Thursday, June 27, 2013

စည်းကမ်း၊ ယုံကြည်မှုနှင့် လူ့ယဉ်ကျေးမှု


(နှင်းသခင်)

ဤဆောင်းပါးတွင် ရည်ညွှန်းချင်သော စည်းကမ်းသည် စာနှင့် ပေနှင့် အမိန့်စာနှင့် ပြဋ္ဌာန်း ရေးသားထားသည်ဖြစ်စေ၊ မရေးထားသည် ဖြစ်စေ လူ့အသိုင်းအဝိုင်းတွင် နေထိုင်သော လူတစ်ဦးအဖြစ်၊ နိုင်ငံသား တစ်ဦး အဖြစ် စောင့်ထိန်းအပ်သော အရာတို့ကို ကိုယ်ပိုင် အသိစိတ်ဖြင့် လိုလို လားလား စောင့်ထိန်းနိုင်စွမ်းသော ကိုယ်စည်းကမ်း၊ နှုတ်စည်းကမ်း၊ စိတ် စည်းကမ်းတို့ကို ဆိုလိုသည်။

စည်းကမ်းဆိုသော အရာသည် အများပြည်သူပိုင် ပစ္စည်း (Public Goods) ဖြစ်သည်။ စည်းကမ်းရှိခြင်း၏ အကျိုးကျေးဇူးသည် လူတိုင်းအပေါ် သက်ရောက်မှုရှိပြီး လူတိုင်း ရယူခံစားနိုင်သည်။ ထို့အတူ စည်းကမ်း မရှိခြင်း သည်လည်း ဖြေရှင်းရခက်သော ‘အများပိုင်ပစ္စည်းပြဿနာ’ (Tragedy of Commons) တစ်ရပ်ဖြစ်သည်။ ဥပမာအားဖြင့် ငါမယူလည်း သူများယူမှာပဲ ဟု လူတိုင်းက တက်ညီလက်ညီ တွေးကြသောအခါ လမ်းဘေး သောက်ရေ အိုးစင်မှ အလှူရှင်၏ စေတနာ သောက်ရေခွက်များ သံကြိုးတန်းလန်းနှင့် ဖြစ် ကုန်ရသည်။ အိမ်တံခါးသော့ အထပ်ထပ် ပိတ်ပြီးခါမှ အပြင်သွားရဲသည်။ ဒါတောင် သိပ်စိတ်မချ၊ ခရီးရက်ရှည်များ ထွက်ရမည်ဆိုလျှင် ကိုယ့်အိမ် ကြည့်ရှု စောင့်ရှောက်ပေးရန် လူခေါ်ရ၊ အိမ်နီးချင်းကို အပ်ရ ဖြစ်ကုန်သည်။ မခိုးရ မလုရ မသတ်ရ မကျူးလွန်ရ အစရှိသည့် ဥပဒေနှင့် ချမှတ် ထားသော နိုင်ငံသားတို့၏ စည်းကမ်းများကို အကြောင်းမျိုးစုံနှင့် ချိုးဖောက်သောအခါတွင်မတော့ ရပ်ရွာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခြင်း၊ အသက်အိုးအိမ် စည်းစိမ် ပျက်သုဉ်းခြင်းတို့ ကြုံတွေ့ရတော့သည်။

အများပိုင် အဖိုးတန်ပစ္စည်းဖြစ်သော ‘စည်းကမ်း’ (Discipline) ကို ကိုယ်ပိုင် ဆိုင်သော တန်ဖိုးရှိအရာ (Property) တစ်ခုအဖြစ် နားလည် သဘောထား ကာ မထိန်းသိမ်းနိုင်သောအခါ လူအများကြား တစ်ဦးအပေါ် တစ်ဦး ‘ယုံကြည်မှု’ (Trust) ဆုံးရှုံးသွားသည်ကို မြင်နိုင်သည်။ မယုံကြည် လျှင် မေတ္တာမထား စေတနာမများနိုင်။ သို့ဖြင့် လည်သူ စားစတမ်း၊ အားကြီး သူ နိုင်စတမ်း ဖြစ်လာသောအခါ၊ လူအချင်းချင်းအကြား ကိုယ်၊ နှုတ်နှင့် စိတ် ‘ယဉ်ကျေးမှု’ (Civilization) နိမ့်ပါးသွားသည်။ ယဉ်ကျေးမှု နိမ့်ကျသော လူ့အဖွဲ့အစည်း ဖြစ်သွားသည်။ သည်ထက်နိမ့်လျှင် လူရိုင်းခေတ် ပြန်ရောက် သွားနိုင်သည်။

