Saturday, July 27, 2013

အရုဏ်ဦးလွတ်လပ်ရေး (၅)



(နေသန်မောင်)

ပုန်ကန်မှုများအစ

ဝံသာနုအသင်းကြီးဟု အမည်တွင်နေသော ဂျီစီဘီအေ နှစ်ခြမ်းကွဲမှုသည် ပထမအကြိမ်ဖြင့် ရပ်တန့်မနေဘဲ ဒုတိယ၊ တတိယအကြိမ်များအဖြစ် ဆက်တိုက်ဆိုသလို ကွဲပြဲခဲ့ပြီးနောက် လယ်သမား သူပုန်လှုပ်ရှားမှု စတင်သော အချိန်၌ မြန်မာ့နိုင်ငံရေး စင်မြင့်ပေါ်မှ ကွယ်ပျောက် သွားရတော့သည်။

ဂျီစီဘီအေ အသင်းသည် ဦးချစ်လှိုင်၊ ဦးဘဖေဟူ၍ ဒိုင်အာခီ အုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး နှစ်ခြမ်းကွဲခဲ့ရာမှ ဦးဘဖေဦးဆောင်သော ၂၁ ဦးအဖွဲ့သည် ပြည်သူပြည်သားများပါတီ ထူထောင်သည်။ ဂျီစီဘီအေသည် ဦးချစ်လှိုင် ဦးဆောင်မှုအောက် အားပျော့မသွားဘဲ ဆက်လက် ရပ်တည်နေရာမှာ နောက်ထပ် ၂ နှစ်အကြာ ၁၉၂၅ တွင် ထပ်မံကွဲကြလေသည်။

၁၉၂၄ ပုသိမ်ခရိုင်ရှိ ငဝန်ဆည် ကျိုးပေါက်ရာ လူအများ သေကျေကြပြီး အိုးမဲ့အိမ်မဲ့ ဘဝကို ရောက်ရှိခဲ့ကြသည်။ ရေဘေးဒုက္ခသည် များကို ကယ်ဆယ်ထောက်ပံ့ရန် ဂျီစီဘီအေအသင်းက ငွေကောက်ခံပြီး စားနပ်ရိက္ခာများကို ကူညီခဲ့သည်။ စာရင်းရှင်းသောအခါ ငွေ ၁၀၀၀၀ ကျော်ကို စာရင်းမပြနိုင်သဖြင့် အတွင်းကျိတ် ပွစိပွစိ ဖြစ်ကြသည်။ တဖြည်းဖြည်း လူသိများလာသောအခါ စာရင်းရှင်းရန် ဆူပူလာကြသဖြင့် သံဃာတော်များက အရေးယူ စုံစမ်းစစ်ဆေးကြသည်။

ဦးချစ်လှိုင်က လူ့ကိစ္စ သံဃာနှင့် မဆိုင်ဟုဆိုပြီး ရဟန်းသံဃာတော်များ ဝင်ရောက် စွက်ဖက်သည်ကို ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။ သံဃာ့သြဝါဒ မခံနိုင်ဟု ဦးချစ်လှိုင်က နောက်ဆုံး အဖြေပေးလိုက်သည်။ ယင်းပြဿနာသည် ၁၉၂၅ ခု ရွှေဘိုတွင် ကျင်းပသည့် ဂျီစီဘီအေ အသင်း၏ (၁၂) ကြိမ်မြောက် ကွန်ဖရင့်တွင် အကြီးအကျယ် ဖြစ်လာသည်။ ဦးချစ်လှိုင်ကို ရာထူးမှဖယ်ရှားကာ ရေနံချောင်းမှ အမေရိကန်ပြန် မဟာသိပံ္ပဘွဲ့ရ ဦးစိုးသိမ်းကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်လိုက်သည်။ ဦးချစ်လှိုင် လိုလားသူများက ‘အညမည သမန္ဒ’ အမည်ဖြင့် ဂိုဏ်းခွဲထောင်ရာ ဦးချစ်လှိုင် ဂျီစီဘီအေ၊ ဦးစိုးသိမ်း ဂျီစီဘီအေဟူ၍ နောက်ထပ် နှစ်ခြမ်းကွဲသွားပြန်သည်။

