Wednesday, June 26, 2013

နိုင်ငံတော်သမ္မတ၊ တရားစီရင်ရေးနှင့် အင်စတီကျူးရှင်း

အမေရိကန်တရားရုံးချုပ်

ယနေ့ နိုင်ငံတကာတွင် လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို ကျင့်သုံးနေကြသော နိုင်ငံများအနက် အမေရိကန် ကျင့်ထုံးများကို စံနမူနာအဖြစ် ထားရှိနေကြသည်မှာ အထင်အရှားပင်ဖြစ်သည်။ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဟူသော မဏ္ဍိုင်ကြီး သုံးရပ်ကို အာဏာ အညီအမျှ ခွဲဝေထားခြင်းဖြစ်သည်။ အပြန်အလှန် ထိန်းကျောင်းမှုမှာ လည်း အစဉ်အဆက် ဆင့်ကဲတိုးတက် ပြောင်းလဲမှုများဖြင့် ပိုင်းခြား ကန့်သတ်လာခဲ့ခြင်းဖြစ်သည်။ အမေရိကတွင် တရားရုံးချုပ်သည် အမြင့်ဆုံး တရားရုံးဖြစ်ပြီး တရားသူကြီးချုပ်တစ်ဦး၊ တရားသူကြီး ရှစ်ဦး၊ ပေါင်း ကိုးဦးဖြင့် ဖွဲ့စည်းထားကြောင်း တွေ့ရှိရသည်။ အဆိုပါ တရားရုံးချုပ် တရားသူကြီး ကိုးဦးကို သမ္မတဖြစ်သူက သင့်လျော်သည့် သူများအား ရွေးချယ် အမည်စာရင်း တင်သွင်းရပြီး ဆီးနိတ် (အထက်လွှတ်တော်) က အတည်ပြုပေးရသည်။ ယင်းနောက်တွင်မှ သမ္မတဖြစ်သူက ခန့်အပ်ရခြင်း ဖြစ်သည်။
တစ်ဖန် တရားသူကြီးများ၏ သက်တမ်းမှာ ၎င်းတို့ ဆန္ဒရှိသရွေ့ ထမ်းဆောင်နိုင်သည်။ တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း အနားယူလိုပါက ကာယကံရှင်များ၏ သဘော ဆန္ဒအလျောက် အနားယူခြင်း ပြုနိုင်သလို အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ စွပ်စွဲ ပြစ်တင်မှုကြောင့် လည်း နုတ်ထွက်စေခြင်း ပြုနိုင်ကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြန်လည် နှိုင်းယှဉ်ကြည့်လျှင် မြန်မာနိုင်ငံ၏ တရားလွှတ်တော်ချုပ်တွင် ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် တရားသူကြီးများ ဦးရေ အနည်းဆုံး ခုနစ်ဦးမှ အများဆုံး ၁၁ ဦးအထိ ခန့်အပ်နိုင်ကြောင်း တွေ့ရှိရသည်။ ရာထူး သက်တမ်းမှာ အသက် ၇၀ ပြည့်သည့်အထိဟူ၍ သတ်မှတ်ထားပြီး ယင်းတို့ ဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခြင်း ပြုနိုင်သလို အခြေခံဥပဒေနှင့်အညီ စွပ်စွဲ ပြစ်တင်ခြင်းဖြင့် ရာထူးမှ ရပ်စဲခံရမည်ဖြစ်ကြောင်း တွေ့ရှိရသည်။ အလားတူ ကျန်းမာရေး အခြေအနေ ချို့ယွင်းမှု မရှိခဲ့လျှင်၊ ကွယ်လွန်ခြင်းမရှိလျှင် အသက် ၇၀ ပြည့်သည်အထိ တာဝန် ထမ်းဆောင်နိုင်ကြောင်း တွေ့ရှိရသည်။

အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တရားရုံးချုပ်၌ တာဝန် ထမ်းဆောင်ကြသော တရားသူကြီးချုပ်နှင့် တရားသူကြီးများမှာ ကွယ်လွန်သည်အထိ တာဝန် ထမ်းဆောင်လေ့ရှိကြောင်း တွေ့ရှိရသည်။ အိုဘားမား သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုချိန်တွင် တရားရုံးချုပ် တရားသူကြီး တစ်ဦးမှာ ၈၈ နှစ်နှင့် နောက်တစ်ဦးမှာ ၇၅ နှစ် ရှိသည်အထိပင် ကြီးရင့်နေကြောင်း တွေ့ရှိနိုင်သည်။

လက်ရှိ အချိန်အထိ အမေရိကန် သမိုင်းတွင် သက်ရှိထင်ရှားဖြင့် အနားယူသွားခဲ့သော တရားရုံးချုပ် တရားသူကြီး အရေအတွက်မှာ သုံးဦးသာ ရှိသေးကြောင်း တွေ့ရှိရသည်။ လက်ရှိ အမေရိကန် ဟိုက်ကုတ်ရှိ တရားသူကြီးချုပ်မှာ အိုဘားမားရှေ့ သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ် လက်ထက်က ခန့်အပ် ထားခဲ့သော ပုဂ္ဂိုလ်ဖြစ်သည်။ ဟိုက်ကုတ် တရားသူကြီး ကိုးဦးတွင် ဂျော့ခ်ျဒဗလျူဘုရှ် လက်ထက်က ခန့်အပ်ထားခဲ့သူ သုံးဦး၊ ရော်နယ်ရေဂင် လက်ထက်ကပင် ခန့်အပ်ထားခဲ့သူ နှစ်ဦး၊ သမ္မတ ဘီလ် ကလင်တန် လက်ထက်တွင် ခန့်အပ်ခဲ့သူ နှစ်ဦးနှင့် အိုဘားမားလက်ထက် ခန့်အပ်သူ နှစ်ဦး ဖြစ်ကြောင်း တွေ့ရှိရသည်။

သမ္မတနှင့် တရားရုံးချုပ်

လက်ရှိ အမေရိကန် တရားသူကြီးချုပ် Chief Justice ဖြစ်သူ ဂျွန်ရောဘတ်သည် သမ္မတ အိုဘားမား ၏ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှုကို နှစ်ကြိမ်တိုင်တိုင် ဦးစီး ပြုလုပ်ပေးခဲ့ပြီး ဖြစ်သည်။ ရှေ့သို့ ပြန်ကြည့်လျှင် ဂျွန်ရောဘတ်အား တရားသူကြီးချုပ်အဖြစ် သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်က အမည်စာရင်း တင်သွင်းခဲ့ချိန်တွင် အိုဘားမာမှာ ဆီနိတ်တာ (အထက်လွှတ်တော် အမတ်) အသစ် စက်စက်ကလေး ဖြစ်ခဲ့သည်။ ဆီးနိတ်တွင် ထောက်ခံသူနှင့် ကန့်ကွက်သူ မဲခွဲခဲ့ရာတွင် ထောက်ခံသူ ၇၈ မဲ၊ ကန့်ကွက်သူ ၂၂ မဲ ရှိခဲ့ရာ အိုဘားမားသည် ကန့်ကွက်မဲ ပေးခဲ့သူ ဖြစ်ခဲ့သည်။

