Wednesday, July 31, 2013

အင်တာနက် သုံးပိုင်ခွင့်နှင့် လူ့အခွင့်အရေး



(တင်ညွန့်)

New York Times သတင်းစာ၏ အယ်ဒီတာ့ အာဘော် ကဏ္ဍတွင် ဗင်တန်ဂျီကရဖ်က “အင်တာနက် သုံးပိုင်ခွင့်သည် လူ့အခွင့်အရေး မဟုတ်” ဟု ဝေဖန် ထောက်ပြသွားချက်ကို ဖတ်လိုက်ရသည်။ သူက တီထွင်ထားသော နည်းပညာသည် လူတို့ သုံးရန်ဖြစ်လျှင် လူတိုင်း သုံးစွဲခွင့် ရရှိစေရမည် ဆိုသည့် အချက်ကို ထောက်ခံသည်။ သို့သော် နည်းပညာ ဆိုသည်မှာ လူ့အခွင့်အရေး မဟုတ်ဟု သူက အခိုင်အမာ ငြင်းဆိုခြင်းသာ ဖြစ်သည်။

နည်းပညာ ဆိုသည်မှာ တီထွင်လိုက်တိုင်း လူသားကောင်းကျိုး မဖြစ်စေပါ။ ဥပမာ- အဏုမြူဗုံး တီထွင်မှုမျိုး ဖြစ်သည်။ နည်းပညာတိုင်း ကောင်း၊ မကောင်း၊ အကျိုး ရှိ၊ မရှိ ဆိုသည်မှာ သုံးစွဲသူနှင့် သုံးစွဲသည့် နေရာအလိုက် ပိုင်းဖြတ်ရမည်သာ ဖြစ်သည်။ အပြု သုံးမည်လော၊ အဖျက် သုံးမည်လော။ ရလဒ်ကသာ အဆုံးအဖြတ် ပေးနိုင်ပေလိမ့်မည်။

ကရဖ်က ဤဥပမာကို မြင်းနှင့် ခိုင်းနှိုင်း ဖော်ဆောင် ပြထားသည်။ မြင်းဆိုသည့် သတ္တဝါသည် သူ့ဘာသာသူ ဖြစ်တည်ခဲ့ခြင်း ဖြစ်သည်။ မြင်းကို လူတို့ အသုံးပြုခြင်းဖြင့် သွားလာရေးနှင့် လုပ်ငန်းများ တွင် အဆင်ပြေလာသည်။ သို့သော် မြင်းကို သုံးပိုင်ခွင့်သည် လူ့အခွင့်အရေး မဟုတ်ပေ။

လူ့အခွင့်အရေး ဆိုသည်မှာ အကောင်အထည်ဖြင့် ဖော်ပြနိုင်သည့် အခွင့်အရေးမျိုး ရှိသကဲ့သို့ အကောင်အထည်ဖြင့် ဖော်ပြ၍ မရနိုင်သည့် အခွင့်အရေးမျိုးများလည်း ရှိနိုင်သည်။ ဥပမာအားဖြင့် သတင်း ပုံနှိပ် လွတ်လပ်ခွင့်ကို ဒီမိုကရေစီ နိုင်ငံကြီးတိုင်းတွင် အလေးအမြတ် ထားကြသည်။ သို့သော် သတင်း ပုံနှိပ် လွတ်လပ်ခွင့်ကို လူ့အခွင့်အရေးဟု ပြောရန်မှာ မပီပြင်ဟု ဆိုရမည် ဖြစ်သည်။ သတင်း လွတ်လပ်ခွင့် ရှိကြောင်း အစိုးရက ပြောပြီး သတင်း ရယူပိုင်ခွင့်ကို နည်းပညာအရ ကန့်သတ်မှုများ ရှိနေခြင်းကို လွတ်လပ်ခွင့် အပြည့် ပေးပြီးပြီလောဟု မေးခွန်းထုတ်ရမည် ဖြစ်သည်။

