Thursday, August 1, 2013

တော်လှန်ရေးမှ တည်ဆောက်ရေးသို့



(ပေါ်လင်းဦး)

အစိုးရသစ်နှင့်အတူ ယနေ့ နိုင်ငံရေးရေစီးကြောင်းဆိုင်ရာတွင် ထူးခြားမှုများ ရှိလာသည်မှာ သိသာလှသည်။ အထူးသဖြင့် လူထုအကြားရှိ ယနေ့ ဒီဘိတ်များက သိသာလှ၏။ လူထု အတွင်းတွင်ပင် အကြောင်းအရာတစ်ခု အပေါ်၌ အမြင်ကွဲပြားမှုများ ခပ်စိပ်စိပ် တွေ့လာရသည်။

မျိုးစောင့်ဥပဒေကြမ်း ကိစ္စတွင် အဆိုပါ ဒီဘိတ် ကိစ္စကို ကြီးကြီးကျယ်ကျယ် တွေ့ရသည်။ “ထောက်ခံသည်၊ မထောက်ခံသည်” မှာ လူထုထဲမှာပင် အသံစုံလှသည်။ လူထုထဲတွင်ပင် သဘောထား အမျိုးမျိုးဖြစ်နေသည်။ လက်ပံတောင်းတောင် ကိစ္စတွင်လည်း အလားတူပင် ဖြစ်သည်။ ကော်မရှင်၏ အစီရင်ခံစာ ထွက်လာသည်နှင့် ထောက်ခံသူနှင့် မထောက်ခံသူတို့ ကွဲလေတော့သည်။ “၉၆၉ ကိစ္စ”တွင်လည်း ထိုသို့ပင်ဖြစ်သည်။ ဗုဒ္ဓဘာသာများ အထဲတွင်ပင် လက်ခံသူနှင့် လက်မခံသူ ဟူ၍ ကွဲပြန် သည်။ အာဇာနည်နေ့ ရောက်ပြန်တော့ ဥသြ ဆွဲသင့်၊ မဆွဲသင့် ငြင်းခုံ ကြပြန်သည်။ အချို့က ဆွဲစေချင်သည်။ အချို့က ခေတ်ကာလသဘောအရ မဆွဲခြင်းကို လက်ခံသလိုရှိသည်။ ဥသြဆွဲမှ အာဇာနည်တွေကို ဂုဏ်ပြု သည်မဟုတ်။ အခြားသော နည်းလမ်းပေါင်းများစွာ ဖြင့်လည်း ဂုဏ်ပြုနိုင်သည်ဟု တစ်ဖက်ကဆိုကြသည်။ မေလှမြိုင်သီချင်းနှင့် ဥသြဆွဲသံတို့ မပါလျှင် အာဇာနည်နေ့ အတွက် ခံစားမှုရသမမြောက်။ မပြည့်စုံဟု အခြား တစ်ဖက်က ဆိုပြန်သည်။ ဆိုရလျှင် ယနေ့ခေတ်တွင် Public Debate တွေ များလာသည်မှာတော့ အမှန်ဖြစ်သည်။

သို့ဖြစ်ရာ ယနေ့ကား ခေါင်းစဉ်တစ်ခု ရောက်လာလျှင် လူထုမှာ နှစ်ခြမ်းကွဲကြရသလိုပင် ရှိတော့၏။ နောက်ထပ် ဘယ်ခေါင်းစဉ်များ ရောက်လာဦးမလဲ မသိ။ ဘယ်လောက်များ ကွဲကြဦးမလဲ မသိ။ ဘာတွေများ ငြင်းခုံရဦးမလဲ မသိ။ ဤသည်မှာ တိုက်ဆိုင်မှု သက်သက်လော (သို့မဟုတ်) နိုင်ငံရေး ရေစီးကြောင်း အသစ်တစ်ခုလော။ ဟုတ်ရော ဟုတ်သေးရဲ့လား။ အဘယ်ကြောင့်နည်း။ စိတ်ဝင်စားစရာ ဖြစ်သည်။

