မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ ဦးစီးအရာရှိ ဦးကျော်လင်းထင်နှင့် တွေ့ဆုံခြင်း
(ဇာဏီထွဏ်း)
မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်း အန္တရာယ်ရှိသော နေရာဒေသများ ရှိနေရာ ယင်းအတွက် လုပ်ဆောင်ဖွယ်ရာ လုပ်ငန်းစဉ်များ ရှိသည့်အနက် မိုင်းအသိပညာ ပေးရေးလုပ်ငန်း လုပ်ဆောင်လျက် ရှိခြင်းနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ၊ မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့ နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်လင်းထင်နှင့် တွေ့ဆုံ မေးမြန်းထားပါသည်။
Voice : အခုဆိုရင် မြေမြှုပ်မိုင်းနဲ့ ပတ်သတ်ပြီး အစိုးရဘက်ကလည်း အာရုံစိုက်လာတာ တွေ့ရပါတယ်။ မြေမြှုပ်မိုင်း အန္တရာယ် ပညာပေးရေးနဲ့ ပတ်သက်ပြီး အဖွဲ့အနေနဲ့ ဘာတွေလုပ်ဆောင်သွားဖို့ ရှိပါသလဲ။
UKLH : အရင်ဆုံး ကျွန်တော် ဒီလုပ်ငန်း ဖြစ်ပေါ်လာပုံကို ပြောပြမယ်။ ဒီလုပ်ငန်း ဖြစ်လာတာ အခြေခံအကြောင်း နှစ်ချက်ရှိတယ်။ တစ်ကမြန်မာနိုင်ငံက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် အဖွဲ့ဝင် ဖြစ်တယ်။ ဒီတော့ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီကိုတင်တဲ့ တတိယအကြိမ်နဲ့ စတုတ္ထအကြိမ် အစီရင်ခံစာ ရှိတယ်။ အဲဒီ အပေါ်ကို ကုလသမဂ္ဂဆိုင်ရာ ကလေးသူငယ် အခွင့်အရေး ကော်မတီက ပြန်ပြီးတော့ သူတို့က သုံးသပ်အကြံပေးတဲ့ အချက်တွေ ထွက်တယ်။ အဲဒီအထဲမှာ အချက်တစ်ချက် ပါတယ်။ အဲဒါက မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခ အခြေအနေမှာရှိတဲ့ ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံအနေနဲ့ ကာကွယ် စောင့်ရှောက်မှုတွေ ဒီထက်ပိုပြီး လုပ်ပေးဖို့ လိုအပ်မယ်လို့ မှတ်ချက်ပေးတယ်။ အဲဒီမှတ်ချက်ကို မြန်မာနိုင်ငံ အစိုးရကပြန်ပြီး ဖြည့်ဆည်းပေးတယ်။ ဒါကတစ်ပိုင်း။ နောက်ဒုတိယ အပိုင်းက ဒါကလုပ်သင့် လုပ်ထိုက်တယ်လို့ လူသားချင်း စာနာထောက်ထားမှု ရှုထောင့်ကနေ လုပ်သင့်လုပ်ထိုက်တယ်လို့ ခံယူတဲ့အတွက် အစိုးရကနေ ဦးဆောင်ပြီးတော့ လုပ်ခဲ့တဲ့ အကြောင်းတရားပါ။ အဲဒီလို ဖြစ်ပေါ်လာပြီး ၂၀၁၂ ခုနှစ်အတွင်းမှာ လူမှုဝန်ထမ်း ဦးစီးဌာန ကနေပြီးတော့ မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းတွေ လုပ်မယ်ဆိုပြီးတော့ မိတ်ဖက် အဖွဲ့အစည်းဖြစ်တဲ့ UNICEF အဖွဲ့နဲ့ စတင်ဖြစ်ခဲ့တယ်။၂၀၁၂ ခုနှစ် ဧပြီလအတွင်းမှာ မိုင်းအန္တရာယ် အသိပညာပေးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့တယ်။အဲဒီမှာ INGO, NGO တွေရော ပါတယ်။ အဖွဲ့ရဲ့ အခြေခံ ရည်ရွယ်ချက်နှစ်ခုက မြန်မာနိုင်ငံမှာ မိုင်းအန္တရာယ် အသိပညာပေးဆိုင်ရာ လုပ်ငန်းတွေ လုပ်နေတဲ့ အဖွဲ့တွေကြားမှာ ပိုမို ကောင်းမွန်တဲ့ ညှိနိုင်းမှုရအောင် ရည်ရွယ်တယ်။ နောက်တစ်ချက်က မိုင်းအန္တရာယ် ပညာပေးရေးလုပ်နေတဲ့ အဖွဲ့တွေကနေ တွေ့ရှိတဲ့ အချက်အလက်တွေ၊ သတင်းတွေ Share လုပ်လို့ရတယ်။
Voice : အဖွဲ့အနေနဲ့ အခုဘာတွေ လုပ်နေပါလဲ။
UKLH : မိုင်းအန္တရာယ် ပညာပေးလုပ်ငန်းတွေကို ပိုမိုထိထိရောက်ရောက် လုပ်ကိုင်နိုင်ဖို့အတွက် KAP (Knowledge, Attitude, Practice) Survey လို့ခေါ်တဲ့ မိုင်းအန္တရာယ်ရှိသော နေရာတွေမှာရှိတဲ့ ပြည်သူလူထုတွေကို မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး ဘယ်လောက်သိသလဲ။ သူတို့ သဘောထားတွေ ဘယ်လိုရှိသလဲ။ မိုင်းအန္တရာယ် မရှိအောင် နေထိုင်တဲ့ သူတို့ အလေ့အထတွေက ဘာတွေရှိသလဲ။ ဒါတွေကိုသိအောင် ကျွန်တော်တို့ ဆာဗေးလုပ်ဖို့ ပြင်ဆင်နေတယ်။ မေးခွန်းလွှာတွေ ကျွန်တော်တို့ ပြုစုနေတယ်။ ပြီးတဲ့အခါ ဘယ်နေရာတွေမှာ မေးခွန်းလွှာတွေ မေးမလဲဆိုတာ ကျွန်တော်တို့ ဆန်းစစ် လေ့လာနေတယ်။ တစ်ပြိုင်နက်တည်းပဲ ကျွန်တော်တို့ မိုင်းအန္တရာယ်ရှိတဲ့ နေရာတွေမှာ မိုင်းအန္တရာယ် အသိပညာပေးရေး အလုပ်ရုံ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်အခါခါ လုပ်ပါတယ်။
Voice : ဒီဆာဗေးပြီးရင် ဘာဆက်လုပ်မှာလဲ။
UKLH : ဒီဆာဗေးပြီးရင် Knowledge နဲ့ပတ်သက်တာ၊ Attitude နဲ့ပတ်သက်တာ၊ Practice နဲ့ ပတ်သက်တာတွေ သိမယ်။ မိုင်းအန္တရာယ်ရှိတဲ့ ဒေသမှာရှိတဲ့ ဒေသခံတွေက သူတို့ဘာတွေသိသလဲ။ သူတို့ ဘယ်လိုသဘောထားသလဲ။ သူတို့ရဲ့ အလေ့အထတွေက ဘယ်လိုရှိမလဲဆိုတာ သိလာမယ်။ ပိုမိုထိရောက်တဲ့ ပညာပေး ဒီဇိုင်းတွေကို လုပ်နိုင်မယ်။ အဲဒီအစီအစဉ်တွေကို ရပ်ရွာထဲမှာ သွား ပြီးတော့ အသိပညာပေးရေးတွေ လုပ်နိုင်မယ်။
Voice : ဒီစစ်တမ်းကို ဘယ်နေရာတွေမှာ ကောက်ယူမှာလဲ။
UKLH : ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လုပ်မယ်။ ကရင်၊ မွန်၊ ကယား၊ တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူတိုင်းဒေသကြီး အရှေ့ပိုင်းပါမယ်။ မေးခွန်းတွေက ဒေသခံတွေကို မေးမယ့်မေးခွန်း၊ အဓိက သတင်းအချက်အလက် ပေးနိုင်သူ၊ မိုင်းထိပြီး အသက်မသေဘဲ ကျန်ခဲ့တဲ့သူတွေကို မေးမယ်၊ နောက် အာဏာပိုင်တွေကိုမေးမယ့် မေးခွန်းတွေပါမယ်။ လုပ်ငန်းကိုတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းတွေက အစိုးရတွေနဲ့ ညှိနိုင်းပြီးတဲ့အခါ စနိုင်မယ်။ လုပ်ငန်းကို နှစ်လအတွင်းလောက် စနိုင်မယ်လို့ ခန့်မှန်းပါတယ်။
