အရုဏ်ဦးလွတ်လပ်ရေး (၈)
(နေသန်မောင်)
အစမ်းစာမေးပွဲကို တိုက်ကြ
၁၉၃၄ ခုနှစ် စာသင်နှစ်များ ပြန်လည်စတင်ချိန်တွင် သထုံကျောင်းဆောင်မှ ကျူတာကိုအုန်း၏ မိတ်ဆက်ပေးမှုဖြင့် ကိုအောင်ဆန်းသည် ကိုနုနှင့် စတင်သိကျွမ်းခဲ့သည်။ ကိုနုသည် ထိုအချိန်၌ မမြရီနှင့် အိမ်ထောင်ကျပြီးနောက် ပန်းတနော် အမျိုးသား အထက်တန်းကျောင်း၏ ကျောင်းအုပ်တာဝန်မှ နုတ်ထွက်ကာ ဥပဒေဘွဲ့ယူရန် ရန်ကုန်တက္ကသိုလ်သို့ ပြန်လည် ရောက်ရှိလာချိန် ဖြစ်သည်။
ကျူတာကိုအုန်းက သူ့မှာ မိတ်ဆွေသုံးဦး ရှိသဖြင့် မိတ်ဖွဲ့ပေးလို ကြောင်းပြောဆိုရာ ကိုနုက ထိုသုံးဦးဖြင့် သွားရောက်တွေ့ဆုံခဲ့သည်။ မြန်မာ့သမိုင်းတွင် အရေးပါ အရာရောက်လာမည့် အဆိုပါ လူငယ်လေးဦး၏ ပထမဆုံးအကြိမ် ဆုံတွေ့မှုကို ကိုနု (နောင် သခင်နု၊ ဝန်ကြီးချုပ်ဦးနု) က အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့သည်။
“အဲဒီသုံးဦးနဲ့ တွေ့တဲ့အခါ ကိုနုဟာ စကားကောင်းကောင်း မပြောသေးဘူး။ အကဲခတ်နေတယ်။ ကိုကျော်ငြိမ်းဟာ စကားတော်တော်ပြောတယ်။ သူပြောတဲ့အထဲမှာ အရွှန်းတွေလည်း အတော်ပါတယ်။ ကိုသိန်းဖေလည်း စကားတော်တော် ပြောတာပဲ။ ဒါပေမဲ့ ကိုကျော်ငြိမ်းလို အရွှန်းတွေမပါဘူး။ ကိုအောင်ဆန်းကတော့ ဘာမှမပြောဘူး။ ငုတ်တုတ်ကြီး ထိုင်နေတယ်” ကိုသိန်းဖေ၊ ကိုကျော်ငြိမ်းနှင့် ကိုထွန်းအုံတို့သည် ၁၉၃၃-၃၄ ပညာသင်နှစ်၌ မန္တလေးကောလိပ်မှ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့လာကြသူများ ဖြစ်ပြီး ရန်ကုန်၌ ကိုရာရှစ်၊ ကိုသီဟန်၊ ကိုလှဖေတို့နှင့် ပေါင်းသင်းမိကြသည်။ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်းနှင့် ကိုထွန်းအုံတို့ မန္တလေးကောလိပ်၌ ရှိစဉ် မန္တလေးကောလိပ်ကို စီးပွားရေး အခြေအနေအရ ပိတ်ပစ်ရန် အစိုးရ၏ တင်ပြချက်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။ ယင်းကိစ္စကို ကောလိပ် ကျောင်းသားများသာ ကန့်ကွက်သည် မဟုတ်ဘဲ မန္တလေးရှိ မြို့လုံးကျွတ် မြို့မိမြို့ဖ အစည်းအဝေးများ ကျင်းပပြီး ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