များမကြာမီက သံရုံး တစ်ခုတွင် ဗီဇာ လျှောက်ထားခဲ့စဉ်က ဝင်ပေါက် တွင် ဖြစ်ရပ်တစ်ခု ကြုံခဲ့ရဖူးသည်။ ကိုယ် အပါအဝင် ရောက်လာသူများ က နိုင်ငံကူးလက်မှတ် စာအုပ်များကို သံရုံး အဝင် ကောင်တာပေါ်တွင် ထပ်ကာ ကိုယ့်အလှည့်ကိုယ် စိတ်ရှည်လက်ရှည် တန်းစီ စောင့်နေကြသည်။ ထိုအခိုက် အသံကော ဟန်ပါ သွက်သည်ထက် ပိုကာ လည်လွန်းပတ်လွန်း ပုံပေါက်နေသည့် မိန်းမငယ် တစ်ယောက် (အဘွား ပြောလေ့ရှိသည့် မိန်းမ လည် သိန်းကြွယ်ဟူသော စကားကို သတိရလိုက်မိသေးသည်) ခပ်ရဲရဲ လျှောက်ဝင်လာပြီး တန်းစီသူများကို ကျော်ကာ ရှေ့ဆုံးသို့ တိုးဝင်လာ သည်။ ထို့နောက် ကောင်တာပေါ်ရှိ စာအုပ်ပုံကို တွန်းဖယ်လျက် လက်ထဲမှ စာအုပ် သုံး လေးအုပ်ကို လှမ်းယူနေသော အရာရှိ၏ ရှေ့မှန်ပေါက်ငယ် အဝ တွင် ချပေးသည်။ စားပွဲတွင်ငုံ့ကာ စာရင်းသွင်းနေသော အရာရှိက နောက် စာအုပ် တစ်ထပ် လှမ်းယူသောအခါ သူမ၏ စာအုပ်များသာ ပါသွားတော့ သည်။

ကိုယ့်အလှည့်ရောက်ရန် နာရီဝက်ခန့် စောင့်ထားခဲ့ရသူမို့ သည် တစ်ခေါက်တော့ ကိုယ့်စာအုပ်ပါပြီ တွက်ထားမိသူ ကျွန်မ အတော်ပင် စိတ်ကသိကအောက် ဖြစ်သွားရသည်။ ဘေးဘီ ကြည့်မိတော့ ကျွန်မလို ခံစားရသော ကျန်လူများနှင့်လည်း မျက်လုံးချင်း ဆုံမိကြသည်။ စိတ် ပျက်ခြင်း၊ မနှစ်မြို့ ခြင်း။ သို့သော် စည်းဖောက်သူ ထိုမိန်းကလေး၏ မျက်နှာပေးက သည်လို အခြေအနေကို ကြိုတင် တွက်ဆထားပြီးပုံရကာ ‘အ’ သူ ခံစတမ်းပေါ့ ဆိုသည့်ပုံစံဖြင့် မိမိလုပ်ရပ်ကို ကျေနပ်နေပုံရတော့ ကျွန်မ ပို၍ပင် စိတ်ပျက်သွားမိခဲ့ရသည်။ စိတ်မကောင်းဖြစ်ဟန် အားနာ ဟန် နောင်တရဟန် မရှိ။ အနားမှ ဒေါ်ဒေါ် တစ်ယောက် စိတ်ပျက်လက်ပျက် ညည်းညူသည့် စကားကို ကြားမိလိုက်ရ သေးသည်။ ယဉ်ကျေးမှုကို မရှိဘူး တဲ့။

