Saturday, June 29, 2013

တစ်ကျော့ပြန် အချိန်မီ နိုင်ငံရေးသိပံ္ပ

နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို တက္ကသိုလ်တွင် အထူးပြု ဘာသာရပ်အဖြစ် ပြန်လည် သင်ကြားတော့မည်ဟု ကြားလိုက်ရသည်။ ထိုအတိုင်းသာဆိုလျှင် မြန်မာ့ပညာရေးတွင် လစ်ဟာနေခဲ့သည့် ကွက်လပ်ကြီးတစ်ခု အနှေးနှင့်အမြန် ပြန်လည် ပြည့်ဝ သွားပေတော့မည်။
လူတိုင်း နိုင်ငံရေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှုပ်ရှားရန် မဖြစ်နိုင်ပါ။ မိမိရွေးချယ်ထားသော အသက်မွေးဝမ်းကျောင်း နှင့်အညီ နေရေးထိုင်ရေး စားရေးဝတ်ရေးတို့ ဆောင်ရွက်ရသေး သောကြောင့် နိုင်ငံရေးသမားတစ်ဦး ကဲ့သို့ စိုက်လိုက်မတ်တတ် နိုင်ငံရေးကို အာရုံဝင်စား မရနိုင်ပါ။ သို့သော် လူတိုင်း နိုင်ငံရေးသိပ္ပံအမြင် ရှိသင့်သည်။ သို့မှသာ နိုင်ငံရေး အခင်းအကျင်း၊ ကစားကွက်၊ အခြေအနေတို့ကို အကဲဖြတ် သုံးသပ်ပြီး မိမိဘဝအတွက် ဆုံးဖြတ်ချက်များ မှန်မှန်ကန်ကန် ချမှတ်နိုင်မည်။ မိမိနိုင်ငံ၊ မိမိရပ်ကွက်၊ မြို့နယ်တို့၏ ရှေ့ရေးကို ဦးဆောင်မည့်သူများကို မှန်မှန်ကန်ကန် ရွေးချယ် နိုင်မည်။
ဆယ်စုနှစ်ပေါင်း များစွာပင် နိုင်ငံရေးသည် မစားကောင်းသော သစ်သီး၊ မထိအပ် မတို့အပ်သောအရာ ဖြစ်ခဲ့သည့်အတွက် လူအများစု ဝေးဝေးရှောင်ခဲ့သော အရာဖြစ်သည်။ ထိုအန္တရာယ်ကြီးသည့် အရာကို လေ့လာသည့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်သည်လည်း သင်ရိုးညွှန်းတမ်း များအရ ကွယ်ပျောက်ခဲ့သလို ပြင်ပတွင် မိမိဘာသာ လေ့လာရန် အခွင့်အလမ်းများလည်း ရှားပါးခဲ့သည်။ နိုင်ငံရေးသိပ္ပံနှင့် ဆက်စပ် ဘာသာရပ်များကို ၂၀၁၁ မတိုင်မီတွင် တိတ်တိတ်ဆိတ်ဆိတ် သင်ကြားခဲ့ကြရာမှ ၂၀၁၁ နောက်ပိုင်းတွင် နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို လေ့လာရန် ပြင်ပတွင် သင်တန်းများ ပိုမိုပေါ်ထွက်လာ ခဲ့သော်လည်း ယခုတစ်ကြိမ် နိုင်ငံရေးသိပ္ပံ ဘာသာရပ်ဖြင့် ဘွဲ့ရယူနိုင်အောင် ဆောင်ရွက်နိုင်ခြင်းမှာမူ ခြေလှမ်းကြီး တစ်ရပ် လှမ်းလိုက်ခြင်း ဖြစ်သည်။
