Wednesday, August 7, 2013

အရုဏ်ဦးလွတ်လပ်ရေး (၇)



(နေသန်မောင်)

တက္ကသိုလ်ရောက် နတ်မောက်သား

လယ်သမားအရေးတော်ပုံ အဆုံးသတ်ခါနီးကာလ ၁၉၃၁ ၌ မြန်မာ့နိုင်ငံရေး သမိုင်းတွင် အထင်ကရ ဖြစ်လာမည့် အဖွဲ့အစည်းဖြစ်သော တို့ဗမာ အစည်းအရုံးကို သခင်ဘသောင်းနှင့် သခင်လေးမောင်တို့က ဦးစီးပြီး ထူထောင်လိုက်သည်။ နယ်ချဲ့အင်္ဂလိပ် ကိုလိုနီများနှင့် ဗြိတိသျှ အရာရှိများကို ဘုရားထူးရခြင်း၊ မြန်မာလူမျိုးတို့ကို ကျွန်သပေါက်အဖြစ် မှတ်ယူကာ အာဏာပိုင်များက သူတို့ကိုယ်သူတို့ သခင်အဖြစ် မှတ်ယူနေခြင်းကြောင့် အစည်းအရုံးဝင် ကိုဘသောင်းက သူ့အမည်ရှေ့ ၌ သခင်တပ်၍ သခင်ဘသောင်းအဖြစ် ခံယူလေသည်။ တို့ဗမာ အစည်းအရုံး စတင်ဖွဲ့စည်း ထူထောင်ခါစတွင် ထိုသို့အမည်ရှေ့၌ သခင်တပ်ခေါ်ခြင်းကို ဒေါက်တာဘမော် အပါအဝင် တိုးတက်သော မြန်မာလူငယ် အများအပြားက အထင်တစ်မျိုး ရောက်ခဲ့ကြသည်။

ရွှေတိဂုံစေတီ တောင်ဘက်စောင်းတန်းတွင် ဝိုင်အမ်ဘီ ဆရာတင် ရေးစပ်သော တို့ဗမာသီချင်းကို ရင်ပြင်တော်ရှေ့၌ ပထမဦးဆုံးအကြိမ် စတင်သီဆိုသည်။ ရန်ကုန်မြို့နေ ပြည်သူအများ နားထောင်စေရန် ရည်ရွယ်ပြီး မြို့အတွင်း သုံးကြိမ်ခန့်သာ လှည့်လည်သီဆိုသည်။ တို့ဗမာ သီချင်းစာရွက်အား တစ်စောင်လျှင် ငွေနှစ်ပြားဖြင့် ရောင်းချရာ အရောင်းတွင်ကျယ်ခဲ့သည်။ တို့ဗမာ အစည်းအရုံးသည် တို့ဗမာသီချင်းကို တက္ကသိုလ်၌သီဆိုရန် ဆန္ဒရှိရာ ထိုအချိန်၌ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်အဖွဲ့ချုပ်၏ ခေါင်းဆောင်ဖြစ်သူ ဥပဒေကျောင်းသား ကိုနုထံ ချဉ်းကပ်ကြသည်။ လူငယ်အဖွဲ့ချုပ်ဝင် ခေါင်းဆောင်အများစုသည် ထိုအချိန်၌ တို့ဗမာအစည်းအရုံးဝင် သခင်များ ဖြစ်ကြသည်။

ကိုနုသည် သူနေထိုင်ရာ သထုံကျောင်းဆောင်တွင် တို့ဗမာသီချင်း သီဆိုနိုင်ရန် စီစဉ်သည်။ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ကျောင်းအုပ်ကြီး ဒီ၊ ဂျေ၊ စလော့စ်ထံသွားပြီး သီဆိုခွင့်ပေးရန် ခွင့်တောင်းသော်လည်း ခွင့်ပြုချက် မရသဖြင့် သထုံဆောင် အဆောင်မှူး ဦးဖေမောင်တင်ထံ ခွင့်တောင်းသည်။ အဆင်ပြေသောကြောင့် ထိုညတွင် သထုံကျောင်းဆောင်၌ တို့ဗမာ သီချင်းကို သီဆိုကြရာ ကျောင်းသားအများအပြား တက်ရောက်ခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ကျောင်းအုပ်ကြီး စလော့စ်က ကိုနုကို လာရောက်တွေ့ဖို့ နို့တစ်စာထုတ်ခဲ့သည်။ သွားတွေ့ပြီး ဖြေရှင်းကာ ပြဿနာမှာ ပြေလည်ခဲ့သည်။

ဆရာစံ အရေးတော်ပုံကြောင့် မြန်မာလူငယ်များကြား အမျိုးသားရေးစိတ်ဓာတ် ပိုမိုထက်သန်လာနေသည်။ ယင်းအနက် ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှ ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသော ကိုအောင်ဆန်း တစ်ယောက်လည်း အပါအဝင် ဖြစ်သည်။ ကိုအောင်ဆန်း တက္ကသိုလ်သို့ ရောက်သောနှစ်မှာ ၁၉၃၂ ခုနှစ်ဖြစ်ပြီး ဆရာစံအရေးတော်ပုံ ဖြစ်ပွားပြီး တစ်နှစ်အကြာတွင် ဖြစ်သည်။ ကိုအောင်ဆန်းသည် ပထမနှစ် ဥပစာတန်းတွင် စတင်တက်ရောက်သည်။

၁၈ နှစ်အရွယ် ကိုအောင်ဆန်းသည် ခပ်ရိုင်းရိုင်း အညာသားလေးပင် ဖြစ်သည်။ မိမိကိုယ်ကိုယ်မိမိ လူ့မလိုင်ဟု အထင်ရောက်နေကာ ကျော့ကျော့မော့မော့ ဝင့်ဝင့်ကြွားကြွား ဝတ်ဆင်နေထိုင်ကြသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသား အသိုင်းအဝိုင်းတွင် မျက်နှာထား ရှုသိုးသိုးနှင့် အဝတ်အစား ဖိုသီဖတ်သီ ဝတ်ဆင်သော ကိုအောင်ဆန်းတစ်ယောက် အံမဝင်ခွင်မကျ ဖြစ်နေသည်။ သူ့ထက် သိမ်မွေ့ပါးနပ်သော ကျောင်းနေဖက်များ၏ ဝေဖန်နောက်ပြောင်မှု ကိုလည်း ဂရုမစိုက်။

ကျောင်းရောက်စ ပထမနှစ်ဝက်၌ပင် ကျောင်းသားသမဂ္ဂမှ စီစဉ်သည့် စကားဝိုင်း ဒီဘိတ်တစ်ခုကို ကိုအောင်ဆန်း တက်ခဲ့သည်။ ယင်းဒီဘိတ်၌ ကိုအောင်ဆန်း၏ အစ်ကို ကိုအောင်သန်းက ဘုန်းကြီးများ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းနှင့် စပ်လျဉ်းပြီး မေးခွန်းထုတ်ကာ ရဟန်းသံဃာများ နိုင်ငံရေးတွင် မပါဝင်သင့်ဟု အဆိုတင်သွင်းသည်။ ဆွေးနွေးငြင်းခုံမှုကို အင်္ဂလိပ်စကားဖြင့်သာ ပြောဆိုရသည်။ ထိုသမဂ္ဂ ဒီဘိတ်များကို ပြင်ပမှ ဝါရင့်နိုင်ငံရေးသမားများလည်း ရံဖန်ရံခါ တက်ရောက် နားထောင်တတ်သည်။

