ဒီမိုကရေစီ အသွင်ကူးပြောင်း ကာလတွေမှာ အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ အန်ဂျီအိုများမှ ပါဝင် ဆောင်ရွက်သင့်တဲ့ နိုင်ငံရေးရာ လုပ်ငန်း ဆောင်တာများ ရှိပါတယ်။ ပဋိပက္ခ စီမံခန့်ခွဲမှုရဲ့ ဗဟိုချက်မကို နိုင်ငံရေးရာ လုပ်ငန်း ဆောင်တာများ အဖြစ် ပညာရှင်များက သတ်မှတ်ထားကြပါတယ်။
နိုင်ငံရေးရာ လုပ်ငန်း ဆောင်တာများကို အကောင်အထည် ဖော်ဆောင်သူများဟာ ပဋိပက္ခ ဖြစ်ပွားမှု ဆိုင်ရာ အခြေခံ အကြောင်းရင်းများ၊ ဖြစ်ပွားခဲ့ပုံ အခြေအနေများ၊ ပဋိပက္ခမှာ ပါဝင် ပတ်သက်သူများရဲ့ အကျိုးစီးပွားများကို ခြုံငုံ သိရှိနေဖို့ လိုအပ်ပါတယ်။
သို့မှသာ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ရန် လိုအပ်တဲ့ ခေါင်းဆောင်များ၊ ပညာရှင်များ၊ ဒေသခံ အဖွဲ့အစည်းများအား ဆန်းစစ်ခြင်း၊ ပဋိပက္ခ အဆင့်ဆင့်မှာ ပါဝင် ပတ်သက်သူများနှင့် ဆက်သွယ်ရေး လမ်းကြောင်းများ တည်ဆောက်ခြင်း၊ နိုင်ငံရေး ဖွံ့ဖြိုး တိုးတက်မှု အခြေအနေများအား ဆန်းစစ်ခြင်း၊ ငြိမ်းချမ်းရေး သဘောတူ စာချုပ်များအား အကောင်အထည် ဖော်ဆောင်ရေး မဟာဗျူဟာများ ချမှတ်ခြင်း၊ ပဋိပက္ခများမှာ သွယ်ဝိုက် ပတ်သက်နေသော နိုင်ငံများမှ သံတမန်များနှင့် ဆွေးနွေး ညှိနှိုင်းခြင်း၊ လူသားချင်း စာနာမှုဖြင့် အကူအညီပေးနေသော အဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်း၊ အစိုးရ တာဝန်ရှိသူများအား မူဝါဒရေးရာ အကြံပြုခြင်း၊ နိုင်ငံရေး အင်စတီကျူးရှင်းများ တည်ဆောက် ခြင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ လိုအပ်သော ကူညီ ထောက်ပံ့မှုများနှင့် အရင်းအမြစ်များအား ရှာဖွေခြင်း စတဲ့ နိုင်ငံရေးရာ လုပ်ငန်း ဆောင်တာများကို စနစ်တကျ ပူးပေါင်း ဆောင်ရွက်နိုင်မှာ ဖြစ် ပါတယ်။
ဒီလို ပူးပေါင်း ဆောင်ရွက်ရေးအတွက် နိုင်ငံရေးရာ ဌာနများ ထားရှိပြီး သက်ဆိုင်ရာ အဖွဲ့အစည်း အလိုက် နိုင်ငံရေး အကြံပေး (Political Advisor) များ၊ နိုင်ငံရေးရာ အရာရှိ (Political Affairs Officer) များ ထားရှိခြင်းအားဖြင့် လုပ်ငန်းများ ချောမွေ့စေရေးအတွက် ဆောင်ရွက်နိုင်ပါတယ်။
နိုင်ငံရေး အကြံပေးများနဲ့ နိုင်ငံရေးရာ အရာရှိများကို အသွင်ကူးပြောင်း ကာလအတွက် ရွေးချယ် ခန့်အပ်ရာမှာ များသောအားဖြင့် နိုင်ငံရေး သိပ္ပံ ဘွဲ့ရများ၊ နိုင်ငံတကာ ဆက်ဆံရေး ဘွဲ့ရများကို အသုံးပြုလေ့ ရှိပါတယ်။ အချို့နိုင်ငံများမှာတော့ ပဋိပက္ခ အခြေအနေနဲ့ ပတ်သက်ပြီး နားလည် သိရှိတဲ့ ဥပဒေ ဘွဲ့ရများ၊ သံတမန်များ၊ စာနယ်ဇင်းသမားများ၊ ကျောင်းဆရာများနဲ့ မနုဿဗေဒဘွဲ့ရ များကိုပါ ရွေးချယ် ခန့်ထားလေ့ ရှိပါတယ်။
အသိပညာ ဗဟုသုတက အရေးကြီးတာ မှန်ပေမယ့် ဒီထက်ပိုပြီး အရေးကြီးတာကတော့ ပဋိပက္ခကို မကြီးထွားစေဘဲ လျော့ကျစေလိုသော အတွေးအခေါ် ရှိမှုနဲ့ အခြေအနေနဲ့အညီ ဆီလျော်သော သုံးသပ် ဆန်းစစ်ချက်များ လုပ်ဆောင်နိုင်မှု အရည်အချင်းပဲ ဖြစ်ပါတယ်။
နိုင်ငံရေး အကြံပေးများနဲ့ နိုင်ငံရေးရာ အရာရှိများရဲ့ လုပ်ငန်း တာဝန်များကို ဖော်ပြရာမှာ ကဏ္ဍကြီး လေးခုကို ခွဲခြား ဖော်ပြလေ့ ရှိပါတယ်။ ဒီကဏ္ဍကြီး လေးခုကတော့ စေ့စပ် ဆွေးနွေးခြင်း (Negotiation)၊ ညှိနှိုင်း ဆောင်ရွက်ခြင်း (Coordination)၊ စောင့်ကြည့် လေ့လာ၍ တိုးတက်မှုများ အား အစီရင်ခံခြင်း (Monitoring and Reporting on Developments)၊ သုတေသန ပြုခြင်း၊ ဆန်းစစ် လေ့လာခြင်းနှင့် မူဝါဒရေးရာ စီမံချက်များ ချမှတ်ခြင်း (Research, Analysis and Policy Planning) စတာတွေပဲ ဖြစ်ပါတယ်။
အသွင် ကူးပြောင်းကာလရဲ့ ချောမွေ့ အောင်မြင်မှုဟာ နိုင်ငံရေး မဟာဗျူဟာ (Political Strategy) အပေါ်မှာ အဓိက မူတည်ပါတယ်။ နိုင်ငံရေး မဟာဗျူဟာအပေါ်မှာ အခြေခံတဲ့ ယူဆချက်များ၊ ရည်မှန်းချက် ပန်းတိုင်များ၊ ဖြစ်ပွားစေလိုသော နိုင်ငံရေး အဆင့်ဆင့် ပြောင်းလဲ တိုးတက်မှုများကို အကောင်အထည် ဖော်ဆောင်နိုင်မှသာ ထိရောက်မှု (Effectiveness) ရရှိမှာ ဖြစ်ပါတယ်။
နိုင်ငံရေး မဟာဗျူဟာများ ရေးဆွဲရာမှာ သက်ဆိုင်ရာ အစုအဖွဲ့များမှ နိုင်ငံရေး အကြံပေးများနဲ့ နိုင်ငံရေး အရာရှိများမှ ပါဝင် ရေးဆွဲခြင်း၊ စဉ်ဆက်မပြတ် အကဲဖြတ်ခြင်း၊ သင့်လျော်သော ညှိနှိုင်း ပြင်ဆင်မှုများ ပြုလုပ်ခြင်းဖြင့် အားလုံး ပါဝင်နိုင်မှု သဘောတရား (All Inclusiveness) ကို ကျင့်သုံးနိုင် ပါတယ်။ ဒီလို ကျင့်သုံးမှုဟာ ပဋိပက္ခမှာ ပါဝင် ပတ်သက်သော အစုအဖွဲ့များ အဆမတန် များပြားတဲ့ နိုင်ငံတွေရဲ့ နိုင်ငံရေး ဒိုင်ယာလော့ခ် (Political Dialogue) များကို အထောက်အကူ ဖြစ်စေနိုင်ပါ တယ်။
နိုင်ငံရေးရာဌာန (Political Affairs Unit) ဟာ အသွင်ကူးပြောင်း ကာလမှာ အဖွဲ့အစည်း အသီးသီး မှာ ထားရှိသင့်တဲ့ အခြားဌာန တစ်ခုဖြစ်တဲ့ ပြည်သူ့ သတင်းဌာန (Public Information Unit) နဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ပြီး နိုင်ငံရေး ဆန်းစစ်ချက်များနဲ့ တိုးတက် ပြောင်းလဲမှု ဆိုင်ရာများကို ပြည်သူလူထုထံ တင်ပြပေးဖို့ လိုအပ်ပါတယ်။ သို့မှသာ ပွင့်လင်း မြင်သာမှု (Transparency) ရှိလာပြီး၊ တိုးတက် ပြောင်းလဲမှုတွေမှာ ပြည်သူရဲ့ ပါဝင် ပတ်သက်မှု (Public Participation) မြင့်တက်လာမှာ ဖြစ်ပါတယ်။
နိဂုံးချုပ် ဆိုရရင် နိုင်ငံရေး မဟာဗျူဟာများ ပူးပေါင်း ချမှတ်ခြင်း၊ အစုအဖွဲ့များနှင့် နိုင်ငံတကာအကြား ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှုများအား အကဲဖြတ်ခြင်း၊ အစီရင်ခံစာ များ ရေးသားခြင်း၊ ပြည်သူလူထု၏ ပါဝင် ပတ်သက်မှု အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်း စတဲ့ အသွင် ကူးပြောင်း ကာလဆိုင်ရာ နိုင်ငံရေးရာ လုပ်ငန်း ဆောင်တာများကို သက်ဆိုင်ရာ အစုအဖွဲ့အလိုက် နိုင်ငံရေး ဌာနများ ဖွဲ့စည်း ထားရှိခြင်းဖြင့် အကောင်အထည် ဖော်ဆောင်နိုင်ပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။
ခင်မမမျိုး
Credit To The Voice Weekly
Post a Comment