို
သတိပေးခဲ့တာတွေ ရှိပါတယ်။ လူကြီး တွေလည်း သဘောပေါက်လာလို့ ၈၁၅ စစ်ဒေသဆိုတဲ့
အခါဒေသဘက်ကို ခြေကုတ်ယူနိုင်အောင် ဒုဥက္ကဋ္ဌ ဗိုလ်ခင်မောင်ကြီးကို
လွှတ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဗိုလ်ခင်မောင်ကြီး ရောက်တဲ့အချိန်မှာပဲ ၈၁၅
ကိုလည်း အဲဒီက စစ်ရေးတာဝန်ခံ လီမင်ရှင်းက အာဏာသိမ်းလိုက်ပြီး ဖြစ်နေပါပြီ။
ကိုးကန့် အာဏာသိမ်းမှုနဲ့ ဝ အာဏာသိမ်းမှုကြား တစ်လကျော် အချိန်ရှိပေမယ့်
နောက်ဆုံးအပတ်မှာမှ ဗိုလ်ခင်မောင်ကြီးကို ၈၁၅ စစ်ဒေသဘက်ကို လွှတ်တယ်ဆိုတာဟာ
ကွန်မြူနစ်ပါတီ လူကြီးများ ၈၁၅ က အဓိက တပ်ကိုင်ထားသူ လီမင်းရှင်းဟာ
ဖုန်ကျားရှင်ရဲ့ သမက်ဖြစ်တယ်ဆိုတာကို သတိလက် လွတ် ဖြစ်နေခဲ့ပုံရပါတယ်။
တရုတ်ပြည်ဘက်က တချို့ တရုတ်ရဲဘော်များက မင်းတို့ အဘိုးကြီးတွေ
ရိုးလွန်းအလွန်း အားကြီးတယ်လို့ ပြောတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့
အရှေ့မြောက်စစ်ဒေသရဲ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းနဲ့ ဖြစ်စဉ်တွေကို
ပြန်ကြည့်ရင် ဒီအခြေအနေဟာ ရိုးအလွန်းလို့လား၊ မိုးနတ်မင်းတောင်
မကယ်နိုင်တဲ့ အခြေအနေလားဆိုတာကို သိလာမှာဖြစ်ပါတယ်။
မိုးနတ်မင်းပင် ကယ်နိုင်မည်မထင် (၂)
ဒီဆောင်းပါးရဲ့ ပထမပိုင်းကို ရေးလိုက်တာဟာ
ဇာတ်သိမ်းခန်းနဲ့ စသလို ဖြစ်သွားခဲ့ပါတယ်။ အမှန်အတိုင်း ပြောရရင်
ဒီအဖြစ်အပျက်များကို ရေးသားဖော်ပြလိုစိတ် မရှိပါဘူး။ ဘာတေးလစ်တနာ ရဲ့စာအုပ်
ဘာသာပြန်ချက် ထွက်ပေါ်လာလို့သာ ကိုယ်တိုင် ဖြတ်သန်းဖူးသူများ ကိုယ်စား
တင်ပြသင့် တယ်လို့ ယူဆချက် အချို့ကို တင်ပြတာသာ ဖြစ်ပါတယ်။ အခု
ဇာတ်တည်ပုံကို သိမီသလောက် အကျဉ်းရုံး တင်ပြပါမယ်။
အရှေ့မြောက်စစ်ဒေသ
ပေါ်ထွက်လာဖို့ရာ ပြည်တွင်းပြည်ပ အကြောင်းရင်းအချို့ ရှိနိုင်ပေမယ့် ဥက္ကဋ္ဌ
သခင် ဗသိန်းတင်ရဲ့ စိတ်ဆန္ဒ ပြင်းပြမှုက ပိုပြီး အဓိကကျလိမ့်မယ်လို့
ထင်ပါတယ်။ နယ်စပ်မှာ စစ်ဒေသ တစ်ခု ဖွင့်ဖို့ ချူအင်လိုင်းတို့ကို သွားရောက်
တင်ပြတဲ့အချိန်မှာ တရုတ် ခေါင်းဆောင်တွေက မြန်မာအစိုးရနဲ့ မျက်နှာပျက်ရမှာ
ဖြစ်တဲ့အတွက် စိတ်မပါလှဘူးလို့ ဆိုပါတယ်။ အဲဒီအချိန်က သခင်သန်းမြိုင်လည်း
ပါဝင်တယ်လို့ သိရတယ်။ သခင်သန်းမြိုင်ကတော့ ဒီအစီအစဉ်ကို သိပ် သဘောတူလှတာ
မဟုတ်ဘူးလို့လဲ သိရတယ်။
ဇာတ်လမ်း အစအဆုံးကို ပြန်လှန်ရရင် တရုတ်ပြည် ပညာတော်သင် အဖွဲ့မှာ
သခင်သန်းမြိုင်က ခေါင်းဆောင် ဖြစ်ပြီးတော့ အဲဒီအချိန်က ပါတီ ဒုဥက္ကဋ္ဌဖြစ်တဲ့
သခင် ဗသိန်းတင်က ဆေးကုသဖို့ လိုက်ပါသွားတာ ဖြစ်ပါတယ်။ တရုတ်နဲ့ ရုရှားအကွဲ
(၁၉၅၆-၅၇ လောက်) မတိုင်မီမှာ သခင်သန်းမြိုင် ဟာ ရုရှားကို အကြိမ်ကြိမ်
သွားခဲ့ပြီး ရုရှားနဲ့ ပိုနီးစပ်တာလို့ တရုတ်တို့က ယူဆလာတာလို့ ဆိုပါတယ်။
တရုတ်နဲ့ ရုရှား ပြတ်ပြတ်သားသား ကွဲကြပြီဆိုတဲ့အချိန်မှာ
တရုတ်ရဲ့ဖိအားကြောင့် သခင်သန်းမြိုင် အရာကျသွားပြီး တရုတ်ပြည်ရောက်
ရဲဘော်များ အားလုံးကို သခင်ဗသိန်းတင်က တာဝန်ယူခဲ့ရတာလို့ အကြမ်းဖျင်း
သိရပါတယ်။
ဒါပေမဲ့ သမိုင်းရဲ့ကံကြမ္မာ အလှည့်အပြောင်းတွေကို ဘယ်သူမှ ကြိုပြီး
မသိမြင်နိုင်ခဲ့ပါဘူး။ ၁၉၆၄ လောက်မှာ တရုတ်ပြည်မှာ ယဉ်ကျေးမှု
တော်လှန်ရေးကြီး စဖြစ်လာပါတယ်။ အဲဒီအချိန်မှာ လက်ဝဲသန် လေးယောက်ဂိုဏ်း
အုပ်စုဟာ တဖြည်းဖြည်းနဲ့ တန်ခိုးထွားလာပါတယ်။ ဒါကြောင့် ၁၉၆၈ ခုနှစ်မှာ
နိုင်ငံတကာ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး တော်လှန်ရေး တစ်ရပ်ကို
တင်ပို့ဖို့ ဖြစ်လာတာ ဟာ လေးယောက်ဂိုဏ်းရဲ့ လက်ချက်က အဓိက အခန်းက
ပါခဲ့တာပါ။ ၁၉၈၀ ပြည့်အလွန် နှစ်တွေမှာ တရုတ်နဲ့ ဗကပကြား ပေးကမ်း
ထောက်ပံ့ရန် သဘောတူထားတဲ့ စာချုပ်တွေကို အဆုံးသတ်ရာမှာ အဲဒီစာချုပ်တွေကို
လက်မှတ် ရေးထိုးသူဟာ လေးယောက်ဂိုဏ်းရဲ့ သဘောတရားရေး ဆရာကြီး
‘ကျန်းချွင့်ချောင်’ ဖြစ်တယ်ဆိုတာ သိလာရပါတယ်။
၁၉၆၈ ခု
တော်လှန်ရေးစချိန်မှာ မုံးဂူဆိုတဲ့ နေရာကို ကွေ့ကျိုးနဲ့ ဇစ်ချွမ်း
ရဲဘော်များ ပေါင်းစပ်ထားတဲ့ အင်အား ၃၀၀ လောက်နဲ့ ဝင်စီးခဲ့တာပါ။ တရုတ်ပြည်
တစ်ဖက်ကမ်း မွန်ဟိုင်းဆိုတဲ့ ရှမ်းရွာကလေး ကနေ မုံဂူချောင်း
တိမ်တိမ်ကလေးကို ဖြတ်လိုက်တာနဲ့ ဗမာပြည်ဘက်ကို ရောက်တာပါပဲ။ ချောင်း
ဒီဘက်ကမ်း ရောက်တာနဲ့ ဗမာပြည်ဘက်ကမ်းက မြေကြီးကို ဆုပ်ယူပြီး တခုတ်တရ
နမ်းရှုပ်ခဲ့သူ ကတော့ ရဲဘော်လွင် (ခေါ်) ဦးသိန်းအောင် ဖြစ်ပါတယ်။ သူဟာ
ရုရှားမှာ သတင်းစာ မဟာဝိဇ္ဇာဘွဲ့ ရခဲ့ပြီး ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့
