Wednesday, August 7, 2013

တတိယလှိုင်းတွင် ပါခဲ့သော်လည်း


ရေးသားသူ- အောင်သူရ

“စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ခြောက်တာမပါဘူး”ဟု အာဏာရှင် ဦးနေ၀င်း၏ စိန်ခေါ်သံကို ၁၉၈၈ ခုနှစ် ဇူလိုင် ၂၅ ရက် ည၈ နာရီတွင် ပြည်သူအားလုံးကြားလိုက်ရသည်။

“အဲဒါနောက်ကို ဆူဆူပူပူလုပ်လို့ရှိရင်တော့ ဆူတဲ့လူတွေ မသက်သာဘူးလို့ သာမှတ်ပေတော့”ဟု လည်း ဦးနေ၀င်းက ဆက်
လက်ခြိမ်းခြောက်ခဲ့သည်။ ထိုခြိမ်းခြောက်မှုကဒေါသဖြစ်နေ သောပြည်သူများကို ကြောက်ရွံ့မ သွားစေဘဲ လမ်းပေါ်သို့ ပိုတက် လာစေခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဥက္ကဋ္ဌ ဦးနေ၀င်း၏အရေးပေါ် ပါတီညီလာခံတွင်ပြောသော ထိုအသံကို ရေဒီယိုမှ တစ်ဆင့် ကြားလိုက်ရသော (၁၉) နှစ်အရွယ်သာရှိသေးသည့် ကိုဉာဏ်လင်းမှာ ကြက်သီးများထလာပြီး သူ၏မှတ်စုစာအုပ်တွင်ထိုစာသားကို ရေး မှတ်ထားလိုက်သည်။ ထို့နောက်သူ့အိမ်တွင်ရှိသော အခြားမိသားစုများနှင့် သူငယ်ချင်းများအား ထိုစာသားကိုပြသလိုက်သည်။

နောက်ပိုင်းဦးနေ၀င်းမှာ ပါတီဥက္ကဋ္ဌနိုင်ငံတော်အကြီးအကဲ ရာထူးမှ နုတ်ထွက်ခဲ့သော်လည်း တစ်တိုင်းပြည်လုံးဆန္ဒပြမှုများ ဖြစ်ခဲ့
ပြီး ရှစ်လေးလုံးအရေးအခင်းကြီးဖြစ်ပွားခဲ့သည်။

ထိုအချိန်သည်တိုက်တိုက် ဆိုင်ဆိုင်တစ်ကမ္ဘာလုံးတွင် အာဏာရှင်တစ်ပါတီစနစ်၏ မအောင်မြင်မှုများအားစိတ်ပျက်နေချိန်၊ အာဏာရှင်စနစ်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရန် နိုင်ငံများကြိုးပမ်းနေချိန်ဖြစ်သည်။ ထိုကာလကို ပညာရှင်များက တတိယလှိုင်းဟု တင်စားခေါ်ဝေါ်ခဲ့ကြ
သည်။ ပေါ်တူဂီနိုင်ငံတွင်အာဏာ ရှင်အစိုးရအား ၁၉၇၄ ခုနှစ်ဧပြီ ၂၅ ရက်တွင် အငယ်တန်းစစ် ခေါင်းဆောင်များနှင့် ဒီမိုကရေစီ လိုလားသူများက အာဏာသိမ်းမှု ပြုလုပ်နိုင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ တတိယလှိုင်းစတင်ခဲ့သည်ဟု ပညာရှင်များကဆိုသည်။

