(၁)သင့်ကိုမမေးရင်သူတပါးရဲ့ကိစ္စကိုဝင်မစွက်ပါနဲ့။
ကျမတို့အများစုဟာ သူတပါးတွေရဲ့ ကိစ္စတွေမှာ ခနခန ဝင်စွက်တတ်ကြပါတယ်။ ကျမတို့လုပ်တာ အကောင်းဆုံး ဖြစ်တယ်ဆိုတာ ယုံကြည်တတ်ကြပါတယ်။ ပြီးတော့ ကျမတို့ တွေးခေါ်မှုဟာ စံထားလောက်တဲ့ တွေးခေါ်မှု ဖြစ်တယ်လို့လည်း ယုံကြည်ထားကြတယ်။ ကျမတို့ စဉ်းစားဥာဏ်နဲ့ မတူညီတဲ့ သူတွေကို မှန်ကန်တဲ့ လမ်းကြောင်းဆီ ရောက်အောင် ကိုင်တွယ်ရမယ်။ ဆန်းစစ်ဝေဖန်ရမယ်။ ဒီစဉ်းစားမှုဟာ တဦးချင်း သီးခြားဖြစ်တည်တာကို ပိတ်ပင်တာဖြစ်တယ်။ ပြီးတော့ ဘုရားသခင်ရှိတယ် ဆိုတာကိုလည်း ငြင်းဆိုတယ်။ ဘုရားသခင်ဟာ ကျမတို့ တယောက် ချင်းကို ထူးထူးခြားခြား လုပ်ပေးခဲ့တယ်။ လူသားနှစ်ယောက်ဟာ တူညီတဲ့နည်းတွေနဲ့ မစဉ်းစားနိုင်ပါဘူး။ အမျိုးသား၊ အမျိုးသမီးအားလုံးဟာ သူတို့နည်းနဲ့ သူတို့လုပ်နေကြတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘုရားသခင်ဟာ အဲဒီနည်းတွေနဲ့ လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတဲ့ အတွက် ကြောင့်ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကိစ္စ ကိုယ်လုပ်ပါ။စိတ်ငြိမ်းချမ်းမှုရလာမှာပါ။

(၂)ခွင့်လွှတ်ပါ၊မေ့ပစ်လိုက်ပါ။
ဒါဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကို အားအကောင်းဆုံး အထောက်အကူပြုတဲ့ နည်းလေး ဖြစ်ပါတယ်။ ကျမတို့ကို စော်ကားပြီး အန္တရာယ်ပြုတဲ့ လူတွေအတွက် နှလုံးသားထဲမှာ နာကျည်းစိတ် ဝင်လာတတ် ပါတယ်။ နာကျည်း ချက်တွေကို စိတ်ထဲမှာ တေးထားတတ်ပါတယ်။ အဲဒီအကျိုးရလဒ်က အိပ်ရေးပျက်ခြင်း၊ အစာအိမ် ဖြစ်ခြင်းနဲ့ သွေးတိုးစေခြင်းတို့ပါပဲ။ ဒီနာကျည်းမှုကို တကြိမ်ပြုလုပ်ခဲ့တယ် ဆိုပါတော့။ ဒါကို ခဏခဏ သတိရပြီး စိတ်ထဲမှာ အမှတ်ထားတတ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ အကျင့်ဆိုးကို ဖြေဖျောက်လိုက်ပါ။ ဘဝဆိုတာ သိပ်တို တောင်းလွန်းလို့ ဒီလိုအသေးအမွှားတွေနဲ့ အချိန် ကုန်မခံပါနဲ့။ ခွင့်လွှတ်ပါ။ မေ့ပစ်လိုက်ပါ။ ချစ်ခြင်း မေတ္တာဆိုတာ ခွင့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းတွေနဲ့ ရှင်သန်နေလို့ပါ။
(၃)အသိအမှတ်ပြုမှုကိုမမက်မောပါနဲ့။
ဒီကမ္ဘာကြီးပေါ်မှာ တကိုယ်ကောင်းဆန်တဲ့ လူတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီလူတွေဟာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ချီးကျူးခဲပါတယ်။ ဒီနေ့ သင့်မှာ သြဇာအာဏာရှိတဲ့အတွက် သင့်ကို ချီးမွမ်းချင် ချီးမွမ်း မှာ ဖြစ်ပေမယ့် မရှေးမနှောင်းမှာ သြဇာအာဏာ မရှိခဲ့တော့ဘူးဆိုရင် သင့်ရဲ့အောင်မြင်မှုတွေကို မေ့လျော့သွားလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ အမှားတွေကို မျက်စေ့ ဒေါက်ထောက် ကြည့်တော့မှာပဲ။ သူတို့ရဲ့ အသိအမှတ်ပြုခံရမှုကို ကြိုးပမ်းနေပြီး ကိုယ့်ကိုယ်ကို ဘာကြောင့် စိတ်ထိခိုက်ရမှာလဲ။ သူတို့ရဲ့ အသိအမှတ်ပြုမှုက ကိုယ့်အတွက် ဘာမှတန်ဖိုးမရှိပါဘူး။ ရိုးသားဖြောင့်မတ်ဖို့နဲ့ လူ့ကျင့် ဝတ် အတိုင်းနေတတ်ဖို့ကသင့်ရဲ့တာဝန်ဖြစ်ပါတယ်။
(၄)သူတပါးကိုမနာလိုမဖြစ်ပါနဲ့။
မနာလိုခြင်းက စိတ်ရဲ့ငြိမ်းချမ်းမှုကို ဘယ်လိုပျက်စီး စေတယ်ဆိုတာ ကျမတို့တတွေ တွေ့ကြုံဖူးခဲ့ကြပြီ။ အလုပ်ထဲမှာသင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေထက် အလုပ်ပိုကြိုးစားတယ်ဆိုတာ သင့်ကိုယ် သင်သိတယ်။ ဒါပေမယ့် တခါတရံမှာ သူတို့က ရာထူးတိုးမယ်၊ သင်ကမတိုးဘူး.။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သင်က အလုပ်ကိုစတင်လုပ်ကိုင်ခဲ့တယ်. ဒါပေမယ့် တနှစ်သာ အလုပ်လုပ်တဲ့ သင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်လောက် သင်မအောင်မြင်ဘူး။ နေ့စဉ် ဘဝမှာ အခုလိုမျိုးဖြစ်ရပ်တွေ အများကြီးရှိပါတယ်။ မနာလိုဖြစ်သင့်ပါသလား။ မဖြစ်သင့်ပါဘူး။ လူတိုင်းလူတိုင်းရဲ့ဘဝတွေကို သူတို့ ကံတရားက ပုံသွင်းပြီးသားပါ။ ချမ်းသာဖို့ ကံရှိရင် ဘယ်သူမှ ရပ်တန့်ပစ်လို့ မရပါဘူး။ ကံတရား မရှိဘူးဆိုရင် ဘယ်သူမှ ကူညီပေးနိုင်မှာ မဟုတ်ပါဘူး။ သင့်ရဲ့ ကံမကောင်းမှုအတွက် သူတပါးကို အပစ်ဖို့တာဟာ ဘာမှရလာမှာ မဟုတ်ပါဘူး။ မနာလိုခြင်းဟာ သင့်ကို ဘာမှလုပ်ပေးမှာမဟုတ်ဘူး။ ဘယ်မှာမှ ကောင်းလာမှာ မဟုတ်ပါဘူး၊ သင့်ရဲ့ စိတ်ငြိမ်းချမ်းမှုကိုပဲ ဖျက်ဆီးပစ်လိုက် သလို ဖြစ်သွားပါလိမ့်မယ်။
(၅)ပတ်ဝန်းကျင်ကိုလိုက်ပြီးသင့်ကိုယ်သင်ပြောင်းလဲပါ။
ပတ်ဝန်းကျင်ကို သင်တစ်ဦးတည်း ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုရင် ရနိုင်တဲ့ အခွင့်အရေးတွေ မရပဲ ဖြစ်သွားပါလိမ့်မယ်။ သင့်ရဲ့ ပတ်ဝန်းကျင်နဲ့ အံဝင်အောင် သင့်ကိုယ်သင် ပြောင်းလဲလိုက်ပါ။ အဲလိုလုပ်လိုက် တဲ့အခါ သင့်ကို ခင်မင်မှုမရှိတဲ့ ပတ်ဝန်းကျင်က သင့်အပေါ်မှာ ထူးထူးခြားခြား ပြောင်းလဲ လာပါလိမ့်မယ်။ စရိုက်ချင်းတူပြီး သဟဇာတဖြစ်သွားပါလိမ့်မယ်။
(၆)သည်းခံပါ။
အကျိုးမရှိတာကနေ အကျိုးရှိသွားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါ။ ကျမတို့က စိတ်မသက်သာမှုတွေ၊ ဖျားနာမှုတွေ၊ ဒေါသတွေ၊ ကျမတို့ရဲ့ ထိန်းချုပ်မှုကို ကျော်လွန်နိုင်တဲ့ အန္တရယ်တွေကို နေ့ တိုင်း ရင်ဆိုင်နေရပါတယ်။ ကျမတို့က အဲဒါတွေကို မထိန်းချုပ်နိုင်ဘူး၊ မပြောင်းလဲနိုင်ဘူးဆိုရင် ထိန်းချုပ်တတ်ဖို့ သင်ယူရလိမ့်မယ်။ သည်းခံခြင်းကို စိတ်ချမ်းမြေ့စွာနဲ့ လုပ်ကိုင်တတ်ရမယ်။ သည်းခံခြင်းဖြင့် ခွန်အားနဲ့ စိတ်စွမ်းအားတွေ ရရှိလာမှာပါ။
(၇)လုပ်နိုင်တာထက်ပိုမလုပ်ပါနဲ့။
ဒီဆိုရိုးစကားကို အမြဲသတိရနေဖို့လိုပါတယ်။ ကျမတို့ဟာ ကျမတို့ ဆောင်ရွက်ပေးနိုင်တာထက် တာဝန်တွေ ယူလေ့ရှိတယ်။ စိတ်သောကပိုပြီး ဖြစ်လာနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘာဖြစ်လို့ ထမ်းထားနေမှာလဲ။ ကျမတို့ရဲ့ ကန့်သတ်ချက်ကို သိအောင်လုပ်ပါ။ သင်က သင့်ရဲ့ပြင်ပ လှုပ်ရှားမှုတွေကို ကျယ်ပြန့်လာအောင် လုပ်ခြင်းအားဖြင့် စိတ်ကိုငြိမ်းချမ်းမှု ရှိလာမှာ မဟုတ်ပါဘူး။ သင့်ရဲ့ ရုပ်ဝတ္ထု ဆက်စပ်မှုတွေကို လျှော့ချပစ်ပါ။ ဘုရားရှီခိုးခြင်းဖြင့် အချိန်ဖြုန်းပါ။ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ပြီး တရားအားထုတ်ပါ။ အနားယူဖို့လုပ်နေတဲ့ သင့်ရဲ့စဉ်းစားချက်တွေ ဟာ ပြေလျော့ သွားမှာပါ။ကြည်လင်နေတဲ့စိတ်ကစိတ်ရဲ့ငြိမ်းချမ်းမှုကိုပိုပြီးဖြစ်လာစေမှာပါ။
(၈)ပုံမှန်တရားထိုင်ပါ။
တရားထိုင်ခြင်းက စိတ်ကိုတည်ငြိမ်စေပါတယ်.။
အနှောင့်အယှက်ဖြစ်စေမယ့် အတွေးတွေကို ဖယ်ရှားလိုက်ပါ။ ဒီလိုလုပ်တာက
စိတ်ငြိမ်းချမ်းဖို့ အမြင့်ဆုံး အခြေအနေတခုဖြစ်ပါတယ်။ သင့်ကိုယ် သင်
ကြိုးစားကြည့်ပါ။ တစ်ရက်မှာ နာရီဝက်လောက် စိတ်အား ထက်ထက်သန်သန်
တရားထိုင်ခဲ့မယ်ဆိုရင် သင့်ရဲ့စိတ်က ကျန်တဲ့ နှစ်ဆယ့်သုံးနာရီခွဲမှာလည်း
ငြိမ်းချမ်းနေမှာပါ။ သင့်ရဲ့စိတ်ကို အရင်ကလို အနှောင့်အယှက် ပေးတော့မှာ
မဟုတ်ပါဘူး။ နေ့စဉ်ပုံမှန် တရားထိုင်ခြင်းအားဖြင့် တဖြည်းဖြည်း အကျိုး
ကျေးဇူးရှိလာမှာပါ။ သင့်ရဲ့ တနေ့တာ အလုပ်ကို အနှောင့်အယှက် ဖြစ်ချင်ဖြစ်
မယ်လို့ တွေးချင် တွေးမိလိမ့်မယ်။ အမှန်ကတော့ အချိန် တိုတိုနဲ့
အကျိုးရှိလာမှာဖြစ်ပါတယ်။ အချိန်နည်းနည်းမှာပဲပိုကောင်းတဲ့ အကျိုးရလဒ်တွေ
ရလာနိုင်ပါ တယ်။
(၉)စိတ်မတွေဝေပါနဲ့။
(၉)စိတ်မတွေဝေပါနဲ့။
တွေဝေတဲ့ စိတ်ဟာ စိတ်ရဲ့အဆိပ်ဖြစ်ပါတယ်။
မကောင်းတဲ့ လုပ်ဆောင်ချက်တွေ အားလုံးက စိတ်တွေဝေတာကနေ စလာတာပါ။
သင့်ရဲ့စိတ်ကို တက်ကြွအောင် ဇောင်းပေးထားပါ။ ပြီးတော့ တန်ဖိုးရှိတဲ့စိတ်ကို
ရင်ထဲမှာထားပါ။ ဝါသနာကို တက်တက်ကြွကြွ လုပ်ဆောင်ပါ။
သင့်ရဲ့စိတ်ဝင်စားစရာတွေကို လက်ကိုင်ထားပါ။ ငွေကြေးက တန်ဖိုးရှိသလား
စိတ်ရဲ့ငြိမ်းချမ်းမှုက တန်ဖိုးရှိ သလားဆိုတာ သင့်ကိုယ်သင်ဆုံးဖြတ်ရမယ်။
ပိုက်ဆံမရနိုင်မယ့် လူမှုရေးအလုပ်လို၊ ဘာသာရေး အလုပ်လိုအလုပ်မျိုးက
သင့်ရဲ့ဝါသနာဆိုရင်ပေါ့။ ဒါပေမယ့် သင့်မှာ စိတ်ချမ်းသာ ကျေ နပ်နေပြီး
အောင်မြင်နေတဲ့ စိတ်ရှိနေတယ်။ ရုပ်ပိုင်းဆိုင်ရာအရ အနားယူတဲ့
အချိန်မှာတောင် တရားဓမ္မ သီချင်းတွေ ရွတ်ဆိုပြီး စာဖတ်နေခြင်းအားဖြင့်
သင့်ကိုယ်သင် ကျန်းမာအောင်နေထိုင် တတ်ရမယ်။
(၁၀)အချိန်မဆွဲပါနဲ့။ဘယ်တော့မှနောင်တမရပါနဲ့။
စိတ်ကူးယဉ်ပြီး အချိန်မဖြုန်းပါနဲ့။ လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား။ ရက်တွေ၊ သီတင်းပတ်တွေ၊ လတွေ၊ နှစ်တွေမှာ အဓိပ္ပါယ်မရှိတဲ့ ဝေဖန်ဆွေးနွေးမှုတွေနဲ့ ဖြုန်းတီးပစ်ချင်ပစ်နိုင်ပါတယ်။ အနာဂတ်ကို သင်မပိုင်တဲ့အတွက် လုံလောက်တဲ့ အစီအစဉ်တွေ မရှိနိုင်ပါဘူး။ အချိန်ကို တန်ဖိုးထားပါ။ လုပ်ဖို့လို အပ်တာတွေကိုလုပ်ပါ။ ပထမအကြိမ် ကျရှုံးခြင်းက ကိစ္စမရှိပါဘူး။ သင့်ရဲ့ အမှားကနေ သင်ခန်းစာတွေကို ရနိုင်ပါတယ်။ နောက်တကြိမ်မှာ အောင်မြင်နိုင်ပါတယ်။ စိတ်ပူခြင်းနဲ့ ကျောပေးထားခြင်းက ဘာမှမဟုတ် တာတွေကိုသာ ဦးဆောင်နေလိမ့်မယ်။ အမှားကနေ သင်ခန်းစာယူပါ။ ဒါပေမယ့် အချိန်လွန်မှ တနုံ့နုံ့နဲ့ စဉ်းစားမနေပါနဲ့။ နောင်တမရပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကံတရားအတိုင်း ဖြစ်ပျက်နေမှာပါ။ ဖိတ်ကျသွား တဲ့နွားနို့အတွက် ဘာ့ကြောင့်ငိုကြွေးနေ မှာလဲ။
www.funzug.com မှဘာသာပြန်သည်။
သဒ္ဓါလှိုင်း
မှတ်ချက်
ယခု အတွေးအမြင်ဆောင်းပါးနှင့်ပတ်သက်၍ ဗွီအိုအေ အသံလွှင့်ဌာနမှ ၃၀ရက် ဇူလိုင်လ ၂၀၁၁ ခုနှစ်က လွှင့်တင်ခဲ့ပြီးဖြစ်ပါသည်။
အသံလင့် https://soundcloud.com/kamarnilar/htslokwvsuip

ရွှေဒေါင်းတောင်မှကူးယူဖေါ်ပြသည်။
Post a Comment