နိုင်းမြစ်ဝှမ်းမှပေးသော နိုင်ငံရေး သင်ခန်းစာ
အီဂျစ်သမ္မတအား ဆန့်ကျင်သူများ ကမ်းရိုးတန်းမြို့ အလက်ဇန္ဒာရီးယားတွင် ဇွန် ၂၈ ရက်က ကန့်ကွက်ဆန္ဒပြနေစဉ် (Photo:AFP)
အာရပ်နွေဦး တော်လှန်ရေးတွင် အစိုးရများကို ဖြုတ်ချနိုင်ခဲ့သော တူနီးရှားနိုင်ငံ၊ ယီမင်နိုင်ငံ၊ လစ်ဗျားနိုင်ငံတို့နှင့်အတူ အီဂျစ်နိုင်ငံသည် မူဘာရက် အစိုးရကို ဖြုတ်ချပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကျင်းပခဲ့သော ရွေးကောက်ပွဲများမှတစ်ဆင့် အစိုးရသစ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။ အစိုးရသစ်သည် တစ်နှစ်သက်တမ်းအတွင်း လူထုတိုက်ပွဲနှင့် ရင်ဆိုင်ခဲ့ရပြီး စစ်တပ်အာဏာ သိမ်းမှုနှင့် အဆုံးသတ်ခဲ့ရသည်။ မြန်မာနိုင်ငံ အပါအ၀င် ဒီမိုကရေစီ ထွန်းသစ်စ နိုင်ငံများအတွက် နိုင်းမြစ်ဝှမ်းမှ တော်လှန်ရေးသည် စိတ်ဝင်စားဖွယ်၊ သင်ခန်းစာ ယူဖွယ်များနှင့် ပြည့်နှက်နေမည်မှာ မုချဖြစ်သည်။
နိုင်းမြစ်ဝှမ်းက နိုင်ငံ
အီဂျစ်အာရပ် သမ္မတနိုင်ငံသည် အာရှတိုက်၏ အနောက်တောင်ထောင့်နှင့် အာဖရိကတိုက်၏ အရှေ့မြောက်ထောင့်တို့ကို ဆိုင်းနိုင်းကျွန်းဆွယ်ခေါ် ကုန်းရိုးတံတားဖြင့် ချိတ်ဆက်ထားပြီး တိုက်ကြီးနှစ်တိုက်ကြား ခွထိုင်ထားသော နိုင်ငံဖြစ်သည်။ အီဂျစ်နိုင်ငံသည် မြေထဲပင်လယ်ဒေသ၊ အရှေ့အလယ်ပိုင်း ဒေသနှင့် မူဆလင်နိုင်ငံများ အပေါ်တွင် ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စစ်ရေးတို့အရ သြဇာသက်ရောက်နိုင်သော နိုင်ငံဖြစ်ပြီး နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင်လည်း မဟာအင်အားကြီး နိုင်ငံကြီးများအောက် အလယ်အလတ် သြဇာရှိ နိုင်ငံလည်း ဖြစ်သည်။ အီဂျစ်လေတပ်သည် အရှေ့အလယ်ပိုင်းတွင် အစ္စရေး လေတပ်နှင့် တန်းတူအဆင့်အတန်းရှိပြီး အရှေ့အလယ်ပိုင်းတွင် ထောက်လှမ်းရေး ဂြိုဟ်တု ပိုင်ဆိုင်သော နှစ်နိုင်ငံတွင် တစ်နိုင်ငံဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် အီဂျစ်နိုင်ငံကို ကာကွယ်ရေး အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံခန့် ထောက်ပံ့လျက် ရှိသည့်အလျောက် နှစ်နိုင်ငံ တပ်မတော်တို့အကြား ဆက်ဆံရေးမှာလည်း မဟာဗျူဟာ အဆင့်တွင် ရှိနေသည်ဟု ဆိုနိုင်သည်။
စစ်တပ်အာဏာသိမ်းခြင်း
အီဂျစ်သမ္မတ မိုဟာမက်မော်စီကို ဆန့်ကျင်ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၃ ရက်တွင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အဗ္ဗဒူဖာတာခါလီအယ်လ်စီစီသည် သမ္မတမော်စီကို ဖြုတ်ချကြောင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆိုင်းငံ့လိုက်ကြောင်း၊ သမ္မတ ရွေးကောက်ပွဲများကို မကြာမီ ကျင်းပပေးမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားလွှတ်တော် တရားသူကြီး အက်ဒလီမန်ဆာကို အီဂျစ်နိုင်ငံ၏ ကြားဖြတ်သမ္မတအဖြစ် ရွေးကောက်ပွဲများ ကျင်းပပြီးချိန်အထိ ခန့်အပ်ကြောင်းနှင့် ပညာရှင်များ ပါဝင်သော ကြားဖြတ်အစိုးရကို ဖွဲ့စည်းမည်ဖြစ်ကြောင်းတို့ကို ထုတ်ပြန်ကြေညာခဲ့သည်။ သမ္မတမော်စီကို နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခဲ့ပြီး Muslim Brotherhood ခေါင်းဆောင်များကိုလည်း ဖမ်းဆီးခဲ့သည်။ အာဏာသိမ်း ကြေညာချက်ကြောင့် အီဂျစ်နိုင်ငံတစ်ဝန်း အာဏာသိမ်းမှုကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများ၏ ဆန္ဒပြပွဲများ၊ ခိုက်ရန်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
သမ္မတမော်စီ ရွေးကောက်ခံရသည့် တစ်နှစ်ပတ်လည်နေ့ ၂၀၁၃ ခုနှစ်၊ ဇွန် ၃၀ ရက်တွင် အာဏာရှင် ပုံစံအုပ်ချုပ်မှုအပေါ် မကျေနပ်သဖြင့် အီဂျစ်နိုင်ငံတစ်ဝန်း ဆန္ဒပြသူ သန်းပေါင်းများစွာသည် လမ်းမများပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး သမ္မတမော်စီ ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဆန့်ကျင်ဆန္ဒပြသူငါးဦး အသတ်ခံရပြီး နောက်ပိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် အကြမ်းဖက်မှု တိုက်ခိုက်မှုများ ရောနှောလာခဲ့သည်။
စစ်တပ်၏ သမ္မတမော်စီကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုအား ငြင်းဆန်ခဲ့ခြင်းနှင့် နိုင်ငံရေး သမားများသည် လက်ရှိအခြေအနေကို မထိန်းသိမ်းနိုင်ပါက အာဏာသိမ်းမည်ဟု ခြိမ်းခြောက်ခြင်းတို့၏ နောက်ပိုင်းတွင် ဆန္ဒပြမှုများသည် နိုင်ငံရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးရာ အမျိုးသား အကျပ်အတည်းကြီး အဖြစ်သို့ ရောက်ရှိလာခဲ့သည်။
စစ်တပ်သည် တိုင်းပြည်အကျပ်အတည်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအရ ဖြေရှင်းဖို့ အထောက်အပံ့ မပြုခဲ့သည့်အပြင် ပြဿနာကို နိုင်ငံရေး သမားများကိစ္စ သက်သက်အဖြစ် လက်ရှောင်ထိုးချကာ အာဏာသိမ်းမည်ဟု ရာဇသံပေးမှုသည် အီဂျစ်နိုင်ငံ အနာဂတ်အတွက် နိုင်ငံရေး စိုးရိမ်ရေမှတ် တစ်ခုပင် ဖြစ်သည်ဟု ကောက်ချက်ပြုနိုင်သည်။