လူ့အခွင့်အရေး ဆိုသည်ကို ပုံသေ သတ်မှတ်၍ မရနိုင်ခြင်းများလည်း ရှိသည်။ အမေရိကန် ပြည်ထောင်စုတွင် သမ္မတ ဘင်ဂျမင်ဖရင်ကလင် လက်ထက်က နည်းပညာနှင့် လူ့အခွင့်အရေး ရပိုင်ခွင့်အပေါ် တောင်းဆိုခြင်းနှင့် ယနေ့ခေတ် ဘလော့ဂ်ဂါ (Blogger) တို့၏ နည်းပညာ ရပိုင်ခွင့် တောင်းဆိုမှုများ တူညီနိုင်မည် မဟုတ်ပေ။ သတင်း လွတ်လပ်ခွင့်ရရေးကို ယခင်နှင့် ယခု တောင်းဆိုချက်ခြင်း တူနိုင်သော်လည်း မည်သည့် မီဒီယာကို သုံးပြီး သတင်းရယူမည် ဆိုသည့် အချက်မှာမူ ကွဲပြား ခြားနားသွားပြီ ဖြစ်သည်။ သို့သော် မေးစရာကတော့ ပေါ်လာသည်။ အင်တာနက် သုံးစွဲပိုင်ခွင့်သည် လူ့အခွင့်အရေးလား ဖြစ်သည်။

ယနေ့ခေတ်တွင် အော်နေကြသည့် အင်တာနက် သုံးစွဲပိုင်ခွင့်ဆိုသည်မှာ "right to Internet access" သဘောမျိုး သက်သက် မဟုတ်ကြောင်းကို သိစေချင်ပါသည်။ ယနေ့ တောင်းဆိုနေကြသည်မှာ သုံးစွဲနိုင်ရုံ သက်သက်မျှသာ မဟုတ်။ "Right to broadband" ကို ဆိုလိုခြင်း ဖြစ်သည်။ သာမန် အင်တာနက် သုံးပိုင်ခွင့်မဟုတ်။ Broadband ဖြင့် မြန်နှုန်းမြင့် အင်တာနက် ရယူ သုံးစွဲပိုင်ခွင့်ရှိရေးကို လည်း ရပိုင်ခွင့်ဟု ဆိုလိုခြင်း ဖြစ်သည်။

လူတိုင်း လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိရမည်။ ယင်းသည် အခြေခံ လူ့အခွင့်အရေးသာ ဖြစ်သည်။ ထုတ်ဖော်ခွင့်တော့ ရှိသည် သို့သော် ဟိုလို မထုတ်ဖော်ရ၊ သည်လို မထုတ်ဖော်ရဟု တားမြစ်နေခြင်း မှာ ဒီမိုကရေစီဟု မခေါ်ဆိုနိုင်ပေ။ အင်တာနက်ကို လူတိုင်း သုံးစွဲပိုင်ခွင့် ရှိရမည်ဆိုပြီး ဟိုဟာ မသုံးရ၊ သည်ဟာ မသုံးရဟု ပိတ်ပင်ထားခြင်းမှာလည်း အခြေခံ လူ့အခွင့်အရေးကို အပြည့်အဝ ပေးသည်ဟု မဆိုနိုင်ပေ။ ထို့ပြင် သုံးခွင့်တော့ ပေးထားသည့် ရယူ သုံးစွဲနိုင်မှုကလည်း Broadband မဟုတ် (ခေတ်မမီ) ဆိုလျှင် စေတနာ မပါသည့် ခွင့်ပြုခြင်းမျိုးသာ ဖြစ်ပေလိမ့်မည်။

၂၀၀၃ ခုနှစ် ဒီဇင်ဘာလက World Summit on the Infor-mation Society (WSIS) ညီလာခံကို ကုလသမဂ္ဂ၏ ဦးဆောင်မှုဖြင့် ကျင်းပ ပြုလုပ်ခဲ့သည်။ နိုင်ငံတကာ အစိုးရများ၊ လုပ်ငန်းရှင်ကြီးများ၊ လူမှုရေး အဖွဲ့အစည်းများ အပြန်ပြန် အလှန်လှန် ညှိနှိုင်းပြီးနောက် WSIS ကြေညာချက်ကို ထုတ်ပြန် နိုင်ခဲ့သည်။ ယင်းသည် သတင်း အချက်အလက်များကို လူ့အခွင့်အရေး တစ်ရပ်အနေဖြင့် ရယူ သုံးစွဲ ပိုင်ခွင့် ကြေညာ စာတမ်းကြီး တစ်ခု ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