ယင်းကျောင်းသားများ ရန်ကုန်တက္ကသိုလ်သို့ ရောက်လာချိန်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ) ၌ ကျောင်းအုပ်ကြီး စလော့စ်နှင့် အလွန်းသင့်သူများ လွှမ်းမိုးလာချိန်လည်း ဖြစ်နေသည်။ ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲတွင် နိုင်ငံရေး စိတ်ထက်သန်သော ကျောင်းသားများက အလိုတော်ရိ ကျောင်းသားများနှင့် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြသည်။ ကိုအောင်ဆန်း၊ ကိုသီဟန်၊ ကိုကျော်ငြိမ်းနှင့် ကိုသိန်းဖေတို့လေးဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ကိုကျော်ငြိမ်းနှင့် ကိုသိန်းဖေတို့ နှစ်ဦးသာ အရွေးခံရသည်။ ကိုအောင်ဆန်းကား အရွေးမခံရ။ သို့သော်သူကား စိတ်မပျက်။
ကိုကျော်ငြိမ်းသည် သူနှင့်ကျန်လေးဦးတို့ကို မဲပေးရန် အကူအညီ တောင်းခံသောအခါ ကိုထွန်းအုံက ကိုအောင်ဆန်းမှလွဲ၍ ကျန်လူများကို မဲပေးမည်ဟု တုံ့ပြန်ပြောဆိုသည်။ ကိုအောင်ဆန်းသည် လူမှုဆက်ဆံရေး၊ ပေါင်းသင်းဆက်ဆံရေး မကောင်းသည့်အပြင် သူတစ်ပါးအပေါ် လေးစားသမှုမရှိဟု သူယုံကြည်သောကြောင့်ဟု ကိုထွန်းအုံက ဆိုသည်။
ကိုအုန်း အပါအဝင် ကိုနုတို့ ငါးဦးသည် ‘ဃ’ အသင်းဟူ၍ လျှို့ဝှက်အသင်းတစ်ခု ဖွဲ့လိုက်ကြပြီး ညအချိန် မှောင်မည်းမည်း၌ ကျောင်းအုပ်ကြီး စလော့စ်ရုံးခန်းနှင့် မလှမ်းမကမ်းရှိ ရူပဗေဒ မြက်ခင်းပြင်တွင် အစည်းအဝေး လုပ်လေ့ရှိသည်။ သူတို့သည် မြန်မာပြည် လွတ်လပ်ရေးရရန် အနုနည်း သုံးမည်လော၊ သွေးထွက်သံယို အကြမ်းနည်း သုံးမည်လောဆိုသည့် ကိစ္စရပ်များ ပြောဆိုရန် ပုံမှန်လိုလို တွေ့ဆုံကြပြီး စကားအချေအတင် ပြောလေ့ရှိကြသည်။
ကိုအောင်ဆန်းသည် နိုင်ငံရေး၌ စူးစူးစိုက်စိုက် စိတ်ပါဝင်လာပြီး နိုင်ငံရေးစာပေများကို ထိုအုပ်စုက စတင်လေ့လာကြသည်။ ထိုနှစ် ၁၉၃၄ စာသင်နှစ်၏ ပထမနှစ်ဝက်ဖြစ်သော အောက်တိုဘာ ကျောင်းမပိတ်ခင် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကိုကျော်ထွန်း တစ်ယောက် ပြင်ပ၌ အလုပ်ရ၍ ကျောင်းမှထွက်သွားသည်။ လစ်လပ်သွားသော ရာထူးနေရာ၌ ကိုနု ဝင်ရောက် အရွေးခံရာ သမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာသည်။ ကျောင်းသားသမဂ္ဂ၌ ကိုနု ရာထူးယူလိုက်ခြင်းသည် ပုန်ကန်လိုသော ကျောင်းသားတစ်စုအတွက် တက္ကသိုလ်လောကတွင် တွင်ကျယ်လာစေရန် လမ်းကြောင်းတစ်ခု အခြေပြုသွားခြင်းလည်း ဖြစ်ခဲ့သည်။
ဒီဇင်ဘာ ကျောင်းပိတ်ရက် နီးလာသည့်အခါ ကျောင်းအုပ်ကြီး ဒီ၊ ဂျေ၊ စလော့စ်၏ လက်မှတ်ဖြင့် နို့တစ် တစ်စောင် ထွက်လာသည်။ နို့တစ်စာအတွင်း ၁၉၃၆ ခုနှစ်မှစတင်ပြီး အစမ်းစာမေးပွဲများ၌ ကျရှုံးသူများသည် မတ်လ စာမေးပွဲကြီးသို့ ဝင်ရောက် ဖြေဆိုခွင့်မရှိဘဲ အစမ်းစာမေးပွဲများ၌ အောင်မြင်သူများသာ ဖြေဆိုခွင့်ရှိမည်ဟု ဖော်ပြထားသည်။
နို့တစ်စာ ထွက်လာသည်နှင့် ယင်းလုပ်ရပ်သည် ကျောင်းသားများကို ဖိနှိပ်ချင်၍ လုပ်ခြင်းဖြစ်သည်ဟု ယူဆကာ ကျောင်းသားများ အုံကြွလာပြီး ယင်းနို့တစ်စာကိစ္စ ဆွေးနွေးပေးရန် အစည်းအဝေး ခေါ်ယူဖို့ တောင်းဆိုကြတော့သည်။ သမဂ္ဂအစည်းအဝေး၌ ယင်းလက်ချက်သည် နယ်ချဲ့များက ရည်ရွယ်ချက်ရှိရှိဖြင့် ကျောင်းသားများကို ဖိနှိပ်ခြင်း ဖြစ်ကြောင်း၊ အစမ်းစာမေးပွဲများကို တိုက်ရန် သပိတ်မှောက်မည် ဖြစ်ကြောင်း အသံများ ဆူဆူညံညံ ဖြစ်လာကြသည်။ ကျောင်းသားအချို့က သပိတ်မမှောက်ခင် ကျောင်းအုပ်ကြီးစလော့စ်နှင့် သွားရောက် ဆွေးနွေးသင့်ကြောင်း၊ ဆွေးနွေး၍ မရမှသာ သပိတ်မှောက်သင့်ကြောင်း တင်ပြ၍ ထိုအတိုင်း ဆုံးဖြတ်လိုက်ကြသည်။ ကျောင်းအုပ်ကြီးနှင့် သွားရောက်ဆွေးနွေးရန် တကသ ဥက္ကဋ္ဌ ကိုဖိုးအေးနှင့် အလုပ်အမှုဆောင် နှစ်ဦးကို တာဝန်ပေးလိုက်သည်။ အခြေအနေကို ဒီဇင်ဘာ ကျောင်းမပိတ်ခင် ကျောင်းသားထုထံ အစီရင်ခံရမည်ဟု သတ်မှတ်လိုက်သည်။
ကျောင်းအုပ်ကြီး စလော့စ်သည် ‘ဆာ’ မထူးသော ကျောင်းသား ကိုအောင်မြင့်နှင့် ကိုစိုးမြင့်တို့ကို ကျောင်းမှ ထုတ်ပစ်လိုက်၍ ကျောင်းသားများအကြား မကျေမနပ် ဖြစ်နေချိန်လည်း ဖြစ်သည်။ ကျောင်းအုပ်ကြီးနှင့် သွားရောက်ဆွေးနွေးရန် ခေါင်းရှောင်နေသည့် ဥက္ကဋ္ဌနှင့် အမှုဆောင် နှစ်ဦးတို့ကြောင့် ဒုဥက္ကဋ္ဌ ကိုနုသည် ကိုကျော်ငြိမ်းကို ကျောင်းအုပ်ကြီး စလော့စ်နှင့် သွားတွေ့ဖို့ တိုက်တွန်းသည်။ ကိုကျော်ငြိမ်းသည် ပဲခူးကလပ်ရှိ ကျောင်းအုပ်ကြီး စလော့စ်နေအိမ်သို့ သွားရောက် တွေ့ဆုံခဲ့ပြီးနောက် ကျောင်းသို့ ပြန်လာပြီး အခြေအနေကို ရှင်းပြသည်။
ကျောင်းအုပ်ကြီးက ကိုကျော်ငြိမ်းကို ‘ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်း တစ်ခုကပဲဖြစ်ဖြစ် ငါ့ကိုလာပြီး ခြိမ်းခြောက်တာ ငါမကြောက်ဘူး။ အစမ်းစာမေးပွဲ တွေဟာ ငါကြေညာထားတဲ့အတိုင်း လုပ်ရမယ်’ ဟု စားပွဲခုံကို လက်သီးဖြင့်ထုပြီး ပြောဆိုကြောင်း ပြန်လည် ဖောက်သည်ချသည်။ ကိုနုသည် ‘ဃ’ အဖွဲ့ဝင် ငါးဦးအပြင် အခြားရင်းနှီးသူကျောင်းသား ငါးဦးကိုပါ ဖိတ်ခေါ်ပြီး ကျောင်းအုပ်ကြီးစလော့စ်၏ အစမ်းစာမေးပွဲကို တိုက်ရန် သူဦးဆောင်မည်ဟု ပြောဆိုသည်။ ထို့နောက် စီစဉ်ထား သည့်အတိုင်း ကိုနုနှင့် ကျောင်းသားတစ်စုသည် မြန်မာ့အလင်းနှင့် မောရိယ သတင်းစာတိုက်များသို့ သွားရောက်ကြပြီး ‘တက္ကသိုလ်ကျောင်းအုပ်ကြီး စလော့စ်သည် အစမ်းစာမေးပွဲများ ကျင်းပနိုင်ရေးအတွက် မည်သည့် နိုင်ငံရေးသမားကိုမျှ မကြောက်၊ မည်သည့်နိုင်ငံရေး အဖွဲ့အစည်းကိုမျှ မကြောက်’ ဟု ခြိမ်းခြောက် ပြောဆိုသည်ဟု သတင်းပေးကြသည်။
နောက်တစ်နေ့ သတင်းစာများ၌ ထိုအကြောင်းအရာသည် စာလုံးမည်းကြီးဖြင့် ပါလာသောအခါ ကျောင်းအုပ်ကြီးစလော့စ်က သူ့အနေဖြင့် ထိုသို့မပြောကြောင်း။ သူပြောသည်မှာ ကျောင်းသားခေါင်းဆောင်များနှင့် တက္ကသိုလ်သမဂ္ဂ ကိုသာ ရည်ရွယ်ကြောင်း ရှင်းလင်းချက် ထုတ်ပြန်သည်။ သို့သော် မည်သည့်သတင်းစာတိုက်များကမှ ကျောင်းအုပ်ကြီး၏ ဖြေရှင်းချက်ကို ဖော်ပြခြင်း မပြုခဲ့ပေ။
ကိုနုနှင့် ကိုသိန်းဖေတို့ နှစ်ဦးသည် ဘုတလင်၊ မုံရွာ၊ ၀ါးခယ်မနှင့် ပန်းတနော်မြို့တို့တွင် အစည်းအဝေးများ ပြုလုပ်ပြီး ‘ကျောင်းအုပ်ကြီး စလော့စ် အမြန်ထွက်သွားလော့’ ဟူသော ဆုံးဖြတ်ချက်များ ချမှတ်ကြသည်။ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်းနှင့် ကိုအုန်းတို့က ရန်ကုန်မှနေ၍ သတင်းများ ပြန်ရေးကာ မြို့လုံးကျွတ် အစည်းအဝေးကြီးများမှ လူထုကြီးက အတော်ပင် ဒေါသထွက် တုန်လှုပ်နေသည် ဟူသောဟန်ဖြင့် သတင်းများ ရေးသားကာ မြန်မာ့အလင်းနှင့် မောရိယ သတင်းစာတိုက်များသို့ ပေးပို့ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ရာဟုထောင့်၌ ကိုနုနှင့် အပေါင်းအပါများသည် အစည်းအဝေးတစ်ခု ထပ်မံကျင်းပရာ တို့ဗမာအစည်းအရုံးဝင် သခင်များအပြင် တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ဝင် ဝတ်လုံဦးစိုးညွန့်နှင့် ဦးတင်တို့လည်း တက်ရောက်ခဲ့ကြသည်။ ကျောင်းသားများ စည်းရုံးခေါ်ယူထားသော လူများဖြစ်နေသောကြောင့် တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ ရှင်းလင်း တင်ပြချက်များကို ထိုအစည်းအဝေးက လက်မခံခဲ့ပေ။
နောက်တစ်နေ့၌ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့သည် အရေးပေါ် အစည်းအဝေး ကျင်းပပြီး အစမ်းစာမေးပွဲကို ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။ ကျောင်းအုပ်ကြီးစလော့စ်သည် ကိုနုနှင့် ကိုကျော်ငြိမ်းကို ကျောင်းမှ ထုတ်ပစ်လိုသည်အထိ ဒေါသထွက်ခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)
Credit To The Voice Weekly