ထိုလှိုင်းလုံးကြီးမှာ ပေါ်တူဂီနိုင်ငံမှ တစ်ဆင့်အရှေ့ဥရောပနိုင်ငံများသို့ ကူးစက်ခဲ့ပြီး စပိန်နှင့် ဂရိနိုင်ငံများတွင် ပြောင်းလဲမှုများ ဖြစ် ပေါ်ခဲ့သည်။ ထို့နောက် လက်တင်အမေရိကသို့ရောက်ရှိသွားပြီး တစ်ကမ္ဘာလုံးသို့ပျံ့နှံ့သွားခဲ့သည်။ တတိယလှိုင်းကို ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော် ထိတွေ့ခဲ့ပြီး အချို့မှာအောင်မြင်မှုရရှိခဲ့သည်။ မြန်မာနိုင်ငံသို့ တတိယလှိုင်းမှာ ၁၉၈၈ ၀န်းကျင်တွင်ရောက်လာသည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပထမလှိုင်းမှာ ၁၈၃၈ မှ ၁၉၂၆ ခုနှစ်အထိဖြစ်ပွားခဲ့သည်။ အမေရိကန်လွတ်လပ်ရေးစစ်ပွဲနှင့် ပြင် သစ်တော်လှန်ရေးစစ်ပွဲတို့မှ စ တင်ဖြစ်ပေါ်လာခဲ့သည်။ ခေတ် ဟောင်း ပဒေသရာဇ်စနစ်နှင့် ပြတ်ပြတ်သားသား လမ်းခွဲပြီး အပြီး
တိုင်ဖယ်ရှားသော တော်လှန်ပြောင်းလဲနည်းဖြင့် သွားခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံအားလုံး၏ ၄၅ ဒသမ ၃ ရာခိုင်နှုန်းလောက် ဒီမို
ကရေစီနိုင်ငံရေးနယ်ပယ်ထဲသို့ ရောက်သွားခဲ့သည်။

ဒုတိယလှိုင်းကိုမူ ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၃ မှ ၁၉၆၂ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည်။ စစ်ရှုံးနိုင်ငံများဖြစ်သော ဂျာမနီ၊ ဂျပန်နှင့်လွတ်လပ်ခါစနိုင်ငံများ တွင် ဗဟိုပြုဖြစ်ပေါ်ခဲ့သည်။ ဒုတိယလှိုင်း၏ ပုံစံမှာအပေါ်မှလာ သော ဖြစ်ပေါ်ပြောင်းလဲမှုဟုဆို
နိုင်သည်။ ဒုတိယလှိုင်းကာလအတွင်း ကမ္ဘာ့နိုင်ငံအားလုံး၏၃၂ ဒသမ ၄ ရာခိုင်နှုန်း ဒီမိုကရေစီ နိုင်ငံရေး နယ်ပယ်ထဲသို့ရောက်
ရှိခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ဒုတိယလှိုင်း ကာလအတွင်း စစ်တလင်းဖြစ်ခဲ့ရသည်။ ၁၉၄၂ ခုနှစ်တွင် ဖက်ဆစ်ဂျပန်နှင့် ပူးပေါင်းကာ အင်္ဂလိပ်တို့အား တိုက်ထုတ်ခဲ့သည်။ ထို့နောက် ၁၉၄၅ ခုနှစ်တွင် မဟာမိတ်တို့နှင့် ပူးပေါင်းကာ ဖက်ဆစ်ဂျပန်တို့အား ပြန်လည်တိုက်ခိုက်ခဲ့ပြီး ၁၉၄၈ ခုနှစ် တွင် လွတ်လပ်ရေးရရှိခဲ့သည်။

လွတ်လပ်ရေးရပြီး မြန်မာ နိုင်ငံတွင် ပါလီမန်ဒီမိုကရေစီ စနစ်ကျင့်သုံးခဲ့သည်။ ပြည်တွင်းစစ်နှင့် ကြုံတွေ့ခဲ့ရသဖြင့် ထိုစနစ်အား
ကောင်းအောင် မဆောင်ရွက်နိုင်မီ ၁၉၆၂ခုနှစ်တွင်တပ်မတော်မှ အာဏာသိမ်းပြီးနောက် တစ်ပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ကြ
သည်။ ထိုကဲ့သို့တစ်ပါတီအာဏာ ရှင် စနစ်ကျင့်သုံးခဲ့ပြီး မှားယွင်းသော မူဝါဒများကြောင့် တစ်ချိန်က အရှေ့တောင်အာရှတွင် ချမ်းသာ
ခဲ့သော မြန်မာနိုင်ငံမှာ ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ (LCD) နိုင်ငံစာရင်းဝင်သွားခဲ့သည်။

ထိုကဲ့သို့တိုင်းပြည်ဆင်းရဲနေချိန် ၁၉၈၈ ခုနှစ်မတ်လ ၁၂ ရက်တွင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများနှင့် အရပ်သား အချို့ခိုက်ရန်ဖြစ်ပွားရာ အစိုးရနှင့် ကျောင်းသားများကြားတင်းမာမှုများစခဲ့သည်။ ထိုကိစ္စကို အစိုးရတာဝန်ရှိသူများက ပြေလည်
အောင်မဖြေရှင်းပေးသည့် အပြင် အင်အားသုံးဖြိုခွင်းခဲ့သည့် အတွက် ကျောင်းသားလှုပ်ရှားမှုများမှတစ်ဆင့် လူထုအုံကြွမှုကြီး ဖြစ်
လာခဲ့သည်။

