Sunday, July 21, 2013

အမေရိကန် နိုင်ငံရေးစနစ်နှင့် ၂၀၁၅ အိပ်မက် သမိုင်းတစ်ကွက်


(မှူးဇော်)

အမေရိကန်နိုင်ငံရေးစနစ်

အမေရိကန်ပြည်ထောင်စု၏ ၁၇၇၆ ခုနှစ်လွတ်လပ်ရေး ကြေညာစာတမ်းနှင့် ၁၇၈၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတို့သည် ရာစုနှစ်နှင့်ချီ၍ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အမေရိကန် နိုင်ငံရေးစနစ် တိုးတက် ပြောင်းလဲလာမှုတို့၏ အုတ်မြစ်အဖြစ် ဆက်လက်တည်တံ့နေဆဲ ဖြစ်သည်။ အမေရိကန်သမ္မတ အဆက်ဆက် အပြောင်းအလဲတွင် ယင်းပြဋ္ဌာန်းချက်များကို မည်သို့ နားလည်သဘောပေါက်သည်၊ မည်သို့ဖွင့်ဆိုသည်၊ မည်သို့လိုက်နာ ကျင့်သုံးသည် စသည်တို့အပေါ် မူတည်၍ နိုင်ငံရေးစနစ် အသွင်သဏ္ဌာန်များ ပြောင်းလဲလာခဲ့ကြောင်း ပညာရှင်များက ဆိုသည်။

အမေရိကန်နိုင်ငံရေးစနစ် အပြောင်းအလဲများကို လေ့လာရာတွင် အခြေပြုရမည့်အချက် သုံးချက်ရှိရာ (၁) အမေရိကန်သမ္မတများ အနေနှင့် အုပ်ချုပ်ရေးအာဏာကို မည်သို့နားလည် သဘောပေါက်သည်၊ အခြားသော ဥပဒေပြုရေးနှင့် တရားစီရင်ရေး တို့ကလည်း မည်သို့နားလည် သဘောပေါက် သည်ဟူသော အချက်၊ (၂) အမေရိကန် နိုင်ငံရေးစနစ်နှင့် အခြေခံဥပဒေဆိုင်ရာ အခင်းအကျင်းကို ပြောင်းလဲစေခဲ့သော အရေးပါသည့် အချိန်ကာလများတွင် သမ္မတများ မည်သည့်အခန်းကဏ္ဍကို ရယူ ဆောင်ရွက်ခဲ့သနည်း၊ (၃) သမ္မတများ၏ အုပ်ချုပ်ရေးအာဏာ ကျင့်သုံးမှုတို့တွင် မည်သည့်အချက်များ တူညီ၍ မည်သည့်အချက်များ ကွဲပြားလာသနည်း ဟူ၍ဖြစ်ကြောင်း သိရှိ ရသည်။

ထို့ကြောင့်လည်း အမေရိကန် နိုင်ငံရေးသိပ္ပံ ပညာရှင်များနှင့် အခြေခံဥပဒေ ကျွမ်းကျင်သူများက အမေရိကန် သမ္မတများ၏ သမိုင်းသည် အမေရိကန် နိုင်ငံရေးစနစ်၏ သမိုင်းပင် ဖြစ်သည်ဟု အဖြေထုတ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်အာဏာ

အမေရိကန်ပြည်ထောင်စု၏ ဒုတိယဘုရားသခင်ဟု ရည်ညွှန်းထားရှိသည့် သမ္မတဂျော့ဝါရှင်တန်သည် ၁၉၇၃ ခုနှစ်တွင် ပြင်သစ်နှင့် ဗြိတိန်နှစ်နိုင်ငံအကြား တင်းမာမှုများတွင် မည်သည့်ဘက်ကိုမှ ရပ်တည်မည် မဟုတ်ဘဲ ကြားနေအဖြစ် ရပ်တည်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ နောက်သမ္မတများဖြစ်သော သောမတ်ဂျက်ဖာဆင်နှင့် ဂျိမ်းမက်ဒီဆင်တို့က ဝါရှင်တန်၏ တစ်ဖက်သတ် ဆုံးဖြတ်ချက်သည် အခြေခံဥပဒေနှင့်မညီ။ အဆိုပါဆုံးဖြတ်ချက်သည် စစ်ဆင်နွှဲခြင်းမပြုဟု ဆုံးဖြတ်ခြင်း ဖြစ်သည်။ အမှန်စင်စစ် စစ်ပွဲဆင်နွှဲရေးနှင့် သက်ဆိုင်သော အဆိုပါ ဆုံးဖြတ်ချက်မျိုးကို ကွန်ဂရက်ကသာ လုပ်ပိုင်ခွင့်ရှိသည်ဟု ကောက်ချက်ဆွဲခဲ့ကြသည်။