သံရုံးနံရံတွင် တန်းစီပါဆိုသော စာတန်းမျိုး ရေးမထားပါ။ ရှိနေသူများကသာ အရင် ရောက်သူများကို အဆင့်ဆင့် ဦးစားပေးကာ အလှည့်စောင့်နေ ကြခြင်းဖြစ်သည်။ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများသို့ ခြေဆန့်ခဲ့ဖူးသူတိုင်း တန်းစီခြင်းသည် စည်းကမ်းရှိသော လူ့အဖွဲ့အစည်း၏ ပြယုဂ် လူ့ယဉ်ကျေးမှု တစ်ခုဖြစ်ကြောင်း ကိုယ်တွေ့ ကြုံဖူးကြသည်။ မိမိကဲ့သို့ လူတိုင်း နားလည် လက်ခံကာ တန်းစီကြမည်ဟု ယုံကြည်ထားကြသည်။ ထိုမနက်က ထိုစည်းကမ်းနှင့် ထိုယုံကြည်မှုတို့ အချိုးဖောက်ခံလိုက်ခြင်းဖြစ်သည်။ ချိုးဖောက်သူတွင် ယဉ်ကျေးသော အမူအရာမရှိ။ ခံလိုက်ရသူ ကျွန်မတို့၏ ယဉ်ကျေးမှုကကော။

တကယ်တော့ ထိုသို့ စိတ်ပျက်စရာ မယဉ်ကျေးသော အပြုအမူမျိုးကို ကျွန်မတို့ မကြာခဏ ကြုံတွေ့နေကြရပါသည်။ ဆူပါမားကက်များ၏ တန်းမစီ စီအောင် နေရာကျဉ်းကျဉ်းသာ ပေးထားသော ငွေရှင်းကောင်တာများတွင်ပင်ရလျှင်ရသလို အတင်း တိုးဝှေ့ဝင်ကာ ငွေရှင်းခြင်းမျိုး။ အများသုံးအိမ်သာ များတွင် အလျင်ရောက်ကာ စောင့်နေသူများကို ဦးစားမပေးဘဲ တန်းစီသူ များကိုကျော်ကာ အိမ်သာထဲက လူကို ယခုပဲ ဆွဲထုတ်တော့မတတ် တံခါးဝမှ သွားစောင့် လုဝင်ခြင်းမျိုး။ လူကူးမျဉ်းကျားပေါ်တွင်ပင် အလျင်လိုနေ ကြသော လမ်းကူးသူနှင့် ကားမောင်းသမားများ ဘယ်သူ့ကို ဘယ်သူမှ ဦးစား မပေးနိုင်ဘဲ လုယက် ဖြတ်သန်းရင်း အချေအတင် အပြန်အလှန် နင်ပဲငဆ မကြားဝံ့ မနာသာ ပြောဆို ရန်ဖြစ်ကြခြင်းမျိုး။

လူ့ယဉ်ကျေးမှုကို ဦးတည်သော လူ့စည်းကမ်းများကို ကျွန်မတို့ ငယ်စဉ် ကတည်းကပင် သင်ယူ ကြားသိခဲ့ကြတာ သေချာပါသည်။ တောင်းမှာ အကွပ်၊ လူမှာ အဝတ်ဟူသော စကားသည် လူတို့ ဖွဲ့စည်းနေထိုင်ရာတွင် မရှိမဖြစ် အရာတစ်ခုဖြစ်သော စည်းကမ်းကို ရည်ညွှန်းသော စကားပုံဖြစ်ကြောင်း မှတ်မိနေသေးသည်။ ကိုယ်ချင်းစာတရား ထားတတ် ဖို့နှင့် ကြီးသူ ရိုသေ၊ ရွယ်တူ လေးစား၊ ငယ်သူ သနားဖို့ဟူသော ဆုံးမစကား များကိုသာ သေချာနားလည် လိုက်နာကြမည်ဆိုလျှင် နံရံကပ်ထားသော ညွှန်ကြားချက် အမိန့်များမလိုပါ။

ခုဖြစ်နေပုံက နံရပ်ကပ်ထားသော တရားဝင် ပြဋ္ဌာန်းထားသော စည်းကမ်း များလည်း မထိရောက်။ မြန်မာ့ လူ့အဖွဲ့အစည်း၏ တန်ဖိုးအဖြစ် ငယ်စဉ် ကပင် သင်ယူခဲ့ရသော ယဉ်ကျေးသမှု လူ့စည်းကမ်းများလည်းပျောက်။ ကျွန်မတို့ ဘာများမှားနေပါလိမ့် တွေးကြည့်မိသည်။

