ကြွေလွင့်အိပ်မက်များအကြောင်း
၁၉၉၆ ၏ နိုဝင်ဘာလ ရန်ကုန်ဘူတာကြီး၏ တစ်ခုသော ညနေပိုင်းသည် အထုပ်အပိုး ကိုယ်စီဖြင့် တစ်သုတ်ပြီးတစ်သုတ် ရောက်လာကြသော ကျောင်းသားများနှင့် တအုံးအုံး ဖြစ်နေ၏။ မော်လမြိုင်မှ ရန်ကုန်တက္ကသိုလ်ပင်မ၊ စီးပွားရေး တက္ကသိုလ်၊ ထိုစဉ်က ရန်ကုန်နည်းပညာ တက္ကသိုလ်ဟု မခေါ်သေးသော စက်မှုတက္ကသိုလ် အစရှိသည့် တက္ကသိုလ်များသို့ လာရောက် ပညာသင်ယူကြသော ကျောင်းသားများ အားလုံးသည် ရန်ကုန်-မော်လမြိုင် ညရထားဖြင့် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်အတွက် မိမိရပ်ရွာသို့ ပြန်ရန်အတွက် စုဝေးနေကြသည်။
ကျောင်းသားကြီးများ အထူးသဖြင့် စက်မှုတက္ကသိုလ်မှ ကျောင်းသားကြီးများသည် ခရီးစဉ်တစ်လျှောက် ချောချောမွေ့မွေ့ ဖြစ်ရေးအတွက် တာဝန်ရှိသူများ ဖြစ်ကြသည်။ လူစုံတက်စုံ လက်မှက်ရရှိရေးကလည်း သူတို့တာဝန်ပဲ ဖြစ်သည်။ အားလုံး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ဖြစ်ကြ သည်။ ထိုသို့ တစုတဝေးပြန်သော ခရီးစဉ်များအတွက် မြန်မာ့မီးရထားထံတွင် ကျောင်းသားသီးသန့်တွဲ အဖြစ် တစ်တွဲလုံး တောင်းလေ့ ရှိကြသည်။
ခရီးမစတင်မီကတည်းက ညံနေသော ဂစ်တာသံသည် ရထားဥသြသံကို မဖြုံပေ။ ရထားထွက်လာသည်အထိ ဆူလို့ ညံလို့ ကောင်းတုန်း၊ စလို့နောက်လို့ ကောင်းတုန်း၊ ရန်ကုန်တွင် ရည်းစား ကျန်ရစ်သူများကလည်း ငိုင်တွေတွေဖြင့် အလွမ်းသယ်လို့ ကောင်းတုန်း။ ဂျုံးဂျုံးဂျက်ဂျက် ရထားပုခက်ပေါ်တွင် မျက်စိပိတ်ကာ အိပ်ဖို့ဖြင့် မစဉ်းစားပါလေနှင့်။
နိုးသောအခါ နှုတ်ခမ်းနီ၊ မျက်ခုံးမွေးဆွဲခဲတံတို့ဖြင့် ဆေးရေးခံထားရသော မိမိမျက်နှာကို မှန်ထဲတွင် ပြန်မှတ်မိရန် ခက်လှသည်။
ထိုတွဲလုံးပြည့် ကျောင်းသားများဖြင့် အိမ်အပြန်ရထားသည် သူတို့အတွက် နောက်ဆုံးရထားဟု မသိသေးသော အချိန်ဟုဆိုကြပါစို့။ ထိုနေ့သည် သူတို့ ပြန်လည် ငေးမောကာ ဆို့နင့်ကြရမည့်နေ့ တစ်နေ့ဟု ဆိုကြပါစို့။ ရှိရင်းစွဲ ခင်မင်မှုများစွာကို ပြတ်တောင်းစေခဲ့သည့် နေ့တစ်နေ့ဟု သူတို့မသိခဲ့ဟု ဆိုကြပါစို့။ ထိုနေ့တွင် သူတို့သည် အနာဂတ်အတွက် ရင်မလေး တတ်ခဲ့ကြသေး။ သူတို့ပညာရေး ရှေ့ခရီးသည် ပိန်းပိတ်အောင် မှောင်နေမည်ဟု မသိခဲ့ကြသေး။ ဂစ်တာသံသည် ပျိုမျစ်နုနယ်၏။ အတွေးတို့သည် လန်းဆန်း၏။ အနာဂတ်သည် အတွေးထဲတွင် တောက်ပခဲ့၏။
