Thursday, July 25, 2013

အရုဏ်ဦး လွတ်လပ်ရေး (၃)



(နေသန်မောင်)

မောင်အောင်ဆန်း ကျောင်းနေပြီ

အောင်ဆန်း၏မိသားစုမှာ ဉာဏ်ရည်ကောင်းပြီး ပညာဘက်တွင် ထွန်းပေါက်သူများအဖြစ် နတ်မောက်မြို့တွင် နာမည်ကောင်း ရထားကြသည်။ အောင်ဆန်း၏ အစ်ကိုသုံးဦးဆိုလျှင် အသက်ငယ်ငယ်လေးတွင် ကျောင်းစတက်ကြသည်။ အောင်ဆန်းမှာမူ အမေတက်မှ တက်မည်ဆိုကာ ကတ်ဖဲ့နေသည်။ ဒေါ်စုသည် သားထွေးလေးကို အလွန်ညှာလေ့ရှိပြီး သူစိတ်ပါမှ တက်ပါစေတော့ဟု ဆုံးဖြတ်ထားဟန် ရှိသည်။

အစ်ကိုအောင်သန်း ရှင်သာမဏေဘောင်သို့ ဝင်သောအခါ အောင်ဆန်းသည် ကစားဖက်အစ်ကိုရှိရာ ဘုန်းကြီးကျောင်းသို့ နေ့စဉ်လိုက်သွားသည်။ ထို့နောက် ကိုရင်ဝတ်ချင်စိတ် ပေါက်လာပြီး မိခင်ထံခွင့်တောင်းသည်။ ဒေါ်စုက “ကိုရင်ဝတ်တယ်ဆိုတာ စာတတ်မှရတယ်ကွ။ မင်းလို စာမတတ်တဲ့သူက ကိုရင်ဝတ်ချင်လို့ ဘယ်ဖြစ်မလဲ” ဟု ပြောရာ “ဒီလိုလား၊ ဒီလိုဆို ကျောင်းနေမယ်” ဟု ပြောသည်။

အောင်ဆန်း ကျောင်းစတက်သည့် အချိန်မှာ အသက်ရှစ်နှစ်ရှိပြီ ဖြစ်သည်။

ကျောင်းစတက်သည်နှင့် ထူးချွန်သောကျောင်းသား ဖြစ်ကြောင်း ပေါ်လွင်လာသည်။ စာကြိုးစားပြီး စည်းကမ်းရိုသေသဖြင့် အတန်းထဲတွင် ထိပ်ဆုံးမှ အမြဲရှိနေခဲ့သည်။ အောင်ဆန်းတက်သော ကျောင်းမှာ နတ်မောက်မြို့ ဆရာတော်ဦးသောဘိတ၏ ဒီပင်္ကရာဘုန်းကြီးကျောင်း ဖြစ်သည်။ ထိုကျောင်းတွင် လောကုတ္တရာပညာရပ်သာမက ခေတ်သစ် လောကီပညာရပ်များကိုပါ သင်ကြားပေးသော ထိုခေတ်အခေါ် လောကဓာတ်ကျောင်းမျိုး ဖြစ်သည်။ ထိုစဉ်က နတ်မောက်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားပေးခြင်း မရှိပေ။

ဆရာတော် ဦးသောဘိတ၏ ကျောင်းတွင် စာသင်ရပြီး တစ်နေ့တွင် ဥပုသ်နေ့ ဖြစ်သောကြောင့် ကျောင်းပိတ်ထားသည်။ ကျောင်းသား အများစုမှာ ကျောင်းသို့သွားကာ ရေခပ်၊ မြက်နုတ် စသည့်အလုပ်များကို လုပ်ရသည်။ အောင်ဆန်းကိုယ်တိုင် ထိုကျောင်းနေစဉ်က အဖြစ် အပျက်တစ်ခုကို ပြန်ပြောင်း ပြောဆိုခဲ့ဖူးသည်။

တစ်ခုသောနေ့ခင်းတွင် ကျောင်းသားများ အလုပ်မရှိ၍ အလုပ်မရှိရင် အိပ်နေကြ၊ မကစားကြနဲ့ဟု ဘုန်းကြီးက အမိန့်ရှိလေသည်။ အားလုံးသော ကျောင်းသားများအား မအိပ်ချင်ဘူးလားဟု မေးသောအခါ မအိပ်ချင်ကြသော်လည်း ဘုန်းတော်ကြီး စိတ်ကြိုက်လိုက်ပြီး အိပ်ချင်ကြသည်ဟု ဘုန်းကြီးအလိုကျ လျှောက်ကြသည်။ ကျွန်တော့်အား ဘုန်းကြီးက “အောင်ဆန်းကော ... မအိပ်ချင်ဘူးလား” ဟု အထူးတလည်မေး၏။ ကျွန်တော်က “မအိပ်ချင်ပါဘုရား” ဟု ပြန်လျှောက်ရာ ဘုန်းတော်ကြီးမှာ ပြုံး၍ နေလေသည်။