ထိုကြေညာစာတမ်း အလိုအရ သတင်း အချက်အလက်နှင့် လူ့ဘောင် အဖွဲ့အစည်း တစ်ခု ထူထောင်ရန် အသိအမှတ် ပြုသည်။ ပြည်သူ အခြေပြု ဆန္ဒများ ဖော်ထုတ်မှုကို ခွင့်ပြုရမည်။ လူတိုင်း အသိပညာ ဗဟုသုတများနှင့် သတင်း အချက်အလက်များကို ရေးသားခွင့်၊ ရယူပိုင်ခွင့်၊ စုဆောင်းခွင့်၊ သုံးစွဲခွင့်၊ မျှဝေခွင့်တို့ကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ ရှိရမည် ဟူသည့် အချက် ပါရှိသည်။

အင်တာနက် ရယူ သုံးစွဲပိုင်ခွင့်သည် လွတ်လပ်စွာ ပြောဆို ထုတ်ဖော်ခွင့်များနှင့်လည်း ဆက်စပ်နေ သည်။ ခေတ်က လွတ်လပ်စွာ ပြောခွင့်နဲ့ ဖော်ထုတ်ခွင့်ကို အင်တာနက် အားကိုးဖြင့် လုပ်ဆောင်နေ ကြသည်။ သို့ဖြစ်ရာ အင်တာနက်ကို သုံးမရအောင်၊ သုံးရသော်လည်း မမြန်အောင် ပြုလုပ်နေသူများ သည် တရားခံများ ဖြစ်ကြရတော့သည်။

အင်တာနက် စွမ်းပကားမှာ ကြီးမားလှသည်။ အင်တာနက်နှင့် ဆက်သွယ်ရေးကို ထိန်းချုပ်ထားသူ များက အစိုးရ ဖြစ်နေသည်။ အွန်လိုင်းကို လူတွေက လွတ်လပ်စွာ ဖော်ထုတ်နိုင်သည့် နေရာ တစ်နေရာအဖြစ် သတ်မှတ်ထားသည်။ သို့ဖြစ်ရာ အစိုးရက ထိန်းချုပ်မည်။ ပြည်သူတွေက ရှောင်တိမ်း မည်။ အစိုးက ဆင်ဆာဖြင့် ဖြတ်တောက်မည်။ ပြည်သူက လွတ်အောင် ဖောက်ထွက်ရင်း စိန်ပြေးတမ်း ကစားနေကြသည့် ဇာတ်လမ်းတွေ ပေါ်လာသည်။ အစိုးရက မနိုင်လျှင် ဖြတ်တောက်ခြင်းဖြင့် ကုစားသည်။ အင်တာနက် ပြတ်တောက်ခြင်း၊ သုံးမရခြင်းသည် ခေတ်သစ် လူ့ဘောင်ကို အကြီးစား ဒုက္ခပေးခြင်း ဖြစ်သဖြင့် အစိုးရသည် တရားခံ ဖြစ်လာရတော့သည်။

လက်ရှိ ကမ္ဘာတွင် တရုတ်နှင့် အီရန်သည် အင်တာနက် သုံးစွဲသူများအပေါ် ဆင်ဆာ အဖြတ်ဆုံး နိုင်ငံ များ ဖြစ်နေသဖြင့် ပြည်သူတွေ မျက်မုန်း အကျိုးဆုံး နိုင်ငံများလည်း ဖြစ်သည်။ နှစ်နိုင်ငံစလုံး အင်တာနက် ပိတ်ဆို့ရေးအတွက် Firewall စနစ်များကို ငွေကုန်ကြေးကျ များစွာခံပြီး အသုံးပြုနေကြ သည်။ ပြည်သူကို သတင်း အချက်အလက် လွတ်လပ်ခွင့်များကို ပိတ်ဆို့နေသည့် အစိုးရများသည် ပြည်သူများက ပြန်ပြီး ခြိမ်းခြောက်မှုကို ထိတ်လန့်တကြား ခံစားနေရသည်။ ပြည်သူက အင်တာနက် ကို လူ့အခွင့်အရေး တစ်ရပ်အနေဖြင့် လက်ခံထားသဖြင့် အစိုးရက ပိတ်လျှင် လူ့အခွင့်အရေးကို ပိတ်ပင်ခြင်းဟုသာ ရှုမြင် သုံးသပ်ကြလိမ့်မည်။