ဂျွန်ရောဘတ်မှာ ထိုစဉ်က အသက် ၅၀ သာရှိသေးရာ ရီပတ်ဘလီကန်များ အနေဖြင့် တရားစီရင်ရေး တွင် ကာလရှည်ကြာ လွှမ်းမိုးမှု ရှိစေရန်အတွက် အသက် ငယ်ရွယ်သူအား တရားသူကြီးချုပ်အဖြစ် ခန့်အပ်ရန် အမည်စာရင်း တင်သွင်းခြင်း ဖြစ်သည်ဟူသော ဝေဖန်မှုများကို ဒီမိုကရက်များက ပြုလုပ် ခဲ့ကြောင်း တွေ့ရှိရသည်။ ထိုသို့ ကန့်ကွက်မဲ ပေးခဲ့ရခြင်း အကြောင်းရင်းကိုလည်း ဆီနိတ်တာ အိုဘားမားက ရောဘတ်သည် ယင်းတာဝန်ကို ထမ်းဆောင်ရန် အရည်အချင်းနှင့် ကိုက်ညီသော် လည်း လုပ်ငန်း တာဝန်များ ဆောင်ရွက်ရာတွင် ဆန့်ကျင်သူများအပေါ် လွှမ်းမိုးနိုင်သော အရှိန်အဝါ နှင့် ကျွမ်းကျင်မှု အားနည်းသည်ဟူ၍ပင် မှတ်ချက်ပေးခဲ့ကြောင်း တွေ့ရှိရသည်။ သို့သော်လည်း လက်ရှိ အချိန်တွင် အိုဘားမားသည် သမ္မတသက်တမ်း နှစ်ဆက် ထမ်းဆောင်လျက်ရှိရာ ယင်းကိုယ်တိုင် ကန့်ကွက်မဲ ပေးခဲ့သူမှာ တရားသူကြီးချုပ်အဖြစ်ပင် တာဝန် ထမ်းဆောင်လျက် ရှိသည်။ အိုဘားမား၏ ဒုတိယ သက်တမ်း ကုန်လွန်သည့်တိုင် ဂျွန်ရောဘတ် ကျန်းမာရေး ကောင်းမွန်ပြီး စွပ်စွဲ ပြစ်တင်စရာ အကြောင်းများ ပေါ်ပေါက်လာခြင်း မရှိခဲ့ပါက ယင်းရာထူးတွင် ဆက်လက် တည်ရှိနေမည်သာ ဖြစ်သည်။

တစ်ဖန် Obama Care ဟု နာမည်ကြီးခဲ့သော သမ္မတ အိုဘားမား တင်သွင်းသည့် ကျန်းမာရေး စောင့်ရှောက်မှု အက်ဥပဒေကို ကွန်ဂရက်က အတည်ပြုပြီးနောက် အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ စိစစ်မှုကို တရားရုံးချုပ်က ပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ပြီးနောက် ငါးမဲ၊ လေးမဲဖြင့် အခြေခံဥပဒေ နှင့် ညီညွတ်ကြောင်း ဆုံးဖြတ်ခဲ့သဖြင့် ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ တရားသူကြီးချုပ် ဂျွန်ရောဘတ် အနေနှင့် မိမိအလုပ်ကို မိမိဆောင်ရွက်ပြီး သမ္မတ အိုဘားမား အနေနှင့်လည်း မိမိ အလုပ် မိမိ ဆောင်ရွက်ခြင်းသာ ဖြစ်သည်ကို အထင်အရှား တွေ့ရှိနိုင်သည်။ အဓိက အချက်မှာ ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ တရားစီရင်ရန်သာဖြစ်ပြီး အုပ်ချုပ်ရေး အနေနှင့်လည်း ပြဋ္ဌာန်းထားသော ဥပဒေများနှင့် အညီ အုပ်ချုပ်ရန်သာဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အာဏာကြီး သုံးရပ်ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်း ပြုသည်ဟု ပြဋ္ဌာန်းထားသည်။ ဤတွင် တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းကိုလည်း အခြေခံဥပဒေ ရေးဆွဲခဲ့သော ပညာရှင်များက ဗဟိုဦးစီး စနစ်ဖြင့် ဖွဲ့စည်း အုပ်ချုပ်ခဲ့သော နှစ်ရှည်လများ အတွေ့အကြုံများအရ အာဏာကြီး တစ်ခုနှင့် တစ်ခုအကြား စည်းပြတ်ရန် မလွယ်ကူဟု မျှော်မှန်းချက် အရ တတ်နိုင်သမျှဟူသော စကားရပ်ကို ထည့်သွင်း ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း ရှင်းလင်းချက်များ တွေ့ရှိရသည်။