သို့သော် အမေရိကန်ပြည်ထောင်စု၏ ခေါင်းကိုင်ဖခင် တစ်ဦးဖြစ်သည့် ဟန်မီတန်ကမူ ဂျော့ဝါရှင်တန်၏ ဆုံးဖြတ်ချက် မှန်ကန်သည့်ဘက်မှ ရပ်တည်ခဲ့သည်။ စစ်ကြေညာခြင်းကို ကွန်ဂရက်၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ရမည်မှာ မှန်သော်လည်း စစ်ပွဲတွင် ကြားနေသည့် ဆုံးဖြတ်ချက်ကိုမူ အုပ်ချုပ်ရေး အာဏာပိုင်ဖြစ်သော သမ္မတက လုပ်ပိုင်ခွင့် အပြည့်အဝ ရှိသည်ဟု ၎င်းကဆိုသည်။ အခြေခံဥပဒေက သီးခြားပြဋ္ဌာန်းထားခြင်း မရှိစေကာမူ အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးကို ရယူထမ်းဆောင်ရာ၌ ဆောင်ရွက်သင့်သည့် အရာမှန်သမျှ ဆောင်ရွက်ရမည်သာ ဖြစ်ကြောင်း ၎င်းကဆိုသည်။ အဆိုပါဂျော့ဝါရှင်တန်၏ ဆုံးဖြတ်ချက် အခြေခံ ဥပဒေနှင့်ညီ-မညီဟူသော အချက်မှာ နိုင်ငံရေးသိပ္ပံပညာရှင် များနှင့် အခြေခံ ဥပဒေ ပညာရှင်များအတွက် မပြီးပြတ်သေးသော အငြင်းပွားမှု တစ်ရပ်ဖြစ်နေဆဲ ဖြစ်သော်လည်း ကွန်ဂရက်ကမူ ဝါရှင်တန်နှင့် သဘောကွဲလွဲခြင်း မရှိခဲ့ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုမှာ ငြိမ်းချမ်းသော အခြေအနေတွင် တည်ရှိခဲ့သည်။ အရေးပေါ် အခြေအနေ ကြုံတွေ့ရသည့် အချိန်ကာလတွင် သမ္မတ၏ အခွင့်အာဏာဖြင့် ဆုံးဖြတ်ဆောင်ရွက်ပိုင်ခွင့် ရှိသည်ဟူသော အချက်ကို အတည်ပြုပေးလိုက်သည့် အနေအထား ရှိခဲ့သည်။

ယင်းနည်းတူ အမေရိကန်သမ္မတများက အုပ်ချုပ်ရေးအာဏာ၏ လုပ်ပိုင်ခွင့်ဖြင့် ဆုံးဖြတ် ဆောင်ရွက်ခဲ့သော ဖြစ်စဉ်များ အများအပြားရှိခဲ့ပြီး ဂျက်ဖာဆင်၏ လူဝီယားနားပြည်နယ် ဝယ်ယူမှု၊ လင်ကွန်း၏ ဥပဒေနှင့်မညီဘဲ မဖမ်းဆီးရ ကန့်သတ်ချက်ကို ဆိုင်းငံ့မှု၊ ရုစဗဲ့၏ စစ်ပွဲမတိုင်မီ ဗြိတိန်နှင့် ဆိုဗီယက်တို့ကို စစ်ရေးအကူအညီပေးမှု၊ ရေဂင်၏ အီရန်သို့ စစ်လက်နက် ရောင်းချမှုနှင့် နိုင်ကာရာဂွါ သူပုန်များကို စစ်လက်နက် ထောက်ပံ့မှု၊ ဂျော့ဒဗလျူဘုရှ်၏ အီလက်ထရွန်နစ် ထောက်လှမ်းရေး ဆောင်ရွက်ခွင့်ပေးမှု စသည်တို့သည် ထင်ရှားသည့် သာဓကများ ဖြစ်သည်။

အမေရိကန်သမ္မတဟူသည် အမေရိက၏ ထိပ်ဆုံးကပုဂ္ဂိုလ် First Man in America ဟူသော ခံယူချက်ကို ဂျော့ဝါရှင်တန်က လက်ခံခဲ့ပြီး သောမတ်ဂျက်ဖာဆင် လက်ထက်တွင် အမေရိကန်သမ္မတသည် အမေရိက၏ ထိပ်ဆုံးကနိုင်ငံသား First Citizen ဟူသော ခံယူချက်ကို လက်ခံခဲ့သည်။ ဝါရှင်တန်၏ ခံယူချက်မှာ သာမန်ပြည်သူများထက် ပိုမိုကြီးမြတ်သော သဘောကိုဆောင်ပြီး ဂျက်ဖာဆင်၏ ခံယူချက်မှာ သာမန်နိုင်ငံသားများ ရှေ့က နိုင်ငံသားတစ်ဦးဟူသော သဘောကိုဆောင်ကြောင်း တွေ့ရှိနိုင်သည်။ ဟန်မီတန်ကမူ ကျွန်တော်တို့ ပြည်သူတွေ We, The People ဟူသော အခြေခံဥပဒေပါ သဘောထားကို ခံယူခဲ့သူ ဖြစ်သည်။

ယခင်ကအမေရိကန် သမ္မတများသည် အခြေခံဥပဒေကို ထိန်းသိမ်း၊ ကာကွယ်၊ စောင့်ရှောက်ရန် To Preserve, Protect, and Defend the Constitution ဟူ၍ ကျမ်းသစ္စာ ကျိန်ဆိုသည့်အတိုင်း ခံယူခဲ့ကြသော်လည်း နောက်ပိုင်းတွင် Of the People, By the People, For the People ဟူသော ခံယူချက် သဘောထားများ ထားရှိလာခဲ့ကြသည်။ ဂျော့ဝါရှင်တန်နှင့် ဂျွန်အဒမ်တို့သည် ရီပတ်ဘလီကန် သမ္မတများ ဖြစ်ကြပြီး ပြည်သူလူထုသည် အာဏာဆင်းသက်ရာ အန္တိမဟူ၍ လက်ခံထားခဲ့သော်လည်း ပြည်သူများ၏ လွတ်လပ်မှုကို ဆောင်ကြဉ်းရာတွင် အများစုသဘော တူညီချက်အတိုင်း ဆောင်ရွက်ရန် လိုအပ်သည်ဟု ရှုမြင်ထားခဲ့ကြသည်။ သောမတ်ဂျက်ဖာဆင်မှာ ဒီမိုကရက် သမ္မတတစ်ဦးဖြစ်ပြီး ပြည်သူများ၏ လွတ်လပ်မှုကို ကာကွယ်ပေးခြင်းသည် အခြေခံဥပဒေပါ အပြန်အလှန် ထိန်းကျောင်းမှု Constitutional Checks and Balances မဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းဖြင့်သာ ဆောင်ရွက်ပေးရမည်ဟု ယုံကြည်ထားသည်။ အမေရိကန်ပြည်ထောင်စု ဟူသည်မှာ အများစုသဘောဆန္ဒမှ ဥပဒေများ ဖြစ်လာပြီး ယင်းဥပဒေများဖြင့် အုပ်ချုပ်သည့်နိုင်ငံ ဖြစ်သည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။ အုပ်ချုပ်ရေးအာဏာ ဟူသည်မှာ ဤသည်ကို ဆိုလိုကြောင်း ဂျက်ဖာဆင်က အစပြုခဲ့ပြီး သမ္မတအန်ဒရူးဂျက်ဆင် လက်ထက်တွင် ယင်းအယူအဆအတိုင်း ဆက်လက်ဖော်ဆောင်ခဲ့သည်။

အမေရိကန်ဒီမိုကရေစီ

ဆိုရလျှင် အမေရိကန်သမ္မတ များသည် အမေရိကန် နိုင်ငံရေးစနစ် တိုးတက်ပြောင်းလဲမှု၏ ဗဟိုချက်များ ဖြစ်ခဲ့သည်။ ရုစဗဲ့လက်ထက် ဆောင်ရွက်ခဲ့သော New Deal သည် နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေး၌ အုပ်ချုပ်ရေးအာဏာကို ဗဟိုပြု၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် နောက်ခံအနေအထားအရ ရုစဗဲ့သည် အုပ်ချုပ်ရေးအာဏာကို ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့ပြီး တရားရုံးများ၏ သီးခြားလွတ်လပ်မှုကို မြှင့်တင်နိုင်ခဲ့ကာ ဥပဒေပြုရေးမှ အုပ်ချုပ်ရေးတွင် ဝင်ရောက် စွက်ဖက်ခြင်းများကိုလည်း ဖယ်ရှားနိုင်ခဲ့သည်။ ရုစဗဲ့၏ ကြွေးကြော်သံများ ဖြစ်သော Freedom From Want နှင့် Freedom From Fear များကိုလည်း အမေရိကန်ပြည်သူများက ထောက်ခံခဲ့ကြသည်။