မြန်မာ့ နိုင်ငံရေးလောက၌ ဦးဘဖေ ဦးဆောင်သော ၂၁ ဦးအဖွဲ့၊ ဦးစိုးသိမ်း ဦးဆောင်သော ဂျီစီဘီအေ၊ ဦးချစ်လှိုင် ဦးဆောင်သော ဂျီစီဘီအေဟူ၍ ဂျီစီဘီအေ သုံးဖွဲ့အပြိုင်အဆိုင် ပေါ်ပေါက်လာသည်။ ပထမကမ္ဘာစစ်ကြီး ပြီးဆုံးသည့် ၁၉၁၈ မှ ၁၉၂၈ အထိ ၁၀ နှစ် ကြာကာလအတွင်း မြန်မာ့ စီးပွားရေး အခြေအနေမှာ အဆိုးရွားဆုံးသော အနေအထား ဆိုက်ရောက် လာသည်။ စီးပွားရေး နစ်နာမှုများကြောင့် မြန်မာပြည်၏ လူဦးရေအများဆုံး ဖြစ်သော တောင်သူလယ်သမားများ အဓိက ထိခိုက်ခဲ့ရသည်။ အစိုးရ လယ်ယာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ကလေတင်က “ကမ္ဘာ့ ဆန်စပါး ဈေးကွက်အတွင်း မြန်မာ့ဆန်များ ကျွမ်းစိုက် ကျလာမှုကြောင့် တောင်သူလယ်သမားများ ကြွေးလည်ပင်း ခိုက်လာခဲ့ကြသည်။ ထိုအကြွေးများကို မည်သို့မျှ ပြန်လည် မပေးဆပ်နိုင်သောကြောင့် ၎င်းတို့ပိုင် လယ်ယာမြေများကို ချစ်တီးများနှင့် ငွေတိုးချေးစားများ လက်ထဲ ထိုးအပ်လိုက်ကြရသည်” ဟု လယ်ယာမြေ ချထားရေး အစီရင်ခံစာ၌ ရေးသားခဲ့သည်။

၁၉၁၄ တွင် ထုတ်ပြန်ခဲ့သည့် အစိုးရ၏ ‘မြေနှင့်လယ်ယာ’ အစီရင်ခံစာတွင် ‘၁၉၁၄ ခုနှစ် မတိုင်မီကပင် မြန်မာ တောင်သူလယ်သမားများသည် လယ်မဲ့ယာမဲ့ ဘဝသို့ ဆုတ်ယုတ် ကျဆင်းနေခဲ့ရာ ဟံသာဝတီခရိုင်၌ စိုက်ပျိုးသော လယ်ဧက၏ ၄၃ ရာခိုင်နှုန်း၊ ဖျာပုံခရိုင်၌ စိုက်ပျိုးသော လယ်ဧက၏ ၃၃ ရာခိုင်နှုန်း၊ အင်းစိန်ခရိုင်၏ ၃၀ ရာခိုင်နှုန်း၊ မအူပင်ခရိုင်၏ ၂၉ ရာခိုင်နှုန်းနှင့် ပဲခူးခရိုင်၏ ၂၈ ရာခိုင်နှုန်းသည် တောင်သူလယ်သမားများ လက်ဝယ်မှ ချစ်တီးနှင့် မြေရှင်များ လက်ဝယ်သို့ ရောက်ရှိနေပြီဖြစ်သည်’ ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မြေယာစနစ် သုံးမျိုးရှိခဲ့သည်။ ဓားမဦးချ မြေယာ၊ ဘိုးဘွားပိုင်မြေယာနှင့် အစိုးရပိုင် မြေယာတို့ ဖြစ်သည်။ လယ်သမားအချို့မှာ ပဒေသရာဇ်၏ ကျေးကျွန်များအဖြစ် နေလင့်ကစား လယ်လုပ်သူတိုင်း လယ်ပိုင်ခွင့် ရှိခဲ့သည်။ ၁၈၆၉ ခုနှစ် စူးအက်တူးမြောင်း ဖွင့်ပြီးသောအခါ ဗြိတိသျှ ကုန်သွယ်ရေး အရင်းအနှီးနှင့် ဘဏ်လုပ်ငန်းတို့ ပူးပေါင်းပြီး လယ်ယာစိုက်ပျိုးရေးကို အရင်းရှင် လုပ်ငန်းအဖြစ် ကမ္ဘာ့ဆန်ရောင်းဝယ်မှုတွင် ပါဝင်နိုင်အောင် ဆောင်ရွက်ကြသည်။ ထိုအခါ ပုဂ္ဂလိက လယ်ယာစနစ် ပျောက်ကွယ်လာပြီး မြေများအလုအယက် ဖော်ထုတ်ကြကာ ကုန်သွယ်မှု အမြတ်အစွန်းအတွက် လယ်ယာလုပ်သော စနစ် ပေါ်ပေါက်လာသည်။ အောက်မြန်မာပြည်တွင် အရင်းရှင် လယ်ယာစနစ် စတင်ပေါ်ပေါက်လာခဲ့သည်။ အရင်းရှင် လယ်ယာစနစ်သည် မြန်မာ့လယ်ယာ စိုက်ပျိုးရေး၏ အချင်းချင်း ကူညီမှုအခြေခံကို ဖယ်ရှားပြီး ဈေးကွက်အရ ယှဉ်ပြိုင်နိုင်မှုကို ဖန်တီးပေးသည်။ ထို့နောက် ဘဏ်လုပ်ငန်းများ၊ ကုန်သည်များ၊ အတိုးစားသူများ (ချစ်တီးများ) ကို မြန်မာ့လယ်ယာလုပ်ငန်းအတွင်း ဆွဲသွင်းလာခဲ့ရာ ဗြိတိသျှ ဗျူရိုကရေစီစနစ်နှင့် ပူးပေါင်းမိသွားသဖြင့် မြန်မာ့လယ်သမားတို့ ကျောကော့အောင် ခံရသည့် အဖြစ်သို့ ဆိုက်ရောက်သွား လေတော့သည်။