အထက်တွင် ဖော်ပြထားသော အမေရိကန် တရားစီရင်ရေးတွင် အမြင့်ဆုံးဖြစ်သော တရားရုံးချုပ် သည် မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေတွင် သီးခြား ခွဲထုတ်ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ တာဝန်ကိုပါ ရယူ ထမ်းဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံကဲ့သို့ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဟူ၍ သီးခြား ခွဲထုတ်ထားခြင်းမရှိကြောင်း တွေ့ရှိရသည်။
အမေရိကန်နိုင်ငံတွင် ကွန်ဂရက်က ပြဋ္ဌာန်းသော ဥပဒေများကို တရားရုံးချုပ်က ပြန်လည် သုံးသပ် လေ့လာပြီး တရားရုံးချုပ်၏ အတည်ပြုချက်ရရှိမှသာ ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်သည်။ ဆိုလိုသည့် သဘောမှာ လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေများ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ အတည်ပြုပေးခြင်းအားဖြင့် ဥပဒေပြုရေး မဏ္ဍိုင်ကို တရားစီရင်ရေး မဏ္ဍိုင်က ပြန်လည် ထိန်းကျောင်း ခြင်း ပြုခြင်းပင်ဖြစ်သည်။ တရားရုံးချုပ်က အခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိဟု ဆုံးဖြတ်ခဲ့လျှင် ယင်းဥပဒေကြမ်းကို ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ခြင်း မရှိတော့ပေ။
မြန်မာနိုင်ငံ၏ အခြေခံဥပဒေတွင် ပြဋ္ဌာန်းမည့် ဥပဒေကြမ်းများ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ခြင်းဟူသော လုပ်ငန်း တာဝန်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးထံသို့ အပ်နှင်းထား ကြောင်း တွေ့ရှိရသည်။ အခြားသော ကွာခြားချက်မှာ မြန်မာနိုင်ငံ၏ တရားလွှတ်တော်ချုပ်ကို အနည်းဆုံး ခုနစ်ဦး၊ အများဆုံး ၁၁ ဦးဖြင့် ဖွဲ့စည်းနိုင်ပြီး အမေရိကန် တရားရုံးချုပ်ကို တရားသူကြီး ကိုးဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ နောက်ထပ် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ယင်းတို့ကို အသက် ၇၀ အထိ တာဝန် ထမ်းဆောင်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီး အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဆန္ဒရှိသလောက် တာဝန် ထမ်းဆောင်ရန် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ သို့သော်လည်း အာဏာ ခွဲဝေမှုနှင့် အပြန်အလှန် ထိန်းကျောင်းမှု မူဘောင် Concept တွင် ယေဘုယျအားဖြင့် တူညီသည်ဟု ဆိုနိုင်သော်လည်း အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းစဉ် Process မှာ ဒီမိုကရေစီ သက်တမ်း၊ ဒီမိုကရေစီ အတွေ့အကြုံ၊ ဒီမိုကရေစီ အသိအမြင် စသည်တို့အရ ခြားနားနေမည်မှာ သဘာဝတရားပင်ဖြစ်သည်။
မြန်မာနိုင်ငံ၏ တရားဥပဒေများကို ပြန်လည် လေ့လာကြည့်လျှင် ကိုလိုနီခေတ်ကပင် ပြဋ္ဌာန်းခဲ့သော ဥပဒေများ လက်ရှိအချိန်အထိ တည်ဆဲဖြစ်နေသည်မှာ ရာနှင့်ပင်ချီ၍ ရှိနေပေသည်။ အုပ်ချုပ်သူ အလိုကျ တရားစီရင်ရေး စနစ်သည် ကိုလိုနီလက်အောက် ကျရောက်ခဲ့သော နိုင်ငံများအတွက် အမွေဆိုးဟု ဆိုနိုင်သော်လည်း အချို့သော ဥပဒေများမှာ အစိတ်အပိုင်းအချို့မှလွဲ၍ ယနေ့ခေတ်တိုင် လိုက်လျောညီထွေ ဆက်လက် ရှိနေကြသည်ကိုလည်း တွေ့ရှိရသည်။ တရားရေးစနစ် ပြုပြင် ပြောင်းလဲရေး Judicial Reform ပြုလုပ်ရန် လိုအပ်နေသည်ကိုလည်း အများစုက သိမြင်ကြသည့်တိုင် လက်တွေ့ ဆောင်ရွက်ရာ၌ မလွယ်ကူလှသော လုပ်ငန်းစဉ်ကြီး ဖြစ်နေကြောင်း တွေ့ရှိရသည်။ ဥပဒေများ ဖျက်သိမ်းရမည်၊ ပြင်ဆင်ရမည်၊ အသစ် ရေးဆွဲ ပြဋ္ဌာန်းရမည်၊ အင်စတီကျူးရှင်းများ တည်ဆောက်ရမည်၊ သုတေသန အဖွဲ့အစည်းများ အားကောင်းရမည် စသည်အားဖြင့် လိုအပ်ချက် များ မနည်းမနော ရှိနေကြသည်။
နိဂုံး