အသက်ရှစ်နှစ်အထိ ကျောင်းမလိုက်လို သော်လည်း ပညာသင်ရန် ဆုံးဖြတ်လိုက်သည့်အခါ အောင်ဆန်းသည် အခြားကျောင်းသားများထက် ပို၍ထူးချွန်ကြောင်း ပြသနိုင်ခဲ့သည်။ ၂ နှစ်ခန့် ကျောင်းတက် နောက်ကျသော်လည်း ပုံမှန် ၁၄ နှစ်တွင်တက်ရမည့် ခြောက်တန်းသို့ အောင်ဆန်းသည် ကျော်လွှား တက်ရောက်နိုင်ခဲ့သည်။ ထိုစဉ်က မြန်မာပြည်တွင် မြန်မာဘာသာဖြင့် သင်ကြားသော ဘုန်းကြီးကျောင်းသင် ပညာရေး၊ အင်္ဂလိပ်- မြန်မာနှစ်ဘာသာဖြင့် သင်ကြားသော ကျောင်းပညာရေးနှင့် အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားသော ပညာရေးဟူ၍ သုံးမျိုးရှိရာ နတ်မောက်မြို့၌ အင်္ဂလိပ်ဘာသာဖြင့် သင်သောကျောင်း မရှိပေ။

ကျောင်းပိတ်ရက် ကာလများ၌ နတ်မောက်သို့ ပြန်လာလေ့ရှိသော အောင်ဆန်း၏အစ်ကို ကိုဘဝင်းသည် အင်္ဂလိပ်လို ပြောဆိုသည်ကို အောင်ဆန်းတွေ့ရသည်။ နတ်မောက်၌ ပညာဆက်သင်ပါက အင်္ဂလိပ်စာမတတ်နိုင်ဟု သူသိထားသည်။ သူ ၁၃ နှစ်ပြည့်သောအခါ ခြောက်တန်းအောင်သဖြင့် အစ်ကိုကြီး ကိုဘဝင်းရှိရာ ရေနံချောင်း နေရှင်နယ်ကျောင်းသို့ ပို့ပေးရန် ပူဆာလေသည်။

မိဘများနှင့် ညီအစ်ကိုမောင်နှမများက သူ့အားကလေးဟုသာ ယူဆထားရကား တစ်နယ်တစ်ကျေး၌ ခွဲထားရန် အလွန်ဝန်လေးကြသည်။ ထိုအရွယ်ထိ အောင်ဆန်းမှာ အိပ်ရာထဲညစဉ် သေးပါလေ့ ရှိသေးသည်။ ဒေါ်စုသည် အချစ်ဆုံးသားလေးကို မခွဲနိုင်ဖြစ်ပြီး “ငယ်ပါသေးတယ်။ နည်းနည်း စောင့်ပါဦး” ဟုပြောကာ အချိန်ဆွဲနေသည်။ ရေနံချောင်း မပို့ပါက ထမင်းမစားဘူး ဟုဆိုကာ အောင်ဆန်းသည် အစာငတ်ခံ ဆန္ဒပြလေသည်။ ဒေါ်စုသည် ခေါင်းမာလှသော သူမ၏ အချစ်ဆုံး သားထွေးလေးကို သားကြီး မောင်ဘဝင်းရှိရာ ရေနံချောင်းသို့ ကျောင်းတက်ရန် နောက်ဆုံး၌ ခွင့်ပြုခဲ့သည်။

၁၉၂၈ တွင် အောင်ဆန်းသည် ရေနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်း၏ ကျောင်းသား ဖြစ်လာသည်။ အတန်းတိုင်း၌ ပထမရသည်။ အမျိုးသားကျောင်းများသည် ၁၉၂၀ ရန်ကုန်တက္ကသိုလ် အက်ဥပဒေဆန့်ကျင်ရေး ပထမကျောင်းသားသပိတ်မှ ထွက်ပေါ်လာသော ကျောင်းများ ဖြစ်သည်။ တက္ကသိုလ် အက်ဥပဒေအရ အခွင့်ထူးခံ လူအနည်းငယ်သာ တက္ကသိုလ်ပညာ ဆည်းပူးနိုင်ရန် ဗြိတိသျှတို့က ရည်ရွယ်ခဲ့သည်။ အမျိုးသားကျောင်းများသည် မြန်မာလူငယ်များအား မြန်မာနိုင်ငံ၏ ကိုလိုနီလက်အောက်ခံဘဝ အခြေအနေကို နိုင်ငံရေး အသိတရားအရ နားလည်စေပြီး ကျွန်ဘဝမှ လွတ်မြောက်လိုစိတ်များ ဖြစ်ပေါ်လာစေရန် ကျိုချက်ပေးလိုက်သော နေရာများ ဖြစ်သည်။