ငယ်စဉ်ကတော့ စည်းကမ်းဆိုသည့် စကားလုံးကို မုန်းသည်။ လုပ်ချင်တာ မလုပ်ရ၊ စားချင်တာမစားရ၊ နေချင်သလို မနေရ။ သို့သော် ရင့်ကျက် သိတတ်လာသည်နှင့်အမျှ စည်းကမ်းဆိုသည့် စာနှစ်လုံး မည်မျှ တန်ဖိုးကြီး သည်ကို လက်ခံ သဘောပေါက်လာရသည်။ ‘ဆရာစာသင်နေစဉ် စကား မပြောရ’ ဟူသော စည်းကမ်းကို ချိုးဖောက်သော အတန်းဖော် တစ်ဦး နှစ်ဦးကြောင့် အာရုံ ပျက်ရသည့်အဖြစ်မျိုး။ သူများတကာ ပင်ပင် ပန်းပန်း ကြိုးစားချိန်တွင် စာခိုးချသော စည်းကမ်းဖောက်သူများ အောင် စာရင်းတွင် အမှတ်တွေ များကြသည့် အဖြစ်မျိုး။ ဆရာမအား တံစိုး လက်ဆောင်ပေးကာ အတန်းတက်ခြင်း၊ လူရွေးချယ်ရေး တာဝန်ခံအား လာဘ်ထိုးကာ အလုပ်ရယူခြင်း၊ ရာထူးတက်ခြင်း အစရှိသည်ဖြင့် ဥပမာများ စွာ ကိုယ်တွေ့ကြုံမှ စာနာ နားလည်တတ်လာသည်။

ကိုးတန်းအောင်ဟု မဖြည့်လျှင် နိုင်ငံကူး လက်မှတ်ရရန် မလွယ်ခဲ့ခြင်း မျိုး ဖြစ်ခဲ့ကြဖူးသည်။ အခွန် မရှောင်ချင်သော်လည်း အခွန်ဆောင် မရခြင်း မျိုးကိုလည်း ကြားဖူးနေသည်။ စည်းကမ်းရှိသည့် နေရာတိုင်းတွင် ချိုးဖောက် မှု၊ ချိုးဖောက်ရန် ကြံစည် ကြိုးပမ်းမှုများ ရှိနိုင်ပါသည်။ ရှိနေသည်လည်း ဖြစ် သည်။ အထူးသဖြင့် အသက်ရှင်ကျန်ရန် အခွင့်အလမ်း နည်းပါးချိန်၊ အရင်း အမြစ် ရှားပါးချိန်တွင် ‘လျင်သူစား စတမ်း’ စည်းဖောက်မှုများ ပိုမို များပြား ပြင်းထန်လာသည်မှာလည်း သဘာဝဖြစ်သည်။

ရှင်သန်ကျန်ရစ်နိုင်မှု (Survival) နှင့် ရှင်သန်နေထိုင်နိုင်မှု (Living) နှစ်ခု စလုံးသည် ဘဝ၏ လက္ခဏာရပ်များချည်းဖြစ်သော်လည်း တူသလိုနှင့် အလွန်ကွဲပါသည်။ ဖြောင့်မှန်စွာ ရှင်သန်နေထိုင်ခွင့်ထက် ဖြစ်သည့်နည်းဖြင့် ရှင်ကျန်ရန် အရေးကြီးသော နာတာရှည် အခြေအနေမျိုးတွင် စည်းကမ်း ချိုးဖောက်မှုများကသာ လုပ်ထုံးလုပ်နည်း ဖြစ်လာသည်။ ဘယ်သူ့မှလည်း မယုံရ။ အမှန်တရား၊ နည်းမှန်လမ်းမှန်ဆိုသည်မှာ တော်ရုံလူ မမှတ်မိတော့။ ကျွန်မတို့ လူမှုပတ်ဝန်းကျင်တွင် ထိုအခြေအနေတွင် ရှင်ကျန်နိုင် သူ၊ အောင်နိုင်သူများအတွက် နာမည် တစ်လုံး မကြာခဏ ကြားဖူးသည်။ ‘လုပ်တတ် ကိုင်တတ်သူ’ တဲ့။