တက္ကသိုလ်ရောက်စ အင်္ဂလိပ်စာ မတောက်တခေါက်တတ် နတ်မောက်သား ကိုအောင်ဆန်းအတွက် မြန်မာစကားဖြင့် ဆွေးနွေးငြင်းခုံရာတွင် အတွေ့အကြုံ များစွာရှိသော်လည်း သမဂ္ဂဆွေးနွေးပွဲကဲ့သို့ လူအများရှေ့ အင်္ဂလိပ်စကားဖြင့် ကျွမ်းကျင်စွာ ပြောဆိုနိုင်ဖို့ အရေးသည် လွယ်ကူလှသည် မဟုတ်ပေ။

ကိုအောင်ဆန်းသည် သူ့အစ်ကို ကိုအောင်သန်း တင်ပြသော ဘုန်းကြီးများ နိုင်ငံရေးတွင် မပါဝင်သင့်ဆိုသည့် အဆိုကို ထောက်ခံရန် ထိုင်ရာမှထပြီး ဆွေးနွေးသည်။ ကိုအောင်ဆန်း၏ မပြေပြစ်သော စကားပြေဟန်၊ ညံ့ဖျင်းသော အင်္ဂလိပ်စာနှင့် မယဉ်ကျေးသော ကိုယ်နေဟန်ပန် တို့ကြောင့် ကျောင်းသားအများစုက နေရာတွင် ပြန်ထိုင်ရန် အော်ဟစ်ကြသည်။ သို့သော် ကိုအောင်ဆန်းသည် ကန့်ကွက်မှုများကို အလေးမထားဘဲ သူပြောလိုသည့် အကြောင်းအရာကို ပါဠိစကားများ ညှပ်သုံးကာ ပြီးဆုံးသည့်တိုင် ဆက်ပြီးပြောသည်။

ထိုစကားစစ်ထိုးပွဲမှ ရရှိသည့် သင်ခန်းစာများအရ ကိုအောင်ဆန်းသည် အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်ရန် အရေးကြီးသည်ကို အသိအမှတ်ပြုပြီး သူ၏အင်္ဂလိပ်စာကို တိုးတက်အောင် ကြိုးစားသည်။ မြန်မာပြည် မြေလတ်ပိုင်းတွင် ကြီးပြင်းခဲ့ရပြီး ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့ရသည့် ကိုအောင်ဆန်းအတွက် အင်္ဂလိပ်စာ တတ်မြောက်ရန် အားထုတ်မှုသည် ထူးခြားချက်တစ်ခု ဖြစ်သည်။ တက္ကသိုလ်ရောက် ကိုအောင်ဆန်းသည် စကားပြောမပြေပြစ်၊ လူမှုဆက်ဆံရေး အားနည်းမှုများကြောင့် အပေါင်းအသင်းများ မရှိသလို သူနေထိုင်သော ပဲခူးဆောင်၏ သဟာယ စာဖတ်အသင်းနှင့် အဆောင်ကျောင်းသား သမဂ္ဂတွင် ဝင်ရောက် လုပ်ကိုင်သော်လည်း ကျောင်းသားများ၏ ထောက်ခံမှုကို မရခဲ့ပေ။ တက္ကသိုလ်ကျောင်းရောက် ကိုအောင်ဆန်း၏ စရိုက်လက္ခဏာများကို ၁၉၃၈ ခုနှစ်အတွင်း သူနှင့် ခင်မင်ရင်းနှီးခဲ့သူ ကိုဌေးမြိုင် (စာရေးဆရာ ဒဂုန်တာရာ) က အောင်ဆန်း (သို့) အရိုင်းဆောင်းပါး၌ အောက်ပါအတိုင်း မှတ်ချက်ပေးခဲ့သည်။