အမေရိကန်ပြည်ထောင်စု၏ ပါတီကြီး နှစ်ရပ်မှ သမ္မတများသည် တရားရုံးချုပ် တရားသူကြီးများ ခန့်အပ်ရာတွင် မိမိတို့နှင့် နီးစပ်သူများကို ခန့်အပ်လေ့ရှိကြောင်း၊ ထိုသို့ ခန့်အပ်ရာတွင် အတည်ပြု ပေးရသော ဆီးနိတ်၌ ဒီမိုကရက်နှင့် ရီပတ်ဘလီကန် အသာစီး ရရှိထားမှုအရ အကျိုးဆက်ဖြစ် ပေါ်လေ့ရှိကြောင်း ဆန့်ကျင်ဘက် ပါတီများက အစဉ်အမြဲ ဝေဖန် ပြောကြားလေ့ ရှိသည်ကိုလည်း တွေ့ရှိနိုင်သည်။
၁၉၄၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ နှစ်ပေါင်း ၆၀ ကျော် ကာလတွင် အိမ်ဖြူတော်ကို ဒီမိုကရက်များက ၂၈ နှစ်၊ ရီပတ်ဘလီကန်များက ၃၆ နှစ် ကြီးစိုးထားခဲ့ပြီး ယင်းနှစ်ပေါင်း ၆၀ ကျော် တွင် တရားရုံးချုပ်၌ ဒီမိုကရက်သမ္မတ ခန့်အပ်သူ တရားသူကြီး ၁၀ ဦး၊ ရီပတ်ဘလီကန် သမ္မတ ခန့်အပ်သူ တရားသူကြီး ၁၈ ဦးသာရှိကြောင်း တွေ့ရှိရသည်။ ယင်းကာလအတွင်း ဝါးတားဂိတ်ကဲ့သို့ ဖြစ်စဉ်များပင် ဖြစ်ပေါ်ခဲ့ရာ တရားစီရင်ရေး၏ သီးခြား လွတ်လပ်မှုနှင့် သန့်ရှင်းမှုသည် မည်သူက ခန့်အပ်သည်ဟူသော အချက်က အဓိကမဟုတ်ဘဲ စည်းမျဉ်းသင်းပင်း မူဘောင် ဟူသော အင်စတီးကျူးရှင်းများ မည်မျှ ခိုင်မာသည်၊ မည်မျှ မြင့်မားသည်ဟူသော အချက်သာ အဓိက ဖြစ်ကြောင်း တွေ့ရှိနိုင်ပေသည်။
Credit To The Voice Weekly

Related Articles:

Post a Comment