ဒီမိုကရေစီ တည်ဆောက်နေချိန်တွင် နိုင်ငံရေး ကစားပွဲများကို နားလည်အကဲဖြတ် အမှတ်ပေးနိုင်ရန် နိုင်ငံရေး သိပ္ပံပညာရှင်များ အလွန်လိုအပ်သည်။ မိမိဘာသာ လုပ်ကိုင်စားသောက် နေသူများအဖို့ နိုင်ငံရေးသိပ္ပံ ပညာရှင်အဆင့် ရောက်အောင် ကျွမ်းကျင်ရန် မလိုသော်လည်း တီးမိခေါက်မိ၊ နိုင်ငံရေးသိပ္ပံအမြင် ရှိဖို့လိုသည်။ အဘယ်ကြောင့် ဆိုသော် နိုင်ငံရေးသည် လူတိုင်း၏ ဘဝကို သိသော်ရှိ၊ မသိသော်ရှိ ချုပ်ကိုင် လွှမ်းမိုးနေသည်။
ကိုယ်လုပ်မှ ကိုယ်စားရတာ၊ နိုင်ငံရေးကို စိတ်မဝင်စားဘူးဟု မြင်သူ အများအပြား ရှိနိုင်သည်။ တကယ်တမ်းတွင် နိုင်ငံရေးသည် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆင်းရဲချမ်းသာ ပညာရှိ ပညာနိမ့် လူတိုင်း၏ အလုပ်အကိုင်၊ စားရေးဝတ်ရေးနေရေးနှင့် တိုက်ရိုက် ဆက်စပ်နေသည်။
"နိုင်ငံရေးသည် ‘ဘယ်သူ ဘာကို ဘယ်လိုရသလဲ’ ‘Who gets What and How’ ဟု ဆိုကြသည့်အတွက် နိုင်ငံရေးသိပ္ပံသည် ‘ဘယ်သူ ဘာကို ဘယ်လိုရသလဲ ကို လေ့လာသောပညာရပ်’ ‘Study of Who gets What and How’ ဖြစ်သည်..."
အစိုးရ၏ ဆုံးဖြတ်ချက် တစ်ရပ်ကြောင့် မိမိလုပ်ကိုင်နေသည့် နယ်ပယ် တိုးတက် ကြီးပွားသွားနိုင်သလို လက်ရှိအလုပ်အကိုင်လည်း ပျောက်သွားနိုင်သည်။ မိမိနေသည့် နေရာအနီး စီမံကိန်းကြီးတစ်ခု ရောက်လာသည့်အတွက် မိမိမြေ အဆပေါင်းများစွာ ဈေးတက်သွားနိုင်သလို မိမိမြေ စီမံကိန်းထဲလည်း ပါသွားနိုင်သည်။ နိုင်ငံရေးစနစ် ပြောင်းသောကြောင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ထိုးတက်သွားသည့်အတွက် မုန့်ပျားသလက် ရောင်းသူ၏ ဖောက်သည်များတွင် နိုင်ငံခြားသားများ ပိုတိုးလာနိုင်သလို ခြစားခွင့်၊ လက်ဖက်ရည်ဖိုးများနှင့် တောင့်တင်းခဲ့သူတို့ စည်းမျဉ်းစည်းကမ်းများ ယခင်ကထက် တင်းကျပ်လာသဖြင့် လာဘ်သပ်ပကာ ကျဆင်းသွားနိုင်သည်။
နိုင်ငံရေး ဖြစ်ရပ်များ၏ ရိုက်ခတ်မှုကြောင့် မိမိသွားရောက် လုပ်ကိုင်နေသည့် နိုင်ငံတွင် တိုက်ခိုက်ခံရသည့် အတွက် အလုပ်အကိုင်ကို စွန့်ကာ မြန်မာနိုင်ငံသို့ ပြန်လာရသည်နှင့် ကြုံနိုင်သည်။ တစ်ချိန်တည်းတွင် မကြုံစဖူး ဒုဝန်ကြီးများက လာရောက်ဖေးမ ဆောင်ရွက်ပေးကာ လေယာဉ်လက်မှတ် လျှော့ဈေးဖြင့် ပြန်လာပြီး ရန်ကုန်လေဆိပ် တွင်လည်း လှိုက်လှိုက်လှဲလှဲ အကြိုဆိုခံရ၊ ငွေသားများ ပံ့ပိုးခံရနိုင်သည်။
ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခြင်းသည် သဘာဝဘေးအန္တရာယ်များ ဖြစ်သော်လည်း သက်ဆိုင်သူ ပြည်သူကို အသိပေးခြင်း မပေးခြင်းစသော ပြင်ဆင်ပုံ ပြင်ဆင်နည်းများသည် အစိုးရ၊ နိုင်ငံရေးစနစ်တို့အပေါ် မူတည်ကြောင်း မြင်နိုင်သည်။ တစ်ကိုယ်ရေ ကျန်းမာရေးသည် ကာယကံရှင်နှင့် ဆိုင်သော်လည်း ထိုသူ ဆေးရုံပြေးရမည်ဆိုလျှင် ဆေးရုံတွင် ဆေးရှိမရှိ၊ ကိုယ့်အိတ်ထဲက စိုက်ရ မစိုက်ရသည် နိုင်ငံရေးစနစ်၊ အစိုးရတို့နှင့် သက်ဆိုင်သည်။ မိမိကိုယ်တိုင် စာတတ်မတတ်၊ စဉ်းစားတတ်မတတ်နှင့် သားငယ်သမီးငယ်တို့ ပညာရေးသည် ကိုယ်တိုင် ကြိုးစားအားထုတ်မှုပေါ် တည်သော်လည်း နိုင်ငံရေးစနစ်၊ နိုင်ငံခေါင်းဆောင်တို့က ပညာရေးကို ဘယ်လောက် အားပေးသလဲ အပေါ်တွင်လည်း အဓိက တည်နေသည်။
နိုင်ငံရေးသည် ‘ဘယ်သူ ဘာကို ဘယ်လိုရသလဲ’ ‘Who gets What and How’ ဟု ဆိုကြသည့်အတွက် နိုင်ငံရေးသိပ္ပံသည် ‘ဘယ်သူ ဘာကို ဘယ်လိုရသလဲ ကိုလေ့လာသောပညာရပ်’ ‘Study of Who gets What and How’ ဖြစ်သည်။ နိုင်ငံရေးသိပ္ပံသည် ‘အစိုးရကို လေ့လာခြင်း’ ‘study of government’ ‘သြဇာအာဏာကို လေ့လာခြင်း’ ‘study of power’ လည်းဖြစ်သည်။

ခံစားချက်ကိုပယ်


နိုင်ငံရေးသိပ္ပံ လေ့လာရာတွင် အဓိကထားရမည့် အချက်မှာ ခံစားချက်ကို ပယ်ရှားခြင်း ဖြစ်သည်။ တွေ့ရသော မြင်ရသော အချက်များကြောင့် စိတ်ဆိုးခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ခေတ္တခဏဖြစ်စေ ပယ်နိုင်မှသာ တတိယလူနေရာ ‘third person’ ကိုရောက်ပြီး ‘သမာသမတ်ကျသော အမြင်’ ‘objective prespective’ ဖြင့် အရာရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်မည်။
နိုင်ငံရေးသည် ဗက်တီးရီးယားပိုးဆိုလျှင် နိုင်ငံရေးသိပ္ပံသည် ထိုဗက်တီးရီးယားပိုးကို လေ့လာခြင်း ဖြစ်သည်။ ဗက်တီးရီးယားပိုးကို လေ့လာသူသည် ထိုဗက်တီးရီးယားကို ချစ်ခြင်း၊ မုန်းခြင်းကို အဓိကမထား။ ဗက်တီးရီးယား ကြီးထွားပုံ၊ အကျိုးပြုပုံ၊ ဒုက္ခပေးပုံ၊ လှုပ်ရှားပုံတို့ကိုသာ သူစိတ်ဝင်စားသည်။ ဗက်တီးရီးယား၏ သဘာဝကို သိရန်သည် သူ့အတွက် အရေးကြီးဆုံး ဖြစ်သည်။ ထိုဗက်တီးရီးယားအကြောင်း သိမှသာ နောက်တစ်ဆင့်အဖြစ် လူသားတို့ကို ကောင်းကျိုး ပြုနိုင်သည့် နည်းလမ်းများကို စဉ်းစားနိုင်မည်။ လူတို့ကို ဗက်တီးရီးယားက ဒုက္ခပေးလျှင် သုတ်သင်နည်းများကို သူစဉ်းစားမည်။ ကောင်းကျိုး ပြုလျှင်လည်း မည်သည့်နေရာတွင် အသုံးချနိုင်မည်ကို သူထပ်သုံးသပ်မည်။သို့သော် ပထမအဆင့် အနေဖြင့် ဗက်တီးရီးယား၏ သဘာဝကို အစွဲကင်းကင်းဖြင့် ပကတိအတိုင်း သိနိုင်ရန်သည် ဦးစားပေး ဖြစ်သည်။
‘Never get angry at a fact’ တွေ့ရတဲ့ ဘယ်အချက်အလက်ကိုမှ ဒေါသမထွက်ပါနဲ့’ သည် နိုင်ငံရေးသိပ္ပံ လေ့လာရာတွင်သာမက အခြား မည်သည့် ပညာရပ်ကိုပင် လေ့လာလိုက်စား လိုက်စား အသုံးကျသည့် စကားတစ်ခွန်း ဖြစ်သည်။ ခံစားချက်ထက် သိလိုသည့် အချက်ကို ဦးစားပေးရန် ထိုစကားက အမြဲသတိပေးသည်။ လာဘ်ပေးလာဘ်ယူမှု မပပျောက် နိုင်သေးသည်ကို စိတ်မတိုမီ အဘယ်ကြောင့် ထိုခြစားမှု မပျောက်နိုင်ရသေးသည်ကို မေးခွန်းများ မေးရမည်။
ငတ်သောကြောင့်လား၊ ချမ်းသာလိုသောကြောင့်လား။ စနစ်ကြောင့်လား၊ တစ်ကိုယ်ချင်းကြောင့်လား၊ စသည် စသည်ဖြင့်။ ပါတီတွင်း၊ အဖွဲ့အစည်းတွင်း အကွဲအပြဲသံသရာ အဆုံးမသတ်နိုင်သည် ဆိုပါစို့။ မညီညွတ်ရကောင်းလားဟု ထွက်လာသော ဒေါသကို ဘေးချိတ်ပြီး မေးခွန်းများမေးရမည်။ လူမျိုးစရိုက်ကိုက ထိုသို့လား။ စနစ်တွေကြောင့် ယခုကဲ့သို့ ဖြစ်နေတာလား။ စီမံခန့်ခွဲမှု အားနည်းသောကြောင့်လား။ တစ်ဦးနှင့် တစ်ဦးအပေါ် ယုံကြည်မှု နည်းသောကြောင့်လား။ ထိုသို့သော မေးခွန်းပေါင်းများစွာကို မေးရမည်။
နိုင်ငံရေးကွင်းပြင် ကျယ်ပြန့်လာပြီး ကစားသမားများ များပြားလာသည့် မြန်မာနိုင်ငံတွင် နိုင်ငံရေးသိပ္ပံ ပညာရပ် အမြန်ကျယ်ပြန့် ပွားများလာရန် လိုသည်။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေသည့်အတွက် ပြည်သူတို့၏ သဘောထား အရေးပါလာသည့် မြန်မာနိုင်ငံတွင် ပြည်သူပြည်သားတိုင်း နိုင်ငံရေးသိပ္ပံကို တီးမိခေါက်မိ လိုက်စားထားရန် လိုသည်။ သမာသမတ်ကျကျ အစွဲကင်းကင်း၊ ခံစားချက်ကင်းကင်း ကြည့်တတ်ရန်လည်း လေ့ကျင့်ထားသင့်သည်။
 Written by  ဇေယျသူ 
Credit To The Voice Weekly

Related Articles:

Post a Comment