မိမိနိုင်ငံကို လူမျိုးခြားတို့ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်အောင် ဆောင်ရွက်လိုသော ဆန္ဒသည် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ မတက်ရောက်မီ ကာလကပင် အောင်ဆန်း၏ စိတ်တွင် ကိန်းအောင်းနေခဲ့ပုံရသည်။ ကလေးဘဝက ဗြိတိသျှတို့ကို ပုန်ကန် မောင်းထုတ်ရန် အကြိမ်ကြိမ် စဉ်းစားခဲ့ပုံ၊ တစ်ခါတစ်ရံ ပြဒါးရှင်လုံးကဲ့သို့ တန်ခိုးသိဒ္ဓိရှိသော ပစ္စည်းများ၏ အကူအညီဖြင့် မြန်မာပြည် လွတ်မြောက်အောင် စိတ်ကူးယဉ်ခဲ့ပုံအကြောင်း သူ၏ကိုယ်ရေး အတ္ထုပ္ပတ္တိ ဆောင်းပါး၌ ရေးသားခဲ့သည်။

အမျိုးသား အထက်တန်းကျောင်း၌ ကျောင်းတက်ရသော အောင်ဆန်းအဖို့ အမျိုးသားရေး စိတ်ဓာတ်များနှင့် နိုင်ငံရေးအမြင်ကို အမြစ်တွယ် ကြီးထွားလာစေသည်။ ၁၉၃၀ ပြည့်နှစ်တွင် ခုနစ်တန်း အောင်မြင်ခဲ့ပြီး စကောလားရှစ် ရရှိခဲ့သည်။ ပညာထူးချွန်မှုကြောင့် တစ်လလျှင် အစိုးရ၏ ပညာသင်ထောက်ပံ့ကြေး ၁၀ ကျပ်ကို လစဉ်အဖြစ် သုံးနှစ်တိတိ ရရှိသည်။ ရှစ်တန်း၊ ကိုးတန်းနှင့် ၁၀ တန်းအတွက် ပညာသင် ထောက်ပံ့ကြေး ရရှိသည်။ မြန်မာတစ်ပြည်လုံးတွင် လေးဦးသာ ရရှိသော ဦးရွှေခိုဆုလည်း ရရှိသည်။ အစိုးရက ကြီးမှူးကျင်းပသော ၁၀ တန်းစာမေးပွဲတွင် မြန်မာနှင့်ပါဠိ နှစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ရလဒ်အနေနှင့် ကောလိပ်ပထမနှစ် အတွက် ပညာသင်ထောက်ပံ့ကြေး ဆက်လက်ရရှိလေသည်။

အထက်တန်း ကျောင်းသားဘဝတွင် အောင်ဆန်း အဓိက စိတ်ဝင်စားသော ဘာသာရပ်မှာ သမိုင်းနှင့်စာပေတို့ ဖြစ်သည်။ ထိုဘာသာရပ်များကို အထူးလေ့လာ လိုက်စားခဲ့သည်။

အောင်ဆန်းသည် အနေအထိုင် ရိုးသားပြီး ဆန့်ကျင်ဘက် မိန်းမကိစ္စနှင့် ပတ်သက်လာလျှင် အင်မတန် အရှက်အကြောက် ကြီးသူဖြစ်သည်။ ခုနစ်တန်းကျောင်းသားဘဝက ရေနံချောင်း၌ စာမေးပွဲ ဖြေဆိုရန် အသိ မိတ်ဆွေတစ်ယောက်၏ အိမ်တွင် တည်းခိုနေထိုင်ခဲ့ရာ ထိုအိမ်၌ အရွယ်ရောက်စ မိန်းကလေးများ ရှိသဖြင့် အပေါ့အပါးသွားရန် ရှက်လွန်း၊ ကြောက်လွန်းသဖြင့် အကြိမ်ကြိမ် အောင့်ထားခဲ့ရသည်။ ထို့ကြောင့် အိပ်ရာထဲ သေးပါခဲ့ကြောင်း သူကိုယ်တိုင် ဝန်ခံခဲ့သည်။

နတ်မောက်၌ နေထိုင်စဉ်ကလည်း သူ့အကြောင်းသိသည့် အိမ်နီးချင်းများက မကြာခဏ စလေ့ရှိသည်။ မြေတိုင်းစာရေး ကတော်တစ်ယောက်က အောင်ဆန်းအား “ငါ့သမီး ယူမလား” ဟု မေးရာ အလွန်စိတ်ဆိုးပြီး တုတ်ဆွဲ၊ ဓားဆွဲ လုပ်တတ်သည်။

(ဆက်လက်ဖော်ပြပါမည်)

Credit To The Voice Weekly

Related Articles:

Post a Comment