Monday, July 8, 2013

ဒီမိုကရေစီအကူးအပြောင်းနှင့် ဂိုဏ်းဂဏပြဿနာ


ရေးသားသူ- ဒေါက်တာမင်းဇော်ဦး

အီဂျစ်နိုင်ငံက ရွေးကောက်တင်မြှောက်ခံထားရတဲ့ သမ္မတမိုဟာမက်မော်စီကို အီဂျစ်တပ်မတော်က အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားပြီး ရာထူးက
ဖယ်ရှားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့ထားပြီး ကြားဖြတ်အစိုးရတစ်ခုကို ဖွဲ့စည်းလိုက်ပါတယ်။ မော်စီကို ဆန့်ကျင်တဲ့ လစ်ဘရယ်များကတော့ ဒါဟာအီဂျစ်ရဲ့ “ဒုတိယတော်လှန်ရေး”လို့ အမည်တပ်လိုက်ပါတယ်။ မော်စီကိုထောက်ခံတဲ့ အစ္စလာမ်ဘာသာရေး အခြေခံအုပ်စုတွေကတော့ ဒီမိုကရေစီနည်းနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်ကို ဖြုတ်ချခဲ့တဲ့ “အာဏာသိမ်းပွဲ”လို့ဆိုပါတယ်။ အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေကတော့ စစ်တပ်အာဏာသိမ်းပြီး ဖြုတ်ချလိုက်တယ်လို့ နာမည်တပ်ဖို့ အာစေးနေပါတယ်။ “အာဏာသိမ်းတယ်”လို့ အမည်တပ်လိုက်တာနဲ့ သူတို့နိုင်ငံတွေက လုပ်ထုံးလုပ်နည်းတွေအရ ပိတ်ဆို့မှု- Sanctions တွေလုပ်ရမှာကို မလိုလားလို့ပါ။

ဘယ်လိုပဲခေါ်ခေါ် အီဂျစ်ရဲ့ဒီမိုကရေစီအကူးကာလအတွင်းမှာ ရွေးကောက်ပွဲနဲ့တက်လာတဲ့ သမ္မတကို တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့မဟုတ်ဘဲ စစ်တပ်က ၀င်ရောက်ပြီး ဖယ်ရှားလိုက်တဲ့ အခြေအနေကို ရောက်သွားတာပါ။ ဒီလိုဖယ်ရှားမှုမျိုးကို ထိုင်းနိုင်ငံမှာလည်း ခဏခဏဖြစ်ခဲ့ဖူးပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့ပေမယ့် အခြေမခိုင်သေးဘဲ ဒီမိုကရေစီနုနုနိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် နောက်ပြန်လှိုင်း(သို့) ဒီမိုကရေစီခရီးဖင့်တဲ့ အနှောင့်အတားမျိုးလည်း ဖြစ်ပါတယ်။ နိုင်ငံတစ်ခုမတည်ငြိမ်ဖြစ်နေတာကို မီးမောင်းထိုးပြတဲ့ “အစိုးရရုတ်ခြည်း ပြုတ်ကျခြင်း” - Abrupt Regime Change လို့လည်း ပြောလို့ရပါတယ်။

ဒီလိုမတည်မငြိမ်မှုတွေ ဘာကြောင့်ဖြစ်လာရလဲဆိုတာ သိချင်တဲ့အတွက် အမေရိကန်သမ္မတကလင်တန်ရဲ့ လက်ထက်မှာ ဒုသမ္မတအဲလ်ဂိုးက ညွှန်ကြားဦးဆောင်ပြီး သုတေသနလုပ်ငန်းအဖွဲ့- Taskforce တစ်ခုကို ၁၉၉၄ မှာ ဖွဲ့စည်းခဲ့ပါတယ်။ Political Instability Taskforce (PITF)လို့ နောက်လူမျိုးသိများလာတဲ့ ဒီသုတေသနစီမံချက်က ခုနစ်နှစ်လောက်ကြာ အချက်အလက်အစုအဝေးပေါင်း တစ်သန်းကျော်နဲ့ တစ်ကမ္ဘာလုံးက မတည်မငြိမ်ဖြစ်မှုတွေကို လေ့လာလိုက်တဲ့အခါ မတည်မငြိမ်ဖြစ်စေတဲ့ အချက်သုံးချက်ကို သွားတွေ့ရပါတယ်။ ပထမပြဿနာက လူနေမှုအဆင့်အတန်းနိမ့်ကျပြီး စီးပွားရေးချွတ်ခြုံကျတဲ့အကြောင်းခံပါ။ ဒုတိယပြဿနာက အာဏာရှင်မဟုတ် ဒီမိုကရေစီလည်း လုံးလုံးမကျတဲ့ ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဒီမိုကရေစီမျိုးပါ။ နိုင်ငံရေးအကူးအပြောင်းဖြစ်တဲ့ တိုင်းပြည်တွေမှာ တွေ့ရတာများပါတယ်။ တတိယအချက်ကတော့ ဂိုဏ်းဂဏပြဿနာပါ။ နောက်ပိုင်းသုတေသနတွေမှာ တွေ့ရှိချက်က ဒီမိုကရေစီနုနုအချိန် ဟိုမရောက်ဒီမရောက်အချိန်မှာ ဂိုဏ်းဂဏပြဿနာက နောက်ကြောင်းပြန်လှည့်ခြင်းတို့ရဲ့ မြစ်ဖျားခံရာဖြစ်တယ်ဆိုတာ တွေ့ရှိလာခဲ့ကြတယ်။ ဂိုဏ်းဂဏပြဿနာက ဒီမိုကရေစီအကူးအပြောင်းကို ခြိမ်းခြောက်နိုင်တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့တယ်။