ထိုကြောင့် ထိုအချိန်ကတစ် ပါ တီအာဏာရှင်ဖြစ်ခဲ့သော ဦးနေ၀င်းမှာ အရေးပေါ်ပါတီညီလာခံ ကို ဇူလိုင် ၂၃ ရက်တွင် ခေါ်ယူပြီး ပြည်သူလူထုအား စိန်ခေါ်သည့် သမိုင်းဝင်မိန့်ခွန်း ပြောကြားခဲ့သည်။ ထို့နောက်ဇူလိုင် ၂၅ ရက် တွင် ဦးနေ၀င်းမှာ ပါတီဥက္ကဋ္ဌ ရာ
ထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ဦးစိန်လွင်မှာ ဇူလိုင် ၂၆ ရက်တွင် ပါတီဥက္ကဋ္ဌဖြစ်လာပြီး ယင်းနေ့တွင်ပင် နိုင်ငံတော် သမ္မတရာထူးအား
လက်ခံရယူခဲ့သည်။

ဦးစိန်လွင်နိုင်ငံတော်သမ္မတဖြစ်လာပြီးနောက် ဆန္ဒပြသူများအား စစ်တပ်အင်အားသုံး၍ ပစ်ခတ်မှုများပြုလုပ်ခဲ့၍ ကျောင်းသားများ၊ပြည်သူများ သွေးမြေကျခဲ့သည်။ ထို့နောက်ဦးစိန်လွင် ပါတီဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပြီးဥပဒေပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာမောင်မောင် သမ္မတဖြစ်လာခဲ့သည်။

ထိုကာလအတွင်း ဆန္ဒပြပွဲများအား တပ်မတော်မှ အင်အားသုံးပစ်ခတ်မှုများရှိသလို အချို့သော ကြည်း၊ ရေ၊ လေတပ်မတော် သားအချို့ ဆန္ဒပြပွဲများသို့ ပါဝင်လာခဲ့ကြသည်။

“တပ်ထဲမှာအချို့တပ်မှူးတွေ ကပါဝင်ချင်ကြတယ်။ ဒါပေမဲ့ ကာချုပ်(ဟောင်း)ဦးတင်ဦးက တပ်နှစ်ခြမ်းကွဲပြီး အချင်းချင်းပြန် ပစ်မှာ စိုးရိမ်တဲ့အတွက် အချို့တပ်မှူးတွေကနေရာယူပေးမယ်ဆိုတာကို ဦးတင်ဦးက လက်မခံခဲ့ဘူး”ဟု အရေးအခင်းတွင် ပါဝင် ဆနပြခဲ့သူ မင်္ဂလာဒုံလေတပ်မှ တပ်ကြပ်ဦးမြင့်ဝေကပြောသည်။

သို့သော်ပြည်သူများက ဒေါက်တာ မောင်မောင်နုတ်ထွက်ပေးရန်နှင့် အထွေထွေရွေးကောက်ပွဲကျင်းပပေးရန်သာ ဆက်လက်
တောင်းဆိုခဲ့ကြပြီး ဆနပြပွဲများ ဆက်လက်ပြုလုပ်ခဲ့ကြသည်။

နိုင်ငံအနှံ့အပြားတွင် ဆန္ဒပြပွဲကြီးများ ဖြစ်ပေါ်လာခဲ့သည်။

၁၉၈၈ ခုနှစ်စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီတွင် စစ်တပ်မှ အာဏာလွှဲပြောင်းရယူ လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး မြန်မာနိုင်ငံ
သည် စစ်အုပ်ချုပ်ရေးအောက်သို့ ရောက်ရှိခဲ့သည်။ တပ်မတော်မှ အာဏာသိမ်းပြီးနောက် ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပ
ပေးခဲ့သော်လည်းအနိုင်ရရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အား အာဏာမပေးဘဲ ဆက်
လက်အုပ်ချုပ်ခဲ့သည်။