ယခင်ခေတ် များအရ လူထုတွင် ယနေ့ကဲ့သို့ ဒီဘိတ်ကြီးကြီးမားမား တို့မရှိ၊ ပြောခွင့်ပဲ မရခဲ့သောကြောင့်များလား မသိ။ ယခင်ခေတ်များတွင် အရေးကြီး Issue များရှိပါကလည်း လူထု၏သဘောများမှာ အကွဲကွဲအပြားပြား ဟူ၍ မသိသာလှ။ သဘောထား ကွဲခဲ့လျှင်လည်း အုပ်ချုပ်သူ လူတန်းစားနှင့်သာ ကွဲ၏။ သို့သော် ယခုကား ထိုသို့မဟုတ်တော့။ ယနေ့ ဒီဘိတ်တို့တွင် လူထုအတွင်း အချင်းချင်း ငြင်းကြ ခုံကြသလောက် အစိုးရကား ပရိသတ် သဘောပင်ဖြစ်နေ၏။

ဤသည်ကား ယနေ့ နိုင်ငံရေး ရေစီးကြောင်းများ၏ အတိတ်နှင့် မတူသော ထူးခြားမှုဟုပင် ပြောရမလိုရှိသည်။ အစိုးရကား ပါစရာလည်းမလို။ ပါလည်း မပါတော့။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ် ကား လူထုကိုယ်တိုင် ဆုံးဖြတ်ရမည့်၊ ရွေးချယ်ရမည့်ခေတ်ဖြစ်သောကြောင့် ဖြစ်သည်။
တစ်နည်းအားဖြင့် လတ်တလော ဒီဘိတ်အရပ်ရပ် တို့သည် ပြောင်းလဲ လာသော နိုင်ငံရေး၏ ဝိသေသတစ်ရပ်သာ ဖြစ်၏။ လက်ရှိ နိုင်ငံရေး ရေစီးကြောင်း၏ သဘောသဘာဝပင် ဖြစ်၏။ ဤသည်မှာ ဒီမိုကရေစီသဘော သဘာဝပင် ဖြစ်၍ ပြဿနာတစ်ရပ်ဟု မဆိုသာလှ သော်လည်း ဒီမိုကရက် တစ်နည်းလမ်း တို့ဖြင့် ဖြေရှင်းနိုင်ရန်၊ အဖြေထုတ်နိုင်ရန်တော့ လိုသည်။
ဆိုရလျှင် ယနေ့ နိုင်ငံရေးရေစီးကြောင်းမှာ အသစ်ဖြစ်သည်ဟု ဆိုနိုင် သည်။ ဤနေရာတွင် ယနေ့ခေတ် သတိထားမိလာသော “တော်လှန်ရေးနှင့် တည်ဆောက်ရေး” ဟူသော စကားရပ်များကို ကိုးကားချင်သည်။ ထိုစကားရပ် များအရ ဆိုရလျှင် ယနေ့နိုင်ငံရေး ရေစီးကြောင်းမှာ “တည်ဆောက်ရေး” အဆင့်ဟုသာ ဆိုရမည်ဖြစ်သည်။ “တော်လှန်ရေး” အဆင့်မှာ ကျော်ခဲ့ပြီဖြစ် သည်။ နိုင်ငံရေး ရေစီးကြောင်းကား လုံးလုံးပြောင်းသွားခဲ့ပြီ ဖြစ်သည်။သို့ဖြစ်ရာ ယနေ့ မြင်တွေ့နေရသော ပြဿနာအရပ်ရပ်မှာ တည်ဆောက်ရေး အဆင့်တွင် ဖြစ်နိုင်ခြေရှိသော အခြေအနေအရပ်ရပ် တို့သာ ဖြစ်သည်။

အခြေခံလူထုဘက်မှ ကြည့်လျှင် မြန်မာလူထုသည် သမိုင်းနှင့်ချီ၍ “တော်လှန်ရေး” အသွင်အောက်တွင်သာ နေခဲ့ဖူးသလို ရှိသည်။ “တည်ဆောက်ရေး” အသွင်အောက်တွင် မနေခဲ့ဖူးသလောက် ဖြစ်နေသည်။ လူထုအနေဖြင့် ကိုယ်တိုင် နိုင်ငံ့ရေးရာများတွင် ပါဝင်ခွင့်ရသည် ဆိုသည်မှာ ကာလအားဖြင့် ဘာမျှမကြာသေး။ ၂ နှစ်လိုလို၊ ၂ နှစ်ခွဲလိုလိုသာ ရှိသေးသည်။ သုံးနှစ်တောင် မပြည့်တတ်သေး။ ယနေ့ခေတ်တွင် မှသာ လူထုသည် “နိုင်ငံတည်ဆောက်ရေး” တွင် တာဝန်ရှိသည့် အနေအထားမျိုးဟု ပြောနိုင်သည်။ ဒီလိုအခြေအနေ ရောက်အောင်ပင် နှစ်ပေါင်းများစွာ တော်လှန်ရေး အဆင့်ကို ဖြတ်သန်းခဲ့ ရသည် ဖြစ်သည်။ သို့ဖြစ်၍ လူထု၏ နိုင်ငံရေးအတွေ့အကြုံ တော်တော် များများသည်ပင် တော်လှန်ရေးအခြေပြု ရှုမြင်ပုံတို့ ဖြစ်သည်။ သို့ဖြစ်ရာ တည်ဆောက်ရေးနှင့် ဆီလျော်သော ရှုမြင်ပုံ၊ တွေးတောပုံ၊ သုံးသပ်ပုံ၊ ခံယူပုံ တို့ အားနည်းရခြင်းမှာ မဆန်းဟု ဆိုနိုင်သည်။ အားလုံးကို မဆိုသာ သော်လည်း အချို့အချို့ တစ်ချက်တစ်ချက် ကျောစိမ့်စရာကောင်းအောင် ပြောနေကြဆဲ၊ တွေးနေကြဆဲ ၊ လုပ်နေကြဆဲဖြစ်သည်။ “သမဂ္ဂ” ဟု ခေါင်းစဉ်တပ် လိုက်သည်နှင့် ပြောတဲ့သူရော၊ ကြားတဲ့သူပါ အစိုးရဆန့်ကျင်ရေး ကိုသာ အဓိက ပြေးမြင်ကြသည်မှာ မသိစိတ်တွင် တော်လှန်ရေးအခြေပြု အတွေ့အကြုံ တို့၏ လွှမ်းမိုးမှုကို ပြသခြင်းဖြစ်သည်။

ယင်းပုံစံနှစ်မျိုးအား ပြဆိုရာတွင် ပုံမှန်အားဖြင့် တော်လှန်ရေးအဆင့်သည် ကနဦးအဆင့်ဖြစ်သည်။ တော်လှန်ရေးအဆင့် ပြီးဆုံးသည်နှင့် တည်ဆောက် ရေးအဆင့်သည် ကပ်လျက် လိုက်လာသည်။ ယင်းအသွင်သဏ္ဌာန် နှစ်မျိုး စလုံးမှာ မတူသောဝိသေသများ သီးခြားစီ ရှိကြသည်လည်း ဖြစ်သည်။ သို့ဖြစ်၍ တည်ဆောက်ရေးအဆင့်တွင် တော်လှန်ရေးအဆင့်မှ သီအိုရီများ အတိုင်း ထပ်တူပြုမူ၍ မရနိုင်ချေ။ နိုင်ငံရေးသမား ဟုဆိုသည့်တိုင် တော်လှန်ရေးသမားကောင်း တစ်ယောက်သည် တည်ဆောက်ရေးသမားကောင်း တစ်ဦး ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။

တော်လှန်ရေးအဆင့်တွင် သာမန်အားဖြင့် ဘုံရန်သူ ရှိကြသည်။ ယင်းကိုအကြောင်းပြု၍ စည်းရုံးရေးမှာ တကူးတကပင် လုပ်စရာမလို။ စုစည်းမှု လွယ်ကူသည်။ ဘာသာကွဲပြားမှု ၊ လူမျိုးကွဲပြားမှု၊ ဝါဒကွဲပြားမှုက အရေးမကြီးလှ။ ဘုံရန်သူကို တိုက်နိုင်ဖို့သာလိုသည်။ ဘယ်သူနှင့်မဆို ပေါင်းနိုင်သည်။ ပေါင်းလည်း ပေါင်းကြသည်။ ဘုံရန်သူဆိုသော ခေါင်းစဉ် အောက်တွင် အားလုံးသည် ပေါင်းစည်းသွားတတ်သည်။ သို့သော် ယင်း ပေါင်းစည်းမှုသည် ဘုံရန်သူကို ဖယ်ရှားရန်ဆိုသော အကြောင်းပြချက်ဖြင့် ယာယီသဘော စုစည်းမိခြင်းသာ ဖြစ်သည်။ ယင်းဘုံရန်သူ မရှိတော့သည့် နောက်ပိုင်း ယင်းစုစည်းမှုလည်း ပျက်ယွင်းတတ်သည့် သဘာဝရှိသည်။ တော်လှန်ရေး ပြီးသည့်နောက်ပိုင်း တည်ဆောက်ရေးသို့ ကူးပြောင်းသည့် အခါတွင် ရရှိထားသော စုစည်းမှုတို့မှာ တစ်စစီ ပြိုကွဲသွားတတ်သည့် သဘာဝရှိသည်။ ထိုအချိန်တွင် အမြော်အမြင် ကြီးပြီး သြဇာလည်းကြီးသော ခေါင်းဆောင်မှုမှာ ကမ္ဘာကြီးက နေတစ်စင်းကို လိုသလိုမျိုးအထိ လိုသည်။

မြန်မာ့လွတ်လပ်ရေး အတွက် လူမျိုးစုအသီးသီး စုပေါင်းကာ နယ်ချဲ့ကို တိုက်ပွဲဝင်ခဲ့ကြသည်။ သို့သော် ဘုံရန်သူ မရှိတော့သည့် (လွတ်လပ်ရေးရပြီး) နောက်ပိုင်း သူတစ်လူငါတစ်မင်းဖြင့် အချင်းချင်း ဆော်ခဲ့ကြသော ပြည်တွင်းစစ်ကို ကြုံခဲ့ရသည်ဖြစ်သည်။ အကွဲအပြဲပေါင်းစုံကို မြင်တွေ့ရမည် ဖြစ်သည်။ ဤသည်မှာ တော်လှန်ရေးအလွန် တည်ဆောက်ရေး အစတွင် ဖြစ်လေ့ဖြစ်ထ ရှိသည့် အကွဲအပြဲ ဇာတ်လမ်းတို့အတွက် ဥပမာဖြစ်သည်။ ထိုခေတ်ကာလအရ တော်လှန်ရေးအပြီး တည်ဆောက်ရေးအဝင်တွင် အမြော်အမြင်ကြီးပြီး သြဇာလည်းကြီးသော ခေါင်းဆောင်မျိုး မရှိတော့သည်မှာ မြန်မာ့နိုင်ငံ၏ ကံကြမ္မာပင်ဖြစ်သည်။ တစ်ဆက်တည်း ဆိုရလျှင် ထိုစဉ်က နိုင်ငံရေးသမား တော်တော်များများသည် လွတ်လပ်ရေးနောက်ပိုင်း နိုင်ငံတည်ဆောက် ရေးအတွက် အသင့်မဖြစ်ကြသည်မှာ နိုင်ငံအတွက် သာမန်ကံဆိုးမှု မဟုတ်ပေ။ တိုက်ရဲ၊ ခိုက်ရဲ၊ သေရဲ၊ ပြုရဲ၊ ထောင်ကျခံရဲခြင်း သည် တော်လှန်ရေးအဆင့် အတွက် ပဓာနအရည်အချင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ တည်ဆောက်ရေး အဆင့်အတွက် ပဓာနအရည်အချင်း မဟုတ်တော့ပေ။ ထိုမျှဖြင့် မလုံလောက် တော့ပေ။ ၄င်းအပြင် ယင်းတို့သည် အခန့်မသင့်လျှင် တည်ဆောက်ရေးအဆင့် တွင် အနှောင့်အယှက်ပင် ပြုနိုင်သေးသည်။