မှားယွင်းမှုကို မတားဆီးနိုင်လျှင်၊ ချိုးဖောက်မှုကို အရေးမယူနိုင်လျှင် အားပေး အားမြှောက်ပြုရာ အလိုလိုရောက်သည်။ စည်းကမ်း ချိုးဖောက်ခြင်းကို လုပ်ကောင်းသည့်အရာ၊ မဖြစ်မနေ လုပ်ရမည့်အရာအဖြစ် လူတို့၏ ကိုယ၊် နှုတ်၊ စိတ်နှင့် အတွေ့အကြုံများတွင် အမြစ်တွယ်သွားခဲ့လျှင် တရား ဥပဒေ မစိုးမိုးဘဲ စည်းကမ်း ချိုးဖောက်နိုင်စွမ်းရှိခြင်းကို ဝံ့ကြွားကြသော ‘လုပ်တတ် ကိုင်တတ်သူ’ တို့သာ ကြီးစိုး တည်ဆောက်ကြမည့် လူ့ဘောင်လောကသည် တွေးကြည့်ရုံဖြင့်ပင် ကျောချမ်းစရာ ကောင်းလှပါ သည်။

မြန်မာနိုင်ငံ ပြောင်းလဲလာပြီ ဆိုကြသည်။ ပြောင်းလဲမည်လည်း ဆိုကြသည်။ စနစ်ပြောင်း ခေတ်ပြောင်းရန် ကြိုးစားနေကြသည့် ယခုလိုအချိန်တွင် ပိုမို ကောင်းမွန်သော အဆင့်မြင့်ဘဝများဖြင့် ရှင်သန်နေထိုင်ရန် အလိုအပ် ဆုံးမှာ စည်းကမ်း ချိုးဖောက်မှုများ ရပ်တန်းက ရပ်ခြင်းဟု တိတိကျကျ ဆိုပါမည်။ဘယ်နိုင်ငံမှာမှ မကြားဖူးခဲ့သည့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီဟူသည့် စကားရပ်၏ တာသွားပုံကို ခုမှ ပိုမို နားလည်လာမိသည်။

ပျောက်ဆုံးမတတ်ဖြစ်နေသော တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှု (Trust) ကို ကိုယ်စည်းကမ်း၊ နှုတ် စည်းကမ်း၊ စိတ်စည်းကမ်းတို့၏ အကူအညီဖြင့် သာ မြန်မာ့ လူ့အဖွဲ့အစည်းတွင် ပြန်လည် မွေးမြူနိုင်ပေလိမ့်မည်။ ရှိသင့် ရှိအပ်သော လူ့ယဉ်ကျေးမှုကိုလည်း ပြန်လည် တည်ဆောက် ကျင့်သုံးနိုင် လိမ့်မည်။

သံရုံးရှေ့ မနက်ခင်းဖြစ်ရပ်တွင် စည်းကမ်းရှိသူများက စည်းကမ်းဖောက်သူ တစ်စုကို မကြိုက်သော် လည်း ရန်စကား မပြောခဲ့ကြပါ။ ပြောခွင့်မရှိ၍တော့ ဟုတ်မည်မထင်ပါ။ ကိုယ်၊ နှုတ်၊ စိတ် ယဉ်ကျေးမှု အပျက်မခံဘဲ သဘောထားကြီးနိုင် သည်းခံနိုင်ကြတာသာ ဖြစ်လိမ့်မည်။ စည်းကမ်းဖောက် သူနှင့် အပေါင်းအပါများ ထွက်သွားပြီးသောအခါ ကျန်လူများ ဆက်လက် တန်းစီခဲ့ကြပါသည်။ ကိုယ်ပိုင်ချထားသော ကိုယ်ပိုင်စည်းကမ်းကို မည်သူဖောက်ဖောက် ကိုယ်မဖောက်၊ အချင်းချင်း မယုံသင်္ကာမရှိ၊ တစ်ယောက်နှင့် တစ်ယောက် မတိုး၊ မလု၊ အလှည့်မကျော်။ လူကြီး လူကောင်း ပီသစွာ ယဉ်ကျေးစွာဖြင့်။

ထိုမနက်ကို ပြန်တွေးမိတိုင်း စည်းကမ်း စောင့်ထိန်းကြသော ယဉ်ကျေးသူ များနှင့်အတူ တန်းစီခဲ့ရသည့် အချိန်ကလေးအတွက် အမြဲ ဂုဏ်ယူနေမိပါ သည်။

Credit To The Voice Weekly

Related Articles:

Post a Comment