“အတိုက်အခံဘက်ကလည်းတွေ့ဆုံဆွေးနွေးဖို့ပြောတယ်။ဗိုလ်ချုပ်ခင်ညွန့်တို့ ဘက်ကလည်းတွေ့ဆုံဆွေးနွေးဖို့ခေါ်တယ်။ ဒါပေမဲ့ဆွေးနွေးပွဲတွေ တကယ်ဖြစ်မလာခဲ့ဘူး။ တစ်ဖက်နဲ့တစ်ဖက် တွေ့ဆုံဆွေးနွေးပါမယ်လို့ပြောတာပဲဖြစ်သွားတယ်”ဟု
၈၈ အရေးအခင်းတွင်ပါဝင်ခဲ့ဖူးပြီး လက်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင် အကြီးတန်းအရာရှိအဖြစ်လုပ်ကိုင်နေသူ ဦးအောင်နိုင်
ဦးကပြောသည်။ ထိုကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် မဆွေးနွေးနိုင်ခဲ့သည်များကြောင့် မြန်မာနိုင်ငံသည် နှစ်ပေါင်း ၂၀ ကျော်ကြာ နောက်ကျ ကျန်ခဲ့သည်ဟု ဦးအောင်နိုင်ဦး ကသုံးသပ်သည်။

ထိုအချိန်ကအဓိက အတိုက်အခံခေါင်းဆောင်ဖြစ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်မှာ တွေ့ဆုံဆွေးနွေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း အထမ မြောက်ခဲ့ဘဲ ၎င်းင်းအပါအ၀င် အ တိုက်အခံခေါင်းဆောင်များနှင့် ကျောင်းသားခေါင်းဆောင်များ အဖမ်းခံခဲ့ရပြီး အချို့နယ်စပ် ဒေသများသို့ထွက်သွားခဲ့ကြသည်။

“နံပါတ်အနေနဲ့ကတော့ နိုင်ငံတော်လုံခြုံရေးကို တာဝန်ယူတဲ့တပ်မတော်က ဒီအပြောင်းအလဲမှာ တစ်သားတည်းမပါလာတာက နံပါတ်တစ်ပဲ။ စစ်တပ်သြ ဇာရှိတဲ့ နိုင်ငံအများစုကို ပြန်ကြည့်လိုက်ရင် နိုင်ငံရေးအပြောင်းအလဲဖြစ်တဲ့အခါမှာ စစ်တပ်က ပုံစံ
တစ်မျိုးနဲ့အဲဒီအပြောင်းအလဲကို ထောက်ခံအားပေးပြီး စစ်တပ်သြဇာရှိတဲ့ နိုင်ငံတွေမှာအဲဒီလိုထောက်ခံမှုမရှိဘူးဆိုရင် အဲဒီအပြောင်း
အလဲက လုပ်လို့ကိုမရဘူး”ဟု ပဋိပက္ခရေးရာများသင်ယူခဲ့သူ ဒေါက်တာမင်းဇော်ဦးကပြောသည်။

၁၉၈၈ ခုနှစ်အရေးအခင်း ကာလတွင် တပ်မတော်သားအချို့မှာ ဆန္ဒပြပြည်သူများနှင့် ပူးပေါင်းခဲ့သော်လည်း ထိုပမာဏမှာ မြန်မာနိုင်ငံတွင် ထိုအချိန်က ရှိခဲ့သော တပ်မတော်အင်အားနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးခဲ့သည်။ မြန်မာ့နိုင်ငံရေးတွင် တပ်မ
တော်မှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ မြန်မာ့တပ်မတော် အား မြန်မာနိုင်ငံလွတ်လပ်ရေး ဗိသုကာဗိုလ်ချုပ်အောင်ဆန်းက တည်ထောင်ပေးခဲ့ပြီး မြန်မာနိုင်ငံရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ခဲ့၍ ဦးသန့် အရေးအခင်းမတိုင်မီအထိ ပြည်သူချစ်သော တပ်မတော်ဖြစ်ခဲ့သည်။

“နိုင်ငံတော်လုံခြုံရေးကို ထိပါးတဲ့ကိစ္စမျိုးအထူးသဖြင့် အစိုးရကနေပြီးတော့ တည်ငြိမ်အေး ချမ်းရေးအတွက်မထိန်းနိုင်တော့ ဘူးဆိုတဲ့ အခြေအနေမျိုးတွေဖြစ် လာရင်တော့ နိုင်ငံတော်လုံခြုံရေးကို တာဝန်ရှိတဲ့တပ်မတော်အနေနဲ့ နိုင်ငံရေးထဲဝင်လာတာကျွန်တော်
တို့တစ်နိုင်ငံတည်းမဟုတ်ပါဘူး။ အခြားနိုင်ငံတွေမှာလည်း ဖြစ်လေ့ဖြစ်ထရှိပါတယ်” ဟု ဒေါက်တာမင်းဇော်ဦးကပြောသည်။

ထို့ကြောင့် တိုင်းပြည်အပြောင်းအလဲဖြစ်နေချိန်တွင် တပ် မတော်အနေဖြင့် နိုင်ငံရေးထဲ ပြန်ပါမလာရန်နှင့် တပ်မတော်ကိုယ် တိုင်က အပြောင်းအလဲကို လိုလိုလားလားနှင့် လက်ခံလာရန်လိုအပ်သည်။ ထို့ကြောင့် နိုင်ငံရေးအကျပ်အတည်းများနှင့် စီးပွား ရေးအကျပ်အတည်းများ နောက်ထပ်မဖြစ်ရန် လိုအပ်သည်ဟုလည်း ပညာရှင်များက အကြံပြုပြောကြားကြသည်။

အာဏာရှင်စနစ်မှ ဒီမိုကရေ စီစနစ်သို့သွားရာတွင် လက်နက် ကိုင်အင်အားစုဖြစ်သော တပ်မတော်အား ဒီမိုကရေစီအလေ့အ ထများလက်ခံလာအောင်၊ နားလည်လာအောင် ဆောင်ရွက်ရသည်ဟု တာတေစနေသားစာအုပ်တွင် ၀န်ကြီးချုပ်ဟောင်း ဦးနု ကရေးသားထားသည်။

ထို့ကြောင့်ပင် မြန်မာ့ဒီမိုက ရေစီခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် မြန်မာ့တပ်မတော်အား ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီသောတပ်မတော်ဖြစ်ရန် ဗြိတိန်နိုင်ငံသို့ အကူအညီတောင်းခဲ့သည်။ ထို့ကြောင့်လည်းဗြိတိန်နိုင်ငံတွင် မြန်မာနိုင်ငံဆိုင်
ရာ စစ်သံမှူးခန့်အပ်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် ထိတွေ့ဆက်ဆံမှုများပြုလုပ်လာခဲ့သည်။ အလားတူ အမေရိကန်တပ်မတော်အနေ ဖြင့်လည်း မြန်မာ့တပ်မတော်နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ လုပ်လာခဲ့သည်။

ထို့အပြင် မြန်မာ့တပ်မတော်တွင် တတိယခေါင်းဆောင်ဖြစ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ရင်းရင်းနှီးနှီးဆက်
ဆံမှုများ၊ ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်လာပြီး ပြီးခဲ့သည့်နှစ် တပ်မတော်နေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်
တိုင် တက်ရောက်အားပေးခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်လုံခြုံ ရေး တာဝန်ယူထားသော တပ်မတော်နှင့် ဒီမိုကရေစီ အင်အားစု
များကြားဟန်ချက်ညီညီ သွားနိုင်မှသာ မြန်မာ့ဒီမိုကရေစီအရေးဖြောင့်ဖြူးမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်ပေါင်း နှစ်ဆယ်ကျော်သင်ခန်းစာအားပြန်ကြည့် လျှင် ပြည်သူချစ်သော တပ်မတော်ဖြစ်ခဲ့သည့် မြန်မာ့တပ်မတော်
သည်လည်း ပြည်သူလူထုနှင့် ဝေးကွာခဲ့ရသည်။ တိုင်းပြည်လည်းချွတ်ခြုံကျခဲ့သည်။ တိုင်းပြည်လည်း နောက်ကျ ကျန်ခဲ့ရသည်။ မျိုးဆက်များစွာ ပျက်စီးခဲ့သည်။

ထိုအရာသည်ကား သမိုင်း ကပေးသော သင်ခန်းစာဖြစ်ခဲ့ သည်။ ပညာရှင်များ၏ အဆိုအရ၊လေ့လာချက်အရ တတိယလှိုင်း၏ အဖြေမှာ “အပေးအယူသဘော၊ ညှိနှိုင်းအဖြေရှာကြရသည့် စားပွဲဝိုင်းယဉ်ကျေးမှုတစ်ခုကို ဖြတ်သန်းဖို့လို့လိမ့်မည်ဟု သတိပေးသည်။
ကိုးကား-မြန်မာနိုင်ငံရေး၊ ဓလေ့နှင့် တတိယလှိုင်းအတွေ့(ကျော်ဝင်း) OUTRAGE BURMA'S STRUGGLE FOR DEMOCRACY (Bertil Limtner)

Credit To 7Day Journal

Related Articles: