Sunday, July 21, 2013

သုံးနှစ်သား အခင်းအကျင်း



ကယ်ဆယ်ရေး စခန်းများမှ ရခိုင်တိုင်းရင်းသား ဒုက္ခသည်များ လုံးချင်းအိမ်များသို့ ဇူလိုင် ၁၉ ရက်က ပြောင်းရွှေ့နေစဉ် (ဓာတ်ပုံ - သန်းလှိုင်)
CP ကြက်သား ၄၅ ရက် အမြန်ကြီးထွားမှုကို စားသုံးနေရ၏။ ပြည်သူလူထုသည် ဒီမိုကရေစီ အမြန်ကြီးထွားမှု၊ အရှိန်ပြင်းပြင်း လျှောက်လှမ်းခြင်းအား ဂရုတစိုက် ငေးကြည့်နေသည်။ အမျိုးမျိုးသော အခက်အခဲ အနှောင့်အယှက်များကို သည်းခံ၍ နောက်ကြောင်းပြန်လှည့် မသွားစေလိုသော ဆန္ဒဖြင့် နေရိပ်ကို နေပူက စောင့်နေကြသည်။ ၂၀၁၀ အစိုးရသည် သုံးနှစ်သားပင် ရောက်ရှိနေပြီး သတ္တမအကြိမ် လွှတ်တော်ညီလာခံအထိ ဥပဒေတွေကို ပြင်ဆင်နေသော်လည်း ပြည်သူလူထုဘက်ကို မငဲ့ဘဲ ခရိုနီနှင့် လူနည်းစုတို့အတွက် အားပြုရေးဆွဲနေသလို ဖြစ်နေပြန်သည်။ အမှီအခိုကင်းစွာ ပြည်သူလူထုဘက်မှ ဘာကြောင့်မရပ်တည်နိုင်သလဲ ဆိုသောအချက်သည် စဉ်းစားစရာဖြစ်သလို တွေးတောချင်စရာလည်း ဖြစ်လာ၏။
ကော်မရှင်တွေ ဖွဲ့သည်။ စုံစမ်းရေးတွေ လုပ်သည်။ တခြားအင်အားကြီးနိုင်ငံကို ဦးတည်သော နိုင်ငံပြဿနာက ပြည်တွင်းကုမ္ပဏီဖြင့် ထိပ်တိုက်တွေ့ဆုံခဲ့ရသည်။ ဒီပြင် မြန်မာနိုင်ငံသားချင်း ပဋိပက္ခ ငြင်းခုံမှုက သွေးကွဲတဲ့အထိ တစ်ဦးနဲ့တစ်ဦး မတူညီသော အမြင်များဖြင့် လမ်းကြောင်းများ သွေဖည်သွားကြသည်။ စည်းလုံးခြင်းက တဖြည်းဖြည်းေ၀၀ါးလာခဲ့သည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကလည်း တစ်ထောင့်တစ်ည ပုံပြင်လို ရှည်လျားနေ၏။ လက်ပံတောင်းတောင် ပြဿနာလို ကချင်အရေးကလည်း အတင်းအပျော့ အနုအရင့် ခေါင်းခဲစရာ ကိစ္စတွေ။ အဲဒီလိုနဲ့ ဘာသာရေး ပဋိပက္ခတွေကလည်း မြို့ကြီးမြို့ငယ် အနည်းငယ်မှာ ဖြစ်ပွားခဲ့သလို ရခိုင်အရေးကလည်း ခုထိလောင်ကောင်းတုန်းဟု ဆို၍ရပါသည်။ မလေးရှားအထိ မီးကကူးစက်သွား၏။ အကြမ်းဖက်မှုများကို မလေးရှား အစိုးရဆီက မြန်မာအစိုးရကို ပညာသားပါပါ မြန်မာပြည်၏ ပြည်တွင်းပြဿနာ သူတို့ဆီမှာ လာဖြစ်သည်ဟု အမြင်ဖြင့် ခေါင်းရှောင်၍ ကိုယ့်တာဝန်ကိုယ် ယူစေချင်နေပြန်သည်။
ဒီမိုကရေစီ ကျင့်သုံးစ ကျွန်တော်တို့ နိုင်ငံအတွက် လျင်မြန်စွာ ကြီးထွားဖို့က အလောတကြီး ဆောင်ရွက်၍ မရ။ ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံတစ်ခု အနေဖြင့် ပြည်သူလူထုက အစိုးရကို ဝေဖန်ခွင့် ရှိသည်။ ဆန္ဒပြခွင့် ရှိသည်။ သို့ရာတွင် ဝေဖန်သူ ဆန္ဒပြသူကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ အတွေးအခေါ်နှင့် လွတ်လပ်ပွင့်လင်း ရိုးသားကာ အဂတိ ကင်းစင်ပြီး အမှီအခို ကင်းဖို့တော့ လိုပါသည်။
ဒီမိုကရေစီအား ပြည်သူများ သေချာမသိ နည်းမလည်သေးဟု ကျွန်တော်ယူဆမိ၏။ ထို့နောက်ပြီး အစိုးရ အဖွဲ့အစည်းထဲမှာရော နားမလည်ဘဲ ရောယောင်နေတာ ရှိနေသေးသလားဟူသော မေးခွန်းက ပြည်သူလူထုဘက်က မေးရမည့် မေးခွန်းဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် ထင်ခနဲရှိတိုင်မည် တကဲကဲလုပ်နေသော ပြည်သူလူထုနှင့် တိုင်စာကိုဖတ်ပြီး ပြဿနာရပ်တိုင်းကို စုံစမ်းရေး ကော်မရှင်များ ဖွဲ့နေသော အစိုးရဖြင့် လိုက်ဖက်လွန်းလှပါသည်။
ပြည်သူတချို့က လမ်းပေါ်တက် ဆန္ဒပြကြသည်။ လူတန်းစားမျိုးစုံတော့ မပါဝင်။ တောင်သူတို့က သူတို့မြေပြဿနာကို တိုက်ရိုက်ဖြေရှင်းသည်။ ဆန္ဒပြခြင်းက ၂၀၁၀ နောက်ပိုင်း ရုပ်လုံးပြ ထင်ပေါ်ကျော်ကြားမှု တစ်ခုလို ရှေ့ထွက်ပြခြင်းမျိုး ဖြစ်နေသည်။ အကုန်လုံးကိုတော့ မဆိုလိုပါ။ ဒီကြားထဲ (ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅)တွေကလည်း ပြန်လည်အုပ်စိုးဖို့ နောက်ကြောင်းပြန်လှည့်ရန် ကြိုးစားနေသည့် ခြောက်လှန့်မှုလို ဖြစ်နေသည်။
ပွဲကမပြီးသေး။ ၅(ည)ကိုပင် ဆက်လက်ထားရှိ နေသေးသည်။ ဒီလိုပြည်တွင်း ရှုတ်ထွေးမှုတို့၏ တရားခံက အခုထိ အကောင်အထည် မဖော်သေး။ ပွင့်လင်းမြင်သာမှု မရှိသေး။ ဒီလိုဆိုလျှင် အကောင်အထည် မဖော်ပြနိုင်လျှင် ယုံကြည်မှုအား ပြည်သူလူထုက မည်ကဲ့သို့ တည်ဆောက်မည်နည်း။ ကျွန်တော်တို့ အားကိုးသော NLD အမတ်တွေကလည်း လွှတ်တော်ထဲတွင် ကန့်ကွက်မဲပင် အသံမထွက်အောင် တိတ်ဆိတ်စွံ့အနေသည်။
ပြည်သူလူထုကလည်း အီဂျစ်လို မကြာသေးခင် ကာလကကဲ့သို့ နောက်ပြန်လှည့်သွားမှာကို မလိုလား။ ကာလကြာရှည် သွားမှာကို စိုးရိမ်နေသည်။ ယခု ကျွန်တော်တို့ကို အုပ်ချုပ်နေသော ၂၀၁၀ အစိုးရက တပ်မတော်အစိုးရကို ဆက်ခံတဲ့ အရပ်သားအစိုးရ တစ်ပိုင်းပဲ ရှိသေးသည်။
သုံးနှစ်သား အခင်းအကျင်းက နုနယ်လွန်းလှသေးသည်။ သို့သော် ရှုပ်ထွေးလွန်း၏။ ထို့ကြောင့် တစ်ဦးနဲ့တစ်ဦး ကတိသစ္စာ တည်မြဲ၍ ပြည်သူလူထုကို ငဲ့ကွက်ပြီး ဒီမိုကရေစီလမ်းအား တူညီပြိုင်တူတည်ဆောက်လျှင် ရိုးသားမှုက နားလည်မှု ပေးလိမ့်မည်။ ထိုအခါ ယုံကြည်မှုသည် ပြည်သူလူထုအပေါ် တာဝန်ယူလိုစိတ်များ ဖြစ်ထွန်း၍ ပြည်သူလူထု၏ ယုံကြည်မှုများကို ရရှိသော အစိုးရဖြစ်မည်မှာ အမှန် . . . . .
ဘာသာရေး ပဋိပက္ခများကို အခြေပြု ဖြစ်ပွားလာသော ပြဿနာတွေကို လူထုက အားစိုက်ဂရုပြုမှု အားနည်းလာတာတော့ အမှန်။ ထိုဘာသာရေး ပဋိပက္ခ ဖြစ်ပေါ်ရာ မြို့အသီးသီးတို့မှာလည်း သူစိမ်း၊ မျက်နှာစိမ်းများ လာရောက်လှုံ့ဆော်၍ ဖြစ်ပွားခဲ့သည်ဟု မြို့ခံတချို့ ပြောကြားမှုကြောင့် သိရ၏။ ယခုထိ အဓိကပင်မကို ရှာဖွေမရသေး။ ပြည်သူလူထုက ထိုကဲ့သို့သော အစိုးရအား မည်ကဲ့သို့ ယုံကြည်ကိုးစား ရမည်နည်း။ ဒီမိုကရေစီ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ဥပဒေသည် ပြည်သူ့လက်ထဲတွင် ရှိသည်။ အခုတော့ အစိုးရက ပြည်သူ့အသံကို မကြားဟန်ပြုပြီး ချုပ်ကိုင်ထားသည်။
ဗုဒ္ဓဘာသာနဲ့ အကြမ်းဖက်မှုကို Time မဂ္ဂဇင်းက ပူးတွဲဖော်ပြခဲ့တာတောင် ဗုဒ္ဓဘာသာထုသည် နူးညံ့သော အသိဖြင့် ပြဿနာကို ထပ်မံမရှုပ်ထွေးစေဘဲ တုံ့ပြန်ခဲ့သည်။ "ဒီလို အခြေအနေတွေမှာ နိုင်ငံတကာက ဘင်္ဂါလီပြဿနာကို ရှေ့တန်းတင်ရာကနေ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်အကြား ပြဿနာ ဖြစ်လာရတယ်။ ဒီကနေ မွတ်စလင် ပြဿနာက နိုင်ငံတကာမှာ မြန်မာအတွက် နစ်နာစရာ ဖြစ်လာတယ်။ ဖန်တီးသူက အာဏာရှင်စနစ် လိုလားသူ တစ်စုချည်းတော့ မဟုတ်ပါဘူး။ စူပါပါဝါတွေ အာရုံစိုက်ခံရတဲ့ နိုင်ငံတစ်နိုင်ငံမှာ အန္တရာယ်ဆိုတာ ဘက်ပေါင်းစုံက ရှိနေတာပဲ" ဆရာသန်းထွဋ်အောင်၏ ပြောပြချင်ပါတယ် ဆောင်းပါးမှ ကောက်နုတ်ချက်ပါ။
ထိုကဲ့သို့ အရိပ်လက္ခဏာများ ရှိနေ၏။ ကိုယ်ကိုယ်တိုင် ဆင်ခြင်တုံတရားကြီးစွာ ဂရုစိုက်ရမည်။ ရှုပ်ထွေးသော ပြဿနာများက မထင်သည့်ထောင့်များမှာ ၀င်ရောက်လာနိုင်သည်။ အန္တရာယ် ရနံ့သည် မြန်မာပြည်ကို လမ်းကြောင်းပါ ပြောင်းသွားနိုင်သည်။
ထို့အပြင် ယခုအခြေအနေတွင် ပြဿနာပေါင်း သောင်းခြောက်ထောင်၌ ပြည်သူလူထုဖြစ်ရဲ့နဲ့  စစ်သားငြိစွန်းသော ပြစ်မှုတွေကလည်း ရှည်လျားနေသည်။ ပြည်န၀ဒေး တံတားအောက်က လူသတ်မှု အသံပင် မကြားရတော့။ ထိုကဲ့သို့ အမျိုးမျိုးအဖုံဖုံ။ ဒီကြားထဲ အရွယ်မရောက်သေးသောသူကို အဓမ္မပြုကျင့်တာ၊ ဖအေက သမီးကို အဓမ္မပြုကျင့်တဲ့ သတင်းတွေလည်း ကောလာဟလ မဟုတ်ဘဲ အမြဲဖတ်နေရသည်။ ကပေါက်တိ ကပေါက်ချာ ဖြစ်ရပ်များက ပြည်သူလူထု၏ စိတ်ပိုင်းဆိုင်ရာ လူမှုရေး အသိကိုပါ တိုက်စားဖျက်ဆီးခြင်း ခံလိုက်ရပြီလားဟု သံသယ ဖြစ်မိသည်။
ဗုဒ္ဓဘာသာနဲ့ သံဃာတွေကို အကြမ်းဖက်ဝါဒနဲ့ နှိုင်းယှဉ်တာ၊ ဗုဒ္ဓဂါယာ ဗုံးခွဲတိုက်ခိုက် ခံရတာ။ မလေးရှားက မြန်မာတွေ အသတ်ခံရတာ။ ထိုကဲ့သို့သော ပြဿနာတွေနဲ့ သုံးနှစ်သား အစိုးရကို ပြည်သူလူထုက ဘယ်လိုယုံကြည်မှာလဲ။ သူတို့က ဘယ်လိုကာကွယ် ပေးနိုင်မှာလဲ။ နဂိုမူတွေတန်းလန်း အခုပြဿနာက ကျွန်တော်တို့ အားကိုးရာ ဗုဒ္ဓတရားတော်ပဲ ရှိတော့သည်။
တကယ်ဆိုလျှင် ၂၀၁၅ နဲ့ဆိုလျှင် တစ်နှစ်ကျော်ပဲ ဒီအစိုးရအတွက် အသက်ကျန်တော့သည်။ တပ်မတော် သိမ်းဆည်းထားသောမြေနှင့် ပတ်သက်၍ တိုင်းဌာနချုပ်အလိုက် သိမ်းဆည်းခံ မြေယာများအတွက် တောင်သူများ နစ်နာမှု မရှိစေရန် ဆောင်ရွက်နေကြောင်း သိရသည်။ သို့သော်လည်း ယခုမိုးဦးကျကျော်တဲ့အထိ တောင်သူတို့ မြေမဲ့ယာမဲ့ ဒုက္ခက ဝေလည်းမွှေး ကြွေလည်းမွှေး ဖြစ်နေပြန်။
ပြီးတော့ ၅(ည)အပါအ၀င် ဥပဒေပါ ပြစ်ဒဏ်များ လျှော့ချမည် မဟုတ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက ထပ်မံတိုးမြှင့်ခြင်း၊ ထပ်မံလျှော့ပေါ့ခြင်း မရှိကြောင်းကို လွှတ်တော်၌ ပြောကြားခဲ့ပြီး ဖြစ်သည်။ မျိုးစောင့်ဥပဒေကလည်း အတည်ပြု ပြဋ္ဌာန်းဖို့ ရှိလာပြန်သည်။ ကန့်ကွက်မှု၊ ထောက်ခံမှု လူ့အခွင့်အရေး ချိုးဖောက်မှု ရှိနေသည်ဟူသော သဘောထား ကွဲလွဲမှု ဝေဖန်မှုများဖြင့် ဆွေးနွေးနေကြဆဲ ဖြစ်သည်။
ဆရာမ သန်းမြင့်အောင်ကတော့ မျိုးစောင့်ဥပဒေ ရေးဆွဲရာ၌ အမျိုးသမီးများ ပါဝင်သင့်သည်ဟု ဝေဖန်အကြံပြုထားသည်။ နာယက ဆရာတော် ဦးအဂ္ဂညာဏက အမျိုးဘာသာ၊ သာသနာနဲ့ ပတ်သက်၍ ဟောပြောတဲ့အခါ မည်သည့်ဘာသာကိုမှ မထိခိုက်အောင် တစ်ပါးသူတွေ စိတ်အနှောင့်အယှက် မဖြစ်အောင် အထူးစောင့်စည်းပြီး ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို ရှေ့တန်းတင်ထား၍ သက်ဝင်ယုံကြည်အောင် ဟောပြောဖို့ လိုအပ်ပါတယ်။ တပည့်တော်တို့အားလုံး အစွန်းလွတ်အောင်နေပြီး ဖြောင့်မှန်သောတရားကို ရှေးရှုပြီး ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်" ဟု မိန့်ကြားသည်။
"ဘာသာတရားကို ကာကွယ်တာဟာ အဓိကက ယုံကြည်မှုပဲ။ ဒီဘာသာကို လိုက်စားသူတွေရဲ့ ယုံကြည်မှု ခိုင်မာရင် ဘယ်အရာကမှ ဘယ်သူကမှ လာလှုပ်လို့ မရဘူး" အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ မြန်မာပြည်သူလူထု ဗုဒ္ဓဘာသာဝင်တိုင်း မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး အထူးဂရုပြု စဉ်းစားသင့်ပါသည်။ ၂၀၁၅ အတွက် ယခုသည် ဒီမိုကရေစီ လမ်းကြောင်း၌ အရေးကြီးသော အချိန်ဖြစ်သည်။ တစ်ဦးနဲ့တစ်ဦး စောင့်ကြည့်နေတာ ဖြစ်နိုင်သလို ယုံကြည်မှု တည်ဆောက်နေတာလားဟု တွေးခဲ့သည်။
သတင်းမီဒီယာ ဥပဒေကိုလည်း အမျိုးမျိုးဝေဖန် ကန့်ကွက်နေသည့်ကြားက ထွက်ပေါ်လာပြန်သည်။ စတုတ္ထမဏ္ဍိုင်ကို ရိုက်ချိုးလိုက်တာလားဟု ယူဆရမလို ဖြစ်နေသည်။ မီဒီယာဥပဒေကို ကျွန်တော်ကိုယ်တိုင် လက်မခံပါ ကန့်ကွက်ပါသည်။ ချုပ်ကိုင်ရန်အတွက် ပြင်ဆင်ထားသော ဥပဒေဖြစ်သလို သက်ဆိုင်ရာ လောကသားတို့၏ သဘောထား မပါသော ဥပဒေဖြစ်သောကြောင့် ဖြစ်သည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဆိုသည့် မဏ္ဍိုင်ကြီးသုံးခုက မီဒီယာအား ဖိနှိပ်ထားသည်ဟု မြင်တွေးမိသည်။ မီဒီယာလောကသားတို့ စာပေအနုပညာရှင်များ စာနယ်ဇင်း အပေါ်တွင် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် တစ်ဖက်နှင့်တစ်ဖက် ညှိခြင်း Check and Balance မရှိ။ အမှီအခိုကင်းသော ပုဂ္ဂလိက မီဒီယာများအပေါ် ချုပ်ကိုင်ခြင်းများ ပြုလုပ်ရန်အတွက် ထိုဥပဒေကို ရေးဆွဲခြင်း ဖြစ်သည်။ မီဒီယာနှင့် အမှန်တရားသည် ရေပြင်ညီမျဉ်းပေါ်တွင် ရှိသည်။ ဒုဝန်ကြီးက ကွန်ရက်တို့၏ လှုံ့ဆော်မှုကြောင့် ကြီးထွားခြင်း ဖြစ်နိုင်သော်လည်း တရားဝင် ပြည်တွင်းမီဒီယာသားတို့၏ ပုံကြီးချဲ့မှုကြောင့်ဟု အသံထွက်လာသည်။ လုံးဝမဟုတ်ပါ။ မမှန်ကန်ပါ။
ဒေါက်တာဆိတ်ဖွားသည်ပင် အစိုးရက မဖော်ထုတ်နိုင်။ အမှောင်ထဲက ခဲနဲ့ထုသူကို မဖော်ထုတ်ဘဲ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ အမှောင်ထဲမှ ခဲနဲ့ထုသူများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးပြီး တရားဝင် မီဒီယာ လောကအား ချိုးနှိမ်ဖိထားသည်။ အမှောင်လောကကို အရေးမယူဘဲ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးပါက မြန်မာနိုင်ငံ ရှေ့ဆက်ရမည့် အရေးသည် မလွယ်ကူ။
ဒီမိုကရေစီ နိုင်ငံများတွင် ဂုဏ်သိက္ခာအတွက် တာဝန်ယူခြင်းသည် နုတ်ထွက်ခြင်း ဖြစ်ပါသည်။ ဘယ်သူတွေ သတ္တိရှိရှိ တာဝန်ယူ နုတ်ထွက်လဲ။ ဒီမိုကရေစီနိုင်ငံ ဖြစ်သည့်အလျောက် ဒီမိုကရေစီနှင့်အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြင်ဆင်ရေးဆွဲရန် လိုအပ်သည်။ ထိုသို့ ပြင်ဆင်နိုင်မှ နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးက ပိုမိုလျင်မြန် သွက်လက်မှာ အသေအချာ။
သုံးနှစ်သား အခင်းအကျင်းက နုနယ်လွန်းလှသေးသည်။ သို့သော် ရှုပ်ထွေးလွန်း၏။ ထို့ကြောင့် တစ်ဦးနဲ့တစ်ဦး ကတိသစ္စာ တည်မြဲ၍ ပြည်သူလူထုကို ငဲ့ကွက်ပြီး ဒီမိုကရေစီလမ်းအား တူညီပြိုင်တူတည်ဆောက်လျှင် ရိုးသားမှုက နားလည်မှု ပေးလိမ့်မည်။ ထိုအခါ ယုံကြည်မှုသည် ပြည်သူလူထုအပေါ် တာဝန်ယူလိုစိတ်များ ဖြစ်ထွန်း၍ ပြည်သူလူထု၏ ယုံကြည်မှုများကို ရရှိသော အစိုးရဖြစ်မည်မှာ အမှန်။
 Written by တိုးနှောင်မိုး
Credit To Eleven Journal

Related Articles:

Post a Comment