အမေရိကန်ကဲ့သို့ ဒီမိုကရေစီ ဘိုးအေ နိုင်ငံကြီးတွင်ပင် အင်တာနက်ကို ပိတ်ဆို့ခွင့်များ စဉ်းစားလာ သည်။ သူတို့က ပိတ်ဆို့ရေးကို ကြားကောင်းအောင် မူပိုင်ခွင့် ကာကွယ်ရေးဟု အကြောင်းပြကြသည်။ မူပိုင်ခွင့်ကို ကာကွယ်ရန် ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ထိန်းချုပ်ပိုင်ခွင့် ရှိသည်ဆိုလျှင် ပွင့်လင်းပြီး ထင်သာ မြင်သာရှိသည် ဆိုသော အစိုးရသည် အဖွင့်၊ အပိတ်ကို လိုသလို အသုံးပြုနေသော အစိုးရ ဖြစ်လိမ့်မည်ဟု သတင်း မီဒီယာများက ဝေဖန်နေကြသည်။

အီဂျစ်တွင် ပြည်သူတွေ၏ အင်တာနက် လွတ်လပ်ခွင့် အသုံးချမှုကို လုံးဝ လက်မခံနိုင်သည့်အဆုံး အစိုးရက အင်တာနက်ကို ပိတ်ချလိုက်တော့သည်။ အာရပ်နွေဦး ၁၈ ရက်တာ ကာလတွင်း အစိုးရ အကျပ်ရိုက်ခဲ့ရသည်။ အင်တာနက်ဖြင့် လူတွေ စုဝေးခဲ့ကြသည်။ အင်တာနက် ပြတ်တောက်သဖြင့် ပိုပြီး ဒေါသကို ဆွပေးသလို ဖြစ်သည်။ ဆန္ဒပြပွဲတွေက အရှိန် မြင့်လာသည်။ လူတွေ သေကြ ဒဏ်ရာ ရကြသည်။ Google ကလည်း အီဂျစ် နိုင်ငံသားတွေအတွက် အသံဖြင့် ဆက်သွယ်နိုင်ရေး၊ စာဖြင့် ဆက်သွယ်နိုင်ရေးတို့ကို ပိုပြီး ဝန်ဆောင်အားတွေ တိုးချဲ့ပေးသည်။ အာရပ် နွေဦးသည် ခေတ်သစ် သမိုင်းတွင် အင်တာနက်နှင့် လူ့အခွင့်အရေးကို ထင်သာမြင်သာ ရှိစေရန် မီးမောင်းထိုးပြလိုက်သည့် ပွဲ ဖြစ်သည်။ တစ်နည်း ပြောရလျှင် လူ့အခွင့်အရေးကို ပိတ်၍ ရကောင်း ရနိုင်သည်၊ အင်တာနက်ကို ပိတ်၍ မရနိုင်ဟု ဆိုလိုခြင်း ဖြစ်သည်။

အင်တာနက် သုံးပိုင်ခွင့်နှင့် ဆက်စပ်နေသည့် အခြား အကြောင်း တစ်ရပ်မှာ ‘ဖွံ့ဖြိုး တိုးတက်ပိုင်ခွင့်’ ဖြစ်သည်။ နိုင်ငံတိုင်း၊ လူမျိုးတိုင်း တိုးတက်ပိုင်ခွင့် ရှိသည်။ အထူးသဖြင့် အင်တာနက်ဖြင့် တိုးတက် ပိုင်ခွင့်ကို အပြည့်အဝ ကြံဆောင်ပိုင်ခွင့် ရှိသည်။ ယင်းအခွင့်အရေးသည် နိုင်ငံတို့၏ တတိယ လူ့အခွင့်အရေးဟုလည်း ဆိုနိုင်သည်။ ပထမ လူအခွင့်အရေး ရပိုင်ခွင့်၊ ဒုတိယ အင်တာနက် သုံးစွဲပိုင်ခွင့် နောက်တွင် တတိယ အင်တာနက်ဖြင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ပိုင်ခွင့်သည် ရှေ့တန်း ရောက်လာသည်ဟု ဆိုရမည်။