Voice : စစ်တမ်းရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။
UKLH : ရပ်ရွာက လူထုကို ပညာပေးတဲ့အခါ သူတို့နဲ့ ကိုက်ညီတဲ့ ပညာပေးမှုဖြစ်ဖို့ လိုပါတယ်။ စကားလုံး အသုံးအနှုန်းကအစ ပေးရမယ့် သတင်းအချက်အလက်က သူတို့နဲ့ ကိုက်ညီမှု ရှိဖို့လိုတဲ့ အတွက် သူတို့ဘာသိထားလဲ။ သူတို့ ဘယ်လိုသဘောထားသလဲ။ သူတို့ အလေ့အထဘာလဲဆိုတာ ကြိုသိထားမှ ကျွန်တော်တို့ ပညာပေးမှုကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ သိရမယ်။ အဓိကက ကျွန်တော်တို့ ပညာပေးမှုတွေ ထိရောက်အောင် ဘယ်လိုလုပ်မလဲဆိုတာ သိအောင် ကောက်ယူတာ ဖြစ်တယ်။
Voice : မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး ပညာပေးရေး အပါအဝင် မိုင်းရှင်းလင်းရေးတွေ စတဲ့လုပ်ငန်းစဉ်တွေ ရှိရာမှာ မိုင်းပညာပေးရေး လုပ်နေတဲ့အပြင် မိုင်းနဲ့ပတ်သက်ပြီး အခြား ဘာတွေထပ်လုပ်ဖို့ ရှိသလဲ။
UKLH : ကျွန်တော်တို့ လူမှုဝန်ထမ်း ဦးစီးဌာနက ဦးဆောင်တဲ့ လုပ်ငန်းအဖွဲ့ အနေနဲ့က မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာပေးရေးလုပ်ငန်း လုပ်ဖို့ပါပဲ။ တကယ်တော့ ပြည့်စုံတဲ့ မိုင်းလုပ်ငန်းဆိုတာ မိုင်းရှင်းလင်းရေးတို့၊ မိုင်းထိပြီးသား လူတွေကို ကူညီပေးရေးတို့ အစရှိသဖြင့် ရှိတယ်။ အခြားသော အပိုင်းတွေကို လုပ်ငန်းအဖွဲ့အနေနဲ့ လုပ်နိုင်ဖို့လည်း မရှိသေးဘူး။
Voice : အခု စစ်တမ်းလုပ်မယ်လို့ ပြောသွားတဲ့ နေရာတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရှိတဲ့နေရာတွေ ပါနေတာ တွေ့ရပါတယ်။ အဲဒီ အဖွဲ့အစည်းတွေနဲ့ရော ဘယ်လိုပူးပေါင်း လုပ်ကိုင်မှာပါလဲ။
UKLH : ကျွန်တော်တို့ အဖွဲ့အနေနဲ့ကတော့ ဒီလုပ်ငန်းနဲ့ ပတ်သက်ရင် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအစိုးရတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်တယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတဲ့အခါ ဆက်ပြီးပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
Voice : မိုင်းကြောင့် ထိခိုက်ခံစားရသူတွေကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ထောက်ပံ့ပေးဖို့ရောရှိလား။