“သူ့တွင် သိမ်မွေ့ခြင်းမရှိ၊ အလှအပကို မမက်မော။ သူသည် ကြမ်းတမ်းသည်၊ ရိုင်းသည်။ ဆက်ဆံ ပေါင်းသင်းရေးတွင်ရှိသော ဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင်စသော အနုပညာများကို မလိုက်စား။ သူ့ကိုယ်သူ အတင်း ယဉ်ကျေးအောင်မလုပ်။ သူ၏ နဂိုအတိုင်း ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်းပင် မပြုမပြင်ဘဲနေ၏။ သူ့တွင် နိုင်ငံရေး ဝိညာဉ်ကား ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေးတစ်ခုတည်းကိုသာ လုပ်သောသူဖြစ်၏။ သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်းမဟုတ်။ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ မဲ၍လုပ်သော နိုင်ငံရေးသတ္တဝါဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။”

ကိုအောင်ဆန်းသည် လူမှုဆက်ဆံရေး ညံ့ဖျင်းသည်ဟူသော အမြင်များ တက္ကသိုလ်လောက၌ တိုးပွားလာသော်လည်း သူ့အပြောအဆို အနေအထိုင်နှင့် အမူအကျင့်များကို ကြိုးစားပြီး မပြင်ခဲ့ပေ။ ထိုအကြောင်း ကိုအောင်ဆန်း၏ ယူဆချက်ကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း ရေးသားခဲ့သည်။
“ရံဖန်ရံခါ လူ့ယဉ်ကျေးများနှင့် အသားမကျခဲ့ချေ။ မျက်စိနောက်၊ မြင်ပြင်းကတ်လာသည်။ ထိုအခါ လူ့ယဉ်ကျေးများနှင့် ငါလူရိုင်းဟု ဇာတိ ခွဲပစ်ချင်သည့် စိတ်များ ရှိလာသည်” ဟု ဆိုသည်။ သို့သော် လူရိုင်းများကို ကိုအောင်ဆန်းမြင်ပုံမှာ စိတ်ကူးယဉ်ဆန်၏။ ရိုးဖြောင့်တည်ကြည်၊ ကျန်းမာသန်စွမ်းပြီး လွတ်လပ်ချမ်းသာစွာ နေထိုင်သူများဟု သူက အမွှမ်းတင်ထားခြင်း ဖြစ်သည်။

ကိုအောင်ဆန်းသည် တက္ကသိုလ်တွင် ပြုလုပ်သော အစည်းအဝေးများ၊ စကားဝိုင်းများသို့ မပျက်မကွက် တက်ရောက်လေ့ ရှိသည်။ သူသည် အချစ်ရေး၊ လူမှုရေး ကိစ္စများတွင် စိတ်ဝင်စားခြင်းမရှိဘဲ တုဏှီဘာဝေ နေလေ့ရှိသည်။ သူ့ကို ကျောင်းသားအများစုက နားမလည်ကြ။ ထိုအချိန်တွင် ကိုအောင်ဆန်းသည် ကမ္ဘာ့အတွေးအခေါ် ပညာရှင်ကြီးများ ဖြစ်ကြသည့် ပလေတို၊ ဆိုကရေးတီး၊ ကားလ်မာ့စ်တို့၏ စာအုပ်များကို ဖတ်နေသည်။ ကျောင်းသား ဆွေးနွေးပွဲများ၊ စကားဝိုင်းများသို့ တက်ရောက်ပြီး သူဖတ်ထားသော စာအုပ်များအတွင်းမှ မှတ်သားထားသည်များကို တစ်ဖက်သား နားထောင်ချင်သည်ဖြစ်စေ၊ နားမထောင်ချင်သည်ဖြစ်စေ ပြောနေလေတော့သည်။ မည်သည့် အခမ်းအနား၌မဆို ကျောင်းသားတိုင်း ဝင်ရောက် ဆွေးနွေးနိုင်သည်ဟု ကြေညာသည်နှင့် ကိုအောင်ဆန်းသည် ထိုင်ခုံမှထကာ လက်သီးလက်မောင်းတန်း ဝင်ရောက် ဆွေးနွေးလေတော့သည်။

