စကားတစ်ခွန်း အမှားအယွင်း
(ဌေးအောင်ကို)
လေလှိုင်းသံ တစ်ခုရဲ့ ဆွေးနွေးခန်း တစ်ခုမှာ ပါတီခေါင်းဆောင် တစ်ဦးက ပြောပါတယ်။ တိုင်းရင်းသားပါတီ တချို့ဟာ ဗမာ မုန်းတီးရေးကို အခြေခံတဲ့ သန္ဓေမမှန်တဲ့ စိတ်တွေ ထားရှိနေ တယ်တဲ့။ ဒီအချက်ကို တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးက အမျိုးသား ပြန်လည် သင့်မြတ်ရေး တည်ဆောက်နေချိန်မှာ ယခုလို သုံးနှုန်း ပြောဆိုလိုက်ခြင်းဟာ မသင့်တော်သလို မှန်ကန်မှုလည်း မရှိကြောင်း ပြောသူရဲ့ သမိုင်းလည်း ဖြစ်သွားနိုင်ကြောင်း ချေပ ပြောဆိုလိုက်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ၂၀၁၀ တုန်းကလည်း ထိုပါတီ ခေါင်းဆောင်ပဲ ပြောဖူးပါ တယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ နိုဘယ်လ်ဆုရှင် တစ်ဦးကို ဝေဖန်ရာမှာ ဒီဆုပေးတာဟာ အနောက်နိုင်ငံ က သူမကို အကောင်ကြီးအောင် လုပ်ပေးလိုက်တာသာ ဖြစ်ကြောင်း၊ ဒါမှ အစိုးရကို ယှဉ်တဲ့အခါ ဝိတ် တစ်ခု ရှိလာမှာ ဖြစ်တဲ့အကြောင်း ဆွေးနွေးခန်း တစ်ခုမှာပဲ ပြောဖူးတာပါပဲ။ ဆုရွေးချယ်ရေး အဖွဲ့ရဲ့ သမာသမတ် မျှတမှုကို ထိခိုက်သလို ဆုလက်ခံ ရရှိသူရဲ့ ဂုဏ်သိက္ခာကိုလည်း အသိအမှတ် မပြုသလို ဖြစ်သွားနိုင်တဲ့အတွက် မုဒိတာပြော ပြောရမှာကို မစ္ဆရိယပြော ပြောသူလို့ အထင်ရောက် သွားနိုင်ပါတယ်။
ယခုလည်း တိုင်းရင်းသားတွေနဲ့ သင့်မြတ်ရေးအတွက် ပြောရမယ့် အချိန်မျိုးမှာမှ ပြောလိုက်တဲ့အခါ ကျတော့ စကားမလှနိုင်တော့ဘဲ မိမိ ပါတီဝင်များ အတွက်ပါ မျက်နှာပူစရာ ဖြစ်ကုန်ပါတော့တယ်။ စကားတစ်ခွန်း အမှားအယွင်းဟာ ကြောက်စရာ ကောင်းလှပါတယ်။
အသွားမတော် တစ်လှမ်းဆိုတာက သွားမိသူ ကာယကံရှင်ကိုသာ ထိခိုက်နိုင်ပါတယ်။ အစားမတော် တစ်လုတ် ဆိုတာကလည်း စားမိသူ ကာယကံရှင်ကိုပဲ အဆိပ်သင့်စေမှာပါ။ အဲ အပြောမတော်တဲ့ တစ်ခွန်းကတော့ဖြင့် မိသားစုအရေး ရပ်ရေး ရွာရေး နိုင်ငံအရေး ကမ္ဘာ့အရေးအထိ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိသွားစေပါတယ်။ မိတ်ဆွေချင်း ကွဲတာ၊ လင်မယားချင်း ကွာတာ၊ ပထမ ကမ္ဘာစစ် ဖြစ်တာ၊ ဒုတိယ ကမ္ဘာစစ် ဖြစ်တာတွေ အားလုံးဟာ စကားမတော် တစ်ခွန်းတွေပါပဲ။
ကြမ်းကျွံရင် နုတ်လို့ရတယ်။ စကားကျွံရင် နုတ်လို့ မရတတ်ပါဘူး။ သတိထားရမယ့် ကိစ္စပါပဲ။ ကျွန်တော်တို့ မြတ်ဗုဒ္ဓက ရာဟုလာကို အကြိမ်ပေါင်း တစ်သောင်း ရှစ်ကြိမ်အထိ ဟောဖော် ညွှန်ပြဖူး တဲ့ စကား ရှိပါတယ်။
ချစ်သား ရာဟုလာ
ဆင်ခြင်၍ ဆင်ခြင်၍ ကိုယ်ဖြင့် ပြုမူရာ၏။
ဆင်ခြင်၍ ဆင်ခြင်၍ နှုတ်ဖြင့် ပြောဆိုရာ၏။
ဆင်ခြင်၍ ဆင်ခြင်၍ စိတ်ဖြင့် ကြံစည်ရာ၏။
ဒီလို စကားကို အကြိမ်ပေါင်းများစွာ ဟောတာတောင်မှ ဆင်ခြင်၍ဆိုတဲ့ စကားလုံးကို တစ်ခါ ဆင်ခြင်ရုံနဲ့ မလုံလောက်လို့ နောက်ထပ် တစ်ခါ ဆင်ခြင်စေပြီးမှ ပြောစေချင်တာကို ထောက်ရှုခြင်း အားဖြင့် လူတွေ အပြောအဆို အပြုအမူတွေ ဘယ်လောက် မှားနေနိုင်ကြမလဲ ဆိုတာကို တွေးကြည့်ရင် သိနိုင်ပါတယ်။
ကျွန်တော် ဒီဆောင်းပါးရေးတာ ပုဂ္ဂလ ဓိဋ္ဌာန် မပါပါ။ အဆိုပါ ခေါင်းဆောင်အနေနဲ့လည်း ကျွန်တော့် ထက် တိုင်းပြည်အပေါ်မှာ ထားရှိတဲ့ စိတ်စေတနာ ပိုလို့သာလျှင် ယခုအသက်အရွယ်အထိ ပါတီခေါင်း ဆောင်အဖြစ် ဆောင်ရွက်နေတဲ့ အပေါ်မှာလည်း လေးစားမှု အပြည့်နဲ့ပါပဲ။
ကျွန်တော့်ကိုယ် ကျွန်တော်တော့ မီဒီယာသမား တစ်ယောက်လို့ ခံယူထားလို့သာ အကျိုးအကြောင်း အဆိုးအကောင်း ဆက်စပ်မှုတွေကို ရေးဖွဲ့ပြနေတာ ဖြစ်ပါတယ်။
တစ်ချိန်က နိုင်ငံခေါင်းဆောင် တစ်ဦးက လက်နက်မဲ့ အပြစ်မဲ့ ကျောင်းသားတွေကိုမှ တုတ်တုတ်ချင်း ဓားဓားချင်း ယှဉ်မယ်လို့ စိန်ခေါ်ခဲ့တဲ့ စကားရယ်၊ စစ်တပ်ဟာ ပစ်ရင် တည့်တည့်ပဲ ပစ်တယ်။ မိုးပေါ် ထောင်မပစ်ဘူး။ ဒီတစ်ခါ ဆူဆူပူပူ လုပ်မယ်ဆိုရင်တော့ မသက်သာဘူးသာ မှတ်ကြပေတော့ ဆိုတဲ့ စကားတွေဟာ ရိုင်းတဲ့သမိုင်း ဖြစ်ခဲ့ပြီ။
၁၉၉၀ ရွေးကောက်ပွဲနေ့မှာ ကိုယ်တိုင် မဲလာပေးတဲ့ နိုင်ငံခေါင်းဆောင် ဆိုသူကို သတင်းထောက်က အကယ်၍ NLD ကသာ အနိုင်ရခဲ့ရင် အာဏာလွှဲပေးမလား မေးတော့ ချက်ချင်း လွှဲပေးလိုက်မှာပေါ့ ဆိုတဲ့ စကားကလည်း ယုံတမ်း စကားတစ်ခုအဖြစ် သမိုင်း တွင်ရစ်ခဲ့ပြီ။
ကျုပ်တို့က ဝန်ထမ်းတွေဗျာ၊ ဖွဲ့စည်းပုံ ရေးဆွဲရေးဆိုတာ ကျုပ်တို့နဲ့ မဆိုင်ဘူး။ နောက်တက်လာမယ့် အရပ်သား အစိုးရက လုပ်လိမ့်မယ်။ ရွေးကောက်ပွဲ ပြီးတာနဲ့ စစ်တန်းလျား ပြန်မယ်ဆိုတဲ့ စကား ကလည်း ကတိစကား မဟုတ်ဘဲ ကလိတဲ့ စကားပဲ ဖြစ်သွားခဲ့ပြန်တယ်။
နိုင်တဲ့ ပါတီက အင်တာဗျူး တစ်ခုမှာ ဖြေတယ်။ ကျွန်တော်တို့ကို အာဏာလွှဲကို ပေးမှာက အသေအချာပဲဗျ။ ဘာလို့လဲဆိုတော့ သူတို့ မြို့နယ် ရုံးတိုင်းမှာ ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်တွေကို ဖတ်ကြည့်ပါလားဗျာ။ တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်လုပ် တပ်မတော်လို့ ရေးထားတဲ့ အတိုင်း လုပ်မှာပါဆိုပြီး မကြာခင်မှာတော့ သူတို့ စတက်ကတည်းက ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်တွေ ဘယ်ရောက်သွားမှန်း မသိအောင်ကိုပဲ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန် ကြပြန်တယ်လေ။
တရားခံဆိုတာ တရားတဲ့လူတွေ ခံရတာကိုသာ ပြောတာလား အောက်မေ့ရတယ်။ ဒီပဲယင်းဆိုတဲ့ ဝါရင့် နိုင်ငံရေးသမားကြီး တစ်ဦး အဆိုအရ ဗိုလ်ချုပ်တို့ ပွဲပြီးရင် ဒုတိယ လုပ်ကြံမှုကြီးပါပဲလို့ တင်စားခံရတဲ့ ၂၀၀၃ မေလ ၃၀ ရက် လုပ်ကြံတဲ့ ပွဲကြီးမှာတော့ စကား မှားတာလား တရားမှား တာလား နှစ်မျိုးစလုံးပဲလား မသိ၊ ခံရသူက တရားခံ ရန်လိုသူက တရားလိုဖြစ် တရားဥပဒေ ဓားမိုးတဲ့ ခေတ်လို့ ပြောရမယ် ထင်တယ်။ တရားလို တရားခံ ပြောင်းပြန် လန်သွားခဲ့တယ်။
အရပ်သား အစိုးရ တစ်ရပ် အနေနဲ့ ဖြစ်ထွန်း ပေါ်ပေါက်လာတဲ့ ဒီဘက် ခေတ်မှာတော့ ဒါမျိုးတွေ မဖြစ်ဘူး ဆိုပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံထဲမှာလည်း နောက်ကြောင်းပြန် သက်ရောက်မှု မရှိစေရ ဆိုထား ပေမယ့် လက်တွေ့ပိုင်းမှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူများရဲ့ နောက်ကြောင်းပြန် ထောင် ကြွေးကျန် စနစ်တွေ တိုက်ဖျက်ပစ်ဖို့ မီဒီယာ စာမျက်နှာပေါ်တွေမှာ စာပေနဲ့ ဆက်လက် တိုက်ပွဲဝင်နေဆဲ အနေအထားမှာတော့ ရှိနေပါသေးတယ်။ ဒါဟာ ဥပဒေ စကားတွေနဲ့ ပတ်သက်တဲ့ အမှားအယွင်းတွေပါပဲ။
၂၀၁၀ ရွေးကောက်ပွဲ ကာလမှာတုန်းက ကျွန်တော် နယ်မှာပါ။ မဲရုံကိုလည်း မရောက်ခဲ့။ ရွေးကောက်ပွဲနိုင်ရင် လမ်းခင်းပေးမယ် ပြောတဲ့အကြောင်း ရပ်ကွက်လူကြီး ကျွန်တော့်ကို လာပြောပါ တယ်။ ကောင်းတာပေါ့ဗျာလို့ပဲ ပြန်ပြောလိုက်ပေမယ့် တကယ်တမ်း နိုင်ပြီးတဲ့ အခါမှာတော့ ယနေ့ အထိ ကျောက်ခဲ တစ်လုံး မမြင်ရသေး။ လူကတော့ ဝေးရော။ ရပ်ကွက်လူကြီးလည်း အသံ မထွက် တော့။ ဘားမားကို မြန်မာလို့ ပြောင်းတာက အသံထွက်မှန်အောင် ပြောင်းတာပါတဲ့။ ဟုတ်ကဲ့ပါ ပြည်သူကို ပေးထားတဲ့ ကတိစကားတွေ မှန်ဖို့ မမှားဖို့တွေက တိုင်းပြည်အတွက် အရေးအကြီးဆုံးလို့ ပဲ မြင်မိပါတယ်။
ကျွန်တော်တို့ အထက ခွဲကို ယခင် ဝန်ကြီး တစ်ပါး ရောက်လာပါတယ်။ နောက်ရက် သတင်းစာထဲမှာ လေဆာ ပရင်တာ လှူသွားတယ်လို့ ပါလာပါတယ်။ ဒါပေမဲ့ အဲဒီသတင်းစာထဲက အလှူဟာ အပြင်ကို ရောက်မလာခဲ့၊ လေဆာ ပရင်တာ ဆိုတာလည်း ဒီကနေ့ထိ ဖြူသလား မည်းသလား မမြင်ဖူးတော့။
စကား တစ်ခွန်းရဲ့ အမှားအယွင်းတွေကြောင့် တိုင်းပြည်နဲ့ချီပြီး နစ်နာနိုင်တာတွေကို ရေးဖွဲ့ပြရတာပါ။ မကြာသေးခင်ကတောင်မှ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက လယ်သမားတွေကို ထမင်းတစ်နပ် လျှော့စားပြီး အကြွေးဆပ်ဖို့ အကြံကောင်းတွေ ပေးသွားတော့ ဂျာနယ်လောကမှာ ဘယ်လောက် ပွက်လောရိုက် ကုန်လဲ။ သူပြောတဲ့ စကားက တစ်ခွန်းတည်းပါပဲ။
မြစ်ဆုံ စီမံကိန်းကို ဘယ်သူပဲ တားတား ဆက်လုပ်မှာပဲဆိုတာလည်း စကား တစ်ခွန်းသာ။ သမ္မတက သူတစ်ယောက်တည်း ဆန္ဒနဲ့ မြစ်ဆုံကို ရပ်ခဲ့တယ် ဆိုတာလည်း စကား တစ်ခွန်းမျှသာ။ ဒါပေမဲ့ ဒီစကားတွေရဲ့ အကျိုး သက်ရောက်မှုတွေကတော့ မသေးလှ။ ပြည်သူတွေ အနေနဲ့လည်း မီးပြတ်ရင် ဖယောင်းတိုင်လေးတွေ ထွန်းကြဖို့ လိုတယ် ဆိုတာလည်း တစ်ခွန်းတည်းပါ။ ခံရသူ ပြည်သူတွေမှာ တော့ မသက်သာလှ။
ပြည်သူတွေဆိုတာ တကယ်တော့ ဗွေယူတတ်သူများ မဟုတ်ကြ။ သူတို့အပေါ် တကယ်ကို စေတနာ အရင်းခံနဲ့ ပြောဆို လုပ်ကိုင်သူလို့ ယုံကြည်ရင် မှားလည်း ခွင့်လွှတ်တတ်သူများပါ။ ဗိုလ်ချုပ်ရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် ထားတဲ့ စေတနာကို ယုံကြည်တော့ ဗိုလ်ချုပ် မိန့်ခွန်းတွေမှာ အဆဲပါတောင် လက်ခုပ်သြဘာသံက မစဲ။ သူ ကရုဏာ ဒေါသောနဲ့ ပြောမှန်း လူတိုင်း သိလို့ပါပဲ။ ကျန်တဲ့သူ ဆဲကြည့် ပါလား။ တရားပွဲမှာ ခဲမိုး ရွာသွားမှာပေါ့။ အရေးအခင်း ဖြစ်တုန်းက လာနားထောင်နေတဲ့ သောင်းချီတဲ့ ပရိသတ်ကို တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့ဆိုတဲ့ ပုဂ္ဂိုလ် တစ်ဦးရဲ့ စကား တစ်ခွန်းကြောင့် ဟင်ခနဲ ဖြစ်သွားတာလည်း ကြားဖူးမှာပါပဲ။ လူတိုင်းတော့ အမှားမကင်းနိုင်ကြပါ။ ကိုယ်မှားတယ်လို့ သိရင် ပြင်ရဲဖို့၊ ဝန်ခံရဲဖို့ သတ္တိတော့ ရှိရမယ် ထင်ပါတယ်။ တချို့ မိမိအပေါ် စေတနာ သန့်သန့်နဲ့ ဆောင်ရွက် လုပ်ကိုင်ပေးသူ အပေါ်မှာမှ ရွေးပြီး အထင်လွဲ စော်ကားမိပြီး အခြေအနေမှန်ကို သိသွား တော့လည်း ဝန်ခံရဲရမယ့်အစား သတ္တိနည်းစွာနဲ့ မိမိသာ အမှန် ခံရသူ အမှားလို့ပဲ ပတ်ဝန်းကျင် ဆက်မြင်အောင် ရောယောင်နေတတ်သူများလည်း ရှိပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေပါပဲ။
လူဆိုတာ မှားတတ်တယ်။ ဒါကြောင့် ခဲတံရဲ့နောက်မှာ ခဲဖျက် ထည့်ထားတာဆိုတဲ့ ဆရာအောင်သင်း ရဲ့ စာပေ ဟောပြောပွဲက အသံ ကလေးကိုလည်း ပြန်လည် ကြားယောင်မိလိုက်ပါတယ်။ မမှားသော ရှေ့နေ မသေသော ဆေးသမားမရှိ ဆိုတာလည်း ဖတ်မှတ် လေ့လာဖူးပါတယ်။ သူတစ်ပါး အမှားမှ သင်ခန်းစာ ယူတတ်လျှင် ကိုယ်တိုင်မှားရန် မလိုအပ်တော့ချေဆိုတဲ့ တက်ကျမ်း စာပေကိုလည်း အမှတ်ရ နေပါတယ်။ မှားဖူးမှ မှန် ကြုံဖူးမှ ရဲလို့လည်း ကြားဖူးပါတယ်။ အမှားကြာလျှင် အမှန်ဖြစ် ဆိုတဲ့ စကားလည်း ရှိပါတယ်။ ဆရာမှားရင် ဆောရီး တပည့် မှားရင်တော့ ဗြောတီးတဲ့။ မှားမှန်း သိပြီး ပြင်ရင် ပညာရှိ၊ မှားမှန်း သိလျက်နဲ့ မပြင်တာ လူမိုက်၊ မှားမှန်းမသိ ဆက်မှားနေတာကတော့ လူအ ပါပဲတဲ့။
ဘာပဲပြောပြော စကားပြောတဲ့အခါ အမှားအယွင်း မရှိဖို့ အမှားအယွင်း နည်းဖို့ အမှားအယွင်း ရှိရင် လည်း ပြင်ရဲ ဝန်ခံရဲဖို့ စကားမှန်ရင်တောင်မှ အသံမမှားဖို့ ပြောတော့ မေတ္တာတရား၊ အသံက ဒေါသတွေ များမနေဖို့ စေတနာမှန်ဖို့ လုပ်ရပ်မှန်ဖို့ လိုပါတယ်။ ကျွန်ုပ်ကြောင့် လူမျိုးရေး ပဋိပက္ခ မဖြစ်စေရဆိုတဲ့ စာတန်းလေး မြင်လိုက်ရတော့ စိတ်လက် ချမ်းသာ သွားမိသလို ကိုယ်ပြောတဲ့စကား ဤမှန်သော သစ္စာစကားတွေကြောင့် ကြားရသူအပေါင်းက သာဓု အနုမောဒနာ ခေါ်ဆိုနိုင်တဲ့ စိတ်ချမ်းသာ နားချမ်းသာ တိုင်းပြည် ချမ်းသာသွားစေနိုင်တဲ့ အသံရှင်များ ဖြစ်နိုင်ကြစေဖို့သာ ဆန္ဒပြု လိုက်ရပါတယ်။
Credit To The Voice Weekly
Post a Comment