စစ်တပ်မှ အာဏာသိမ်းခြင်းသည် အစိုးရ၊ နိုင်ငံရေး ပါတီများနှင့် အတိုက်အခံ လှုပ်ရှားမှုတို့အကြား ဘုံသဘောထားနှင့် ဘုံသဘောတူညီချက် တစ်ရပ်ကို မချမှတ်နိုင်သဖြင့်ဟု ဆိုစေကာမူ အာရပ်နွေဦးအလွန် ဒီမိုကရေစီနည်းကျ တည်ဆောက်ထားသည့် ယန္တရားတစ်ခုကို စစ်တပ်အာဏာသိမ်းမှုနှင့် ထိန်းကျောင်းခဲ့ရခြင်းမှာ လွဲချော်မှုတစ်ခုပင် ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ဖီဆန် အာခံသည့် လုပ်ရပ်ဟုလည်း ဆိုနိုင်သည်။
ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေးကို ပုံဖော်နေသည့် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံများအတွက် အီဂျစ်နိုင်ငံ ဖြစ်စဉ်သည် သင်ခန်းစာယူဖွယ် ဖြစ်သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် စစ်တပ်အာဏာသိမ်းမှု ပါဝင်လာခြင်းသည် နောက်ကြောင်းပြန်လှည့်မှုပင် ဖြစ်သည်။ အီဂျစ်စစ်တပ်သည် အမေရိကန်စစ်တပ် အထောက်အပံ့ အကူအညီအောက်တွင် ရပ်တည်နေသောကြောင့် အုပ်ချုပ်ရေးနှင့် နိုင်ငံရေးတွင် စိတ်ဝင်စားမှု နည်းပါးနိုင်ခြေ ရှိသဖြင့် အီဂျစ်ပြည်သူတို့အတွက် ကံကောင်းသည်ဟု မှတ်ချက်ပြုရမည် ဖြစ်သည်။
အီဂျစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ
သမ္မတမိုဟာမက် မော်စီသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် အီဂျစ်အာရပ် သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကောင်စီသည် ဥပဒေမူကြမ်းကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်တွင် အတည်ပြုခဲ့သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၂၂ ရက်အတွင်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်။
မဲပေးပိုင်ခွင့်ရှိသူ ၃၃ ရာခိုင်နှုန်း မဲပေးခဲ့ပြီး မဲလာရောက်ပေးသူ ၆၄ ရာခိုင်နှုန်း၏ ထောက်ခံမှုဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့သည်။
အီဂျစ်အာရပ် သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်သည် သမ္မတမူဘာရက် လက်ထက်က သမ္မတထံ အာဏာများအားလုံး အပ်နှင်းခဲ့သည့် ပုံစံကို ပယ်ဖျက်ခဲ့ပြီး လွှတ်တော်များကို လုပ်ပိုင်ခွင့်များ၊ အာဏာများ ပိုမိုအပ်နှင်းခဲ့သည်။ သို့သော် အီဂျစ်စစ်ဗိုလ်ချုပ်ကြီးများသည် မူဘာရက် လက်ထက်က ရရှိခဲ့သော အာဏာနှင့် အခွင့်အရေး အများစုကို ပြန်လည်ရရှိခဲ့ကြသည်။ ဘာသာရေး အခြေခံသော နိုင်ငံရေး ပါတီများ ဖွဲ့စည်းတည်ထောင်ခြင်းကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်မပြုပေ။
ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ (၁၄၆) အရ၊ သမ္မတသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သော်လည်း၊ သမ္မတမော်စီသည် အီဂျစ်တပ်မတော်အပေါ် သြဇာလွှမ်းမိုးမှု မရှိသည့်အပြင် အီဂျစ်တပ်မတော်သည် နိုင်ငံရေးနှင့် မပတ်သက်သော အဖွဲ့အစည်းအဖြစ် ရပ်တည်နေသည်။ ပုဒ်မ (၁၉၅) အရ ကာကွယ်ရေးဝန်ကြီးသည် တပ်မတော် စစ်ဦးစီးချုပ်ဖြစ်ပြီး တပ်မတော် အရာရှိကြီးများမှ စစ်ဦးစီးချုပ်ကို ခန့်အပ်ရမည် ဖြစ်သည်။
အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်အနေဖြင့် ပါဝင်ပတ်သက်ခွင့် မရှိသော်လည်း အီဂျစ်စစ်တပ်သည် နိုင်ငံရေး အကျပ်အတည်းကို အာဏာသိမ်းသည့် နည်းလမ်းဖြင့် ဖြေရှင်းခဲ့ပြီး အီဂျစ်ကာကွယ်ရေး ၀န်ကြီးက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆိုင်းငံ့ကြောင်း ထုတ်ပြန်မှုသည် အကျည်းတန် အရုပ်ဆိုးသော ပြယုဂ်တစ်ခုပင် ဖြစ်သည်။
မြန်မာနိုင်ငံနှင့် အခြားထွန်းသစ်စ ဒီမိုကရေစီ နိုင်ငံများအနေဖြင့် အာဏာသိမ်းမှု၊ ဖွဲ့စည်းပုံကို ဖျက်သိမ်းမှု၊ ဆိုင်းငံ့မှုတို့ကို အကြောင်းပြုလျက် နိုင်ငံ၊ ပြည်သူနှင့် စစ်တပ်သုံးဦး သုံးဖလှယ်နစ်နာ ဆုံးရှုံးမှုများကို သင်ခန်းစာယူသင့်သည်။ အကယ်စင်စစ် စစ်တပ်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖြေရှင်းနိုင်ရန် လိုအပ်သော လုံခြုံရေး အထောက်အပံ့နှင့် နိုင်ငံရေးအရ ဖြေရှင်းနည်းကိုသာ အားပေးထောက်ခံသင့်သည်။
အီဂျစ်ပါလီမန်နှင့် ရွေးကောက်ပွဲ
အီဂျစ်နိုင်ငံ၏ လွှတ်တော်ကို အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့ဖြင့် ဖွဲ့စည်းထားသည်။ အောက်လွှတ်တော်သည် ဥပဒေပြုရေးနှင့် နေ့စဉ်ဥပဒေရေးရာ ကိစ္စများအတွက် အဓိက တာဝန်ရှိသည်။ အောက်လွှတ်တော်တွင် လွှတ်တော်အမတ် ၅၀၈ ဦး ပါဝင်သည်။ အမတ် ၄၉၈ ဦးကို ရွေးကောက်ပွဲမှ တင်မြှောက်ပြီး အမတ် ၁၀ ဦးကို တိုက်ရိုက်ခန့်အပ်သည်။ အမတ် ၄၉၈ ဦးအနက်၊ ၁၆၆ ဦးကို မဲအများဆုံးရရှိသူ အနိုင်ရသည့်စနစ်၊ ၃၃၂ ဦးကို အချိုးကျ ကိုယ်စားပြုမှုစနစ် (ပီအာ)ဖြင့် ရွေးချယ်သည်။
ရူရာကောင်စီသည် အီဂျစ်နိုင်ငံ၏ အထက်လွှတ်တော်ဖြစ်ပြီး လွှတ်တော်အမတ် ၂၇၀ နှင့် ဖွဲ့စည်းထားသည်။ အထက်လွှတ်တော်အမတ် ၉၀ ကို သမ္မတမှ တိုက်ရိုက်ခန့်အပ်ပြီး အမတ် ၁၈၀ ကို ရွေးကောက်ပွဲမှတစ်ဆင့် ရွေးကောက်တင်မြှောက်သည်။ အမတ် ၁၈၀ ဦးအနက်၊ အမတ် ၆၀ ကကို မဲအများဆုံး ရရှိသူ အနိုင်ရရှိသည့် စနစ်ဖြင့် လည်းကောင်း၊ အမတ် ၁၂၀ ကို အချိုးကျ ကိုယ်စားပြုမှုစနစ် (ပီအာ)ဖြင့် လည်းကောင်း ရွေးကောက်သည်။ လွတ်လပ်ရေးနှင့် တရားမျှတရေး ပါတီနှင့် Muslim Brotherhood ပါတီတို့ ပါဝင်သော အီဂျစ်ဒီမိုကရက်တစ် မဟာမိတ် ပါတီသည် လွှတ်တော်နှစ်ရပ်လုံးတွင် အမတ်နေရာ အများစုကို အနိုင်ရရှိထားသည်။
အီဂျစ်အာရပ် သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၁ အရ ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်ပြီးနောက် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲများတွင် လွှတ်တော်အမတ်နေရာ၏ သုံးပုံနှစ်ပုံကို အချိုးကျ ကိုယ်စားပြုမှု စနစ်ဖြင့် လည်းကောင်း၊ ကျန်လွှတ်တော်အမတ် သုံးပုံတစ်ပုံကို မဲအများဆုံး ရရှိသူ အနိုင်ရရှိသည့် စနစ်ဖြင့် လည်းကောင်း ရွေးကောက်တင်မြှောက်ရမည် ဖြစ်သည်။ နိုင်ငံရေး ပါတီများ သို့မဟုတ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များသည် စနစ်နှစ်မျိုးတွင် နှစ်သက်ရာ စနစ်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်နိုင်သည်။
စစ်တပ်မှ အာဏာသိမ်းပြီးနောက် အီဂျစ်နိုင်ငံ အထက်လွှတ်တော်ကို ဖျက်သိမ်းခဲ့ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီသည့်အပြင် စစ်တပ်က မည်သို့ပင် နိုင်ငံရေး၌ စိတ်မ၀င်စားဟု ဆိုစေကာမူ အထက်လွှတ်တော်ကို ဖျက်သိမ်းခဲ့မှုသည် နိုင်ငံရေးအရ ခြေကျွံမှု ဖြစ်သည်ဟုလည်း ကောက်ချက်ပြုကြသည်။ ဖွဲ့စည်းပုံအရ သမ္မတကသာ အောက်လွှတ်တော်ကို ဖျက်သိမ်းနိုင်ပြီး အထက်လွှတ်တော်သည် အောက်လွှတ်တော် ဖျက်သိမ်းထားချိန်တွင်ပင် ဥပဒေပြုရေး အာဏာကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆက်လက်ကျင့်သုံးနိုင်ခွင့် ရှိသည်။ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှမ်းမိုးအာဏာသိမ်းမှုကို အကြောင်းပြုလျက် အာဖရိက သမဂ္ဂသည် အီဂျစ်နိုင်ငံကို အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ခဲ့သည်။
တာမာရူ သူပုန်လှုပ်ရှားမှု
၂၀၁၃ ခုနှစ် ဇွန် ၃၀ ရက်တွင် လက်မှတ်ပေါင်း ၁၅ သန်း ရရှိအောင် ကောက်ခံပြီး အီဂျစ်သမ္မတ မိုဟာမက်မော်စီကို သမ္မတရွေးကောက်ပွဲများ အချိန်စောခေါ်ယူရေး တောင်းဆိုမည့် အတိုက်အခံ လူထုလှုပ်ရှားမှုသည် တာမာရူ သူပုန်လှုပ်ရှားမှုပင် ဖြစ်သည်။ အဆိုပါ သူပုန်လှုပ်ရှားမှုကို ၂၀၁၃ ခုနှစ် ဧပြီ ၂၈ ရက်တွင် စတင်ခဲ့ပြီး ဇွန် ၂၉ ရက်တွင် လက်မှတ်ပေါင်း ၂၂ သန်းကျော်ကို စုဆောင်းရရှိခဲ့သည်ဟု တာမာရူ လှုပ်ရှားမှုက ထုတ်ပြန်ခဲ့သည်။ အဆိုပါ လှုပ်ရှားမှု အဖွဲ့ဝင်များသည် သမ္မတမော်စီကို ဇူလိုင် ၂ ရက် မတိုင်မီ ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ပြီး မနုတ်ထွက်ပါက အစိုးရ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုများ စတင်မည်ဟု ကြေညာခဲ့သည်။ အီဂျစ်စစ်တပ်က အစိုးရနှင့် တာမာရူ နှစ်ဖက်လုံးကို ဇူလိုင် ၃ ရက် မတိုင်မီ အကျပ်အတည်းအား ဖြေရှင်းရန် ရာဇသံ ပေးခဲ့သည်။ အကျပ်အတည်းကို မကျော်လွှားနိုင်ပါက စစ်တပ်အနေဖြင့် အစိုးရနှင့် နိုင်ငံရေးတွင် ပါဝင်မည် မဟုတ်သော်လည်း နိုင်ငံရေး လမ်းပြမြေပုံကို အဆိုပြုမည်ဟု ထုတ်ပြန်ခဲ့သည်။
နိဂုံး
အချုပ်အားဖြင့်ဆိုသော် အီဂျစ်နိုင်ငံတွင် စစ်တပ်အာဏာသိမ်းယူမှုသည် အာရပ်နွေဦး တော်လှန်ရေး၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည့်အပြင် စစ်တပ်သည် ဒီမိုကရေစီ ထွန်းသစ်စနိုင်ငံများ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများကို အလွယ်တကူ ဖျက်သိမ်းနိုင်၊ သြဇာလွှမ်းနိုင်သော ယန္တရား ဖြစ်ကြောင်းကိုလည်း ပိုမိုသိသာ ထင်ရှားစေခဲ့သည်။ ရွေးကောက်ပွဲနှင့် တင်မြှောက်သော သမ္မတကို ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်အာဏာသိမ်းမှုနှင့် ဖြုတ်ချခဲ့ခြင်းသည်လည်း စံနမူနာယူဖွယ် လုပ်ရပ်မဟုတ်ဟု မှတ်ချက်ပြုနိုင်သည်။ စစ်တပ်အာဏာ သိမ်းမှုကို ၀မ်းမြောက်ဝမ်းသာ ထောက်ခံကြိုဆိုနေသော အီဂျစ်ပြည်သူများကို မြင်တွေ့ရသောအခါ အီဂျစ်နိုင်ငံ၏ အနာဂတ်နှင့် မျိုးဆက်သစ်များအတွက် အလွန်အမင်း စိုးရိမ်စိတ် ၀င်ခဲ့မိသည်။ ပြည်သူလူထုနှင့် ထိုက်တန်သော အစိုးရကို ရသည်ဟူသော စကားကို ပြန်ကြားယောင်မိသည်။ မြန်မာနိုင်ငံ အပါအ၀င် ဒီမိုကရေစီ ထွန်းသစ်စ နိုင်ငံများမှ ပြည်သူများသည် အာရပ်နွေဦး တော်လှန်ရေးနှင့် အာရပ်ပြည်သူလူထုကို ဂုဏ်ယူအားကျ ခဲ့ကြသော်လည်း အီဂျစ်အာဏာသိမ်း ဇာတ်လမ်းနောက်ပိုင်းတွင် အဆိုပါ ပြည်သူများသည် အာရပ်နွေဦးနှင့် အာရပ်ပြည်သူ လူထုအတွက် စိုးရိမ်ပူပန်ခဲ့သည့်နည်းတူ ကိုယ့်ကိုယ်ကိုယ်လည်း စိုးရိမ်ပူပန်ခဲ့ကြသည်။ ခေတ်အဆက်ဆက် ကမ္ဘာ့သမိုင်း စာမျက်နှာများစွာတွင် နိုင်ငံရေး ပြဿနာများ၊ နိုင်ငံရေး အကျပ်အတည်းများကို စစ်တပ်အာဏာ သိမ်းမှုနှင့် ဖြေရှင်းခဲ့သော အစဉ်အလာဆိုးကြီးအား မည်သို့မည်ပုံ အဆုံးသတ်နိုင်မည်နှင့် ပတ်သက်၍ ဒီမိုကရေစီ ထွန်းသစ်စ နိုင်ငံများ အပါအ၀င် ကမ္ဘာ့မိသားစုဝင် နိုင်ငံများ အားလုံးအနေဖြင့် ၀ိုင်းဝန်းအဖြေရှာသင့်ကြောင်း အီဂျစ်နိုင်ငံ၏ လတ်တလော ဖြစ်စဉ်များက သက်သေပြုလျက် ရှိနေပါသည်။
Written by ဒေါက်တာရန်မျိုးသိမ်း
Credit To Eleven Journal
Post a Comment