သို့သော် ထိုရထားသည် သူတို့၏နောက်ဆုံးရထား ဖြစ်ခဲ့သည်။ ထိုရထားတွင် အတန်းအငယ်ဆုံး အဖြစ် လိုက်ပါစီးနင်းခဲ့သော ကျွန်မအတွက်သည် ရထားမျိုး နောက်ထပ်စီးခွင့် တစ်ခါမှမကြုံတော့ပါ။ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေသာ ပြန်သည်မို့ အပြန်ရထားလက်မှတ် ဝယ်ပြီးသားဖြစ်၏။ သို့သော် ထိုအပြန်လက်မှတ်မှာ အသုံးမဝင်တော့ပါ။ အတန်းတူ သူငယ်ချင်း နှစ်ဦးအတူ ပြန်လာခဲ့ရာ ထိုသူငယ်ချင်းမ၏ အမေက သမီးကို စိတ်ချလက်ချ ပြန်မလွှတ် နိုင်တော့သလို သူ့သမီး၏အဖော် ကျွန်မကိုလည်း ပြန်မလွှတ်သင့်ကြောင်း အမေ့ကို ပြောပါတော့သည်။ သမီးတို့ကျောင်းကို ပြန်သွားရင်လည်း မထူးတော့ဘူးလေ။ အိမ်မှာပဲ တစ်ရက်၊ နှစ်ရက် နေလိုက်ဦး။ ဆူနေပြီလေ။ အခုအဆောင်က ကျောင်းသူတွေကို ဆရာ ဆရာမတွေက ပြန်လွှတ်နေတယ်ဟု ပြောသည်။
နောက်တစ်နေ့ နောက်တစ်နေ့၊ တစ်ရက်ပြီးတစ်ရက် ထပ်စောင့်သည်။ အခြေအနေသည် ကျောင်းသားများအတွက် ပို၍ကျပ်တည်းလာခဲ့ပြီ။ ကျောင်းသားများအတွက် ကျောင်းခန်းမများ၊ ကျောင်းဆောင်များတွင် နေစရာမရှိတော့။ ၁၉၉၆ ဒီဇင်ဘာတွင် ကျောင်းတံခါးများသည် လုံးလုံး လျားလျား ပိတ်ပစ်ခဲ့ပြီ။
မျှော်လင့်ချက်သည် သတ်ပစ်ရန် ခက်လှသည်။ ကျွန်မတွင် မျှော်လင့်ချက်များ အပြည့်ရှိခဲ့သည်။ အင်းလျားကို ပြန်ရောက်လိမ့်ဦးမည်။ တက္ကသိုလ် အနုပညာအသင်းထဲမှာ ဂီတသံများကို ပြန်ကြား ရဦးမည်။ အဓိပတိ လမ်းမရှည်ကြီး၌ လျှောက်ရသော အရသာသည် မူလတန်းအရွယ်က အော်ကြီးဟစ်ကျယ် လိုက်ဆိုခဲ့သော ကိုင်ဇာ၏ သီချင်းထဲကလို ချိုမြိန်လိမ့်ဦးမည်။ ခုံတန်းပြာသည် ကျွန်မတို့ပြန်အလာကို စောင့်နေခဲ့ဦးမည်။ ဂျပ်ဆင်သည် ဖြတ်သွားသော စာကလေးတွေလိုစကား များသည့် ကျွန်မတို့ တစ်သိုက်ကို ငုံ့ကြည့်နေဦးမည်။ RIT မှ မေတ္တာကြိုး သွယ်လိုကြောင်း ချိတ်တိတ်တိတ် သဘောဖြင့် ပြောလိုသော အစ်ကိုကြီးများ ဦးချစ်ဆိုင်မှ ဝယ်တိုက်သော အအေးကို မေတ္တာရှိလို့ မဟုတ်ပါဘဲ အီစီကလီ သောက်ပစ်လိုက်ဦးမည်။ တက္ကသိုလ် စာကြည့်တိုက်တွင် စာဖတ်ရခြင်းသည် စလုံးရေးစပဲ ရှိသေးသည်။ ကတ်တလောက်တွေ ပြည့်အောင် မွှေဖို့နေနေသာသာ မြည်းရတယ်ဆိုရုံပဲ ရှိသေးသည်။ ကျွန်မသည် ဤကျောင်းတော်ကြီးတွင် ပညာသင်ယူကာ ကထိက ဆရာမကြီးလည်း ပြန်ဖြစ်လာဦးမည်။ ၁၇ နှစ်အရွယ် ကလေးမတစ်ယောက်ရဲ့အိပ်မက်သည် မဖြစ်နိုင်သည်ကိုမတွေး။ ဖြစ်လာမည်ကိုသာ တွေးသည်။
သို့သော် နေ့ရက်တို့သာ တစ်စစ ကြွေကြခဲ့ရသည်။ ပြက္ခဒိန် စာရွက်ကလေးတွေသာ တစ်ခုပြီးတစ်ခု ပြောင်းသွားသည်။ နည်းနည်း ပိုကြာလာသော် မျှော်လင့်ချက်သည် ပျောက်စပြုပြီ။ သည်လိုနှင့် အဝေး ရောက်စာမေးပွဲတွေ ဖြေရမည်ဟူသော သတင်းကို ၁၉၉၈ ခုနှစ် နှစ်လယ်တွင် ရလာသောအခါ ကျောင်းတွေ ပြန်ဖွင့်တော့မှာပေါ့ဟု တိတ်တိတ်ကလေး ပျော်ခဲ့ရသည်။ ဗြောင်ကား မပျော်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် ဖူးစငုံစ အပွင့်စုံစတွင် အဖူးအညွန့်များ ချိုးသလို မျှော်လင့်ချက်တို့ကို ကိုယ်တိုင် ရိုက်ချိုးခဲ့ရသော ဒဏ်ရာတို့သည် မယုံတတ်သည့်စိတ်ကို မွေးဖွားပေးခဲ့ပြီ ဖြစ်သည်။ သည်လိုနှင့် ကျောင်းသားတိုင်းကို စာမေးပွဲစည်းကမ်း ချိုးဖောက်ခွင့် (ခိုးချခွင့်) လှိုင်လှိုင်ကြီး ပေးခဲ့သော ၁၉၉၈ စာမေးပွဲကြီးကို ဆိုင်ရာဆိုင်ရာ တက္ကသိုလ်များတွင် မကျင်းပဘဲ ဇာတိမြို့များမှ အထက်တန်း ကျောင်းများတွင် ကျင်းပခဲ့ကြသည်။
မော်လမြိုင်မှ ကျောင်းသားများအားလုံး မော်လမြိုင်တွင်သာ ဖြေဆိုကြရမည်ဟူသော စည်းကမ်းများဖြင့် ဖြစ်သည်။ ထိုစာမေးပွဲများသည် မြန်မာပညာရေး သမိုင်းတွင် အရုပ်အဆိုးဆုံးသော စာမေးပွဲများ ဖြစ်သည်။ ၁၉၉၆ တွင် သင်ထားသောစာကို နောက်ထပ် ၂ နှစ် အကြာတွင် စစ်ဆေးသည်ဆိုသော စာမေးပွဲမှာ အဘယ်ကဲ့သို့သော စာမေးပွဲများ ဖြစ်သနည်း။
မည်သည့် နိုင်ငံခြားသားကိုမှ တို့ဆီမှာ ဒီလိုဖြစ်ခဲ့တယ်လို့ ရှင်းပြ၍ နားလည်နိုင်သည့် စာမေးပွဲမျိုး မဟုတ်ပေ။ ဘယ်လောက် ကြိုးစားဖြေဖြေ သည်အမှတ်ပဲ ဖြစ်သည်။ ပြန်စဉ်းစားလျှင် ရင်နာနာနှင့် တော်တော် ရယ်ရပါသည်။ သို့သော် ၂ နှစ်ကျော်ကျော် ကျောင်းစာနှင့် မထိမတွေ့သည်ထက်စာလျှင် စာမေးပွဲ စစ်ဆေးခြင်းက မျှော်လင့်ချက်ကို ဖြစ်စေသည်။ စာမေးပွဲသည် အတန်းတင်ပေးရန် မဟုတ်ပါလား။ ဘယ်လိုပဲစစ်စစ် နောက်ဆုံးတွင် ကျောင်းပြန်တက်ရတော့မည်။ ပျော်သည်။ ပျော်သည်။
တကယ်တော့ ထိုအပျော်သည် ခဏကလေးသာ ဖြစ်သည်။ ကျောင်းသည် တစ်နေ့စောင့်သော်လည်း ဘာသတင်းရယ်လို့ မကြား။ နေ့မှလသို့ ကူးသည်။ လမှသည် နှစ်သို့ ထပ်ကူးသည်။ အသက်တို့သည် တဖြည်းဖြည်း ကြီးလာပြီ။ နောက်ဆုံး ၂၀၀၀ ပြည့်နှစ် ဇူလိုင်လသို့ ရောက်ချိန်
(ဖြောင့်ဖြောင့်တန်းတန်းသာ ပညာသင်ယူခွင့် ရခဲ့လျှင် ဘွဲ့ယူရတော့မည့်အချိန်) တွင် ဒုတိယနှစ်သို့ ဆက်လက် ပညာသင်ကြားခွင့်ရသည်။ ကျောင်းမဖွင့်မီ မိမိသားသမီးက နိုင်ငံရေးနှင့် မပတ်သက်ပါဟု ကြိုတင်တာဝန်ခံရသော စာရွက်များကို မိဘများက လက်မှတ်ထိုးကြရသည်။
ဂျပ်ဆင် မရှိသော၊ အဓိပတိလမ်းနှင့် ခုံတန်းပြာများ မရှိသော၊ သစ်ပုတ်ပင် မပါသော အရပ်များသို့ အနှင်ခံကြရသည်။
လေးနှစ်နီးပါးမျှ အကြာတွင် ကျောင်းသားများထဲတွင် ထက်ဝက်ခန့်သာ ကျောင်းသို့ ပြန်ရောက်လာနိုင်တော့သည်။ သူတို့သည် ခေါင်းမာသူများလား၊ အခြားရွေးချယ်စရာ မရှိခဲ့သူ တွေလား။ အချို့က ဘဝကို ရုန်းကန်ဖို့အတွက် အလုပ်ကြမ်းဖြင့် ကျောင်းသား ပြင်ပလောကတွင် ရှင်နေကြပြီ။ သို့သော် ရှင်သန်သည်ဟု မဆိုသာ။ ရှင်ရုံ ရှင်ရခြင်းမျိုးပင်။အချို့ အိမ်ထောင်ကျကုန်ပြီ။ အချို့ ဘဝလမ်းကြောင်းတွေ ပြောင်းလျက် ပညာဆက်သင်ရန် စိတ်ကူး မရှိတော့။ အချို့မှာမူ အဝေးသို့ လွင့်ထွက်သွားကြသည်။
လွန်ခဲ့သောလေးနှစ်က ထောက်ပံ့နိုင်ခဲ့သော မိဘအချို့အတွက် ယခုအခါ သားသမီးများကို ကျောင်းပြန်ပို့ရန် မလွယ်တော့။ ကျောင်းပရိဝုဏ်သို့ ပြန်ရောက်လာသူများထဲတွင် ကျွန်မပါဝင်ခဲ့သည်။ အခြေအနေ ကောင်းလွန်းလို့ ပြန်ရောက်လာခဲ့တာတော့ မဟုတ်ပေ။ ယနေ့ ယခုရောက်ရှိနေသော နေရာတွင် ရပ်တည်နေနိုင်ဖို့ ကံပါခဲ့သဖြင့် ပြန်ရောက်လာသည်ဟုသာ ဆိုရ မည်။ သည်းထန်သော မိုးပွင့်မိုးပေါက်များအောက် ပွင့်ဖတ်တို့ တစ်စစီ လွင့်ထွက်သွားသော ပန်းပွင့်သေးသေးကလေး တစ်ခုလို ဘဝက ထိလွယ်ခိုက်လွယ် ပျက်စီးလွယ်သော ကာလများပင်။
သိန်းနှင့် သန်းနှင့်ချီသော ကျောင်းသားများစွာ၏ နစ်နာမှုအတွက် အချို့သော နိုင်ငံခြားပညာရှင်များက ကျွန်မတို့ မျိုးဆက်များကို Loss Generation ဟု ခေါ်ပါသည်။ တကယ်လည်း အဆုံးအရှုံး များပါသည်။ ယခုအချိန်ထိ၊ နောက်လာမည့် မျိုးဆက်များအထိ၊ ထိုပညာရေး ဖြတ်တောက်ခံရမှု ဂယက်သည် မပြီးဆုံးတတ်သေးပါ။ ချည့်နဲ့သွားသော ဘဝအဖုံဖုံအတွက် တာဝန်ရှိသူ မည်သူတစ်ဦးတစ်ယောက်ကမျှလည်း လူသိရှင်ကြားရော တိုးတိုးတိတ်တိတ်ရော မတောင်းပန်ခဲ့ကြပါ။ စစ်ကြောင့် မဟုတ်ဘဲ ဤမျှ ရှည်ရှည်ကြာကြာ ပညာရေးကို ဖြတ်တောက်ခြင်းသည် မည်သည့်နိုင်ငံတွင်မျှ ဖြစ်ပေါ်ခဲ့သည်ဟု မထင်ပေ။ ယခုအခါ ထိုဖြစ်ရပ်ကြောင့် နစ်နာခဲ့သော လူသန်းပေါင်းများစွာက ၎င်းတို့၏ ကိုယ်ရေး ရာဇဝင်တစ်ခုစီတွင် ထိုနှစ်များအကြောင်း သိသိသာသာပင် ရှင်းပြကြရသည်။ ထိုအရာကပင် လူမသိသူမသိ မှတ်တမ်းများဟု ဆိုရပေမည်။
ကျွန်မ၏ ပထမဘွဲ့အတွက် ရှစ်နှစ်ကြာ ပညာသင်ကြားခဲ့ရသည်။ ကျွန်မတို့ အစိုးရရဲ့ အဲဒီအချိန်က မူဝါဒတွေကြောင့်ပါဟု ပြောတိုင်း တစိမ်းတွေကတော့ မျက်လုံးကလေး ဝိုင်းသွားလေ့ရှိသည်။ ကျွန်မတို့ အတွက်တော့ ခါးသီးသော မိနစ် စက္ကန့်များပင်။ မျှော်လင့်ချက် မရှိတော့သော နေ့ရက်များ တစ်ရက်စီသည် ဖြတ်သန်းဖို့ ဘယ်လောက် ခက်ခဲကြောင်း ဖြတ်သန်းခဲ့သူတွေ သိကြပါသည်။ မင်္ဂလာတရား ကင်းမဲ့သော နေ့ရက်များပေ။ အိပ်မက်တို့ တကယ်ဖြစ်လာဖို့ ကြန့်ကြာခဲ့ကြလေသည်။ များစွာသော သူတို့အတွက် အိပ်မက်တို့ ကြွေလွင့် ပျက်စီးခဲ့ကြလေသည်။
(တက္ကသိုလ်ကျောင်းသူတစ်ဦး)
Credit To The Voice Weekly