ရုစဗဲ့၏ New Deal မှာ အခြေခံဥပဒေပါ တရားရုံးများ၏ လုပ်ပိုင်ခွင့်ကို မထိခိုက်စေဘဲ ပြည်သူများ၏ အခွင့်အရေး၊ ပိုင်ခွင့်များကို တိတိကျကျ ပြန်လည်သတ်မှတ်ခြင်း ဖြစ်သည်ဟု ရုစဗဲ့က ဆိုသည်။ အမေရိကန်ပြည်ထောင်စု ကြုံတွေ့နေရသော ပြဿနာမှာ အခြေခံဥပဒေ မဟုတ်ဘဲ အခြေခံဥပဒေကို မည်သို့မည်ပုံ ဘာသာပြန် ကြသလဲ၊ ကျင့်သုံးကြသလဲ ဟူ၍သာ ဖြစ်ကြောင်း ရုစဗဲ့က ရှင်းလင်းပြောကြား ခဲ့သည်။

ယင်းနောက်ပိုင်းတွင် အမေရိကနှင့် ခေါင်းဆောင်များသည် ရုစဗဲ့၏ New Deal ကို အသက်ဝင်လာပြီး ပိုမိုခိုင်မာလာစေရန် ကြိုးပမ်း အားထုတ်ခဲ့ကြရာ ကမ္ဘာ့စီးပွားရေး၊ ရာသီဥတု ပြောင်းလဲမှု၊ အမိမြေလုံခြုံရေး စသည့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်သည်အထိ လိုက်နာ ဆောင်ရွက်ခဲ့ကြသည်။ ဤသည်မှာ အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီတွင် နိုင်ငံရေး သဘောတရားဟူသည့် သမိုင်းနိဂုံး ချုပ်သွားသည့် အခြေအနေသို့ ရောက်ပြီဟု ယူဆရန် မဟုတ်ပါ။ အမေရိကန် နိုင်ငံရေးစနစ်၏ ဆင့်ကဲ တိုးတက်ပြောင်းလဲ လာခဲ့သော အခြေအနေများသည် အကြမ်းဖက် ခြိမ်းခြောက်မှု၊ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကျပ်အတည်း စသည်တို့ကို ရင်ဆိုင်ဖြေရှင်းနိုင်သည့် အနေအထားသို့ ရောက်ရှိခဲ့ပြီးနောက် ရှေ့ဆက် ဖြစ်ပေါ်လာမည့် စိန်ခေါ်မှုများကိုလည်း အမေရိကန်သမ္မတများက ရင်ဆိုင်ဖြေရှင်း နိုင်စေမည့် အင်စတီကျူးရှင်းများကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ရီပတ်ဘလီကင်နှင့် ဒီမိုကရက်များအကြား၊ ကွန်ဆာဗေးတစ်နှင့် လစ်ဘရယ် များအကြား အိုင်ဒီယာ အငြင်းပွားမှုများမှာ အုပ်ချုပ်ရေးအာဏာကို မည်သို့အသုံးချရမည်ဟူသော အချက်ပေါ်တွင် သဘောထား ကွဲလွဲနေဆဲ ဖြစ်သည်။ ဒီမိုကရက်များက Freedom From Want ကို ဦးစားပေးထားကြရာ သက်သာချောင်ချိရေးကို နိုင်ငံတော်က ဆောင်ကြဉ်းပေးပြီး လွတ်လပ်မှုကို အရှည်တည်တံ့စေမည့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပေးရမည်ဟု ယူဆထားကြသည်။ ရီပတ်ဘလီကင်တို့ကမူ Freedom From Fear ကို ဦးစားပေးပြီးအမိ မြေလုံခြုံရေးသည် ထိပ်တန်းဦးစားပေး ဖြစ်သည်ဟု ခံယူထားကြသည်။