မောင်အငယ်လည်း ဖြစ်ပါတယ်။
တော်လှန်ရေးဟာ စတင်ကာစမှာ ကိုးကန့်၊ ဝ နယ်နဲ့ ၈၁၅ အခါဒေသတို့မှာရှိတဲ့
အစိုးရကို ဆန့်ကျင်၊ ကိုမင်တန်ကိုလည်း ဆန့်ကျင်တဲ့ အုပ်စု အငယ်ကလေးတွေနဲ့
မဟာမိတ်ပြုပြီး နယ်မြေချဲ့ထွင်ခဲ့တာပါ။ အဲဒီအချိန်က နယ်စပ် တစ်ကြောလုံးမှာ
ကိုမင်တန်စခန်း သေးသေးလေးတွေ ရှိနေပါသေးတယ်။ ဒေသခံတွေထဲမှာလည်း
ကိုမင်တန်ကို ပေါင်းသင်း ကူညီသူနဲ့ ဆန့်ကျင်သူဆိုပြီး ရှိနေတယ်။
ဆန့်ကျင်သူတွေဟာ တရုတ်ပြည်နဲ့ အလိုအလျောက် နီးစပ်နေပါတယ်။
ဒီအုပ်စုလေးတွေနဲ့ ဗကပကို တေ့ပေးခဲ့တာကတော့ တရုတ်ပြည်ပါပဲ။ အဲဒီအချိန်မှာ
ဘိန်းလုပ်ငန်းနဲ့ အများကြီး ဆက်နွှယ်နေတဲ့ ဖုန်ကျားရှင်တို့ အုပ်စုတွေ
နေရာရလာကြတာပါ။
တော်လှန်ရေးထဲမှာ တရုတ်ပြည်က လက်ဝဲ ကူညီရေး တပ်ဖွဲ့တွေ၊ အပျော်တမ်း
တပ်ဖွဲ့တွေ၊ တစ်ဦးချင်း တက်ကြွသူတွေ၊ ယဉ်ကျေးမှု တော်လှန်ရေးကာလက
တရုတ်ပြည်ရောက်နေတဲ့ ဗမာပြည်ပေါက် တရုတ် လူငယ်တွေ (Oversea သို့မဟုတ်
ဝှါချောင်ရဲဘော်တွေလို့ ခေါ်ပါတယ်) နဲ့ ပန်ဆိုင်း၊ ကြူကုတ်၊ ဝမ်တိန်စတဲ့
ဒေသနားက လူငယ်တွေ၊ တရုတ်ပြည်ဘက်က ဝ လူငယ်တွေ စသဖြင့် အများအပြား ပါလာကြတယ်။
ဒါကြောင့် နယ်စပ်ဒေသ အလျင်အမြန် ကြီးထွားလာပါတယ်။ နယ်မြေတွေ
တိုးချဲ့လာနိုင်တယ်။ ဒီအရှိန်တွေဟာ ၁၉၇၃ ခုနှစ်ရဲ့ နောက်ပိုင်းမှာတော့
တန့်သွား ပါတယ်။ နယ်စပ်ဒေသ တိုးချဲ့မှုတွေ တန့်သွားပြီး ရှမ်းပြည်နယ်
အလယ်ပိုင်းကို ထိုးဖောက်တဲ့ တပ်မဟာ ၆၈၃ လှုပ်ရှားမှုတွေ များလာခဲ့ပါတယ်။
အာဏာသိမ်းတပ်ရဲ့ ဒုတိယ ခေါင်းဆောင် ပေါက်ကိုချမ်းဟာ အဲဒီ တပ်မဟာ ၆၈၃ ရဲ့
နိုင်ငံရေးမှူးပါ။ ဗမာစကား နည်းနည်း တတ်ပါတယ်။ နယ်စပ်ဒေသတွေမှာ စခန်းသိမ်း
တိုက်ပွဲတွေ လျှော့ချပြီး ရှမ်းပြည် အလယ်ပိုင်းကို ထိုးဖောက်တယ်ဆိုတာ
ဗကပရဲ့ စစ်ရေး မဟာဗျူဟာ တစ်ခု ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လောက်မှာ ဒုဥက္ကဋ္ဌ
ဦးခင်မောင်ကြီးကိုယ်တိုင် ဦးစီးပြီး တပ်မဟာ တစ်ခုနဲ့ ယခင်က သခင်
တင်ထွန်းနဲ့ ရဲဘော်ထွန်း ခေါ် ဗိုလ်ကြင်မောင်တို့ လှုပ်ရှားခဲ့တဲ့ နောင်လုံ
နောင်စိုး၊ ကျောက်ဂူစတဲ့ ဧရိယာတွေကို ပြန်လည်ပြီး အခြေခံတာ ဖြစ်ပါတယ်။ ဒါဟာ
ကျေးလက်အခြေခံ မြို့ကို ဝိုင်းဆိုတဲ့ မဟာဗျူဟာရဲ့ အစိတ်အပိုင်း တစ်ခုလို့
ပြောလို့ရပါတယ်။ နောက်ပိုင်းမှာ ဗကပ အလယ်ပိုင်းတပ်တွေ ဟာ ရှမ်းကယား
အစပ်လောက်အထိ ရောက်သွားပြီး ပဲခူးရိုးမကို ပြန်လည် အခြေချဖို့
ကြိုးပမ်းခဲ့ကြ တာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွေ အားလုံးဟာ ဝ ရဲဘော်များနဲ့
အခြေခံပြီး လုပ်ခဲ့တာဖြစ်တယ်။
ဝ ခေါင်းဆောင်တွေနဲ့ စ ရဲဘော်တွေ အားလုံးဟာ အရှေ့မြောက် စစ်ဒေသရဲ့
အစောပိုင်း လှုပ်ရှားမှု များ အားလုံးမှာ အဓိက အခန်းကနေ တက်တက်ကြွကြွ
ပါဝင်ခဲ့တာပါ။ ဝ နယ်ဟာ အရိုင်းအစိုင်း သာသာ အနေအထားကနေ ကွန်မြူနစ်ပါတီ
ရောက်လာလို့ အကြီးအကျယ် ပြောင်းလဲလာရတယ်၊ ဖွံ့ဖြိုး တိုးတက်လာရတယ်ဆိုပြီး
ဂုဏ်ယူ ကျေနပ်နေကြတာပါ။ ဒါပေမဲ့ ဝ တွေအဖို့ တော်လှန်ရေးဟာ ရေရှည်စစ်
ဖြစ်လာလေ ဗမာပြည် အောက်ပိုင်းအထိ တိုးကြရလေ၊ ကိုယ့်ဒေသနဲ့ ဝေးကွာလေလေ
ဒီစစ်ပွဲဟာ သူတို့နဲ့ မဆိုင်တော့ဘူးလို့ ခံစားလာကြရတာ ဖြစ်တယ်။ နှစ်ကြာလေ
ကျဆုံး၊ ဒဏ်ရာရ တွေ အလွန် များလာလေ ဖြစ်လာတယ်။ နောက်ပိုင်းက ဝ ရွာတွေမှာ
ဒဏ်ရာ သမားတွေနဲ့ အမျိုးသမီးတွေလောက်သာ ကျန်ပြီး နောက်ထပ် တပ်သားသစ်
ထုတ်မပေးနိုင်သလောက် ဖြစ်လာပါ တယ်။
ဒီအခြေအနေကို မီးလောင်ရာ လေပင့် ဖြစ်စေတာက တရုတ်ပြည်က အကူအညီတွေ စတင်
ဖြတ်တောက်လာတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်တို့က လက်လွတ်စပယ်
လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒီအချိန် မတိုင်ခင်မှာ တရုတ်တို့က ဗမာပြည်
နိုင်ငံရေးနဲ့ ပတ်သက်လို့ အကြံပြုချက် တစ်ခု တင်ပြခဲ့တာ ရှိပါတယ်။
အဲဒါကတော့ ဗမာပြည်မှာ အဓိက အင်အားကြီး သုံးခုဖြစ်တဲ့ ဗကပရယ်၊ မဆလနဲ့
တိုင်းရင်းသား လက်နက်ကိုင်များကြားမှာ ညီညွတ်ရေး ရယူ တည်ဆောက်ဖို့
ဆိုတာဖြစ်တယ်။ ဒါကို လက်တွေ့ လုပ်ပြတဲ့အနေနဲ့ တရုတ်ပြည်က ဦးနေဝင်းနဲ့ သခင်
ဗသိန်းတင်တို့ ပီကင်းမှာ တွေ့ဆုံနိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။ အဲဒီ
ထိပ်သီး ဆွေးနွေးပွဲမှတစ်ဆင့် လားရှိုးမှာ နှစ်ဖက် ကိုယ်စားလှယ်တွေ
တွေ့ဆုံဖို့ ဖြစ်လာတယ်။
၁၉၇၀ လောက်မှာ
ဒီဆွေးနွေးပွဲ စခဲ့တယ်။ ဗကပဘက်က သခင်ဖေတင့်၊ ဖရန် ဂန္ဒီးနဲ့ ဦးကျော်စွာတို့
ခေါင်းဆောင်ပြီး မဆလဘက်က ဦးအေးကို ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ တွေ့ကြတာပါ။
ဆွေးနွေးပွဲဟာ နှစ်ရက် သုံးရက်လောက်နဲ့ ပြတ်သွားတာ ဖြစ်တယ်။ ဗကပဘက်က
တင်ပြချက်မှာ ပါတီ ဆက်လက် တည်ရှိရေး၊ တပ် ဆက်လက် တည်ရှိရေးနဲ့
လွတ်မြောက်ရေးဒေသ ဆက်လက် တည်ရှိရေး စတဲ့ အချက် သုံးချက်ကို
တောင်းလိုက်တာနဲ့ ဆွေးနွေးပွဲကို တစ်ဖက်က ရပ်လိုက်တော့တာ ဖြစ်ပါတယ်။
သခင်ဖေတင့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ပြန်လာပြီးနောက်
ပန်ဆန်းမြို့တော်က တာ့လီထန် လို့ခေါ်တဲ့ အစည်းအဝေး ခန်းမကြီးမှာ
ရှင်းလင်းပွဲ လုပ်ပါတယ်။ ဥက္ကဋ္ဌကလည်း ဦးနေဝင်းနဲ့ တွေ့ပုံ အကြောင်း
တင်ပြပါတယ်။ မှတ်မိသလောက် အရေးကြီးတဲ့ အချက်ကတော့ ဦးနေဝင်းက အခု အချိန်မှာ
ဗမာပြည်မှာ ဖွဲ့စည်းပုံ ဥပဒေလည်း ရှိနေပြီဖြစ်ကြောင်း (ဒီအချက်ကတော့
အခုခေတ် ပြောဆိုပုံမျိုးနဲ့ ခပ်ဆင်ဆင်ပါပဲ)၊ အခိုင်အမာ အဖွဲ့အစည်းတွေလည်း
ရှိနေပြီဖြစ်ကြောင်း၊ ဒါကြောင့် သူတစ်ယောက်တည်း ဆုံးဖြတ်လို့
မရတော့ကြောင်း၊ ဒါ့ကြောင့် ဆွေးနွေးဖို့ ကိုယ်စားလှယ်အဖွဲ့တွေ ဖွဲ့ပြီး
ပြည်တွင်းမှာ ဆွေးနွေးလျှင် သင့်တော်မည်ဟု ယူဆကြောင်း ပြောတယ်လို့
ဆိုပါတယ်။ လားရှိုး ဆွေးနွေးပွဲမှာ ဦးအေးကိုရဲ့ အဆိုပြုချက်ကတော့
ဗကပတပ်များကို လုံထိန်းတပ်များအသွင် ပြောင်းလဲ ဖွဲ့စည်းပြီး
ဒီနယ်မြေဒေသတွေမှာပဲ ဆက်လက် တည်ရှိသွားဖို့ ဖြစ်တယ်။ အခု
ပြန်စဉ်းစားကြည့်ရာမှ နဝတခေတ်က ငြိမ်းချမ်းရေး တပ်ဖွဲ့များပုံစံ၊ ကရင်ဘက်က
DKBA တို့ ပုံစံမျိုးလို့ ယူဆရပါတယ်။ နောက်ဆုံးပိတ်မှာ ဥက္ကဋ္ဌက “ကျုပ်ကတော့
လုံထိန်း မလုပ်နိုင်ဘူး။ ခင်ဗျားတို့ လုပ်ကြမလား” ဆိုပြီး ပရိသတ်ကို
မေးလိုက်တော့ အောက်က ရဲဘော်တွေက “မလုပ်ပါဘူး၊ မလုပ်ပါဘူး” ဆိုပြီး
ဝိုင်းအော် ကြပါတယ်။ ဒါနဲ့ ဒီအစည်းအဝေးကို အဆုံးသတ်ခဲ့တယ်လို့
မှတ်မိနေပါတယ်။
မိုးနတ်မင်းပင် ကယ်နိုင်မည်မထင် (၃) >>
၁၉၇၉ ခုနှစ် သြဂုတ်လမှာ ပါတီ အနှစ် (၅၀)
မြောက် အထိမ်းအမှတ် ပွဲလမ်းတွေ ကျင်းပခဲ့တယ်။ ဒီပွဲမှာ မြို့ပေါ်က
ရောက်လာတဲ့ ကျောင်းသား အလုပ်သမားနဲ့ စာရေးစာချီ ဝန်ထမ်းတွေ စုပေါင်းပြီး
သြဂုတ်လမှာ အားကစားပွဲတွေ ကျင်းပခဲ့ကြတယ်။ အဲဒီအချိန်ဟာ
အရှေ့မြောက်စစ်ဒေသရဲ့ အထွန်းတောက်ဆုံး ကာလတွေလို့ ဆိုရမှာပါ။
မြို့ပေါ်က
ကျောင်းသားတွေဟာ ၇၄၊ ၇၅၊ ၇၆၊ ၇၇ စတဲ့ နှစ်တွေမှာ အများဆုံး ရောက်လာကြတာပါ။
အဲဒီအချိန်က ပါတီ ခေါင်းဆောင်များရဲ့ ပြောစကားထဲမှာ လမ်းစဉ်မှန်ရင်
တက်တယ်၊ လမ်းစဉ်မှားရင် ကျတယ်ဆိုတဲ့ စကား ပါဝင်လေ့ရှိတယ်။ ပဲခူးရိုးမရဲ့
ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ်ဟာ မှားတယ်။ ဒီလမ်းစဉ်ကို အရှေ့မြောက် စစ်ဒေသမှာ
ဘယ်တော့မှ ကျင့်သုံးမှာမဟုတ်ဘူးဆိုပြီး ရောက်ရှိလာတဲ့ ကျောင်းသားတွေကို
ရှင်းရှင်းလင်းလင်းပဲ ပြောပါတယ်။
ဒီနေရာမှာ ကျောင်းသားတွေနဲ့ အငြင်းအခုံ တချို့ ဖြစ်ပါတယ်။ အံ့သြစရာ
ကောင်းလောက်အောင် ကျောင်းသား ရဲဘော်တွေဟာ ပဲခူးရိုးမအပေါ် သံယောဇဉ်
ရှိသူတွေ၊ အထင်ကြီး လေးစားသူတွေ ဖြစ်နေတာပါ။ အများစုက ‘သခင်သန်းထွန်းရဲ့
နောက်ဆုံးနေ့များ’ စာအုပ်ကို ဖတ်ပြီးမှ လာကြသူတွေ ပါ။ ဒီလိုမှားရင် ဒီလိုပဲ
ခံရမယ်ဆိုတာကို လက်ခံနေကြတာ ဖြစ်ပါတယ်။ လူကြီးများနဲ့ ပြောရာမှာတော့
တစ်လုံးပြော၊ နှစ်လုံးပြောနဲ့ ခံပြောကြည့် ကြတာပါ။ ပဲခူး ရိုးမတွေမှာ
လမ်းတွေ ပေါက်လာတယ်။ အစိုးရတပ်အတွက် အခွင့် ပိုသာလာတယ် စသဖြင့်
ပြောလိုက်တာနဲ့ ပေါလစ်ဗျူရို လူကြီး တစ်ဦးက ‘လမ်းစဉ်ပါဗျာ။ လမ်းစဉ်ကြောင့်
ဖြစ်တာပါ’ ဆိုပြီး ပိတ်ပြောတာ ကြုံရပါတယ်။ ဒါပေမဲ့ အဲဒါမှာ
အမှန်တရားပဲဆိုတာ နောက် နှစ်အတော်ကြာတဲ့အခါ သဘောပေါက်လာတာ ဖြစ်ပါတယ်။
ပါတီတွင်း မှာ အတွေးအခေါ် တိုက်ပွဲတွေ၊ အငြင်းအခုံတွေ ဖြစ်လာရင် ယဉ်ကျေးမှု
အလွန်နိမ့်ကျတဲ့ လူများစုကြီး ကို အစွန်းရောက် ခေါင်းဆောင်မျိုးက လှုံ့ဆော်
အသုံးချလိုက်မယ်ဆိုရင် ဖြုတ်၊ ထုတ်၊ သတ်လို လမ်းစဉ်မျိုးတွေ ဖန်တီးဖို့
လွယ်လွယ်လေးပဲဆိုတာ သဘောပေါက်လာတာ ဖြစ်ပါတယ်။
အရှေ့မြောက်မှာ နိုင်ငံရေး အငြင်းအခုံ လုပ်ရတယ်ဆိုတာ ကျောင်းသား
ရဲဘော်တွေနဲ့ လူကြီးတွေ ကြားမှာပဲ ရှိတာပါ။ အခု အာဏာသိမ်းသွားကြတဲ့
ကိုးကန့်နဲ့ ဝဆိုတဲ့ ကေဒါတွေဟာ ဘယ်တုန်းကမှ လူကြီးတွေကို ခံပြီး ပြောခဲ့တာ
ငြင်းခုံခဲ့တာ မရှိပါဘူး။ ရောက်ရောက်ချင်းကတည်းက ပြောကြတဲ့ ပြဿနာဟာ
ကိုလိုနီ တစ်ပိုင်း၊ ပဒေသရာဇ် တစ်ပိုင်းဆိုတဲ့ ဗမာပြည် လူ့အဖွဲ့အစည်းအပေါ်
လက္ခဏာ သတ်မှတ်ချက် ပြဿနာ ဖြစ်ပါတယ်။
