ဘတ်စ်ကားစီးတိုင်း ကျွန်တော် လူကြီးဖြစ်ချင်တယ်
ရဲကြီး (ယက္ခ)
ဘတ်စ်ကားစီးတိုင်း ကျွန်တော်လူကြီး ဖြစ်ချင်တယ်။ စိတ်ဓာတ်ခွန်အား ရင့်ကျက်သန်မာပြီးသား အရွယ်ရောက်ပြီးတဲ့ လူကြီးလည်း ဖြစ်ချင်တယ်။ မကောင်းတာတွေကို မြန်မြန်နိဂုံးချုပ်ပေးပြီး ကောင်းရာမွန်ရာတွေကို မြန်မြန်ပြောင်းလဲ ဖော်ဆောင်ပေးနိုင်တဲ့ အခွင့်အရေးရှိတဲ့ လူကြီးမျိုးလည်း ဖြစ်ချင်တယ်။
မျိုးဆက်သစ် လူငယ်များအတွက် ယဉ်ကျေးမှုနဲ့ပညာ ဖြန့်ဝေပေးရာနေရာက စာသင်ကျောင်းနဲ့ တက္ကသိုလ်ဆိုရင် ဆုတ်ယုတ်တဲ့ စိတ်ဓာတ်နဲ့ ရိုင်းစိုင်းအကျည်းတန်တဲ့ စိတ်ထားတွေကို ဖြန့်ဝေပို့ချပေးတဲ့နေရာက ဘတ်စ်ကားလို့ ကျွန်တော်ထင်တာပဲ။ အိမ်ထဲမှာပဲ အမြဲနေရတဲ့ကလေးနဲ့ နေ့တိုင်းဘတ်စ်ကားစီးရတဲ့ ကလေးယှဉ်ရင် ဘတ်စ်ကား စီးနေကျကလေးက စိတ်ထားသေးသိမ် ဆုတ်ယုတ်လာစရာ ရှိပါတယ်။ သုညကနေအနုတ်ကို ရောက်သွားတာမျိုးပေါ့ဗျာ။
စဉ်းစားကြည့်ပါ။ ပုံမှန်မိရိုးဖလာ ဗုဒ္ဓဘာသာ မိဘနှစ်ပါးက မွေးဖွားလာတဲ့ သား သို့မဟုတ် သမီးကလေးဟာ လူလူချင်း ဖြတ်ကျော်ခွလှီး အသာစီးရလိုမှုတွေ မွေးရာပါတော့ ပါလာမယ်မဟုတ်ဘူး။ ဘတ်စ်ကားကိုသာ စွဲစွဲမြဲမြဲ စီးလာရပြီဆိုရင်တော့ အဆိုပါစိတ်ထားတွေကို အဆစ်လက်ဆောင်အဖြစ် အလိုလို ရရှိလာမှာပါပဲ။ တစ်ကြိမ်၊ နှစ်ကြိမ်မှသည် ကြိမ်ဖန်များစွာ ဖြစ်လာတဲ့အခါ အမှားဟာ အမှန်ဖြစ်လာတတ်တာ သဘာဝပဲ မဟုတ်လား။ ငယ်ရွယ်သူတွေအတွက် အတုခိုးဖို့ပိုလွယ်၊ စီးကူးဖို့ ပိုလွယ်တဲ့အတွက် ကလေးများအဖို့ ပိုအန္တရာယ်များပါတယ်။
သက်ကြီးရွယ်အို၊ ရဟန်းသံဃာ၊ ကိုယ်ဝန်ဆောင်နဲ့ မစွမ်းမသန်သူတွေကို နေရာဖယ်ပေးသူတစ်ဦး တွေ့ဖူးတိုင်း မသိဟန်ဆောင်ပြီး မျက်နှာလွှဲနေတတ်သူ ငါးဦး၊ ခြောက်ဦး အမြဲတွေ့ရမှာပါ။ သံဃာခုံမှာ ဝင်လုထိုင်တတ်တဲ့သူမျိုး၊ သံဃာက ဘေးမှာရပ်နေတာတောင် စပယ်ယာ မအော်မချင်း မထတဲ့သူမျိုးကိုလည်း မကြာခဏဆိုသလို တွေ့ရနိုင်ပါတယ်။
ထိုင်ခုံလုတယ်ဆိုတာ ပုံမှန်လုပ်ရပ်တစ်ခု။ သိက္ခာတွေ၊ လူကြီးလူကောင်းဆန်မှုတွေနဲ့ မဆိုင်ဘူး။ ဘတ်စ်ကားစီးရင် ခုံလုရမှာပဲ။ ခုံဦးရမှာပဲ။ ထမယ်၊ ဆင်းမယ် ထင်ရတဲ့ ထိုင်ခုံဘေးမှာ ကြိုရပ်ဖို့တောင် ဦးကြရဦးမှာ။ ကိုယ်ရပ်နေတဲ့ ထိုင်ခုံကို ဘေးလူတိုးပြီး လုမယူနိုင်အောင် ကာကွယ်ရဦးမှာ။ ကိုယ်ရပ်နေတဲ့ ထိုင်ခုံကခရီးသည်ထရင် သူ့နေရာကို အရင်ဆုံး အမြန်ဆုံး ဝင်ထိုင်နိုင်ဖို့ ကြိုးစားရဦးမှာ။ တခြားလူတွေက သူတို့ကိစ္စ။ အဖြူခံပေါ်မှာ ဆိုးပေးမယ့် ဆေးတွေ။
ဘတ်စ်ကားဆိုတာ သမီးရည်းစားအတွဲတွေ ပွတ်သီးပွတ်သပ်နဲ့ ချစ်ကြင်ယုယမှုတွေ အများသူငါရှေ့မှာ ဖွင့်ချပြီး သက်သေပြဖို့ နေရာကောင်းတစ်ခု ဖြစ်ပါသေးတယ်။ မျက်နှာလွှဲလိုက လွှဲနိုင်ပါတယ်။ မလွှဲလိုကလည်း သဘောပါပဲ။ ကိုယ့်ကလေးကိုတော့ အာရုံလွှဲထားပေးဖို့ လိုကောင်းလိုပါလိမ့်မယ်။
တစ်နေ့တာ ဘတ်စ်ကားစီးတဲ့အချိန်မှာ ဆဲသံတစ်ချက် မကြားရဘူးဆိုရင်တော့ ကိုယ့်ပေါင်ကိုယ် ဆိတ်ကြည့်ဖို့ လိုပါပြီ။ ဘေးမှာထိုင်နေတဲ့ ကိုယ်တော်တွေ၊ ပြည့်ကျပ်နေတဲ့ ကျားမရွယ်အို၊ သားသည်အမေ ဘယ်သူပဲ ရှိရှိ သူ့ကားပေါ်ရောက်လာသူ သူ့ဆဲသံ နာခံရမယ်ဆိုတဲ့ ဒရိုင်ဘာများက ဆဲနည်းပေါင်းစုံ၊ ဆဲပုံပေါင်းစုံကို ဌာန်ကရိုဏ်းကျကျဖြစ်အောင် သင်ပေးပါလိမ့်မယ်။ ငါနဲ့မတူ ရန်သူ၊ ငါသာအမြဲမှန် ကျန်သူအမြဲမှား၊ ထိတွေ့ ပွတ်တိုက်မှုတိုင်းမှာ ငါကအသာရအောင် ကြိုပြီးနင်းထားမှ ဆိုတဲ့ အိုင်ဒီယော်လော်ဂျီတွေပါ သွတ်သွင်းပေးကြပါ လိမ့်ဦးမယ်။ အနည်းဆုံးတော့ အလိုမကျမှုနဲ့ တွေ့တဲ့အခါ လိုဏ်သံပါပါနဲ့ ခပ်ပြင်းပြင်း တက်ခေါက်သံမျိုးကို အလိုလို တတ်မြောက်လာနိုင်ပါတယ်။ ညစ်ညမ်းတဲ့ ပတ်ဝန်းကျင်ကို ဗဟိုပြုပြီး ထွက်ပေါ်လာတဲ့ ခေတ်ကာလ ဘန်းစကားများလည်း ကြွယ်ဝလာနိုင်ပါတယ်။
ဒီနယ်ပယ်တစ်ခုလုံးရဲ့ ဟီးရိုးကြီးအဖြစ် ကလေးတိုင်း အားကျငေးမောရမယ့်သူ ကတော့ စပယ်ယာပါပဲ။ အပေါ်ပိုင်း ဗလာကျင်းနဲ့ ချွေးတရွှဲရွှဲဆိုတာ လူပုံအလယ်မှာ နေချင်သလို နေနိုင်ပါရောလား ခင်ဗျာ။ မထိစပ်လိုသူက ရှောင်ရှားရပါလိမ့်မယ်။ ပါးစပ်က ပြောချင်တာပြောပိုင်ခွင့် ရှိပါသေးဗျာ။ ‘အခုထွက်မယ်၊ တော်ကြာထွက်မယ်၊ ထွက်ချင်မှလည်း ထွက်မယ်’ ဆိုတာမျိုးကို ဟန်အပြည့် မာန်အပြည့်နဲ့ ရွတ်ပြလိုက်တာများ အားကျစရာကြီး ပေပေါ့။ ဘယ်သူကမှ ပြန်မပြောရဲ၊ ဘယ်သူကမှ မဝေဖန် မထောက်ပြရဲ၊ တကယ့်လူစွမ်းကောင်းကြီး ပါခင်ဗျာ။ မိန်းကလေး ငယ်ငယ်များဆို လက်မောင်းသားလောက် ကိုတော့ အလိုအလျောက် ကိုင်ခွင့် ရထားပြီးသား သူမျက်စိကျရင်ကျသလို ခါးကလေး၊ တင်ကလေး တွန်းတင်ပေးနိုင်ပါ သေးဗျာ။ လူပျိုပေါက်ကလေးများ ညဘက်အိပ်မက်ထဲ စပယ်ယာဘဝ ခဏခဏ မက်ကြလိမ့်မလား ထင်မိပါသေးရဲ့။
ဝင်ဆိုဝင်၊ ထွက်ဆိုထွက်၊ ပေးဆိုပေး၊ ယူဆိုယူ။ မကြည်မသာ ဟန်ပြရင် လူပုံအလယ် အရှက်ခွဲမယ့် စကားလုံးများ အလွန်လှပပါရဲ့။ စိတ်ဆတ်တဲ့ စပယ်ယာနဲ့တွေ့ရင် ‘ဆရာရေ ဟိုးထား’ ဆိုတဲ့ပြီး ကားကြီးကို ဒက်စတော့အုပ်လို့ တံခါးဝလက်ညှိုးညွှန် ဆင်းခိုင်းနိုင်ပါသေးရဲ့။ အဘိုးအို၊ အမယ်အို အကဲပိုလို့တော့ဖြင့် ခပ်ဆတ်ဆတ်လေး ဆွဲချခံရဦးမှာပါ။ အောက်ရောက်လို့ လဲလဲကွဲကွဲ ကားကြီးကတော့ ‘ဆွဲဆရာရေ’ ဆိုပြီးထားခဲ့မှာပဲ။
တိုင်မယ်ဆိုရင်တော့လည်း ရကောင်းရနိုင်ပါတယ်။ သတိထားရန် ကတော့ တိုင်မယ့်လူဟာ သိုသိုသိပ်သိပ် လုပ်ဖို့ပါပဲ။ မဟုတ်ရင် အုပ်စုနဲ့ဖြစ်စေ၊ နှစ်ယောက်သုံးယောက်ဖြစ်စေ ဝိုင်းရိုက်ခံရနိုင်တာမျိုး ကြားဖူးနားဝတော့ ရှိထားသင့်ပါတယ်။
ပြန်ပြင်ထားတဲ့ ခုံတွေဟာ တရားဝင် ဖြစ်ပါတယ်။ မဆီလျော်လျှင်လည်း ဒါဟာ တရားဝင်ပါပဲ။ သုံးယောက်စီးရမယ် ဆိုလျှင် သုံးယောက် စီးရမှာပါပဲ။ ကျပ်တယ်၊ မြင့်တယ်၊ သေးတယ် ပြောခွင့်မရှိစေရ။ တပ်ဆင်သူ၊ စိစစ်သူများဆိုတာ ကားပိုင်ရှင်တစ်ဦးရဲ့ မျက်နှာသာ ကြည့်ဖို့လိုပြီး စားသုံးသူ လူများစုမျက်နှာကို ကြည့်ရန်မလိုဘူး ပေါ့ဗျာ။ ဘယ်သူသေသေ ငတေမာ မဟုတ်သော်လည်း ဘယ်သူကျပ်ကျပ် ငတေမြတ်ရင် ပြီးစတမ်းပေါ့ ခင်ဗျာ။
အဆိုးဆုံးထဲက တစ်ခုကတော့ လူပိုမတင်ရ၊ ဆေးလိပ်မသောက်ရ၊ ယာဉ်မောင်း ယာဉ်နောက်လိုက် လိုက်နာရန်များ၊ အဖွဲ့အစည်း၏ ရည်ရွယ်ချက်များ၊ ကျေနပ်မှုမရှိက တိုင်ကြားရန်စတဲ့ ကားနံရံပေါ်က စာသားများပါပဲ။ ဒီစာတွေဟာ တရားဝင်တဲ့စည်းကမ်း ဖြစ်ပေမယ့် ဘတ်စ်ကား စီးနေကျလူများရဲ့ စိတ်ထဲမှာတော့ အလှမဟုတ်ရင် မျက်စိရှုပ်စရာ စာသားတွေထက် မပိုပါဘူး။ ငယ်ရွယ်သူများရဲ့ စိတ်ထဲမယ် ငါတို့တိုင်းပြည်က ဒီလိုပါပဲ၊ ရေးထားတာ ရေးထားတာပဲ။ လက်တွေ့က လက်တွေ့ပဲဆိုတဲ့ အတွေးမျိုး လွယ်လွယ်လေး အမြစ်တွယ်အောင် လုပ်ပေးလိုက်သလိုပါပဲ။ မလုပ်နိုင်ရင်လည်း ဖြုတ်ထားလိုက်တာ ပိုမကောင်းပါလားဗျာ။ အနုတ်ထက်စာရင် သုညက ပိုကောင်းမယ်လေ။
ကားမှန်ပေါက်ကို လက်ထောက်ပြီး ငေးမယ်ဆိုရင် လမ်းဘေးက လူတွေ ရွှံ့ဗွက်ပေစင်ကုန်တာ ကြည့်ပြီး နှလုံးသားတွေ မာကျောလာနိုင်ပါတယ်။ လမ်းပြောင်းပြန် မောင်းခွင့်၊ အလယ်လမ်း (Middle Lane) မှာ ရပ်ခွင့်၊ ကားသေးလေးများကို ဖိလို့ ပွတ်လို့ ကြီးနိုင်ငယ်ညှဉ်း လုပ်ခွင့်တွေကို ထပ်တွေ့နိုင် ပါသေးတယ်။ ထိုအခွင့်အရေးတွေကို ဝယ်တဲ့ ငွေစက္ကူလုံးကလေးများနဲ့ ယာဉ်ထိန်းရဲကြီးကို လှမ်းလှမ်းပေါက်တာမျိုး အမြဲတွေ့နေရတဲ့ အဇ္ဈတ္တတွေဟာ ဘယ်လိုအရောင်မျိုး ဖြစ်လာနိုင်မှာလဲလို့ဗျာ။
‘ဆေးလိပ်မသောက်ရ’ ဆိုတဲ့ အနီရောင်စာတန်းကြီး အောက်က စီးကရက်ဖွာနေတဲ့ ဒရိုင်ဘာ။ လူတက်လူဆင်း တံခါးဝမှာ စီးကရက်ငွေ့တွေ မှုတ်ထုတ်နေတဲ့ စပယ်ယာ။ နိစ္စဓူဝ ဆိုးရွားတဲ့ ဒီလိုပြယုဂ်တွေဟာ တစ်စုံတစ်ရာကို စိတ်ပါလက်ပါ ရိနေထေ့နေသလား လို့တောင် ထင်မိပါရဲ့။
ရန်ကုန်မြို့ကြီး ဆိုတာက တစ်နိုင်ငံလုံးရဲ့ မြို့တော်ကြီးတစ်ခု မဟုတ်လား။ တိုင်းသူပြည်သားဆိုတာ တစ်ခုခုအရေးရှိရင် မြို့တော်ကို ချီတက်ကြရတာ မျိုးကို။ မြို့တော်မှာ ဘတ်စ်ကား စီးရမှာပေါ့ဗျာ။ ဘတ်စ်ကားပေါ်ရောက်တဲ့ အချိန်မှာပဲ ငါတို့တိုင်းပြည်က ဒါပါလားဆိုတာ သိခွင့်ရသွားတော့တာ ပါပဲ။ ငါတို့တိုင်းပြည်မှာ ဒီလိုနေလို့၊ ဒီလိုလုပ်လို့ ရပါလားပေါ့ခင်ဗျာ။ ရိုးသားတဲ့ နယ်သူနယ်သားများအတွက် မဟာရန်ကုန်မြို့တော်ကြီးရဲ့ လက်ဆောင်မွန်ပါပဲ။ ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့ဖူးတဲ့ အညာသားကြီး တစ်ဦးက သူ့ကလေးငယ်ကို အသာဖက်ပြီး မျက်နှာကို သူ့လုံချည်ထဲ ထည့်ထား၊ နားကိုလက်ဝါးနဲ့ ကာထားပေးတာကို မျက်စိထဲက မထွက်နိုင်အောင် အမြဲပဲရှိနေပါတော့တယ်။
ကျွန်တော်တို့တိုင်းပြည်က ကမ္ဘာပေါ်မှာ တီဘီရောဂါ ကူးစက်နှုန်းရော၊ ဖြစ်ပွားနှုန်းရော အလွန်မြင့်မားတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ ဆရာဝန်များရဲ့အဆိုအရ မြန်မာပြည်သားတိုင်းဟာ တီဘီရောဂါပိုးနဲ့ ထိတွေ့ ပြီးသားပါတဲ့။ တစ်ခါထိတွေ့ရုံနဲ့ ကူးချင်မှကူးမှာ ဖြစ်ပေမယ့် လူပေါင်းများစွာ ကျပ်ညပ်ပြီး ပြင်ပလေရှူခွင့် မရနိုင်တဲ့ ဘတ်စ်ကားထဲမှာ နေ့စဉ်ထိတွေ့ရသူများ အဖို့တော့ ရောဂါကူးစက်မှု အလွယ်တကူပဲ ဖြစ်စေနိုင်ပါတယ်။
နိုင်ငံခြားသား ပညာရှင်တစ်ဦး အဆိုအရ မြန်မာနိုင်ငံရဲ့ တီဘီကူးစက်မှု နည်းလမ်းတွေထဲမှာ မြို့ပတ်ရထားနဲ့ ဘတ်စ်ကားဟာ အရေးပါတဲ့နေရာမှာ ရှိတယ်လို့ ဆိုပါတယ်။ ပိတ်သင့်တဲ့အထဲမယ် မျက်စိနဲ့ နားအပြင် နှာခေါင်းပါ ပါလာပါတော့တယ်။
တခြားတစ်ခုက ဘတ်စ်ကားဆိုတာ တစ်ခါတစ်ရံနဲ့ ခဏတာ စီးရတာမျိုး မဟုတ်ပေပဲကိုဗျာ။ အခုများဆို ပိုလို့တောင် ကြာပါသေးရဲ့။ မနက် အလုပ်ဆင်း၊ ညအလုပ်ပြန် တစ်ရက်ကို ဘတ်စ်ကားပေါ်မှာ နှစ်နာရီ သုံးနာရီ အချိန်ကုန်နေရသူတွေ များစွာပါ။ အများအားဖြင့်လည်း ကားပေါ်မှာ အားနေတတ်ကြပါသေးတယ်။ ရင့်ကျက်ပြီးသူတွေအတွက် တရားမှတ်နေလို့ ရပေမယ့် ငယ်ရွယ်သူများအဖို့တော့ အလွယ်တကူ စီးကူးစေဖို့ကောင်းတဲ့ အားလပ်ချိန်တွေပါပဲ။ အကောင်းအဆိုး အားလုံးကို စုပ်ယူသိမ်းဆည်း ထားလိုက်မယ့် ဦးနှောက်ငယ်ငယ်တွေကို မြင်ကြည့်လိုက်ပါ။
အပျိုမလေးရဲ့နောက်ပိုင်းကို အတင်းတိုးဖိကပ်နေတဲ့ ပြုံးစိစိလူကြီးကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ၊ ပြတင်းပေါက်ကနေ ဆတ်ခနဲထွက်ပြီး ခပ်ဝေးဝေးကို အားနဲ့ထွေးလိုက်တဲ့ စပယ်ယာရဲ့ ကွမ်းတံတွေးကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ၊ ကားဟွန်းကို လက်နှစ်ဖက် စုံထောက်ပြီး တစ်စုံတစ်ရာကို အားမာန်အပြည့်နဲ့ ဆဲရေးလိုက်တဲ့ ဒရိုင်ဘာကြီးကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ၊ နားထဲမှာ သီချင်းနားကြပ် တပ်ထားတဲ့ ကျောပိုးအိတ်နဲ့ ကောင်လေးက လွတ်သွားတဲ့နေရာကို တိုးဝင်အထိုင်မှာ ယိုင်သွားလို့ ထိုင်ခုံကို ဖမ်းဆွဲလိုက်ရတဲ့ အဘွားအိုကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ၊ စပယ်ယာကြီးရဲ့ လက်နဲ့အပြိုင် ပြန်ထောင်ပြတဲ့ ယာဉ်ထိန်းရဲကြီးရဲ့ လက်ချောင်းတွေကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ၊ ပိုက်ဆံမပေးရသေးဘဲ စပယ်ယာကို ခပ်တည်တည် ပြန်ကြည့်နေတဲ့ ခရီးသည်ကြီးကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ၊ ပါးချင်းအပ်နေတဲ့ စုံတွဲကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ၊ နံရံပေါ်က စာတန်းတွေကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ၊ ဒရိုင်ဘာကြီးဆီကို ကွမ်းယာထုပ်လာပေးတဲ့ ကွမ်းယာသည်မလေးရဲ့ မချိုမချဉ် မျက်နှာကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ၊ အကြွေစက္ကူတွေကို ခါးပုံထဲ ထိုးလိပ်လိုက်ပြီးတဲ့နောက် တက်လာတဲ့ ခရီးသည်တွေအတွက် အကြွေပြန် မအမ်းနိုင်တော့တဲ့ စပယ်ယာကြီးကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ၊ နေ့တိုင်းပုံမှန်ရွတ်နေကျ စကားလုံးတွေကို နေ့တိုင်းပုံမှန် ရွတ်နေကျ သံစဉ်၊ မျက်နှာပေးနဲ့ ရွတ်ရင်း ကားဘေး ရောက်ရောက်လာတဲ့ ခြေကောင်းလက်ကောင်း သူဖုန်းစားကြီးကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ။
အားလုံးဟာ ကျွန်တော်တို့ရဲ့ အနာဂတ်တွေပါ။ အဲဒီမျက်လုံးကတစ်ဆင့် ဖော်ဆောင်လာမယ့် နှလုံးသားပိုင်ရှင်တွေဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်တွေပါ။ နောင်တစ်ခေတ်ရဲ့ ခေါင်းဆောင်တွေကို ဖြစ်နိုင်ရင် ဘတ်စ်ကား မစီးစေချင်ဘူးဗျာ။ မဖြစ်နိုင်ရင်လည်း ဒီလိုမဟုတ်တဲ့ ဘတ်စ်ကားတွေပဲ စီးစေချင်တယ်။ ဘတ်စ်ကားစီးတိုင်း ကျွန်တော်ကတော့ လူကြီးဖြစ်ချင်တယ်။ စိတ်ဓာတ်ခွန်အား ရင့်ကျက်သန်မာပြီးသား အရွယ်ရောက်ပြီးတဲ့ လူကြီးလည်း ဖြစ်ချင်တယ်။ မကောင်းတာတွေကို မြန်မြန်နိဂုံးချုပ်ပေးနိုင်ပြီး ကောင်းရာမွန်ရာတွေကို မြန်မြန်ပြောင်းလဲ ဖော်ဆောင်ပေးနိုင်တဲ့ လူကြီးမျိုးလည်း ဖြစ်ချင်ပါတယ်။ ။
Credit To The Voice Weekly
Post a Comment