နည်းပညာ ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အင်တာနက် သုံးပိုင်ခွင့် အရေး ကြီး လာသကဲ့သို့ ဖုန်းများမှ တစ်ဆင့် အင်တာနက် သုံးပိုင်ခွင့် ရရှိရေးကလည်း ပိုပြီးအရေးပါ လာသည်။ လူတိုင်း ဖုန်း သုံးစွဲပိုင်ခွင့်၊ ဖုန်းဖြင့် အင်တာနက် သုံးစွဲပိုင်ခွင့် များများရလျှင် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှုလည်း မြန်မြန်ရမည် ဆိုသည့် သဘောတရားများကို နိုင်ငံများက အလေးထားလာကြ သည်။ အွန်လိုင်းဖြင့် ကုန်သွယ်နိုင်မည့် အချက်အလက်များကို ရယူမည်။ အွန်လိုင်းက တစ်ဆင့် ငွေပို့ ငွေလွှဲများ လုပ်မည်။ အွန်လိုင်းက တစ်ဆင့် ငွေစုမည်။ ယင်းသဘောတရားကို ဖွံ့ဖြိုးဆဲ နိုင်ငံများက တောင်းဆိုလာသည်။ အထိရောက်ဆုံး ကြားခံ အသုံးပြုနိုင်သည့် မီဒီယာမှာ စမတ်ဖုန်းများ ဖြစ်သည်။

နောက်ဆုံး ပြည်သူများ တောင်းဆိုလာသည့် အခွင့်အရေးမှာ ‘လွတ်လပ်စွာ စုဝေးခွင့်’ ဖြစ်သည်။ ယင်းသည်လည်း ဒီမိုကရေစီဆိုင်ရာ အခြေခံ သဘောတရား တစ်ခု ဖြစ်သည်။ အစိုးရတိုင်းသည် လူစုလူဝေး လုပ်မည်ကို ကြောက်ကြသည်။ သို့ဖြစ်ရာ ဥပဒေများဖြင့် တားမြစ်လေ့ ရှိသည်။ လူစုလူဝေး ပြုလုပ်ခြင်းသည် ယခင်က အကြမ်းဖက်မှုများကို ဖြစ်စေသည်။ တော်လှန်ရေးကို အားပေးရာ ရောက်သည်။ ခေတ်သစ်တွင် လူစုလူဝေး လုပ်ခြင်းကို ပြည်သူတွေက အွန်လိုင်းက တစ်ဆင့်၊ Facebook နှင့် Twitter တို့က တစ်ဆင့် လုပ်ဆောင်လာကြသည်။ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြကြမည်ဟု စုဝေးကြသော်လည်း နောက်ဆုံးတွင် အကြမ်းဖက်ရမှုများဖြင့် နိဂုံးချုပ် သွားရသည်က များသည်။ မည်သို့ဆိုစေ ခေတ်သစ်တွင် အွန်လိုင်းနှင့် ဆိုရှယ် မီဒီယာများသည် အကြောင်းအရာ တစ်ခုခုကို လှုံ့ဆော်ရန် အကောင်းဆုံး၊ စည်းရုံးရန် အကောင်းဆုံး၊ လှုပ်ရှားရန် အကောင်းဆုံးနေရာ တစ်နေရာ ဖြစ်လာသည်မှာ မငြင်းနိုင်ပေ။ ထို့ကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်က ၂၁ ရာစုတွင် ဆိုက်ဘာဆိုသည့် နေရာသည် ပြည်သူ့ရင်ပြင် ဖြစ်လာသည်ဟု ဖွင့်ဆိုခဲ့သည်။