ပြင်ပမှ ဝင်ရောက် ဆွေးနွေးသူတိုင်း စကားပြောချိန် ငါးမိနစ်သာရပြီး အချိန်စေ့သည့်အခါ ဘဲလ်တီးလေ့ ရှိသည်။ ကိုအောင်ဆန်းသည် သူ၏စကား မပြီးမချင်း အချက်ပေးခေါင်းလောင်း တီးသည်ကို ဂရုမပြုဘဲ ဆက်ပြီးပြောသည်။ အောက်မှ နားထောင်သော ပရိသတ်က လက်ခုပ်များ တဖြောင်းဖြောင်းတီးပြီး “အောင်ဆန်း၊ အရူး။ တော်ပါတော့” ဟု အော်ဟစ်ကြသည်။ သို့သော် ကိုအောင်ဆန်းကား ယင်းသို့ ရှုတ်ချမှုများကို ဂရုမစိုက်ဘဲ ပြောလိုရာကို ပြီးဆုံးအောင် ဆက်ပြောသည်။ တက္ကသိုလ်ကျောင်းသား လောက၌ ကိုအောင်ဆန်းသည် အလိုက်ကန်းဆိုး မသိသော၊ သူရူး တစ်ယောက်သဖွယ် သတ်မှတ်ခြင်း ခံလာရသည်။

ကိုအောင်ဆန်း ကျောင်းသားသမဂ္ဂ အစည်းအဝေးတစ်ခုတွင် စကားပြောခဲ့သည့် အဖြစ်အပျက်တစ်ခုကို သူ၏လုပ်ဖော်ကိုင်ဖက် ဖြစ်လာမည့် ကိုလှဖေ (နောင် သခင်လှဖေ၊ ဗိုလ်လက်ျာ) က အောက်ပါအတိုင်း မှတ်တမ်း တင်ခဲ့သည်။

“သူ့အင်္ဂလိပ်စာမှာ ပြည့်စုံမှု မရှိသော်လည်း သူသည် အင်္ဂလိပ်လို ပြောသည်။ သူပြောသမျှကို ကျောင်းသားတွေ နားထောင်ကြသည်။ ထို့နောက် သူ့စကားပြီးဆုံးစေရန် လက်ခုပ်တီးကြသည်။ အောင်ဆန်းသည် စကားဆက်ပြောသည်။ မည်သူမျှ သူ့အင်္ဂလိပ်စကားကို နားမလည်ကြပေ။ သူသည် ဒေါက်တာဘမော်နှင့် ဦးမောင်မောင်ကြီးတို့၏ လေယူလေသိမ်းကို အတုယူ၍ ကြိုးစားပြီး ပြောနေကြောင်း ထင်ရှားသည်။ ကျောင်းသားများက စပြီးအော်လာကြသည်။ ကျွန်တော်သည်လည်း ထိုသို့လိုက်၍ အော်သည်။ အောင်ဆန်းသည် စကားကို မရပ်မနား အလျဉ်မပြတ်ဘဲ ဆက်ပြီး ပြောသည်။ သူပြောစရာရှိသည်များ ပြီးဆုံးသည့်တိုင် ပြောသည်။ သူ့လုပ်ရပ်ကိုကြည့်ပြီး ကျွန်တော် အတော်ပင် မောဟိုက်သွားသည်။ ကျွန်တော်တို့ချင်း ရင်းနှီးမှု တိုးတက်လာသည့်အခါ ယင်းဖြစ်ရပ်အား သူ့ကိုပြန်ပြောင်း ပြောပြသည်။ သူက ရယ်မောလိုက်ပြီး ကျွန်တော် ဆက်ပြောရမှာပေါ့။ တကယ်လို့ ရပ်လိုက်မယ်ဆို နောက်တစ်ကြိမ် စကားပြောခွင့် ရတော့မှာ မဟုတ်ဘူးဟု ပြန်ပြောလေသည်။”

Credit To The Voice Weekly

(ဆက်လက်ဖော်ပြပါမည်)

Related Articles: