အထုံးမဖြေနိုင်သေးသော အလုပ်အကိုင်လမ်းစများ
(ရဲဇွန်အောင်၊ လဲ့ရည်မြင့်)
ယုံကြည်ချက်အပြည့်နှင့် အင်တာဗျူးဖြေဆိုလိုက်မည်ဟု အားခဲထားသည့် ကိုညီညီ (နာမည်လွှဲထားသည်) အတွက် အထင်နှင့်အမြင် တက်တက်စင် လွဲမှားသွား ခဲ့သည်။
အလုပ်လျှောက်လွှာတွင် ပူးတွဲတင်ထားသော အင်ဂျင်နီယာ ဘွဲ့လက်မှတ်နှင့် အခြား သင်တန်းလက်မှတ် များကို ကိုယ်တိုင် အားရကျေနပ် ခဲ့သော်လည်း အင်တာဗျူး မေးမြန်းသူက လုပ်ငန်းအတွေ့အကြုံ ရင့်သူကိုသာ ပိုလိုချင်ကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ပြောသည့်အတွက် ခဲလေသမျှ သဲရေကျ ခံစားရသည်။
အခြေခံပညာ သင်ကြားသည့်အချိန် အပါအဝင် တက္ကသိုလ်ပညာ သင်ကြားသည့် နှစ်နှင့် ကွန်ပျူတာသင်တန်း တက်သည့်နှစ် အားလုံးပေါင်း ၂၀ နှစ်နီးပါးကို ရင်းနှီးမြှုပ်နှံ ထားသူ အသက် ၂၅ နှစ်အရွယ် ကိုညီညီ အတွက် လုပ်ငန်းခွင်က အဆင်သင့်ဆီးကြိုမှု ကို မခံခဲ့ရသည့်အပြင် ရရှိထားသော အသိအမှတ်ပြု လက်မှတ်များ လက်ဝယ်ပြု အခြား အလုပ်အသစ်များကို ထပ်မံလျှောက် ထားရန်ပင် ယုံကြည်မှု ပျောက်လာမိသည်။
ထပ်မံ၍ စိတ်ဝင်စားသော အလုပ် တစ်ခုခုရရန် "ဘာသင်တန်း ဆက်တက် ရဦးမလဲ" ဟု စိတ်ထဲတွေးရင်း ကိုညီညီ အတွက် အလုပ်မရတော့မည်ကို တဖြည်းဖြည်း ကြောက်လာသည်။
နိုင်ငံရေး ဖြေလျှော့မှုများ လုပ်ဆောင်လာသည့် ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းမှ စတင်ကာ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းစုများက မြန်မာနိုင်ငံ၏ အရင်းအမြစ်များကို မျက်စိကျပြီး ဈေးကွက် လာရောက် ချဲ့ထွင်လိုချိန် ပြည်တွင်း လုပ်ငန်းရှင်များကလည်း ဝင်ရောက်လာသည့် ပြည်ပကုမ္ပဏီ တို့နှင့်အပြိုင် လုပ်သား အင်အားဖြည့်တင်း နေသောကြောင့် ဘွဲ့ရလူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများသည် အရန်သင့် လက်ကမ်းကြိုဆိုလျက် ရှိသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနရှိ ရင်းနှီး မြှုပ်နှံမှုနှင့် ကုန်စည်များ ညွန်ကြားမှုဦးစီး ဌာနမှ ဇွန်လ ၃၀ ရက်နေ့ထိ ရရှိသော စာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံသား ကုမ္ပဏီ ၃၂၅၆၃ ခု၊ နိုင်ငံခြားကုမ္ပဏီ ၂၀၆၀ ခု၊ Partner ကုမ္ပဏီ ၁၀၇၂၊ Joint Venture ကုမ္ပဏီ ၆၇ နှင့် Association ကုမ္ပဏီ ၆၇ တို့ရှိကြောင်း သိရှိရသည်။
သို့သော် ကိုညီညီကဲ့သို့ လူငယ်များကို ခန့်ထားလိုသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ မည်မျှရှိနေသနည်း။
လာမည့် ၂ နှစ်နီးပါးတွင် အလုံးအရင်း ဝင်ရောက်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့်အတူ ဝင်ရောက်လာမည့် ပြည်ပ ကော်ပိုရေးရှင်းကြီး များတွင် မြန်မာနိုင်ငံ သားများ ရာထူးအဆင့်ဆင့် ပါဝင်လုပ်ကိုင်ရန် အတွက် အစိုးရက မူဝါဒရေးရာ နှင့် ပညာရပ်ပိုင်းဆိုင်ရာ အားနည်းချက်တို့ကို ဖြည့်တင်းပေးချိန် တန်ပြီဟု ကိုညီညီ၏ အတွေ့အကြုံက မီးမောင်း ထိုးပြနေသည်။
အငတ်မပြေသော ပြင်ပသင်တန်းများ
ငယ်စဉ်ကတည်းက တက္ကသိုလ်ဝင်တန်း အောင်လျှင် နည်းပညာတက္ကသိုလ် တက်ပြီး စက်မှုအင်ဂျင်နီယာကြီး ဖြစ်ရန် ကြိုးစားမည်ဟု ကိုညီညီတစ်ယောက် ဆုံးဖြတ်ထားသော်လည်း လက်တွေ့ အင်ဂျင်နီယာ ဘွဲ့လက်မှတ်ရရှိပြီးချိန်တွင် လုပ်ငန်းခွင်နှင့် ရင်းနှီးသော အငွေ့အသက် မရှိသည့် အတွက် ပြင်ပသင်တန်းများ၏ အကူအညီကို အားကိုးခဲ့သည်။
ယင်းကြောင့်ပင် ရန်ကုန်နှင့် မန္တလေးမြို့ ကြီးများတွင် သင်တန်းမျိုးစုံ အပြိုင်အဆိုင် ပေါ်ပေါက်လာသည်။ အလုပ်အကိုင် အခွင့်အလမ်း လွယ်ကူခြင်းနှင့် ဝင်ငွေကောင်းခြင်း တို့ကြောင့် လူငယ်အများ စုဆုံပြုံတိုးနေသော သင်တန်းများတွင် စာရင်းကိုင်သင်တန်း (LCCI/ACCA)၊ ကွန်ပျူတာ သင်တန်း၊ အင်ဂျင်နီယာ သင်တန်း၊ ဟိုတယ်နှင့် ခရီးသွားသင်တန်း အချို့နှင့် ဘာသာစကား သင်တန်းအချို့ တို့က ထိပ်ဆုံး၌ပါဝင်ခဲ့သည်။
"အခု အင်္ဂလိပ်စာသင်နေတာက အလုပ်လုပ်မယ်ဆို အကူအညီဖြစ်မယ် ထင်လို့ပါ။ ကိုယ်ရမယ့်ဘွဲ့နဲ့ စိတ်ဝင်စားတဲ့ အလုပ်က တခြားစီဆိုတော့ ကျောင်းပြီးရင် သင်တန်းတွေ ထပ်တက်ရဦးမယ်" ဟု နေ့ကျောင်းတက္ကသိုလ် တက်နေသော တတိယနှစ် ကျောင်းသားတစ်ဦးက ဆိုသည်။
ပြည်တွင်းတွင် လာရောက်ဖွင့်လှစ် နေကြသည့် သင်တန်းများတွင် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ပေးနိုင်သည့် သင်တန်းတို့ကိုသာ လူငယ်များက ပိုရွေးချယ်ကြ သည့်အတွက် အလုပ်အကိုင် လိုအပ် ချက်၊ သင်တန်း နှင့်လူဦးရေ အချိုးမျှတမှု မညီကာ အလုပ်လက်မဲ့များအဖြစ် ပြန်လည် ရောက်ရှိသွားနိုင်သည်။
သင်တန်းများ၏ အရည်အသွေးပိုင်း စစ်ဆေးချက်တွင် အစိုးရ အသိအမှတ်ပြု ထောက်ခံချက် မပါရှိသည့်အတွက် အချို့ သင်တန်းများက ထုတ်ပေးသော အသိအမှတ်ပြု လက်မှတ်များသည် လက်တွေ့ အလုပ်အကိုင်နှင့် အံဝင်မှုနည်းပါးကြသည်။
ထို့အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ အတည်ပြုပြီးနောက် ပြည်ပ ကုမ္ပဏီမျိုးစုံ အလုံးအရင်း ဝင်ရောက် လာပါက အလုပ်အကိုင် လစ်လပ်နေရာများ အတွက် အစိုးရ အသိအမှတ်ပြု ပုဂ္ဂလိက သင်တန်းကျောင်းများ ပိုမိုလိုအပ်သည်။
သို့သော် အလုပ်အကိုင်အကိုင် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းက လွှတ်တော်တွင်းမှာသာ ရှိနေသေးသည်။ မည်သည့်အချိန်တွင် အတည်ပြုလာပြီး
အစိုးရ အသိအမှတ်ပြု သင်တန်းကျောင်းများ ဖွင့်လာနိုင်မည်ကို ကိုညီညီ အပါအဝင် ဘွဲ့ရရှိပြီးသား လူငယ်များ စောင့်ဆိုင်းရုံသာ ရှိသည်။
ပညာရေးစနစ် အားနည်းချက်
လူငယ်များအတွက် ပညာရေးနှင့် အလုပ်အကိုင် တစ်ထပ်တည်း မရှိခြင်းသည် ပညာရေး နိမ့်ပါးမှုကြောင့် ဖြစ်ကြောင်း လက်ရှိမြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲ ရေး ဆောင်ရွက်နေသူတိုင်း ဝေဖန် ထောက်ပြထားသည်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အဆုံးအဖြတ်နှင့် အဆင့်မြင့်ပညာ ဆက်လက် သင်ကြားရ သည့်အတွက် ဝါသနာနှင့် တက်ရောက်သည့် ဘာသာရပ်တက္ကသိုလ်များ လွဲချော်လျက်ရှိကြောင်း အသက် ၂ဝ ဝန်း ကျင် လူငယ်အများစု ထံမှ ကြားနေရသည်။
ဝါသနာနှင့်ပညာရေး လွဲချော်မှု မရှိသော်လည်း လက်တွေ့သင်ကြားရမည့် အဆင့်မြင့် ပညာရေးပိုင်းတွင် လက်တွေ့ အားနည်းသည့် အတွက် ယုံကြည်ချက် ပျောက်နေသူ ကိုညီညီက အသက်အရွယ်တူ လူငယ်ပိုင်း တို့အတွက် တစ်ဆင့်လမ်းညွှန် ပေးရန် ခက်ခဲနေပြန်သည်။
ယခင်က မြန်မာနိုင်ငံ၏ အဆင့်မြင့် ပညာရေးတွင် တက္ကသိုလ်၊ ဒေသကောလိပ် အဆင့်ဆင့် သင်ယူရသည့်အတွက် ပညာသင်ယူမှု ပြီးဆုံးပါက လုပ်ငန်းခွင်ဝင်ရန် အသင့်ဖြစ်ကြကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် တက္ကသိုလ်ပညာရေး မသင်လို သူများသည် အသိအမှတ်ပြု လက်မှတ်ရရှိ ရေးအတွက် ဒေသကောလိပ်များတွင် တက်ရောက်ကြကြောင်း အမေရိကန် နိုင်ငံသား မြန်မာနိုင်ငံတွင် မွေးဖွားသူ ရူပဗေဒပါမောက္ခ ဒေါက်တာဝင်းသာထွေး က ရှင်းပြသည်။
"ပညာရေး ပြောင်းမယ်ဆို လုပ်ငန်း ခွင်လက်မှတ် ပေးနိုင်တဲ့ပညာရေး စနစ်မျိုးလည်း ပြန်သွားရမယ်။ ဆိုလိုတာက ဒေသကောလိပ်တွေ ပြန်ထားပေးဖို့ပဲ" ဟု ၄င်းက ဖြည့်စွက်ပြောကြားသည်။
၂၀၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေး အသိုက်အမြုံ (Asean Economic Community) စတင်ရန် ရှိသေးသည့် အတွက် ပြည်တွင်းရှိ လုပ်ငန်းခွင် သင်တန်းကျောင်းများသည် အစိုးရ၏ အသိအမှတ်ပြု လက်မှတ်များ သာမက အာဆီယံအဆင့် အသိအမှတ်ပြုနိုင်သော အရည်အသွေး ထောက်ခံချက်များ လိုအပ်လာသည်။
ယင်းအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနပိုင်းက ပြင်ဆင်နေသော်လည်း ပညာရေးဝန်ကြီး ဌာနပိုင်းက တက္ကသိုလ်ပညာရေး ကိုသာ အဓိကအားပေးဆဲ ရှိသေးကြောင်း ပညာရေး အသိုင်းအဝိုင်းက ဝေဖန်ကြသည်။
"ပညာရေးနဲ့ ပတ်ဝန်းကျင်ကိုပဲ အပြစ်ပုံချလို့မရဘူး။ လူငယ်တွေ ကိုယ်တိုင် က ကိုယ်ဘာဖြစ်ချင်လဲသိမှ သင်တန်းတွေ လျှောက်မတက်ဖြစ်မှာပါ" ဟု အမျိုးသား စီမံခန့်ခွဲမှုပညာ ကောလိပ်ရှိ ဂျာနယ်လစ်ဇင် ဘွဲ့သင်တန်းတွင် ဘွဲ့လွန်သင်တန်း တက်ရောက် နေသော ကျောင်းသူတစ်ဦးက ဆိုသည်။
စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်လမ်းစ
ဘွဲ့ရရှိပြီးလူငယ်များ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းသည် ပညာရေး စနစ်သာမက နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုပေါ်တွင်လည်း မူတည်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိ လိုင်စင်ရ ရှိထားသော ကုမ္ပဏီ အရေအတွက်သည် တက္ကသိုလ်များမှ နှစ်စဉ်ဘွဲ့ရရှိပြီးသူ ဦးရေ နှင့်ယှဉ်ပါက လိုအပ်ချက်များစွာ ရှိသေးသည်။
ပညာရေးလက်မှတ် တစ်ပွေ့တစ်ပိုက် ကိုင်ဆောင်ထားသူ ကိုညီညီ၏ စိတ်ကြိုက် ရွေးချယ်ထားသော ကုမ္ပဏီက အတွေ့အကြုံ ရှိသူကို ပိုဦးစားပေးခြင်းသည် ကုမ္ပဏီ၏ မူဝါဒနှင့် အလုပ်လိုအပ်ချက် နည်းပါးမှုပေါ် တို့တွင် မူတည်ကြောင်း သာမန်လူငယ် တစ်ယောက်အနေနှင့် မတွေးတတ်ချေ။
"လက်မှတ်(Certificate)တွေက ပေါနေတာပဲ။ အဓိကလိုတာက လုပ်ငန်းခွင် နဲ့ တကယ်အံဝင်ခွင်ကျ ဖြစ်ဖို့ အရေးကြီးတယ်။ လုပ်ငန်းအတွေ့အကြုံ မရှိတဲ့အခါ ကျတော့ ကုမ္ပဏီက သင်တန်းပြန်ပေး တော့ အချိန်ပိုကုန်တယ်" ဟု KME Engineering & Trading ကုမ္ပဏီမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးရန်အောင်က ပွင့်လင်းစွာ ပြောကြားသည်။
လက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံဥပဒေတွင် နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမား၊ အတတ်ပညာရှင် နှင့် ဝန်ထမ်းများ ခန့်ထားရာတွင် လုပ်ငန်းစတင်သည့်နှစ်မှ ပထမနှစ် နှစ်တွင် နိုင်ငံသားအနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်နှစ်တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်းနှင့် တတိယနှစ်နှစ်တွင် အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်ထားရန် ပြဋ္ဌာန်းထားသည်။
အဆိုပါလူငယ်များ၏ အလုပ်အကိုင် လိုအပ်ချက်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ဝင်ရောက်လာပါက အတန်သင့် ပြေလည်သွားမည်ဖြစ်ကြောင်း၊ သို့သော် အာဆီယံဒေသတွင်း စီးပွားရေးအသိုက်အမြုံ အတွက်မူ လုပ်သားဈေးကွက် ယှဉ်ပြိုင်မှုများ ဖြစ်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ်သည်။
ထို့ကြောင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု နည်းဥပဒေတွင် ဒေသတွင်း လုပ်သား စီးဆင်းမှု နည်းပါးလာရန် နိုင်ငံသား ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေး စီမံချက် ဇယားကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးသို့ နှစ်စဉ်တင်သွင်းရန် ထည့် သွင်းထားသည်။
သို့သော် ပြည်ပကုမ္ပဏီများ ဝင်ရောက်မှု နည်းပါးချိန် ပြည်တွင်းကုမ္ပဏီ စုစုပေါင်းကလည်း ၃၅,၈၂၉ သာ ရှိသေးသည့်အတွက် နှစ်စဉ် တက္ကသိုလ်အသီးသီးမှ မွေးထုတ်နေသော ဘွဲ့ရလူငယ် သောင်းချီ၏ အလုပ်အကိုင် ရရှိမှု အခက်အခဲက ပြေလည်မှု မရှိသေးချေ။
ကြိုးစဆွဲထုတ်မည့် လူငယ်များ
အထုံးမဖြေသေးသော ပြဿနာ များနှင့် ရင်ဆိုင်နေရသည့် လူငယ်များ အတွက် အလုပ်အကိုင်ရရှိရေးက ထွက်ပေါက်ဖြစ်သည်။ ထို့ကြောင့် အလုပ်ရရေး အတွက် မည်သည့်သင်တန်းမဆို တက်ရောက်ကြတော့မည်။
ယင်းသို့ သင်တန်းများ တက်ရောက် ရန် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ပုဂ္ဂလိက ကဏ္ဍပိုင်း၏ အဖြေထုတ်ပြန်ချိန် (အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း)သည် တရွေ့ရွေ့ နီးကပ်လာပြီး အလုပ်အကိုင်ရရှိရေး စောင့်ဆိုင်းနေသူ လူငယ်များအတွက် ရင်ခုန်နှုန်းက တဒိတ်ဒိတ်မြန်လာသည်။
တစ်ဖက်တွင်လည်း ပြည်တွင်း စီးပွားရေးချိန်ကိုက်ဗုံး၏ ကြိုးစ (နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ)ကို အစိုးရက အတည်ပြု မီးညှိပြီးသည့်အတွက် တက္ကသိုလ် ဘွဲ့ရလူငယ်များ ကိုယ်ပိုင်အရည်အသွေးကို ကိုယ်ကိုယ်တိုင် မြှင့်တင်ရန်သာ လိုအပ်တော့သည်။
မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၂၈ နှစ်ကြား လူငယ်ထု ၄၀ ရာခိုင်နှုန်း အတွက် လေ့ကျင့် ပညာသင်ကြားပေးမှု မပြုလုပ်နိုင်ပါက လူဦးရေ ကျိန်စာအဖြစ် လွယ်လင့်တကူ ပြောင်းလဲသွားနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် လက်ထောက် စီးပွားရေး ပညာရှင်ချုပ်က The Voice နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထောက်ပြသုံးသပ် ခဲ့ဖူးသည်။
ကြိုးအထုံးဖြေရန် ယုံကြည်မှု ပျောက်နေသောလူငယ်များ လူဦးရေကျိန်စာ မသင့်ရေး ပညာရေးနှင့် အလုပ်အကိုင် ပူးတွဲချိတ်ဆက်ရပါမည်။
ဘွဲ့ရပြီးစ ပထမဆုံးအလုပ်တွင် ကြုံတွေ့ခဲ့သော လုပ်ငန်းအတွေ့အကြုံအပေါ် ရင်ခုန်ခဲ့ဖူးသည့် ကိုညီညီသည် အင်တာဗျူး တွင် မိမိအရည်အချင်းလက်မှတ်များကို ငြင်းပယ်ခံရမှု အတွက်လည်း စိတ်ကုန်ခဲ့ရသည်။
အင်တာဗျူးခန်းက ထွက်ပြီးပြီးချင်း "ဘာအလုပ်မှ ထပ်မလုပ်တော့ဘူး" ဟု စိတ်အား လျှော့ချလိုက်သည်။
Credit To The Voice Weekly
Post a Comment