အဆိုပါ အယူအဆ အငြင်းပွားမှုကို ကြည့်လျှင် အမေရိကန်ပြည်ထောင်စုသည် နိုင်ငံသားတို့ အခွင့်အရေးဟူသော စကားရပ်၏ ဖွင့်ဆိုချက်၊ နိုင်ငံသားများကို မည်သို့အကောင်းဆုံး ကာကွယ် စောင့်ရှောက်မည်နည်း ဟူသော အချက်တို့တွင် ကွဲလွဲနေဆဲ ဖြစ်ကြောင်း တွေ့ရှိနိုင်သည်။

မကြာသေးသော သမ္မတများ ဖြစ်ကြသည့် ကလင်တန်နှင့် ဘုရှ်တို့ လက်ထက်များတွင် သမားရိုးကျ အခြေခံဥပဒေ မူဘောင်များ၊ နိုင်ငံရေးပါတီများ၏ မူဘောင်များနှင့် ကွဲလွဲသော အုပ်ချုပ်ရေးကို ဖော်ဆောင် ခဲ့ကြသော်လည်း ဝါရှင်တန် နိုင်ငံရေး အသိုင်းအဝိုင်းနှင့် ပြည်သူလူထုအကြား ဝေဖန်မှုများ အပြင်းအထန် ကြုံတွေ့ခဲ့ရသည်။ ယခုနောက်ဆုံး အိုဘားမား လက်ထက်တွင် သမ္မတအာဏာနှင့် အခြေခံဥပဒေကို အခြေပြုသော ဒီမိုကရေစီတို့ကို ပြန်လည် ပေါင်းစည်းထားသည့် အုပ်ချုပ်ရေး အသွင်သဏ္ဌာန် ထွက်ပေါ်လာခဲ့သည်။ အိုဘားမားသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူ ဥပဒေပညာရှင်တစ်ဦး ဖြစ်ခြင်းကြောင့်လည်း ခေတ်သစ် အမေရိကန်သမ္မတတစ်ဦး၏ ပုံရိပ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ အိပ်မက်သမိုင်းတစ်ကွက်

လက်ရှိ မြန်မာ့ဒီမိုကရေစီသည် လက်ရှိအမေရိကန် ဒီမိုကရေစီနှင့် မျဉ်းတန်းသဘော နှိုင်းယှဉ်ရန် မလွယ်ကူလှသော အနေအထားမှာ ဖြတ်သန်းခဲ့သော သမိုင်းကြောင်း၊ ရရှိခဲ့သည့် အတွေ့အကြုံ၊ ထုတ်ဖော်ခဲ့သည့် သင်ခန်းစာများ စသည်တို့မှာ များစွာခြားနား နေသောကြောင့် ဖြစ်သည်။ လက်ရှိ မြန်မာ့နိုင်ငံရေး၊ မြန်မာ့ဒီမိုကရေစီ နောက်ကြောင်း ပြန်လှည့်ခြင်း၊ မလှည့်ခြင်းသည် မြန်မာ့ဒီမိုကရေစီ မည်သည့် လမ်းကြောင်းကို သွားမည်နည်းဟူသော ပန်းတိုင်က ဦးစွာလာရမည် ဖြစ်သည်။ ၂၀၁၅ အိပ်မက်ကို အနီးဆုံးထား၍ စဉ်းစားကြည့်လျှင်ပင် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများကို ၂၀၁၅ အလွန် ဖြစ်နိုင်ဖွယ်ရာ အခင်းအကျင်းနှင့် ဆက်စပ်ပုံဖော်ကြည့်လျှင် ဒီမိုကရေစီမည်မျှ ခိုင်မာစေမည်ကို မှန်းဆကြည့်နိုင်မည် ဖြစ်သည်။ အမေရိကန်သမ္မတများ၏ သမိုင်းသည် အမေရိကန် နိုင်ငံရေးစနစ်၏ သမိုင်းပင် ဖြစ်သည်ဟု ဆိုသည့်အတိုင်း မြန်မာသမ္မတများ၏ သမိုင်းသည် မြန်မာ့နိုင်ငံရေးစနစ်၏ သမိုင်း ဖြစ်လာမည်သာ ဖြစ်သည်။၂၀၁၅ အိပ်မက်သည် သမိုင်းတစ်ကွက် ဖြစ်လာမည်ဆိုလျှင် ယင်းသမိုင်း တစ်ကွက်သည်ပင် သန်း ၆၀ အတွက် အရေးကြီးလှသော ခြေလှမ်းတစ်လှမ်း ဖြစ်လာပေလိမ့်မည်။

[Ref – The Presidency in the Eye of Storm by Marc Landy and Sidney M. Mikis]
Credit To The Voice Weekly

Related Articles:

Post a Comment