ကုလသမဂ္ဂ ကိုယ်တိုင်က “ပြည်သူများကို အင်တာနက် ဖြတ်တောက်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်း” ဟု တရားဝင် ထုတ်ပြန်ထားသည်။ အင်တာနက် သုံးပိုင်ခွင့်သည် လူ့အခွင့်အရေး ဆိုလျှင် လူတိုင်း အင်တာနက် သုံးနိုင်စေရန်၊ သုံးသည့် အင်တာနက်လိုင်းကောင်းရန် အခွင့်အရေးများ ပေးရန် လိုပါသည်။ အင်တာနက် သုံးပိုင်ခွင့် လူတိုင်း ရရှိလျှင် ဒစ်ဂျစ်တယ် ကွာဟချက် နည်းပါးမည်။ ဒစ်ဂျစ်တယ် ကွာဟချက် နည်းပါးခြင်းသည် လူတိုင်း ချမ်းသာ ကြွယ်ဝစေလိမ့်မည်။ ချမ်းသာလျှင် ပညာသင်ချင်သူ ပိုများလာမည်။ ပညာတတ်မှ ဆင်ခြင် သုံးသပ်နိုင်မည်။ သုံးသပ် ဆင်ခြင်နိုင်စွမ်းများ မှ ဆူပူ အုံကြွမှု နည်းမည်။ ဆူပူ အုံကြွလျှင်လည်း ဆင်ခြင်တုံ တရားဖြင့် ဆူပူအုံကြွမှု ဖြစ်သဖြင့် အမှားနည်းမည်။ မုန့်လုံး စက္ကူကပ်နေသည့် သဘော ဖြစ်သည်။

အင်တာနက် ရယူ သုံးစွဲပိုင်ခွင့်အတွက် ရယူ သုံးစွဲနိုင်မည့် အခြေအနေများ ထူထောင် တည်ဆောက် ပေးရေး၊ ကမ္ဘာသုံး စံအတိုင်း ထူထောင်ပေးရေး၊ အများ ရပိုင်ခွင့်ရှိသည့် အင်တာနက် နှုန်းကို ခံစား ရယူပိုင်ခွင့် ရှိရေးတို့သည်လည်း အခြား အခွင့်အရေးများအဖြစ် ထည့်စဉ်းစားရမည့် အချက်များ ဖြစ်ပါသည်။

အစိုးရသည် အင်တာနက် သုံးစွဲခွင့်နှင့် သုံစွဲခွင့်ရရေး လုပ်ငန်းများကို လက်ဝါးကြီးအုပ် စီးပွားရေး တစ်ခု အနေဖြင့် မပြုလုပ်ရန် ကန့်ကွက် တားဆီးကြသည်။ လက်ဝါးကြီးအုပ်ခွင့် ရခြင်းဖြင့် လွတ်လပ်ခြင်းကို အန္တရာယ် ရှိစေနိုင်သည့်အပြင် ထိန်းချုပ်ရန် အခွင့်အရေးများသည် လူတစ်စု လက်အတွင်းသို့ ကျရောက်သွားတတ်သည်။

စပိန်စကားပြောသည့် နိုင်ငံများတွင် ၂၀၀၅ ခုနှစ်ခန့်ကတည်းက ‘အင်တာနက်နေ့’ ဟူ၍ သတ်မှတ် ကျင်းပခဲ့သည်။ ထိုကျင်းပသည့် ပွဲတိုင်းတွင် အစိုးရထံ အင်တာနက် ဆက်သွယ်ရေး အမြန်နှုန်း ကောင်းကောင်းရရန် တောင်းဆိုကြသည်။ ပနားမားတွင် "Infoplazas" ဟု ခေါ်သည့် အင်တာနက် အခမဲ့ သုံးပိုင်ခွင့်ရသော နေရာပေါင်း ၂၁၄ နေရာ ထူထောင်ပေးထားသည်။

အင်တာနက်သည် လူ့အခွင့်အရေး ဖြစ်ကြောင်းကို ပထမဦးဆုံး ထုတ်ဖော်သူမှာ Vint Cerf ဖြစ်သည်။ သူ့ကို ‘အင်တာနက် ဖခင်’ ဟု သတ်မှတ်ခဲ့ကြသည်။ ကာ့ဖ်က အင်တာနက် ရယူ သုံးစွဲပိုင်ခွင့်နှင့် ပတ်သက်ပြီး “နည်းပညာသည် လူတိုင်း ရယူ သုံးစွဲပိုင်ခွင့် ရှိသည်” ဟု အခိုင်အမာ ဆိုခဲ့သည်။ ထိုအဆိုကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ကျဉ်းမြောင်းသော လူ့ အခွင့်အရေး တောင်းဆိုချက် တစ်ခုအနေနှင့် သတ်မှတ်ခဲ့သည်။

အမေရိကန်နိုင်ငံ အပါအဝင် ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံကြီးများနှင့် အာရှတွင် တောင်ကိုရီးယား၊ စင်ကာပူနိုင်ငံများက အင်တာနက် အမြန်နှုန်း မြင့်မားစွာဖြင့် ပြည်သူတွေ သုံးစွဲနိုင်စေရန် ကြံဆောင် ပေးခြင်းအား ဂုဏ်ယူနေကြသည်။ သမ္မတ အိုဘားမားက ပညာရေးနှင့် စာကြည့်တိုက်တို့တွင် အင်တာနက် မြန်နှုန်းမြင့် ရယူ သုံးစွဲပိုင်ခွင့်အတွက် ဘတ်ဂျက်များ ချပေးပြီး ၂၀၁၅ ခုနှစ်တွင် မြန်နှုန်းမြင့် အင်တာနက် သုံးစွဲနိုင်ရေးကို အပြီးလုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အင်တာနက်ကို ယခုအထိ တစ်ဦးတည်း လုပ်ပိုင်ခွင့် ရနေသေးသော မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက အင်တာနက် တစ်လ နှေးမည်ဟု ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန် ကြေညာသည်။ အကြောင်းပြချက်မှာ အင်တာနက် ဆက်ကြောင်း SE-ME-WE 3 သည် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၃၄ နိုင်ငံက အသုံးပြုနေကြောင်း၊ လက်ရှိ ထို Cable ကို အသုံးပြုနေသည်မှာ နှစ်ပေါင်း ၂၀ ရှိနေပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပွားလေ့ ရှိကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာ့ အင်တာနက်မှာ ဆက်သွယ်ရေးလုပ်ငန်း၏ အကြောင်းပြချက်အတိုင်း မကြာခဏ မကောင်း တတ်ပါ။ ထိုမကြာခဏ ဆိုသည်မှာ မြန်မာပြည်သားများ အင်တာနက် စတင်သုံးခဲ့ရသည့် ကာလ တစ်လျှောက်လုံးလောက်နီးပါး ဖြစ်နေသဖြင့် အင်တာနက် ရယူ သုံးစွဲပိုင်ခွင့်ကို မြန်မာနိုင်ငံသားများ မကြာခဏ ဆုံးရှုံးရလေ့ရှိကြောင်း မှတ်ယူရမည် ဖြစ်သည်။

အင်တာနက် ဆိုသည်မှာ ခေတ်သစ်တွင် လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးစသည့် အရေးပေါင်းများစွာနှင့် ဆက်စပ်နေသည်။ ရေမြင့်လျှင် ကြာမြင့်သည်ဆိုသည့် သဘောကို နားလည်သော အစိုးရများက အင်တာနက် မပြတ်ရေး၊ မြန်ဆန်သော နှုန်းများ ရရှိရေး၊ လူတိုင်း ဈေးသက်သာစွာ သို့မဟုတ် အခမဲ့ သုံးပိုင်ခွင့် ရရေးတို့ကို ကြံဆောင်ပေးကြသည်။ ရပိုင်ခွင့်နှင့် အခွင့်အရေးဆိုသည်မှာ တောင်းမှ ပေးခြင်းထက် မတောင်းဘဲ ပေးတတ်သည့် အစိုးရမျိုးကို ပြည်သူက ပိုပြီး လေးစားကာ စိတ်ဝင်စားတတ်ပါသည်။

Credit To The Voice Weekly

Related Articles:

Post a Comment