ဂိုဏ်းဂဏပြဿနာဆိုတာ အဖွဲ့တွေမတူရုံ၊ နိုင်ငံရေးပါတီတွေများရုံ သက်သက်လောက်နဲ့ ဖြစ်တာတော့မဟုတ်ဘူး။ ဒီမိုကရေစီအကူးအပြောင်းအချိန်မှာ နိုင်ငံရေးပါတီတွေ မှိုလိုပေါက်တတ်တာက ဓမ္မတာပါ။ ဂိုဏ်းဂဏနိုင်ငံရေးနဲ့ ပြဿနာဟာ စနစ်မခိုင်သေးတဲ့အချိန်မှာ အုပ်စုအသီးသီးက မိမိအကျိုးစီးပွားအတွက် ယှဉ်ပြိုင်ကြရင်း စနစ်က ပြဋ္ဌာန်းထားတဲ့ ဘယ်လိုဘယ်ပုံ အာဏာယူရမယ်ဆိုတာထက်ပိုပြီး အခြားနည်းတွေနဲ့ ပြိုင်ဘက်ကို အလဲထိုးဖို့ ကြိုးစားကြတဲ့အခါမှာ ဖြစ်လာတဲ့ ပဋိပက္ခပါ။ ဒီမိုကရေစီစနစ်ခိုင်သွားတဲ့ နိုင်ငံတွေမှာ နိုင်ငံရေးပါတီတွေ ယှဉ်ပြိုင်ကြတဲ့အခါ ရှိရင်းစွဲစနစ်က သတ်မှတ်ထားတဲ့ နည်းဥပဒေလုပ်ပိုင်ခွင့်တွေနဲ့သာ အာဏာရဖို့ ကြိုးစားကြတာပါ။ စနစ်ရဲ့အပြင်ကနည်းလမ်းနဲ့ အာဏာရဖို့ မကြိုးစားပါဘူး။

ဥပမာ အမေရိကန်နိုင်ငံမှာ ၂၀၀၀ ပြည့်နှစ်က ကျင်းပခဲ့တဲ့ ဂျော့ဘုရှ်နဲ့ အဲလ်ဂိုးတို့ ယှဉ်ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ဖလော်ရီဒါပြည်နယ်က မဲရေတွက်ပုံ အငြင်းပွားရာမှာ တရားလွှတ်တော်ချုပ်က ၀င်ရောက်ဆုံးဖြတ်ပြီးနောက် ဂျော့ဘုရှ်က အနိုင်ရခဲ့တာပါ။ ဒါတောင် အဲလ်ဂိုးက တစ်တိုင်းပြည်လုံးမှာ မဲပိုရခဲ့တာပါ။ တရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်မှုအပေါ် အဲလ်ဂိုးက သဘောမတူပေမယ့် စနစ်ရဲ့ ပြဋ္ဌာန်းချက်ကို လက်ခံခဲ့ပါတယ်။ ဘုရှ်ကို အနိုင်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ အဲလ်ဂိုးကို ထောက်ခံတဲ့သန်းနဲ့ချီတဲ့ ပြည်သူတွေက မချိတင်ကဲ ဖြစ်ကြရပါတယ်။ သူ့ကိုထောက်ခံသူတွေက လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမဲ့ ဆန္ဒပြတယ်ဆိုတာ ဆန္ဒထုတ်ဖော်တဲ့ သဘောသက်သက်သာဖြစ်ပြီး ဘုရှ်ကို အာဏာဖြုတ်ချဖို့ဆိုတဲ့ အစိုးရအပြောင်းအလဲကို ဦးတည်တာမဟုတ်ပါဘူး။ မကျေနပ်တဲ့သူတွေကလည်း စနစ်ရဲ့ပြဋ္ဌာန်းမှုကို လက်ခံခဲ့ကြပါတယ်။ ဒီမိုကရေစီ အခြေခိုင်တဲ့နိုင်ငံတွေမှာ လမ်းပေါ်ထွက်ဆန္ဒပြတဲ့နည်းနဲ့ အစိုးရဖြုတ်ချတာ အာဏာယူတာမျိုး ဖြစ်လေ့မရှိပါဘူး။ အုပ်စုတွေ အပြိုင်အဆိုင်ဖြစ်လာရင် စနစ်ကိုပဲ အခြေခံပြီး ဖြေရှင်းလေ့ရှိတယ်။ ဒီမိုကရေစီစနစ်ရဲ့ ဆုံးဖြတ်မှုကို ကြိုက်သည်ရှိ၊ မကြိုက်သည်ရှိ လိုက်နာကြတယ်။ စစ်တပ်က၀င်ပြီး အာဏာကူသိမ်းပေးရတယ်ဆိုတာ ဝေးပါရော။

အီဂျစ်ရဲ့ ဥပမာကိုကြည့်ရင် မော်စီရဲ့ “မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့”ကို အခြေခံထားတဲ့ “လွတ်လပ်ရေးနှင့် တရားမျှတရေးပါတီ” FJP ဟာ ၄၇ ဒသမ ၂ ရာခိုင်နှုန်းနေရာများမှာနိုင်ပြီး လွှတ်တော်ထဲမှာ စိုးမိုးလာပါတယ်။ အခြားမွတ်ဆလင်ဘာသာ အခြေခံပါတီတွေနဲ့ပေါင်းလိုက်ရင် သူတို့ရဲ့အင်အားဟာ ၇၀ ရာခိုင်နှုန်းကျော် ဖြစ်သွားပါတယ်။ ဇွန် ၂၀၁၂ မှာ လွှတ်တော်ကို အခြေခံဥပဒေတရားရုံးချုပ်က ဖျက်သိမ်းခဲ့ပါတယ်။ မော်စီကို ၅၁ ဒသမ ၇ ရာခိုင်နှုန်း မဲနဲ့ ရွေးကောက်တင်မြှောက်ပြီးနောက်ပိုင်း ဇူလိုင်မှာ အရင်ကဖျက်သိမ်းခံထားရတဲ့ မွတ်ဆလင်ပါတီတွေ အုပ်စိုးထားတဲ့ လွှတ်တော်ကို ပြန်လည်အသက်သွင်းခဲ့ပါတယ်။ တစ်ဆက်တည်းမှာက စစ်တပ်နဲ့နီးစပ်တဲ့ အင်အားစုတွေ အရင်သမ္မတ မူဘာရက်အပေါ် သစ္စာခံသူတွေကို အစိုးရထဲက အရေးပါတဲ့နေရာတွေက ဖယ်ရှားခဲ့ပါတယ်။ နိုဝင်ဘာ ၂၀၁၂ မှာတော့ မော်စီရဲ့ အစိုးရဟာ တရားရေးဘက်က သူ့ရဲ့အာဏာကို ၀င်ရောက်စွက်ဖက်လို့မရအောင် အမိန့်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ မွတ်ဆလင်
ဘာသာရေးအခြေခံတဲ့ ဥပဒေတွေနဲ့ ထိန်းချုပ်တော့မယ်ဆိုပြီး ပျော့ပျောင်းသူတွေ၊ လစ်ဘရယ်တွေက ဆန့်ကျင်ခဲ့ကြပါတယ်။

မော်စီရဲ့ မွတ်ဆလင်ဘာသာအပေါ် အခြေခံတဲ့ နိုင်ငံရေးအုပ်စုက လစ်ဘရယ်အုပ်စု၊ အရင်မူဘာရက်အုပ်စုနဲ့ စစ်တပ်အုပ်စုတို့ကို မစည်းရုံးနိုင်ခဲ့ပါဘူး။ မွတ်ဆလင်အုပ်စုရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ရှေ့တန်းတင်ဖို့ ကြိုစားလာတဲ့အခါ အခြားအဖွဲ့တွေရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်လာခဲ့ပါတယ်။ အကျိုးစီးပွားချင်း ပြဿနာဖြစ်လာတဲ့အခါ စနစ်ကို အခြေခံတဲ့ ပြဿနာဖြေရှင်းမှုမျိုးက မအောင်မြင်ခဲ့ပါဘူး။ ဒီမိုကရေစီအကူးအပြောင်းအချိန်မှာ စနစ်ထဲမှာ ပြောင်းလဲစရာ၊ ပြင်စရာရှိတာကို ညှိနှိုင်းဆွေးနွေးတဲ့ ချဉ်းကပ်မှုမျိုးနဲ့ အဖြေမရှာနိုင်ခဲ့ပါဘူး။ လမ်းပေါ်ဆန္ဒပြတဲ့နည်းနဲ့ အရင်သမ္မတကို ဖြုတ်ချခဲ့တဲ့ အတိုက်အခံတွေဟာ ဒီနည်းနဲ့ပဲ မွတ်ဆလင်အုပ်စုတွေကို အာဏာက ဖယ်ရှားမယ်ဆိုတဲ့ ချဉ်းကပ်မှုမျိုးနဲ့ လူအုပ်နိုင်ငံရေးနဲ့ စစ်ထိုးခဲ့တာပါ။ လက်ရှိစနစ်အောက်မှာ ညှိနှိုင်းအဖြေရှာလို့ မရတဲ့အခါ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်လာပါတယ်။ နိုင်ငံရေးပြဿနာက လုံခြုံရေးပြဿနာဖြစ်လာတဲ့အခါ တိုင်းပြည်မှာ ခေတ်အဆက်ဆက်က သြဇာရှိခဲ့တဲ့ စစ်တပ်ကို နိုင်ငံရေးပြဿနာဝင်ရှင်းဖို့ ဖိတ်ခေါ်သလို ဖြစ်သွားတယ်။ မော်စီအုပ်စုကလည်း စစ်တပ်ကို နားရွက်သွားတံတွေးဆွတ်ထားတဲ့အတွက် စစ်တပ်ကလည်း ဒီအခွင့်အရေးကိုယူပြီး မွတ်ဆလင်အုပ်စုတွေကို ချေမှုန်းဖို့ ကြိုးစားလာပါတယ်။ မူဘာရက်ကို သစ္စာခံသူတွေနဲ့ အရင်အစိုးရထဲက အုပ်စုတွေကလည်း သူတို့ကို ဖြုတ်ချခဲ့တဲ့သူတွေနဲ့ပေါင်းပြီး မွတ်ဆလင်အုပ်စုကို အာဏာကဖယ်ရှားဖို့ ကြိုးစားပါတော့တယ်။

အခုဆိုရင် အာဏာသိမ်းအစိုးရက “မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့”ရဲ့ ခေါင်းဆောင်တွေကို အင်နဲ့အားနဲ့ လိုက်လံဖမ်းဆီးနေပါပြီ။ မော်စီကိုထောက်ခံတဲ့ တီဗီ၊ ရေဒီယိုဌာနများကိုလည်း ၀င်ရောက်စီးနင်းပိတ်ဆို့လိုက်ပါပြီ။ “လစ်ဘရယ်”အုပ်စုတွေ တန်ဖိုးထားတယ်ဆိုတဲ့ လူ့အခွင့်အရေးဆိုတာလည်း “ဒုတိယတော်လှန်ရေး”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချိုးဖောက်ခံနေရပါပြီ။ ဒီမိုကရေစီအကူးအပြောင်းအတွင်းက နောက်ပြန်လှိုင်းတစ်ခုကို မျက်ဝါးထင်ထင်တွေ့လိုက်ရတာပါ။

ပြဿနာက မပြီးသေးပါဘူး။ အီဂျစ်က အင်အားကောင်းတဲ့ မွတ်ဆလင်အုပ်စုတွေကလည်း လွယ်လွယ်နဲ့ အလျှော့ပေးလိမ့်မှာမဟုတ်ပါဘူး။ ထိပ်တိုက်ရင်ဆိုင်မှုတွေ ပိုပြီးများလာမယ့်သဘောရှိပါတယ်။ အကြမ်းဖက်မှုတွေ ပိုပြီးပေါ်လာမယ့် အခြေအနေပါ။ အီဂျစ်တွေရဲ့ တစ်ခုသော မျှော်လင့်ချက်ကတော့ အခုတက်လာတဲ့ အစိုးရအနေနဲ့ မွတ်ဆလင်အုပ်စုတွေအပါအ၀င် အခြားအင်အားစုတွေ ပါဝင်နိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုကို ဖန်တီးပေးနိုင်မှပဲ ထွက်ပေါက်တစ်ခုဖြစ်လာမှာပါ။ မဟုတ်ရင်တော့ ဒီမိုကရေစီကို ဦးတည်သွားရင်း ဂိုဏ်းဂဏပြဿနာကြောင့် နောက်ပြန်ဆွဲရတဲ့ ဒီမိုကရေစီအကူးအပြောင်းသမိုင်းထဲမှာ တ၀ဲလည်လည်နဲ့ ကျန်နေဦးမှာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်လည်း အီဂျစ်က သင်ခန်းစာတွေ အများကြီးပေးသွားခဲ့ပါပြီ။
(ဤဆောင်းပါးသည် ဆောင်းပါးရှင်၏ ပုဂ္ဂိုလ်ရေးအမြင်သာဖြစ်ပြီး မည်သည့်အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုပါ။)

Credit To 7Day News Journal

Related Articles:

Post a Comment