သို့ဖြစ်ရာ ယနေ့ကဲ့သို့ တည်ဆောက်ရေးခေတ်တွင် လိုက်နာရမည့် သီအိုရီနှင့် ဖြည့်ဆည်းရမည့် ဝမ်းစာတို့ ပို၍လိုအပ်လာသည်မှာ သေချာသည်။ ယင်းသီအိုရီနှင့် ဝမ်းစာကို ငြင်းဆန်သော တော်လှန်ရေးသမား တို့သည် ရယ်ဒီကယ် အစွန်းတွင် လက်သီးလက်မောင်း တန်းရင်း ကျန်ခဲ့ရမည်သာ ဖြစ်သည်။ ထိုထက်အရေးကြီးသည်မှာ လူထုအနေဖြင့် ထိုသူကို အိမ်ဦးခန်းတွင် နေရာမပေးမိရန် ဖြစ်သည်။ တော်လှန်ရေးအတွင်း ၄င်းတို့၏ ဆောင်ကြဉ်း ချက်များကို အသိအမှတ် ပြုသော်လည်း တည်ဆောက်ရေးတွင်ကား မဆီလျော် နိုင်သော အခြင်းအရာတို့ကြောင့် အားနာနာဖြင့်ပင် ချန်ထားခဲ့ရမည်ဖြစ် သည်။ အစိုးရဆန့်ကျင်ရေး အတွေးအခေါ်တို့သည် တော်လှန်ရေးကာလတွင် ပဓာန ကျနိုင်သော်လည်း တည်ဆောက်ရေးတွင် ထိုမျှဖြင့် မလုံလောက်တော့။ အပြစ်ပြောရုံ အပြင် အဖြေပါ ပြောနိုင်ဖို့လိုလာသည်။ အရာရာတွင် အပြုသဘော ဆောင်ခြင်းသည် ယနေ့ နိုင်ငံရေးပြဿနာဆိုင်ရာ အဖြေအရပ်ရပ်တို့၏ အခြေခံလိုအပ်ချက် ဖြစ်သည်။

တည်ဆောက်ရေး အဆင့်တွင် အမှန်လိုသည်မှာ နိုင်ငံတည်ဆောက်ရေးပညာ သာဖြစ်သည်။ နိုင်ငံရေးသိပံ္ပလည်း ပါသည်။ လူထုဆက်ဆံရေးပညာ လည်းပါသည်။ သမိုင်းလည်းပါသည်။ ပထဝီလည်းပါသည်။ နိုင်ငံရေး ဘောဂဗေဒလည်းပါသည်။ နိုင်ငံတကာ ဆက်ဆံရေးပညာလည်း ပါသည်။ ဥပဒေပညာလည်း ပါသည်။ ပြည်သူ့ရေးရာ မူဝါဒဆိုင်ရာပညာလည်း ပါသည်။ မိုက်ကရိုအီကိုနောမစ်လည်း ပါသည်။ ၄င်းတို့အပြင် နောက်ထပ်လိုသည်မှာ လစ်ဘရယ်စိတ်ရင်းအခံ ဖြစ်သည်။ ဆိုရလျှင် လက်ရုံးရည်ထက် နှလုံးရည်က ပိုလိုလာသည်။ ယင်းအချင်းအရာတို့သည် တည်ဆောက်ရေးနှင့် ဆီလျော်သော ဖြည့်ဆည်းအပ်သည်တို့ ဖြစ်သည်။

ဆိုလိုသည်မှာ ပြောင်းလဲလာသော ခေတ်စနစ်နှင့်အတူ စိန်ခေါ်မှု အသစ်အဆန်းများ ရှိလာမည်မှာ သံသယဖြစ်စရာမလိုသော ကိစ္စဖြစ်သည်။ ယင်းပြဿနာများကို ဖြေရှင်းရာတွင် အံဝင်ခွင်ကျဖြစ်သော တုံ့ပြန်မှုပြုနိုင်ရန် သက်ဆိုင်ရာနယ်ပယ်မှ ပုဂ္ဂိုလ်အသီးသီးတွင်လည်း တည်ဆောက်ရေးနှင့် လျော်ညီသော အခြင်းအရာတို့ တစ်စုံတစ်ရာ ဖွံ့ဖြိုးထားရန်လိုသလို အရွေ့ဆိုင်ရာ မဟာဗျူဟာမြောက် အကြောင်းတရား တို့နှင့်လည်း မျက်ခြေမပြတ်ရန် လိုပေလိမ့်မည် ထင်ပါသည်။

Credit To The Voice Weekly

Related Articles:

Post a Comment