ရေးသားသူ- ကျော်ဝင်း
ဗစ်ရှင်နဲ့ မစ်ရှင်
ယနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ လွန်ခဲ့သော ၂၅ နှစ်
ရှစ်လေးလုံးအရေးတော်ပုံ ကာလနှင့်မတူတော့ပါ။ ထိုစဉ်ကတော့ အာဏာရ
မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီမှလွဲ၍၊ မည် သည့် နိုင်ငံရေးပါတီမှမရှိ။
ဆိုရှယ်လစ်လွှတ်တော်မှလွဲ၍၊ ဒီမိုကရက်တစ်ပါလီမန်လည်းမရှိ။
ဤမျှ ကျဉ်းကြပ်သော အနေအထားတွင် “တက်ကြွလှုပ်ရှားသူများ ”(activists)၏
အသက်စွန့် ကြိုးပမ်းမှုကြောင့်သာ အမှောင် ကန့်လန့်ကာကြီးကို
ဆွဲကိုင်လှုပ်ယမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ဆိုရလျှင် “လှုံ့ဆော်နိုင်ငံရေး”(agitate politics )ဖြင့် ဇတ်ပန္တွက်တည်ခဲ့ရ ခြင်းဖြစ်ပါသည်။
ယနေ့ ဖြစ်ထွန်းတိုးတက်မှုများမှာ အဆိုပါတက်ကြွလှုပ်ရှားသူများ၏
ကျေးဇူး၊ တစ်နည်းဆိုခဲ့ပါ လှုံ့ဆော်နိုင်ငံရေး၏ အကျိုး
ဆက်ဟုဆိုနိုင်ပါလိမ့်မည်။ သို့နှင့်တိုင် လှုံ့ဆော်နိုင်ငံရေးသက်သက် ဖြင့်
ရှစ်လေးလုံး၏ အန္တိမရည်မှန်းချက်(ခေတ်မီဖွံ့ဖြိုးသော ဒီမိုက ရေစီနိုင်ငံထူထောင်ရေး)ကို ဦး တည်သွားနိုင်မည်ကားမဟုတ်ပါ။ “မိမိဘာလိုချင်သည်၊ မိမိလိုလားသော ရည်မှန်းချက်အတွက် ဘယ်
လိုပေါ်လစီအဆင့်ဆင့်ခင်းရမည်” စသည်၊ စသည်တို့ကို ဘက်စုံထောင့်စုံတွက်ဆပုံဖော်ကြရမည့်
“ရည်မှန်းချက်ရှိရှိ နိုင်ငံရေး” - deliberate politics ဖြင့်သွားမှ
ဖြစ်ပါလိမ့်မည်။ နိုင်ငံရေးဆိုသည် မှာ နုရာမှ ရင့်ရာသို့ ဦးတည်ကြရမည်
မဟုတ်ပါလော..။
ဆိုခဲ့ပြီးသော “ရည်မှန်းချက် ရှိရှိ
နိုင်ငံရေး”တွင် မဟာဗျူဟာ ကျကျစဉ်းစားတတ်ဖို့က “အခရာ”ကျသည်။ မဟာဗျူဟာသဘော
တွင် Vision ရှိသည်။ “အနာဂတ်စိတ်ကူးရည်မှန်းချက်”ဟု ဆိုနိုင်ပါလိမ့်မည်။ သို့တစေ Vision ဖြင့် အစပြုလို့မဖြစ်။ အရပ်ရပ်အခြေအနေကို နက်နက်ရှိုင်းရှိုင်းခြုံငုံသုံးသပ်ပြီး သကာလ၊ လက်တွေ့အလုပ်ဖြစ်နိုင်မည့် Mission ဖြင့် ပေါ်လစီခင်းတတ်ဖို့ အရေးကြီးသည်။ Mission (တစ်နည်း-အလုပ်ရည်မှန်းချက်) အဆင့်ဆင့်ဖြင့် Vision သို့ ဦးတည်ကြရမည်ဖြစ်ပါသည်။
အကဲဆတ်ပွိုင့်
လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ
အရေးကြီးသည်နှင့်အမျှ ခက်ခဲသိမ်မွေ့လှသော လုပ်ငန်းစဉ်ကြီးသုံးရပ်ကို
တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်နေကြရသော “သုံးပွင့်ဆိုင်အပြောင်း
အလဲ”ဖြစ်သည်။ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်
ပြောင်းလဲမှုနှင့် ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးတို့ ဖြစ်စဉ်။ ပြီးခဲ့သည့် ၂ နှစ်ခွဲတာ ကာလအတွင်း မြန်မာနိုင်ငံ၏ ပကတိအရှိကို စာရေးသူဉာဏ်မီသမျှ တို့ထိကြည့်ပါမည်။
၁။ ဆိုခဲ့ပါ သုံးပွင့်ဆိုင်အပြောင်း အလဲအနက်၊ နိုင်ငံရေးပြုပြင်
ပြောင်းလဲမှုမှာ သိသိသာသာ ချွန်ထွက်လျက်ရှိသည်။ အထူးသဖြင့် အစိုးရသစ်၏
“ဖြေလျှော့ရေး” (liberalization) လုပ်ငန်းစဉ်များမှာ ပြည်တွင်းပြည်ပစောင့်
ကြည့်အကဲခတ်သူများပင် “မင် တက်”မိလောက်အောင် မြန်ဆန်လှသည်။
၂။ သို့တစေ။ “ဖြေလျှော့ရေး”နှင့် ဟန်ချက်ညီညီ ဖွံ့ဖြိုးအားကောင်းဖို့လိုသည့် “ကျင့်ထုံးမူဘောင်များ”(institutions) မှာ အားနည်း ချည့်နဲ့ဆဲရှိသည်။
၃။ ဤအခြေအနေတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ လူအများစုကြီးအတွက်
ထင်သာမြင်သာရှိသော အကျိုးရလဒ်များ ဆောင် ကြဉ်းမပေးနိုင်ဖြစ်နေသည်။
၎။ တရားဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး၊ ပြောရလျှင်
မဏ္ဍိုင်သုံးရပ်လုံးမှာ စနစ်သစ်နှင့် အံဝင်ခွင်ကျဖြစ်ရန်
မနည်းကြိုးစားရုန်းကန်နေကြရသည့်အနေအထားတွင်ရှိနေဆဲဖြစ်သည်။
၅။ စတုတ္ထမဏ္ဍိုင်ဖြစ်သော မီဒီယာများမှာလည်း စနစ်သစ်ကို
ကူညီဝိုင်းဝန်းကြသည်ထက် (ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ အားယူခါစ၊
ရှေ့မဏ္ဍိုင်သုံးရပ်ကိုကိုင်နှဲ့သလို ဖြစ်နေသည်များ ရှိသလောက်ရှိသည်။
၆။ ပဉ္စမ မဏ္ဍိုင်-ပြည်သူလူထုအနေနှင့် အနှစ်နှစ်အလလ ကျိတ်မှိတ်မြိုသိပ်ထားခဲ့ရသော
မျှော်လင့်ချက်များ လျှံကျ၊ အံကျလာ သည်မှာ သဘာဝကျသော အ ချင်းအရာဖြစ်ပါသည်။
သို့တိုင်အောင် အဆိုပါ “မျှော်လင့်ချက် များကို စီမံခန့်ခွဲနိုင်မှု”
(management of expectation) မှာ မရှိသလောက်ပင် လစ်ဟာနေသည်။ ဤအတွက်
လူထုတွင် တာဝန်ရှိသည်တော့မဟုတ်။ လူထုပညာရေးမှူးဟု ဆိုအပ်သော စာရေးဆရာများ၊
လူထုကိုယ်စားပြုနိုင်ငံရေးပါတီများ အလေးထား စဉ်းစားကြဖို့လိုပါလိမ့်မည်။
၇။ လက်ရှိ စတင်နေပြီဖြစ်သော လစ်ဘရယ်နိုင်ငံရေးလမ်းကြောင်းကို ဘယ်လိုမှ ခံတွင်းမတွေ့နိုင်ဘဲ မိမိတို့ အားသန်ရာ၊ ရယ်ဒီကယ် လမ်းကြောင်းကို ပြန်ပေါ်ဖို့ ကြိုး စားနေသူများရှိသလောက်ရှိနေသေးသည်ကို
မမေ့မလျော့ သတိ ပြုကြဖို့လိုပါလိမ့်မည်။ အစဉ်အလာ မြန်မာ့နိုင်ငံရေးဓလေ့မှာ
ရယ်ဒီကယ် အစွဲသန်သည် ကိုသတိချပ်ရာသည်။ အချုပ်ဆိုရလျှင်ယခုလောလောဆယ် မြန်မာ့နိုင်ငံရေးမှာ အလွန်အကဲဆတ်သော “ပွိုင့်”တစ်ခုသို့ ရောက်ရှိနေပြီဟု ဆိုချင်ပါသည်။
လမ်းကြောင်းနှစ်ခု
ဤပွိုင့်အရောက်မှာပင် ဆိုခဲ့ပြီးသော သုံးပွင့်ဆိုင်အပြောင်းအလဲထဲမှ
တတိယလုပ်ငန်းစဉ် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးမှာ
အရေးကြီးသော အဆင့်တစ်ခုသို့ ရောက်ရှိလာသည်။ မကြာမတင် အချိန်အတွင်းမှာ
တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးကာ
နိုင်ငံရေးဆွေးနွေးပွဲများ စတင်တော့မည်ဟု သိရသည်။ ချိန်ခါသင့်ဆိုသလိုပင်
ပြည်ထောင်စုလွှတ်တော်ကလည်းအခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီဖွဲ့စည်းကာ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည် ဆန်း
စစ်ကြဖို့ ပြင်ဆင်နေကြပြီဖြစ်ပါသည်။
ဤနောက်ခံအခင်းအကျင်းမှာပင် တိုင်းရင်းသားလူမျိုးစုပါတီ
များမှလည်း မိမိတို့၏ အနှစ်နှစ် အလလက မျှော်မှန်းချက်များကို ပြောဆိုကြ၊
ဆွေးနွေးကြ၊ ညှိနှိုင်းကြသည်များ ခပ်စိပ်စိပ်လုပ်လာသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်မှစတင်ကာ ထိုင်းနိုင်ငံတွင် သုံးရက်ကြာ
ကျင်းပခဲ့သော “ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင် စီ”
(UNFC)ညီလာခံကမူ အခြေခံ ဥပဒေသစ် ပြန်လည်ရေးဆွဲမည်ဟု ကြေညာထားသည်။ မနေ့က
(၈-သြဂုတ်၊ ၂၀၁၃) ပြီးဆုံးသွားသော ရှစ်လေးလုံးအရေးတော်ပုံ
ငွေရတုအခမ်းအနားတွင်လည်း “ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး”ဆိုသော အဆိုကို အတည်ပြုလိုက်သည်ဟု ကြားရသည်။ သက်ဆိုင် ရာအင်အားစုအသီးသီး၏ Vision များဟု နားလည်ရပါသည်။
ဤတွင် မတူခြားနားသော လမ်းကြောင်းနှစ်ရပ်ကို သတိပြုလိုက်မိပါသည်။
အလုပ်ရည်မှန်း ချက်သဘော၊ မစ်ရှင်သဘောဖြစ် ပါလိမ့်မည်။ ပထမလမ်းကြောင်း မှာ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို “ပေးထားချက်”(given) အဖြစ်ယူပြီး
မိမိတို့လိုလားချက်များ
ကို အကျေအလည်ညှိနှိုင်းဆွေးနွေးအဖြေရှာကြမည့် လမ်းစဉ်ဖြစ်သည်။ ဆိုခဲ့ပါ ရှစ်လေးလုံး ငွေရတုအခမ်းအနားတွင် ဒေါ်အောင်
ဆန်းစုကြည် တိုက်တွန်းပြောကြားခဲ့သော အကြမ်းမဖက်နည်းလမ်း၊ပြန်လည်ကုစားရမည့် စိတ်ဒဏ်ရာနည်းပါးမည့် လမ်းကြောင်း
ဟု သဘောရပါသည်။ ဒုတိယလမ်းကြောင်းကား ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်း၍ အခြေခံဥပဒေသစ်ရေး ဆွဲအတည်ပြုလို
သည့် လမ်းစဉ်ဖြစ်သည်။
လက်ရှိအရပ်ရပ်အခြေအနေအရ ဘေးထွက်ဆိုးကျိုးများ နိုင်သလို အဆင်မသင့်လျှင်
ရယ် ဒီကယ်ထောင် ချောက်ထဲသို့ လိမ့် ကျသွားနိုင်သည့် အန္တရာယ်ရှိသည်ဟု
မြင်သည်။
သမိုင်းသင်ခန်းစာ
သမိုင်းသည် တစ်ကျော့လည် တတ်သည်လား၊
စာရေးသူမသိပါ။ မြန်မာ့နိုင်ငံရေးတွင် တွေ့ရလေ့ရှိသည့် အမှားတော်
တော်များများကား မှားပြီးသား အမှားတွေ ထပ်ကျော့သံသရာလည်နေသလား
သံသယဖြစ်မိသည်။ ယခုလည်း စာရေးသူတို့ သက်
တမ်းအတွင်း ကြုံခဲ့ရသော သမိုင်းဖြစ်ရပ်တစ်ခုကို ပြန်လည် ဆင်ခြင်ကြဖို့ ဖော်ပြလိုသည်။
၁၉၆၀ ပြည့်နှစ် စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်ပါလီမန် အ
စည်းအဝေးတွင်ဖြစ်သည်။ ထိုစဉ် က အာဏာရပါတီ(ပထစ)မှ တရားရေးဝန်ကြီး ဒေါက်တာ
အေးမောင်က အခြေခံဥပဒေပြင်ဆင်ရေးအဆိုကို တင်သွင်းခဲ့ရာ ပါလီ
မန်က လက်ခံအတည်ပြုခဲ့သည်။ ဤတွင် နိုင်ငံရေး အင်အားစုတစ်ခုမှ
ခေါင်းဆောင်တစ်ဦးက “၁၉၄၇ အခြေခံဥပဒေဟာ အိမ် အိုကြီးနှင့်တူကြောင်း၊
တစ်ချင်းကွက်၍ ပြင်လို့မလွယ်ကြောင်း၊ ဥပဒေတစ်ခုလုံး အသစ်ပြန်လည်
ရေးဆွဲသင့်ကြောင်း”အဆိုပြုခဲ့သည်။
ဤသည်ပင် နောင်တွင် ကျော်ကြားလာမည့် ဖက်ဒရယ်မူ၏ မူလအစဟုဆိုနိုင်စရာ
ရှိပါသည်။ ဤနေရာတွင် စာရေးသူ အနေနှင့် ဖက်ဒရယ်မူခေါ် ရှမ်းမူ ကို
အမှားအမှန်ဝေဖန်ဆန်းစစ်ဖို့
သဘောထားမရှိပါ။ ထိုစဉ်က ရွေးချယ်ခဲ့သော လမ်းကြောင်း၏ လက်တွေ့အကျိုးဆက်ကို
ပြန်လည်အမှတ်ရစေလိုသည့် ဆန္ဒသာရှိပါသည်။ ဆိုခဲ့ပါအဆိုပြုချက်
နောက်ပိုင်းတစ်နှစ်သာသာ အကြာတွင် နုနယ်သော မြန်မာ့ ဒီမိုကရေစီ
ပုဒ်မချသွားခဲ့ရသည်ကို သတိပြုဆင်ခြင်ကြဖို့ ဖြစ်ပါသည်။
စာရေးသူတို့ သက်တမ်းအတွင်း တစ်ခါဖူးမှ အိပ်မက်ပင် မမက်ခဲ့ဖူးသော လက်ရှိမြန်မာ့ဒီမိုကရေစီအပြောင်းအလဲဖြစ်စဉ်
ကြီးကို ကတိမ်းကပါးမဖြစ်ရအောင်ကြီးစွာသောအမျှော်အ မြင်၊မပြတ်သောသတိဖြင့် ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေသတည်း။ ။
Credit To 7Day News Journal