၁၉၂၉-၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ် (Great Depression) နှင့် ရင်ဆိုင်ရချိန်တွင် မြန်မာ တောင်သူလယ်သမားများသည် အတိဒုက္ခ ရောက်ကြရသည်။ ‘စပါးတစ်တောင်း ငါးပဲ၊ ဘုရားနှာခေါင်း ပျားစွဲ၊ ကုလားခေါင်း ဓားဝဲ’ ဆိုသည့် မကျေနပ်သော တဘောင်စကားများ ပေါ်ထွက်လာသည်။ စပါးဈေးသည် တင်းတစ်ရာလျှင် ကျပ်၂၀၀ မှ ၈၄ ကျပ် သို့ ထိုးကျသွားသည်။ အစိုးရက လူခွန်များ မရမနေ ကောက်ခံသဖြင့် တောင်သူများဘဝ မြွေပူရာကင်းမှောင့်အဖြစ် ဆိုက်ရောက်လာသည်။ ၁၉၃၀ သြဂုတ် ၁၂ တွင် ဘုရင်ခံဆာချားလ်အင်းနစ် ဗြိတိန်သို့ ခွင့်လေးလ ယူကာ ပြန်သွားသဖြင့် ဆာဂျေ၊ အေ၊ မောင်ကြီးက ခေတ္တဘုရင်ခံအဖြစ် တာဝန်ယူသည်။ ခေတ္တဘုရင်ခံသည် မြန်မာဖြစ်သဖြင့် ပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မည်ထင်၍ တင်ပြသော်လည်း အကြောင်းမထူးခဲ့ပေ။

မြန်မာပြည်အတွင်း ခိုးမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုနှင့် ဓားပြမှုများကို အများဆုံး ကျူးလွန်သော ခရိုင်များမှာ ဆန်စပါးအများဆုံး စိုက်ပျိုးသော ပဲခူးနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများ ဖြစ်နေသည်။ အောက်မြန်မာပြည်အနှံ့ မငြိမ်သက်မှုများ တိုးပွားလာချိန် အထက်မြန်မာပြည်၌ အခြေအနေသည် ငြိမ်သက်မှု ရှိနေသည်တော့ မဟုတ်ပေ။

၁၉၁၀ ပြည့်နှစ်၌ စစ်ကိုင်းတိုင်းဒေသ မြင်းမူနယ်တွင် ‘မင်းလောင်း မောင်သန့်’ ထကြွမှု ပေါ်ပေါက်ခဲ့သည်။ ၁၉၁၀-၁၁ မြန်မာပြည် အုပ်ချုပ်ရေး အစီရင်ခံစာတွင် မြင်းမူနယ်မှ လယ်သမားမောင်သန့်သည် ရှင်ဘုရင် ဖြစ်ချင်သောကြောင့် အရူးထ သယောင်ယောင် ရေးသားဖော်ပြခဲ့သည်။ မင်းလောင်း မောင်သန့် ထကြွမှုသည် ရှင်ဘုရင် အရူးထသော လယ်သမားမောင်သန့် တစ်ဦးတည်း၏ ထကြွမှု မဟုတ်ဘဲ မောင်သန့်၏ ဦးဆောင်မှုနောက် အုံကြွပါလာသော စစ်ကိုင်း၊ မုံရွာ၊ ရွှေဘိုနယ်များမှ တောင်သူလယ်သမားများ၏ ထကြွမှု ဖြစ်သည်။ အထက်မြန်မာပြည် တောင်သူလယ်သမား လှုပ်ရှားမှုကို ဗြိတိသျှ အာဏာပိုင်များက ပုလိပ်တပ်များဖြင့် နှိမ်နင်းမရတော့သဖြင့် စစ်ပုလိပ်နှင့် စစ်တပ်များကို အသုံးပြုကာ ဖျက်ဆီး နှိပ်ကွပ်ခဲ့သည်။

ဗြိတိသျှတို့၏ နယ်ချဲ့စနစ် မြန်မာပြည်သို့ ခြေကုပ်ယူလာချိန် ပြည်သူတို့၏ ကနဦး တုံ့ပြန်မှုများသည် ကမ္ဘာ့လှုပ်ရှားမှုနှင့် ကင်းလွတ်သော နိုင်ငံခြားသား အုပ်စိုးမှုကို တွန်းလှန်ရမည်ဆိုသည့် အသိဖြင့် အုံကြွတော်လှန်ခဲ့ခြင်း ဖြစ်သည်။ ယင်းတော်လှန်ရေးများ၏ အစကား လယ်သမား ပုန်ကန်မှုပင် ဖြစ်သည်။

လယ်သမား ပုန်ကန်မှုများကို ကိုလိုနီယန္တရား အတွေ့အကြုံ များစွာရှိသော ဗြိတိသျှတို့ ကောင်းစွာ ရိပ်စားမိပြီး အခြေအနေများ ငြိမ်သက်မှု ရှိစေရန် တတ်နိုင်သမျှ ကြိုးပမ်းခဲ့သည်။ တောင်သူ လယ်သမားများ လယ်ယာမဲ့ မဖြစ်စေရေး၊ ကြွေးမတင်စေရေးအတွက် ပတ္တာစနစ်၊ ကရောင်းစနစ်၊ လယ်သမားဘဏ်၊ သမဝါယမ စီမံကိန်းများဖြင့် ကျားကန်ပေးသော်လည်း ပြေလည်မှု မရှိခဲ့ပေ။ ဗြိတိသျှတို့၏ အကျိုးစီးပွားနှင့် ဒေသခံမြန်မာတို့၏ အကျိုးစီးပွား ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသောကြောင့် ဖြစ်သည်။

ထိုအခါ အောက်မြန်မာပြည် သာယာဝတီနယ်တစဝိုက် အခြေစိုက်ပြီး ကိုလိုနီအုပ်ချုပ်ရေးကို လက်နက်စွဲကိုင် တော်လှန်ပုန်ကန်သော လှုပ်ရှားမှုကြီး ပေါ်ပေါက်လာတော့သည်။ ယင်းလှုပ်ရှားမှုကို ဗြိတိသျှ အစိုးရက အင်အားစုံသုံးကာ အပြင်းအထန် ဖြိုခွဲသည်။ ယင်းမှာ ဆရာစံ ဦးဆောင်သော တောင်သူလယ်သမား သူပုန်ထမှုကြီးပင် ဖြစ်သည်။

ယင်းလှုပ်ရှားမှုကို တက္ကသိုလ်ကျောင်းသား ဖြစ်လာသည့် ကိုအောင်ဆန်းက အောက်ပါအတိုင်း သုံးသပ် ရေးသားခဲ့သည်။

“ဗမာပြည်တွင် အမျိုးသား လှုပ်ရှားမှုတစ်ရပ် ပေါ်ပေါက်လာသည်နှင့် ၎င်းလှုပ်ရှားမှုသည် အတက်အကျ အနိမ့်အမြင့် အမျိုးမျိုး ကြုံတွေ့ရလင့်ကစား အမျိုးသားရေးမှာ မီးရှူးတန်ဆောင်ပမာ ထာဝစဉ် တောက်လောင်နေခဲ့သည်။ ယင်းလှုပ်ရှားမှု အင်အားကြောင့် အုပ်စိုးသူများသည် အုပ်ချုပ်ရေး ပြုပြင်မှုများနှင့် ပြည်သူ့လွတ်လပ်ခွင့်များ ပေးခဲ့သော်လည်း ပြည်သူလူထုသည် အလွန်အကျွံ ဖြစ်လာသည်ဟု ယူဆမိသည်နှင့် နယ်ချဲ့စနစ်၏ ပကတိကို ပြသလေတော့သည်။ ဖိနှိပ်ချုပ်ချယ်သော အပြုအမူများကို ပြသလေတော့သည်။”

Credit To The Voice Weekly

(ဆက်လက်ဖော်ပြပါမည်)

Related Articles:

Post a Comment