ပဒေသရာဇ် တစ်ပိုင်းလို့ ပြောရလောက်အောင် ဗမာပြည် လူ့အဖွဲ့အစည်းမှာ
မြေရှင်ပဒေသရာဇ် စနစ်ဟာ အားမကောင်းတော့ဘူး။ မြေရှင်ဆိုတာ လူတန်းစား
တစ်ရပ်အနေနဲ့ ဥပဒေ တစ်ရပ်ရဲ့ အောက်မှာ ရပ်တည်ခွင့် မရှိတော့ဘူး။
ရှေးတုန်းကလို ပဲခူး ဦးစိန်ဝင်းတို့ ဟင်္သာတ ဦးမြတို့လို ပုဂ္ဂိုလ် တွေ
မရှိတော့ဘူး။ ရှိရင်လည်း ပုန်းလျှိုးကွယ်လျှိုး အနည်းအကျဉ်းသာ
ရှိနိုင်တယ်ဆိုတာကို မြို့ပေါ်က ရောက်လာသူတွေက လက်ခံ ပြောခဲ့တာပါ။ ဒါကို
လူကြီးတွေက လက်မခံတာပါ။ “ပဒေသရာဇ်စနစ် ဆိုတာ ရှိကိုရှိတယ်။
ဘာဖြစ်လို့လဲဆိုတော့ တိုက်ကို မတိုက်ရသေးလို့ပဲ” ဆိုပြီး ပိတ်ပြောတာ ကြုံရ
ပါတယ်။
ဒီအယူအဆက ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ပဒေသရာဇ်စနစ်ကို အပြီးတိုင်
ချေမှုန်းတာဟာ အရင်းရှင် လူတန်းစား ဖြစ်ပေမယ့် ဗမာပြည်လို ကိုလိုနီ
တစ်ပိုင်း၊ ပဒေသရာဇ် တစ်ပိုင်း နိုင်ငံတွေမှာ အမျိုးသား အရင်းရှင်
လူတန်းစား အားပျော့တဲ့ အတွက်ကြောင့် ဒီတာဝန်ကို ပစ္စည်းမဲ့ လူတန်းစား
ခေါင်းဆောင် တဲ့ ပြည်သူ့ ဒီမိုကရေစီ အာဏာရှင်စနစ်ကသာ
ထမ်းဆောင်နိုင်မယ်ဆိုတဲ့ အယူအဆက လာတာပါ။ လက်တွေ့ ဥပမာအားဖြင့် တရုတ်ပြည်
တော်လှန်ရေးကို ပြလို့ ရပါတယ်။ တကယ်တော့ တရုတ်ပြည် ကို ပဒေသရာဇ် တစ်ပိုင်း၊
ကိုလိုနီ တစ်ပိုင်းလို့ လက္ခဏာ သတ်မှတ်တာဟာ ဥက္ကဋ္ဌမော်တို့က အမှန် တကယ်
ဖြစ်နေတဲ့ အခြေအနေအပေါ် ရောင်ပြန်ဟပ်တာပါ။ အဲဒီအချိန်က တရုတ်ပြည်ကြီးရဲ့
အရှေ့ဘက် ကမ်းရိုးတန်းတွေ အားလုံးလောက်ဟာ အင်္ဂလိပ်၊ ပေါ်တူဂီနဲ့ ဂျပန်
အင်အားကြီးတွေရဲ့ အပိုင်းပိုင်း ဖြတ်ပြီး သိမ်းပိုက်ခြင်း ခံထားရတာပါ။
တစ်ပြိုင်နက်မှာပဲ အတွင်းပိုင်း ပြည်နယ်တွေမှာကျ တော့ အနှစ် ၂၀၀၀ လောက်
သက်တမ်းရှိတဲ့ ပဒေသရာဇ် မြေရှင်တွေက လွှမ်းမိုးနေတာပါ။
ကိုလိုနီ တစ်ပိုင်း
ပဒေသရာဇ် တစ်ပိုင်းဆိုတဲ့ လူ့အဖွဲ့အစည်း လက္ခဏာ သတ်မှတ်ချက်ဟာ တရုတ်ပြည်
အတွက်တော့ ကွက်တိ မှန်နေတာ ဖြစ်တယ်။ ဒီလူတန်းစား လက္ခဏာ သတ်မှတ်ချက်
ရှိမှသာလျှင် ဒီလိုနိုင်ငံတွေရဲ့ တော်လှန်ရေးကို အရင်းရှင် လူတန်းစားက
ခေါင်းမဆောင်နိုင်ဘဲ ပစ္စည်းမဲ့ လူတန်းစားနဲ့ အဖိနှိပ်ခံ ပြည်သူတစ်ရပ်လုံး
ဦးဆောင်တဲ့ ပြည်သူ့ ဒီမိုကရေစီ တော်လှန်ရေး ကသာလျှင် ခေါင်းဆောင်
ဆင်နွှဲနိုင်မယ်ဆိုတဲ့ အယူအဆကို ရောက်လာမှာ ဖြစ်ပါတယ်။ ဆိုလိုတာ ကတော့
ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဲ့ တော်လှန်ရေးသာလျှင် ကိုလိုနီ တစ်ပိုင်း
ပဒေသရာဇ် တစ်ပိုင်း လက္ခဏာကို အပြီးတိုင် ဖျက်သိမ်းနိုင်မယ်ဆိုတာ ဖြစ်တယ်။
ဒီလိုသွားဖို့အတွက် တိုက်ပွဲ နည်းပရိယာယ်ကို ရွေးချယ်ရာမှာလည်း လက်နက်ကိုင်
တော်လှန်ရေးနဲ့ သာလျှင် သွားလို့ရမယ်ဆိုတဲ့ အဖြေထွက်လာတာ ဖြစ်ပါတယ်။
ဒီလို လူ့အဖွဲ့အစည်း လက္ခဏာ သတ်မှတ်ချက်နဲ့ ပတ်သက်တဲ့ အငြင်းအခုံဟာ ၁၉၈၅
မှာ ကျင်းပတဲ့ ပါတီရဲ့ တတိယအကြိမ် ကွန်ဂရက်အထိ ဆက်ပြီး ပါလာတာဖြစ်တယ်။ ပါတီ
ကွန်ဂရက်ကို စစ်ဒေသ အသီးသီး၊ တပ်မဟာ အသီးသီး၊ ခရိုင် အသီးသီးနဲ့ ဗဟို
ယူနစ်များမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြတယ်။ အဝေးရောက်
ပုဂ္ဂိုလ်တချို့လည်း တက်ရောက်ခဲ့ကြတဲ့အတွက် စုစုပေါင်း ကိုယ်စားလှယ် ၁၀၀
နီးပါး ရှိမယ် ထင်ပါတယ်။ အဲဒီမှာ မတူတဲ့အမြင်ကို တင်တဲ့ အဖွဲ့ကတော့
ကျောင်းသား ရဲဘော် များ ပါဝင်တဲ့ အဖွဲ့ ဖြစ်တယ်။ သူတို့ တင်ပြချက်မှာ
အဓိကအားဖြင့် သုံးချက်လောက် ရှိပါတယ်။ အဲဒီအချက်တွေကတော့ တရုတ်
ကွန်မြူနစ်ပါတီ တစ်ခုတည်းကိုသာ ဆက်ဆံနေရာမှ ကမ္ဘာပေါ်ရှိ တခြားသော ဆိုရှယ်လစ်
အုပ်စုဝင် နိုင်ငံများနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆံမှု ထူထောင်ရေး၊
လူ့အဖွဲ့အစည်း လက္ခဏာ သတ်မှတ်ချက်မှာ ကိုလိုနီ တစ်ပိုင်း ပဒေသရာဇ်
တစ်ပိုင်းဆိုတဲ့ အချက်ကို ပြန်လည် သုံးသပ်ရေးနဲ့ ပဒေသရာဇ် မြေရှင်စနစ်ကို
အဓိက ဦးတည်မယ့်အစား စစ် ဗျူရိုကရက် အရင်းရှင်များဖြစ်တဲ့ မဆလ
စစ်အုပ်စုကိုသာ တိုက်ခိုက်သွားရေး စတဲ့ အချက်တွေဖြစ်ပါတယ်။
ပါတီ ကွန်ဂရက်မှာ ဒီလို ကွဲလွဲတဲ့အမြင် တင်ပြလာတယ်ဆိုတာ ‘ဝ’
ရဲဘော်များနဲ့ ကိုးကန့် ဘိန်းဆရာ များအတွက် အံ့ဖွယ် သူရဲပါပဲ။ အရှေ့မြောက်
သမိုင်းမှာလည်း ဒီလို အစဉ်အလာ မရှိသလောက် ရှားပါတယ်။ ယခင်က ဗဟိုနဲ့
သဘောကွဲလွဲဖူးသူဟာ မင်းလတ်ရဲခေါင်ဆိုသူဖြစ်ပြီး သူ့ရဲ့ စာတမ်းတွေ နဲ့
ဝေဖန်ချက်တွေကို ဖုံးဖိထားတာကြောင့် သိခွင့် မရှိခဲ့ကြပါဘူး။
သူကိုယ်တိုင်ကိုလည်း ‘ဝ’ နယ် မြောက်ပိုင်းခရိုင်မှာ ဖမ်းဆီးထားရာက
ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်ခံခဲ့ရတယ် ဆိုတာလောက်ပဲ သိကြရတာ ဖြစ်တယ်။
နောက်ထပ် ကွဲလွဲသူကတော့ ဗိုလ်သန်းရွှေ ဖြစ်နိုင်ပါတယ်။ သူကလည်း ဥက္ကဋ္ဌကလွဲ၍
ကျန်ပုဂ္ဂိုလ်များကို အထင်ကြီးသူ မဟုတ်ပါဘူး။ သူနဲ့ ကွဲလွဲမှုဟာ
လူကြီးပိုင်းမှာ ကျိတ်ပြီး ဖြစ်တဲ့အတွက် အောက်ခြေမှာ ရှင်းရှင်းလင်းလင်း
မသိကြပါဘူ။ ဖြစ်နိုင်တာက စစ်ရေးအမြင် တချို့ အပေါ်မှာနဲ့ နိုင်ငံရေးအရ
ပြုပြင်ပြောင်းလဲရေးဘက်ကို ရပ်ခဲ့ပုံရပါတယ်။ အခု ကွန်ဂရက် ကွဲလွဲချက်တွေနဲ့
ပတ်သက်လို့ ဗဟို ကော်မတီက တစ်ယောက် တလေကတော့ ကောင်းပါတယ်။ စိတဝင်စားစရာ
ရှိပါတယ်လို့ ပြောကြတယ်။ ဒုဥက္ကဋ္ဌ သခင်ဖေတင့်ကတော့ ဒီလိုမတူတဲ့ အမြင်တင်
လာတဲ့ ရဲဘော်တွေကို တိုက်ခိုက်တာ မလုပ်သင့်ဘူးလို့ ကွန်ဂရက်မှာ
ပြောခဲ့တယ်လို့ သိရပါတယ်။
ကွန်ဂရက်မှာ တင်သွင်းခဲ့တဲ့ ရဲဘော်ထွန်း (ခေါ်) ဗိုလ်ကြင်မောင်ရဲ့
ဗဟိုကော်မတီ နိုင်ငံရေး အစီရင်ခံစာဟာ ဗမာစာ အရေးအသားနဲ့ နိုင်ငံရေး
အသုံးအနှုန်းတွေ ကျစ်လျစ် သိပ်သည်းပြီး လူကြိုက်များပေမယ့် ဒွိဟဖြစ်စေတဲ့
အချက်တချို့ ပါဝင်နေပါတယ်။ အထူးသဖြင့် မျက်မှောက် နိုင်ငံရေး အခြေအနေကို
သုံးသပ်ရာမှာ ‘လက်ရှိ တော်လှန်ရေးဟာ အတိတ်ကာလက ရရှိခဲ့တဲ့ တော်လှန်ရေး
ဒီရေမြင့်နဲ့ အနာဂတ်ကာလမှာ မုချရရှိလာမယ့် ဒီရေမြင့်ကြီးရဲ့ ကြားကာလမှာ
ရောက်ရှိနေတယ်’ လို့ သုံးသပ်ခဲ့တာပါ။ နောက်ပြီး ရှေ့ဆက်မယ့် လမ်းစဉ်အဖြစ်
အကြမ်းဖက် လက်နက်ကိုင် တော်လှန်ရေးသည်သာလျှင် တစ်ခုတည်းသော
လမ်းကြောင်းဖြစ်သည်လို့ အခိုင်အမာ ချမှတ်ခဲ့တာပါ။
ဒါပေမဲ့ ၁၉၈၅ ခုနှစ်ဆိုတဲ့ ကာလဟာ ကမ္ဘာ့နေရာ အသီးသီးမှာ လက်ဝဲ
လက်နက်ကိုင် တော်လှန်ရေး တွေဆိုတာ မကျန်ရှိတော့သလောက်နီးနီး
ပြိုကွဲလာနေတဲ့အချိန် ဖြစ်ပါတယ်။ တရုတ်ပြည် ကိုယ်တိုင် က အကြမ်းဖက်နည်းနဲ့
ဆက်လက် စွဲကိုင်ဖို့ဆိုတာကို အားမပေးတော့တဲ့အချိန် ဖြစ်ပါတယ်။ ဒါဟာလည်း
၁၉၇၈ ခုနှစ် တရုတ် ပါတီရဲ့ တတိယအကြိမ် စုံညီ အစည်းအဝေးမှာ တိန့်ရှောင်ဖိန်
အာဏာရလာပြီးနောက် ပြောင်းလဲလာတဲ့ လမ်းစဉ်တွေပါ။ ဒီလိုအချိန်မျိုးမှာ
တတိယအကြိမ် ပါတီ ကွန်ဂရက်က အကြမ်းဖက် လက်နက်ကိုင် တော်လှန်ရေးသာလျှင်
တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်လို့ ချမှတ်ခဲ့တာ ဖြစ်နေပါတယ်။
ဗမာပြည် ကွန်မြူနစ်ပါတီအဖို့ ဒီလမ်းကြောင်းကို ချမှတ်တဲ့ အချိန်ဟာ
အချိန်အခါအားဖြင့် လွဲချော်နေတယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့
နိုင်ငံတကာ အခြေအနေအရ အကြမ်းဖက် လမ်းကြောင်းတွေကို အားမပေးတော့တဲ့
အချိန်နဲ့ ကိုယ့်ပါတီ အခြေအနေအရလည်း တရုတ်ရဲ့ အကူအညီတွေ ဖြတ်တောက်လိုက်ပြီ
ဖြစ်တာကြောင့် အကျပ်အတည်းတွေစပြီး ဆိုက်လာတော့မယ့် အချိန် ဖြစ်နေပါတယ်။
ကွန်ဂရက် ကျင်းပတာကို တရုတ်ဘက်က မီးဖြတ်လိုက်လို့ အသုံးပြုစရာ မလိုတော့တဲ့
တစ်ဧကကျော် ကျယ်ဝန်းတဲ့ အသံလွှင့်ရုံ အဆောက်အအုံကို ပါတီမပျက်ခင်အချိန်အထိ
ဗဟို စစ်ဦးစီးဌာနနဲ့ ဗဟို ဝါဒဖြန့်ဌာနတို့ တစ်ခြမ်းစီ အသုံးပြုခဲ့ကြပါတယ်။
အာဏာသိမ်းပြီး နောက်ပိုင်း မှာတော့ မူလ တစ်ထပ်သာရှိတဲ့ အဆောက်အအုံကို
သုံးထပ် အဆောက်အအုံအထိ မြှင့်တင်လိုက်ပြီး ‘ဝ’ ပြည် သွေးစည်း
ညီညွတ်ရေးအဖွဲ့ရဲ့ ရုံးချုပ်နေရာ ဖြစ်လာပါတယ်။ အခု ဒီနေရာမှာ
ဦးပေါက်ယိုချမ်း ရုံးထိုင်ပါတယ်။
ကွန်ဂရက်ပြီးချိန်ကစလို့
ဗမာပြည် ကွန်မြူနစ်ပါတီအဖို့ ပြောရရင် အကျပ်အတည်း အကြီးစား နှစ်ခုနဲ့
ရင်ဆိုင်လာရတယ်လို့ ဆိုနိုင်ပါတယ်။ တစ်ခုက ကွန်ဂရက်က ချမှတ်ခဲ့တဲ့
နိုင်ငံရေး အကဲဖြတ်ချက်အပေါ် ထိပ်ပိုင်း ပုဂ္ဂိုလ်ကြီး တစ်ဦးက ဝေဖန်
သုံးသပ်လာတဲ့ ကိစ္စနဲ့ နောက်တစ်ခုကတော့ နိုင်ငံတကာ အကူအညီမပါဘဲ ရေရှည်စစ်ကို
ဘယ်လို ဆင်နွှဲမလဲဆိုတဲ့ အပေါ် အခိုင်အမာ စစ်တိုက်နေရတဲ့ ‘ဝ’ တပ်မှူးများရဲ့
ယုံကြည်ချက် ဝေဝါးလာမှု ဖြစ်ပါတယ်။ ဘယ်သူမှ ထင်မထားဘဲ ဖြစ်လာတာကတော့
ကိုးကန့်ဘိန်း တရုတ်များရဲ့ ကွန်ဂရက်မှာ သူတို့အရန် ဗဟိုကော်မတီအဆင့်
တင်မြှောက်မခံရဘဲ ‘ဝ’ ခေါင်းဆောင် နှစ်ဦးနှင့် ရှမ်းပြည် တောင်ပိုင်း
လောက်လျားဒေသက ကရင် ကေဒါ တစ်ဦးကို အရန် ဗဟိုကော်မတီအဖြစ် တင်မြှောက်
ရွေးချယ်ခဲ့ ကြတဲ့ ကိစ္စကြောင့် ကိုးကန့်ဟာ ပုန်ကန်မှုမှာ ပထမဆုံး
ခလုတ်ဖြုတ်သူ ဖြစ်လာတဲ့ ကိစ္စပါပဲ။
မိုးနတ်မင်းပင် ကယ်နိုင်မည်မထင် (၄) >>
ပြီးခဲ့တဲ့ တစ်ပတ်က တင်ပြချက်ထဲမှာ ပါတီ
ထိပ်သီး ပုဂ္ဂိုလ်တစ်ယောက်က ၈၅ ကွန်ဂရက် နိုင်ငံရေး သုံးသပ်ချက်အပေါ် ဝေဖန်မှု
ပြုလာတယ်ဆိုတဲ့ အချက် ပါပါတယ်။ အဲဒီပုဂ္ဂိုလ်ကြီးဟာ ဒုတိယဥက္ကဋ္ဌ သခင်ဖေတင့်
ကိုယ်တိုင် ဖြစ်ပါတယ်။ သူက “၈၅ ကွန်ဂရက် နိုင်ငံရေး သုံးသပ်ချက်ပါ
တော်လှန်ရေးဟာ အတိတ်က ရရှိခဲ့တဲ့ ဒီရေမြင့်နဲ့ အနာဂတ်ကာလမှာ မုချရရှိလာမယ့်
ဒီရေမြင့် နှစ်ခုကြားမှာ ရောက်ရှိနေတယ် ဆိုတာဟာ ဝေဝါးတဲ့ သုံးသပ်မှု
ဖြစ်တယ်၊ လက်ရှိ တော်လှန်ရေးဟာ ဆုတ်နေတာ ဖြစ်တယ်၊ ဆုတ်တတ်ဖို့ လိုတယ်” လို့
ပြောခဲ့တာပါ။
အပြင်မှာ
ထွက်ပေါ်လာတဲ့ သတင်းအရ ဒီလောက်ပဲဖြစ်ပေမယ့် ပေါလစ်ဗျူရို အတွင်းမှာတော့
ဘယ်လောက်အထိ ပြောဖြစ်ကြသလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စနဲ့
ပတ်သက်လို့ ပြန်လည်ချေပဖို့ လူကြီးတွေကြားမှာ ပြင်ဆင်နေတာတွေတော့
သိနေရပါတယ်။ သခင်ဖေတင့်ဟာ ‘၈၀’ ခုနှစ် အစိုးရနဲ့ ဆွေးနွေးပွဲကို
ဦးဆောင်ခဲ့သူဖြစ်တဲ့အတွက် လက်ရှိလမ်းစဉ်နဲ့ ဘယ်လောက်အထိ
တိုးလို့ပေါက်နိုင် မပေါက်နိုင်ဆိုတာအပေါ် စဉ်းစားမှု ရှိခဲ့တယ်လို့
ယူဆရပါတယ်။ ဒါပေမဲ့ ကံမကောင်း ချင်တော့ ဒုဥက္ကဋ္ဌဟာ လည်ချောင်းကင်ဆာ
ဖြစ်လာတာကြောင့် တရုတ်ပြည်မှာ ဆေးကုသခံရာက တစ်ခါတည်း ပြန်မလာနိုင်တော့ဘဲ
ဖြစ်သွားတာပါ။
အဲဒီကိစ္စနဲ့ တိုက်ရိုက် မဟုတ်ရင်တောင် သွယ်ဝိုက်ပြီး သက်ဆိုင်တယ်လို့
ယူဆစရာရှိတဲ့ ကိစ္စကတော့ အဲဒီကာလ ပတ်ဝန်းကျင်မှာပဲ ပါတီ
ကြံ့ခိုင်သန့်ရှင်းရေး လှုပ်ရှားမှုဆိုတာကို ဗဟို ယူနစ်တွေမှာ လုပ်လာတာ
ဖြစ်ပါတယ်။ ပါတီ ဗဟိုအနေနဲ့ ကေဒါတွေကြားမှာ နိုင်ငံရေးအရ လမ်းစဉ်အပေါ်
ဘယ်လောက် ဝေဝါးမှုတွေ ရှိနေတယ်ဆိုတာနဲ့ ဘိန်း ကိစ္စတွေနဲ့ ဆက်နွှယ်ပြီး
ပါတီတွင်း အကျင့်ပျက် ကိုယ်ကျိုးစီးပွား သောင်းကျန်းလာမှုတွေကိုပါ
ဖော်ထုတ်လိုလာလို့ ဒီလှုပ်ရှားမှုကို စတင်တယ်လို့ ယူဆရပါတယ်။ ဒီလှုပ်ရှားမှုဟာ
အဓိကအားဖြင့်တော့ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးကို နက်နက်ရှိုင်းရှိုင်း
ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုရဲ့ ဒုတိယအဆင့်မှာ ရန်ကုန်
စက်မှုတက္ကသိုလ်က တောခိုလာတဲ့ ကျောင်းသား တစ်ယောက်နဲ့ တခြားတစ်ဦး (သူကတော့
အဲဒီအချိန်မှာ လူမှုရေး ပြစ်ချက်တစ်ခုနဲ့ အရေးယူခံရလို့ အရပ်သား
ဖြစ်နေပါပြီ) ဟာ လက်ရှိ ပါတီတွင်း ဖြစ်ပျက်နေမှုတွေကို မကျေနပ်လို့
‘ကျောင်းသားတပ်ဦး’ ဆိုတာမျိုး ထူထောင်ဖို့ စဉ်းစားခဲ့ကြတယ်။ လက်တွေ့
စည်းရုံး လှုံ့ဆော်မှု မရှိပေမယ့် အတွေးအခေါ်အရ ပြင်ဆင်မှုတွေ
ပြုလုပ်ခဲ့ကြတယ်လို့ ထုတ်ဖော် ဝန်ခံခဲ့ပါတယ်။
ဒီကိစ္စမျိုးကို ထုတ်ဖော် ရေးသားရခြင်းကတော့ သူတို့ လုပ်ဆောင်ချက်
မှန်တယ်လို့ ပြောလိုခြင်း မဟုတ်ဘဲ တောခို ကျောင်းသား အများစုဟာ ကျောင်းသား
စိတ်ဓာတ်နဲ့ပဲ ဆက်လက် ရပ်တည် ခဲ့ကြတယ် ဆိုတာကို ပြောချင်လို့ပါ။ ကျောင်းသား
စိတ်ဓာတ်ဆိုတာ ဘာကို ဆိုလိုပါသလဲ။ ဘယ် နေရာမှာမဆို မမှန်ဘူးလို့ ထင်တာနဲ့
မတရားဘူးလို့ ယူဆတာတွေကို ပြောရဲ ဝေဖန်ရဲတဲ့ သတ္တိပါ။ ဒီလို ရပ်တည်ခဲ့ကြတဲ့
ရဲဘော် အတော်များများဟာ ပါတီ ကြံ့ခိုင် သန့်ရှင်းရေး လှုပ်ရှားမှုရဲ့
နောက်ဆုံး တတိယအဆင့်မှာ အရေးယူခံရဖို့ ရှိတယ်ဆိုတာကို ပါတီ
ပျက်သွားပြီးနောက်ပိုင်း တွေ့ရတဲ့ လူကြီးတချို့ရဲ့ စာရွက် စာတမ်းများအရ
သိကြရတာ ဖြစ်ပါတယ်။
ပါတီဗဟိုဟာ ဒီလို
ကျောင်းသား ရဲဘော်တွေကို ထုတ်ဖော် အရေးယူမှုတွေကို ပြပြီး ရဲဘော်တွေနဲ့
လူမျိုးစု ကေဒါတွေကို စည်းရုံးလိုတယ်လို့ ထင်စရာ ရှိပါတယ်။ ဒါပေမဲ့
တကယ်တမ်း ဆင်ကြံ ကြံနေတာက ကျောင်းသား ရဲဘော်များမဟုတ်ဘဲ ကိုးကန့်
ဘိန်းသမားများနဲ့ ဒေသခံတွေသာ ဖြစ်တယ်ဆိုတာ အားလုံး တွေ့မြင်ခဲ့ကြရတာ
ဖြစ်ပါတယ်။ ကားလ် မာ့က်စ်ရဲ့ ပြောဆိုချက် တစ်ခုမှာ အရင်းရှင်စနစ်ဟာ စတင်
ရှင်သန်စဉ်ကတည်းက သူ့ကို မြေမြှုပ် သဂြုင်္ိဟ်မယ့် မျိုးစေ့ (အလုပ်သမား
လူတန်းစားကို ဆိုလိုတာဖြစ်) ကို တစ်ပါတည်း သယ်ဆောင်လာတာ ဖြစ်တယ်လို့
ပြောခဲ့ကြောင်း ဖတ်ဖူးကြမှာပါ။ အခုလည်း အရှေ့မြောက် စစ်ဒေသကို
ပြိုကွဲသွားစေဖို့ ဖြစ်စေတာဟာ စတင် တည်ထောင်စဉ်ကတည်းက တပ်ပေါင်းစုံ
ပုံသဏ္ဌာန်ပါလာတဲ့ ကိုးကန့် ဘိန်းအနွယ်တွေ ဖြစ်နေတာပါ။
ကိုးကန့်ကိစ္စကို ပြောရရင် နဂိုကတည်းက ဖုန်ကျားရှင်ဟာ ကိုးကန့်အရေးနဲ့
ပတ်သက်ရင် အဆုံးအဖြတ်ဟာ သူ့လက်ထဲမှာ မရှိဘဲ ပါတီ ကိုယ်စားလှယ်တွေ လက်မှာပဲ
ရှိခဲ့တာကို မကျေနပ် ခဲ့တာပါ။ သူကိုယ်တိုင်က ဘယ်တုန်းကမှ ဘိန်းနဲ့
မကင်းခဲ့သူဖြစ်လို့ သူ့ကို နေရာမပေးတာဟာ ပါတီရဲ့ အမှားတော့ မဟုတ်ပါဘူး။
နောက်ဆုံး ၈၅ ကွန်ဂရက်မှာ ဗဟို ကော်မတီလောင်း စာရင်းတင်တော့ ‘ဝ’ လူမျိုးထဲက
ကျောက်ညီလိုင်နဲ့ ပေါက်ယိုချမ်းတို့ နှစ်ယောက်နဲ့ တောခို ဗမာ ရဲဘော်ထဲက
နှစ်ဦး ပါဝင်ခဲ့ပေမယ့် ကိုးကန့်က သူတို့ လူတစ်ယောက်မှ မပါတာကို
မကျေနပ်ခဲ့တာပါ။ လော်စစ်ဟန် ကလည်း ဒီအကြောင်းတွေကို သိလို့ ကိုးကန့်ကို
ပြန်ပြီး ချည်းကပ် စည်းရုံးခဲ့ပုံ ရပါတယ်။ ဦးသိန်းဖေမြင့်ရဲ့
အရှေ့မြောက်တိုင်း တစ်ခွင်ဆိုတဲ့ စာအုပ်မှာ လော်စစ်ဟန်အပေါ် ‘စီးတတ်ရင်တော့
မြင်းကောင်းပဲ’ လို့ သုံးသပ်ခဲ့တာကို ပြန်ပြီး သတိရမိစေပါတယ်။
၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးအခင်းအပြီး ထွက်ပြေး ပုန်းအောင်းနေစဉ်
ကာလက ငသိုင်းချောင်း၊ ရေကြည်ဘက်က ရွာလေး တစ်ရွာမှာ ပဲခူးရိုးမဘက်က
ပြိုကွဲပြီး လွင့်စင် ပြေးလွှားနေတဲ့ ပုဂ္ဂိုလ် တစ်ဦးနဲ့ တွေ့ခဲ့ဖူးတယ်။
ဒီပုဂ္ဂိုလ်ဟာ တစ်ဦးတည်း အဲဒီရွာတွေနားမှာ ပုန်းအောင်းနေတာ တစ်နှစ် နီးပါး
ရှိပါပြီ။ စပါးတွေ ရင့်ချိန်မှာ လယ်တွေထဲမှာ ရင်စို့လောက် မြင့်တဲ့
စပါးခင်းတွေထဲမှာ ပုန်းနေရင် ဘယ်သူကမှ ဖမ်းလို့ မရပါဘူး။ ဆောင်းတွင်းဆိုရင်
နေ့လယ်ဘက်ကို တောစပ်မှာနေပြီး၊ ညဘက်မှာ ရွာကလေးတွေဘက် ချဉ်းကပ်ပြီး
ရိက္ခာအတွက် ဖန်တီးပါတယ်။ သူဟာ စကားပြော အလွန်ချိုပြီး ရွာထဲကို ဝင်လာရင်
အိမ်ပေါက်စေ့ နှုတ်ဆက်ပါတယ်။ အကြောင်းကတော့ တစ်အိမ်အိမ်က ဖောက်ပြီး ရဲကို
တိုင်မှာစိုးလို့ပါ။ ကျွန်တော်တည်းတဲ့ အိမ်က သူနဲ့ ကျွန်တော့်ကို
မတွေ့စေလိုပါဘူး။ မြို့ပေါ်က ကျောင်းသား ဝရမ်းပြေးနဲ့ တောထဲက ဝရမ်းပြေး
ဆုံပေးရင် သူတို့အတွက် ပြစ်မှု ပိုကြီးလာမယ်လို့ ယူဆပုံ ရပါတယ်။ ကျွန်တော်
တည်းခိုတဲ့အိမ် (အိမ်ဆိုတာ တဲသာသာလေးပါ) ပေါ် သူတက်လာ တော့ အတွင်းခန်း
ထရံပေါက်တွေကနေ ကျွန်တော် သူ့ကို မြင်ရပါတယ်။ ပုဆိုးကို ခါးမှာပတ်ထားပြီး
ဘောင်းဘီတိုနဲ့ သူ့ပုံဟာ ဘောလုံးသမား ဗဟာဒူးတို့ တင်ဟန်တို့လောက်
တောင့်တင်း ကြံ့ခိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ကျွန်တော် အဲဒီရွာက
ထွက်လာပြီးနောက်ပိုင်း တော်တော်ကြာတဲ့ အချိန်မှာ သူ့ကို ဖမ်းမိသွားတယ်လို့
ကြားရပါတယ်။
အရှေ့မြောက် စစ်ဒေသကို ပို့ကုန် တော်လှန်ရေး တစ်ခုအဖြစ်
သတ်မှတ်ခဲ့မယ်ဆိုရင် ဒီပုဂ္ဂိုလ်ဟာ ပဲခူးရိုးမရဲ့ နောက်ဆုံး လက်ကျန်
ကွန်မြူနစ် လူသားတစ်ဦးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရှေ့မြောက်
စစ်ဒေသဟာ ကြီးကျယ် ခမ်းနားတဲ့ သမိုင်း တစ်ခေတ်ကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
အနော်ရထာ လက်ထက်လောက်က စတွက်ရင်တောင်မှ မြန်မာ့သမိုင်းမှာ အကြီးကျယ်ဆုံးသော
စစ်ပွဲတွေဟာ ဒီဒေသမှာ ဖြစ်ပွားခဲ့တာပါ။ နိုင်ငံရေးဆိုတာကို အစိုးမရသလို
တစ်ခါတစ်ရံမှာ စစ်ပွဲတွေ ဟာလည်း အစိုးမရဘဲ မထင်မှတ်တဲ့ ကိစ္စလေးတွေက
အဆုံးအဖြတ် ဖြစ်သွားတတ်ပါတယ်။ ဥပမာ ၁၉၇၉ လောက်က မင်းရန်အောင် ထိုးစစ်မှာ
‘ဝ’ နယ်၊ ပန်ယန်းဒေသက ပွိုင့် ၆၀၄၈ (ဗကပ ဘက်က ၁၈၃၇ တောင်ကုန်းလို့
ခေါ်ပါတယ်) တောင်ကုန်း တိုက်ပွဲမှာဆိုရင် အစိုးရတပ်ဘက်က တပ်စုလေး တစ်စုနဲ့
လာပြီး ခြောက်လှန့် ပစ်ခတ်တာကို တောင်ကုန်းပေါ်မှာ တပ်ခွဲ တစ်ခွဲလုံးအပြည့်
(အဲဒီတုန်းက တပ်ခွဲ တစ်ခွဲဟာ လူ ၁၂၀ လောက် ရှိပါတယ်) ရှိနေတဲ့ တပ်က
ဆုတ်ပေးလိုက်တာပါ။ ဆုတ်ရတဲ့ အကြောင်းရင်းက အဲဒီအချိန်က မိုင်းထောင်သလိုလို
ဘာလိုလိုနဲ့ တောင်ကုန်းပေါ် ရောက်နေတဲ့ ဇစ်ချွမ် ကေဒါဟောင်း တစ်ဦးက
သူ့ဘာသာသူ တိုက်ပွဲ အတွေ့အကြုံမရှိဘဲ ကြောက် လန့်ပြီး ဆုတ်ခိုင်းလိုက်လို့
‘ဝ’ ရဲဘော် တပ်ခွဲမှူးလေးက ဆုတ်ပေးလိုက်တာဖြစ်တယ်။ ဒီကိစ္စကိုလည်း
ဖုံးဖိထားကြလို့ ဘယ်သူမှ သိပ်မသိလိုက်ကြတာ ဖြစ်ပါတယ်။ နောက်နာမည်ကြီး
စီစီဝမ်တာပန် တိုက်ပွဲမှာလည်း ဗကပ ဘက်က အလစ်အငိုက် တက်တိုက်ချိန်မှာ
အစိုးရတပ်က မိုင်းကွင်း ရုတ်ထားတဲ့ အချိန်နဲ့ သွားတိုက်နေလို့ အလွယ်တကူ
ရလိုက်တာ ဖြစ်ပါတယ်။ နောက်ပိုင်း အစိုးရတပ်က အရင်းအနှီးကြီးကြီး ပေးတာတောင်
ပြန်သိမ်းလို့ မရလို့၊ ပန်ဆိုင်း ကြူကုတ်ဘက်ကိုပါ ခြိမ်းခြောက် လိုက်တော့
ပန်ဆိုင်း ကြူကုတ်ဆိုတာ ဗကပတပ်မှူးများရဲ့ အိမ်တွေ၊
ပိုင်ဆိုင်မှုတွေရှိရာဖြစ်တဲ့အတွက် စီစီဝမ် တာပန်ကနေ ထုတ်ပြီး
ပန်ဆိုင်းဘက်ကို အားဖြည့်ရာမှာ ပန်ဆိုင်းကိုလည်း မထိန်းနိုင်ဘဲ အားလုံး
ကျဆုံးကုန်တာ ဖြစ်ပါတယ်။
အရှေ့မြောက် စစ်ဒေသဟာ
ယဉ်ကျေးမှု တော်လှန်ရေးရဲ့ အရှိန်အဟုန်ကြောင့် ပေါ်ထွက်လာခဲ့တာ ဖြစ်တယ်ဆိုရင်
ပဲခူးရိုးမကတော့ ယဉ်ကျေးမှု တော်လှန်ရေးကို ပုံတူ ကူးချမှုတွေကြောင့်
ပျက်စီးဆုံးရှုံး ခဲ့ရတာလို့ ဆိုရမှာပါ။ ပဲခူးရိုးမ မကျဆုံးခင်မှာ ဥက္ကဋ္ဌ
သခင်ဇင်နဲ့ သခင်ချစ်ကို နယ်စပ်ကိုလာဖို့ အရှေ့မြောက်က ခေါ်ခဲ့ပါတယ်။
သခင်ဇင်တို့ ကိုယ်၌က ခွင်ထဲက မထွက်ရေး မူကို အသေကိုင်ပြီး အရှေ့မြောက်ကို
မလာတာလို့ သိရပါတယ်။ ရခိုင်က ဗဟိုကော်မတီ ဦးကျော်မြနဲ့
အနောက်မြောက်တိုင်းက ဗိုလ်သက်ထွန်းတို့ကို ခေါ်ဖို့ အရှေ့မြောက်က ဆက်သား
နှစ်ယောက် လွှတ်ခဲ့ပါတယ်။ သူတို့ကတော့ ရွှေလီမှာ ကွယ်လွန်သွားပြီဖြစ်တဲ့
ကိုအောင်ထွန်းခေါ် ကဗျာဆရာ မောင်ရည်ညွှန်းနဲ့ မန္တလေး ပုလင်းဝင်းသား
ကိုသန်းမောင် (ကျဆုံး) တို့ ဖြစ်ပါတယ်။ ဗိုလ်သက်ထွန်း ကတော့
အရှေ့မြောက်အပေါ် အဆိုးမြင်နေပြီး မလိုက်တာ ဖြစ်တယ်လို့ သိရတယ်။ ဦးကျော်မြ
ကတော့ ဘင်္ဂလားဒေ့ရှ်က တစ်ဆင့် ရောက်လာလို့ နောက်ဆုံး ခွေးမင် (ကူမင်း) မှာပဲ
ကွယ်လွန် သွားတာ ဖြစ်ပါတယ်။
ဒါတွေကတော့ အရှေ့မြောက် စစ်ဒေသရဲ့ အလွန် အကြမ်းဖျင်းကျတဲ့ ပုံရိပ်တွေကို
တင်ပြခဲ့တာပါ။ ဗမာပြည်မှာ လက်နက်ကိုင် လမ်းကြောင်း တစ်ခုကို စတင်လိုက်ဖို့
အတော်ကလေး လွယ်ပါတယ်။ တရုတ်ပြည်မှာ အာဏာနီ ဘာကြောင့် တည်တံ့နိုင်သလဲဆိုတဲ့
ဆောင်းပါးထဲမှာ မော်စီတုန်း ပြောခဲ့တဲ့ အချက်တွေ အားလုံးလောက်ဟာ ဗမာပြည်
တောင်တန်းဒေသတွေမှာ ရှိနေပါတယ်။ ဒီအချက်တွေ ထဲမှာ မြို့ပြနဲ့ ဝေးရာ
အစွန်အဖျား ဒေသများ ဖြစ်ခြင်း၊ အစိုးရ အုပ်ချုပ်ရေး ယန္တရားများ အားနည်းရာ
သို့မဟုတ် မရောက်ရှိရာ ဒေသများ ဖြစ်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲရာ
ဖြစ်ခြင်း၊ တောင်တန်းများ ထူထပ်ရာဖြစ်ခြင်း၊ လူနေကျဲခြင်း စတဲ့
အချက်တွေအပြင် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ခြင်း စတာတွေ ပါဝင်ပါတယ်။ ဒါကြောင့်
ဗမာပြည်မှာ လူမျိုးစု လက်နက်ကိုင် အင်အားများကို အပြီးတိုင်
ဖြေရှင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ဗမာပြည် တစ်ခုလုံး
အတိုင်းအတာဆောင်တဲ့ တော်လှန်ရေးမျိုးကို နယ်စပ်ဒေသ လူမျိုးစုများ
အခြေခံပြီး ဆောင်ရွက်မယ်ဆိုတာက ပိုပြီးမဖြစ်နိုင်တဲ့ ကိစ္စဆိုတာ လက်တွေ့
တွေ့ကြုံရပြီ ဖြစ်ပါတယ်။
အရှေ့မြောက် စစ်ဒေသနဲ့ ဘိန်း ပတ်သက်ခဲ့ပုံကိုတော့ အထူးတလည်
မတင်ပြတော့ပါဘူး။ ဘာတေး လစ်တနာရဲ့ စာအုပ်မှာ ပါတာထက်တောင် အများကြီး
ပိုတယ်လို့ ဆိုပါရစေ။ နောက်ဆုံး ပါတီ ပျက်ခါနီး တရုတ်ပြည်နဲ့ သဘောထား
ကွဲလွဲကြပုံကတော့ ဒီသတင်းကို ဘာတေးလစ်တနာ ရတာဟာ သူ့ကို ချီးကျူးရမှာပါ။
ဒီကိစ္စဟာ လူသိနည်းပါတယ်။ တရုတ်က ပါတီကြီးဆိုတော့ သဘောတရားရေး ကိစ္စတွေမှာ
ညှာညှာတာတာပဲ ထောက်ပြခဲ့ပုံ ရပါတယ်။ ဒါပေမဲ့ ပါတီထဲမှာတော့ တရုတ် ပါတီကို
ပြန်လည် ပြင်ဆင်ရေး ပါတီလောက်အဖြစ် စွပ်စွဲ ပြစ်တင်ထားတဲ့ ကြေညာချက်
တစ်စောင် ပေါလစ်ဗျူရို အဆင့်မှာ ရှိခဲ့ပါတယ်။ ဒီစာတမ်းကို မဖြန့်ရခင်မှာ
ပါတီ ပျက်သွားတာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေး
အကူးအပြောင်း ဖြစ်စဉ်များအပေါ် နိုင်ငံရေးအရ ဘယ်လို အကဲဖြတ် ကြမယ်ဆိုတာ
နိုင်ငံရေး ပါတီကြီးများ၊ ပါတီဝင်များသာမက နိုင်ငံရေး စိတ်ပါဝင်စားသူတိုင်း
ဝါရင့်သူ ဝါနုသူများ အားလုံးနဲ့ သာမန် အရပ်သားများအတွက်ပါ ရင်ဆိုင်နေရတဲ့
ကိစ္စဖြစ်ပါတယ်။ ဘာမှ ပြောင်းလဲခြင်းမဟုတ်၊ ဘယ်တော့မှ အပြောင်းအလဲကို
လုပ်မည့်သူများ မဟုတ်၊ ဘာမှဖြစ်လာမှာ မဟုတ်တဲ့အတွက် ဘာမှလုပ်စရာ မလိုလို့
ယူဆတဲ့ ရက်ဒီကယ်များလည်း ရှိသလို အခက်အခဲများ ရေရှည် သဘောဆောင်မှုများ
ရှိသော်လည်း အပြောင်းအလဲဟာ ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆပြီး ပါဝင်
လှုပ်ရှားနေသူများလည်း အများအပြား ရှိလာပြီ ဖြစ်ပါတယ်။ လက်နက်ကိုင်
တော်လှန်ရေး လမ်းစဉ် ကိုသာ တစ်လျှောက်လုံး ကိုင်စွဲလာတဲ့ ပါတီတစ်ရပ် အနေနဲ့
အလှည့်အပြောင်း တစ်ခု ရဖို့ဆိုတာ မလွယ်ကူတဲ့ ကိစ္စပါ။ ဒါပေမဲ့ အခြေအနေ
အရပ်ရပ်ကတော့ ၈၅ ကွန်ဂရက် လမ်းစဉ်လို လမ်း ကြောင်းမျိုးအတွက် ဘယ်လို
တွန်းအားမှ မရှိနိုင်တော့ဘူး ဆိုတာကို တွေ့ရမှာပါ။ ဒါကြောင့်
ဆရာနေဝင်းမြင့်ရဲ့ ‘နက်ကော်ဖီ’ ဝတ္ထုထဲက သူကြီးသား ချန်ထွန်းအောင်လို
နက်စ်ကော်ဖီ ပုလင်းလေးကို အရိုးဆွေးတဲ့အထိ ဆုပ်ကိုင်ပြီး သမိုင်းထဲကို
တိုးဝင်သွားမလား၊ လောကဓမ္မ သင်္ခါရ တရားများအတိုင်း ကမ္ဘာကြီးဟာ
ပြောင်းလဲနေတယ်ဆိုတာကို ဆင်ခြင် နှလုံးသွင်းကြမလားဆိုတာ ကတော့
ကာယကံရှင်များ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြရမှာပါ။
Written by
ဘမောင်ညို
Credit To The Voice Weekly