ဘန်ကောက်မြို့ပြင်ရှိ Bang Na အမြန်လမ်းမကြီးကို ဇူလိုင်တတိယပတ်က တွေ့ရစဉ် (ဓာတ်ပုံ)ကျော်ဇင်ဝင်း
ဘုရင့်နောင်မင်းတရား ယိုးဒယားကို ဘယ်လိုသိမ်းပိုက်ခဲ့လဲ ဆိုတာကို တွေးမနေပါ နဲ့တော့။ ဆင်ဖြူရှင်မင်းတရား အယုဒ္ဓယကို ဘယ်လိုအနိုင်ယူခဲ့လဲ ဆိုတာကိုလည်း ပြန်စဉ်းစား မနေပါနဲ့တော့။ အရင်တုန်းက ယိုးဒယားကို ငါတို့ ဘယ်လိုနိုင်ခဲ့တာ၊ ယိုးဒယားဆိုတာ ငကြောက်တွေပါ၊ ငါတို့ငယ်နိုင်တွေပါလို့ အာပေါင်အာရင်းသန်သန် ပြောရင်း သမိုင်းထဲမှာ တ၀ဲလည်လည် ဖြစ်နေတဲ့ အချိန်တွေကို ချန်ထားခဲ့ လိုက်ပါတော့။ ကျွန်တော်တို့ရဲ့ စစ်ဘုရင်တွေ ခေတ်လွန်သွားပြီ။ အခုယိုးဒယားဟာ အရင်ယိုးဒယား မဟုတ်တော့ဘူး။ အခုယိုးဒယားဟာ အရင်တုန်းက မြန်မာတွေ နိုင်ချင်တိုင်းနိုင်ခဲ့တဲ့ ယိုးဒယား မဟုတ်တော့ဘူး။ အမှန်အတိုင်း မရှက်မရွံ့ ပြောရရင် အခုယိုးဒယားဟာ မြန်မာထက် အဘက်ဘက်မှာ အဆပေါင်းများစွာ သာနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သွားပြီ။ အခုယိုးဒယားဟာ ကျွန်တော်တို့ထက် ဆယ်နှစ်လောက် ရှေ့ရောက်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သွားပြီ။
မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်ကျော် ၁၉၆၀ ၀န်းကျင်လောက်မှာ အာရှနိုင်ငံတွေထဲမှာ အလားအလာ အကောင်းဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရတယ်။ အခြားအာရှ နိုင်ငံတွေရဲ့ အထင်ကြီး အားကျမှုကို ခံယူခဲ့ရတယ်။ တစ်နေ့မှာ အာရှကို ဦးဆောင်နိုင်မယ့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး တိုးတက်ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်း အောက်ဆုံး၊ အကျင့်ပျက် ခြစားမှု အမြင့်ဆုံး၊ အာရှတိုက်ရဲ့ လူတစ်ဦးချင်း ၀င်ငွေအနည်းဆုံး နိုင်ငံတစ်နိုင်ငံ အဖြစ်ကို ရောက်ရှိလို့ သွားခဲ့ရပြီ။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အနီးဆုံးနဲ့ ငယ်နိုင်ပါလို့ တစ်ချိန်လုံး ကြွေးကြော်ခဲ့တဲ့ ယိုးဒယား နိုင်ငံနဲ့တောင် ၁၀ နှစ်လောက် နောက်ကျသွားခဲ့ရပြီ။
ကျွန်တော်တို့ နိုင်ငံဟာ စနစ်အမှားတွေကြောင့်၊ အုပ်ချုပ်သူ လူတန်းစား ညံ့ဖျင်းမှုတွေကြောင့် ပထ၀ီသွင်ပြင် အားသာချက်တွေ ရှိနေပေမယ့်လည်း နိုင်ငံဟာ နှစ်ပေါင်းများစွာ မြုပ်သထက်မြုပ် လာခဲ့ရတယ်။ စနစ်တွေမှားခဲ့တယ်။ လူတွေမှားခဲ့တယ်။ တိုင်းပြည် အမှောင်ထဲ ရောက်ခဲ့တယ်။ ဒါပေမဲ့ သမိုင်းကို ကျွန်တော်တို့ ပြန်ပြုပြင်လို့ မရတော့ဘူး။ အခုအချိန်ဟာ ဖြစ်ခဲ့တာတွေအတွက် တောက်ခေါက်နေရမယ့် အချိန်မဟုတ်တော့ဘူး။ အခုချိန်က ပြန်တည်ဆောက်ရမယ့် အချိန်ရောက်နေပြီ။ လက်ရှိအခြေအနေကို သဘောပေါက် နားလည်ရမယ့် အခြေအနေ တစ်ခုကို ရောက်နေပြီ။ ယိုးဒယားဆိုတာ မြန်မာတွေရဲ့ ငယ်နိုင်ပါဆိုပြီး သမိုင်းထဲက အကြောင်းတွေနဲ့ ပြန်ပြောင်း ၀င့်ကြွားနေရမယ့် အခြေအနေကို ကျော်လာပြီ။ ဒီအစား ကျွန်တော်တို့တွေ ယိုးဒယားနိုင်ငံဆီက အတုခိုးစရာတွေ အများကြီး ရှိနေပြီဆိုတဲ့ အရှိတရားကို လက်ခံရတော့မှာ ဖြစ်ပါတယ်။ သူတို့မှာ ကျွန်တော်တို့ထက် သာနေတာတွေကို မြင်အောင်ကြည့်ပြီး အတုယူရတော့မယ်။ သမိုင်းထဲမှာပဲ ယစ်မူးပြီး ဒီကောင်တွေကို အချိန်မရွေး နိုင်ပါတယ်လို့ ပြောနေရမယ့် အချိန် မဟုတ်တော့ဘူး။ ကျွန်တော်တို့ သမိုင်းထဲက ယိုးဒယားကို ဘယ်လိုနိုင်ခဲ့လဲဆိုတာ အရေးမကြီးတော့ဘူး။ အခုက ကျွန်တော်တို့တွေ ယိုးဒယားမြေမှာ အနီရောင်ပတ်စ်ပို့လေး ကိုင်ပြီး မျက်နှာငယ်နေရတဲ့ အချိန်ဖြစ်နေပြီ။ ကျွန်တော်တို့ စပြုပြင်မလား၊ ဒီအတိုင်းဆက် သွားချင်လား ဆိုတာကတော့ ရွေးချယ်မှုပါ။
အခုအခြေအနေဟာ ပြုပြင်ဖို့၊ ကြိုးစားဖို့ အကောင်းဆုံး အခြေအနေပါပဲ။ နိုင်ငံတကာကလည်း မြန်မာနိုင်ငံကို အလားအလာတွေ အများကြီး ရှိနေပြီလို့ သတ်မှတ်ထားကြတယ်။ ဒေသတွင်း နိုင်ငံတွေကလည်း မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှု အရှိန်အဟုန်တွေကို သတိကြီးစွာထားရင်း သူတို့နိုင်ငံတွေမှာ တပ်လှန့်နေကြပြီ။ ဒီလိုအခွင့်အရေးမှာ တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုတဲ့ စိတ်ဓာတ်ကောင်းကောင်းနဲ့ အစွမ်းကုန် ပြန်ကြိုးစား ရတော့မှာပါ... |
အခုကျွန်တော်တို့နိုင်ငံ အခြေအနေက သူများ တစ်လှမ်းလှမ်းရင် ကျွန်တော်တို့ လေးငါးလှမ်းလောက် လိုက်လှမ်းမှကို မီနိုင်လိမ့်မယ်။ ဒေသတွင်း အနှိမ်ခံ အဖြစ်ကနေ မြန်မာပတ်စ်ပို့ကိုင်ပြီး ပြန်လည်ဝင့်ကြွား လာနိုင်ဖို့ဆိုရင် လူတစ်ယောက်ချင်းစီရဲ့ ခံယူချက်နဲ့ စိတ်ဓာတ်တွေကအစ ပြုပြင်ပြောင်းလဲနိုင်မှ ဖြစ်နိုင်တော့မယ်။ ဒီအချိန်မှာ ကျွန်တော်တို့ မပြောင်းလဲနိုင်လို့၊ မကြိုးစားနိုင်လို့ တိုင်းပြည် အောက်ကျ နောက်ကျ ထပ်ဖြစ်ရရင် ကျွန်တော်တို့ရဲ့မျိုးဆက်တွေအတွက် ကျွန်တော်တို့ဟာ သမိုင်းတရားခံတွေ ဖြစ်ရလိမ့်မယ်။ အခုအခြေအနေဟာ ပြုပြင်ဖို့၊ ကြိုးစားဖို့ အကောင်းဆုံး အခြေအနေပါပဲ။ နိုင်ငံတကာကလည်း မြန်မာနိုင်ငံကို အလားအလာတွေ အများကြီး ရှိနေပြီလို့ သတ်မှတ်ထားကြတယ်။ ဒေသတွင်း နိုင်ငံတွေကလည်း မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှု အရှိန်အဟုန်တွေကို သတိကြီးစွာထားရင်း သူတို့နိုင်ငံတွေမှာ တပ်လှန့်နေကြပြီ။ ဒီလိုအခွင့်အရေးမှာ တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုတဲ့ စိတ်ဓာတ်ကောင်းကောင်းနဲ့ အစွမ်းကုန် ပြန်ကြိုးစား ရတော့မှာပါ။ တိုင်းပြည်နဲ့လူမျိုး မျက်နှာငယ်ရတာ ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်ရင် ပတ်စ်ပို့အနီ ကိုင်ထားတဲ့သူကို နိုင်ငံတကာ လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူတွေ ဘယ်လိုဆက်ဆံလဲ ဆိုတာကို ကိုယ်တိုင်ခံစားဖူးရင် သိလာပါလိမ့်မယ်။ အခု ယိုးဒယားထက် အဘက်ဘက်မှာ ကျွန်တော်တို့ နောက်ကျကျန်နေခဲ့ပြီ။ ဒါတွေကို အတုယူပြီး ပြုပြင်ပါ။ ရွှေထီးဆောင်းခဲ့တဲ့ ခေတ်ကိုပဲ ပြန်တမ်းတ မနေပါနဲ့တော့။ သမိုင်းကိုသိတာ ကောင်းပါတယ်၊ ဒါပေမဲ့ သမိုင်းထဲမှာပဲ ယစ်မူးမနေဖို့တော့ လိုပါလိမ့်မယ်။ ရာဇ၀င်ထဲက ငယ်နိုင်ကို ပြန်မီဖို့တောင် ကျွန်တော်တို့မှာ ရှေ့ဆက်စရာတွေ အများကြီး ရှိနေသေးတယ်လေ။
Written by သူရိန်လှိုင်ဝင်း
Credit To First-11
Post a Comment