UKLH : အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ထောက်ပံ့ပေးဖို့တော့ တိုက်ရိုက်လုပ်ငန်းတွေ မရှိဘူး။ ဒါပေမဲ့ ဒီလုပ်ငန်းတွေလုပ်တဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းလိုမျိုး အဖွဲ့တွေရှိတယ်။ လုပ်ငန်းအဖွဲ့ ခေါင်းစဉ်အောက်မှာတော့ ထောက်ပံ့ ပေးတာမရှိဘူး။ တွေ့ခဲ့ရင်တော့ အဖွဲ့တွေနဲ့ ချိတ်ဆက်ပေးတာ ရှိပါတယ်။
Voice : ဒါဆိုရင် မြေမြုပ်မိုင်းကြောင့် ထိခိုက်ခံစားရသူ အရေအတွက်တွေကိုရော ကောက်ယူထားတာ ရှိပါသလား။
UKLH : ဒီဟာက အတိအကျကြီး ပြောဖို့ခက်တယ်။ ၂၀၁၀ နောက်ပိုင်း ထိခဲ့တာတွေကို စာရင်းပြုစုထားတာ ရှိပါတယ်။ ၂၀၁၀ နောက်ပိုင်းပြုစုတာက Survey အတွက်ပေါ့။ ၂၀၁၀ နောက်ပိုင်း မိုင်းထိသူရှိခဲ့ဖူးသလား သိအောင် အခြေခံပြီး ကောက်တာဖြစ်တဲ့အတွက် တိတိကျကျ ပြောဖို့ ခက်ပါတယ်။
Voice : ဒီလုပ်ငန်းစဉ်အတွက် ရန်ပုံငွေကို ဘယ်သူက ထောက်ပံ့ပါသလဲ။
UKLH : ဒါကတော့ INGO တွေပါမယ်။ NGO, UN အေဂျင်စီတွေရှိမယ်။ သူတို့က ဒီလုပ်ငန်းလုပ်တဲ့အခါမှာ သူတို့ကိုယ်တိုင် သူတို့ Donor ဆီက ရထားတဲ့ ရန်ပုံငွေက တစ်ဆင့်လုပ်ပါတယ်။ အစိုးရ အဖွဲ့အစည်းအနေနဲ့လည်း အစိုးရဘတ်ဂျတ်ထဲကနေပြီးတော့ လုပ်လို့ရတဲ့ ခေါင်းစဉ်ကနေ သုံးတာဖြစ်ပါတယ်။ လုပ်ငန်းအဖွဲ့ ရံပုံငွေလို့ သီးသန့်ထားတာ မရှိပါဘူး။
Voice : လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဘာထပ်ပြောချင်တာ ရှိပါသေးလဲ။
UKLH : ကျွန်တော်တို့ ဒီလုပ်ငန်း အဖွဲ့အနေနဲ့က ရှင်းပြခဲ့သလိုပဲ ရည်ရွယ်ချက်နှစ်ခုကို အခြေခံတယ်။ လက်ရှိလည်း KAP Survey လုပ်မယ်။ ရရှိတဲ့ သတင်း အချက်လက်နဲ့ မိုင်းအန္တရာယ်ရှိတဲ့ ဒေသက လူထုကို ပညာပေးပါမယ်။ နည်းပညာ ကတော့ ဒိန်းမတ် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ DCA အဖွဲ့ကနေ နည်းပညာရပါတယ်။
Voice : နောက်တစ်ခု သိချင်တာ ရှိပါတယ်။ မိုင်းအန္တရာယ် အသိပညာ ပေးရေး စာအုပ်ကို အင်္ဂလိပ်ကနေ မြန်မာ ပြန်ဖို့ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒါကော စပြီးပြန်နေပြီလား။ ဘယ်တော့လောက် ပြီးမှာလဲ။ ပြန်ပြီးသွားရင် ဘာဆက်လုပ် မလဲ။ ဘာ့ကြောင့် ပြန်ရတာလဲ။ ဘယ်နေရာ တွေမှာ ဖြန့်ဝေမှာလဲ။
UKLH : လုပ်ငန်းအဖွဲ့ထဲမှာပါတဲ့ မိုင်းအန္တရာယ် အသိပညာပေးနေကြတဲ့ အဖွဲ့တွေက စာအုပ်တွေကို အင်္ဂလိပ်လို ကနေ မြန်မာလို ပြန်နေတာတွေ ရှိပါတယ်။ ဘယ်တော့ပြီးရမယ်ဆိုပြီး အတိအကျ သတ်မှတ်ထားတာ မရှိပါဘူး။ ဘာသာပြန် တာ ပြီးသွားရင် မိုင်းအန္တရာယ်ရှိတဲ့ ဒေသ တွေက ပြည်သူလူထုတွေကို ပညာပေးတဲ့ အခါ သုံးမှာ ဖြစ်ပါတယ်။
Credit To The Voice Weekly
Post a Comment