Wednesday, July 31, 2013

စိန်ခေါ်ချက်များမှ - အခွင့်အလမ်း သပွတ်အူကြားမှ - မင်္ဂလာလမ်း ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာနှင့် ဆက်စပ်အတွေးများ


(ကျော်ဝင်း)

ခြေဆင်း

“စိန်ခေါ်ချက်များနှင့်အတူ အခွင့်အလမ်းတွေ ကပ်ပါလာတတ်သည်” ဆိုသော ဆိုရိုးကို လက်ပံတောင်း အစီရင်ခံစာနှင့် ရခိုင်အစီရင်ခံစာ တို့ကို ဖတ်ရတော့မှ ပိုနားလည် သဘောပေါက်လာရသလို ရှိသည်။ ပြောရရင် လက်ပံတောင်းကိစ္စရော ရခိုင်အရေး သည်ပါ နုနယ်သော ဒီမိုကရေစီ အတွက် မသေးလှသော စိန်ခေါ်ချက်များ ဖြစ်ပါသည်။ ပြည်တွင်းသာမက ပြည်ပနှင့်ပါ ဆက်စပ်နေသည်ဖြစ်၍ အပြန့်ကျယ်လှသလို သမိုင်းဇာစ်မြစ် များနှင့်ပါ ပတ်သက်နေသည်ဖြစ်၍ နက်ရှိုင်းလှသည်။ ထို့ထက် အစွဲအလမ်းများ၊ အကျိုးစီးပွားများ၊ ရည်မှန်းချက်များလည်း လိမ်ယှက်လျက် ရှိနေရာ သပွက်အူတမျှ ရှုပ်ထွေးလှသည်။

ဤမျှကျယ်ပြန့်၊ နက်ရှိုင်း၊ ရှုပ်ထွေးလှသော “အမယ်ဘုတ်ချည်ငင်” ကြီးများကို ပေးသမျှ အခြေအနေတွင် အမျှတဆုံး ချဉ်းကပ်၍ အကောင်းဆုံး အကြံပြုခဲ့ကြသည့် ကော်မရှင်နှစ်ရပ်လုံးကို မချီးကျူးဘဲ မနေနိုင်ပါ။ ယခု အချိန်ထိ စာရေးသူတို့ နိုင်ငံတွင် အားနည်းပါးလျဆဲ “ဒီမိုကရက်တစ်
စဉ်းစားနည်း” များအတွက် အစပြုချက် ဖြစ်လေမည်လား တွေးမိသည်။ နောင် အနာဂတ် “ဒီမိုကရက်တစ်ယဉ်ကျေးမှု” အတွက် အခွင့်အလမ်းကောင်း ဖြစ်လေမည်လား၊ မျှော်လင့်မိသည်။
မင်္ဂလာပါ၊ လက်ပံတောင်းကော်မရှင်၊
ထပ်ဆင့်မင်္ဂလာပါ ရခိုင်ကော်မရှင်။

သဘာဝမတူ ချဉ်းကပ်ပုံမတူ

အမှန်စင်စစ် လက်ပံတောင်းကိစ္စနှင့် ရခိုင်အရေးမှာ သဘောသဘာဝချင်း တူကြသည် မဟုတ်ပါ။ သို့နှင့်အမျှ ချဉ်းကပ်ပုံချင်းလည်း မတူနိုင်ပေ။ တူလို့ မဖြစ်ပါချေ။

လက်ပံတောင်းကိစ္စမှာ အပြိုင်ဖြစ်နေသော အကျိုးစီးပွားများ၏ ပဋိပက္ခသဘော ဖြစ်သည်။ တစ်ဖက်တွင် စီးပွားရေးကုမ္ပဏီ နှစ်ခု (ဝမ်ပေါင်နှင့် ဦးပိုင်) ရှိ၍ ကျန်တစ်ဖက်တွင် ဒေသခံလူထုရှိသည်။ တစ်ပြိုင်နက်တည်း မှာပင် တိုင်းပြည်စီးပွားရေး တိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုတို့ကို ချိန်ညှိဖို့ကလည်း ရှိနေသည်။ နောက်ထပ်ထည့်သွင်း စဉ်းစားစရာ တစ်ခုမှာ နိုင်ငံတကာဆက်ဆံရေး၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံ တစ်ခုနှင့် ဆက်ဆံရေး။ ဤတွင် ကော်မရှင်က ခေတ်သစ်ဂိမ်းသီအိုရီဖြင့် ပြဿနာကို အဖြေထုတ်ပေးလိုက်သည်။ “ရှဥ့်လည်းလျှောက်သာ၊ ပျားလည်း စွဲသာ”။

ရခိုင်ကိစ္စကား လက်ပံတောင်းနှင့် မတူ။ ပို၍ အပြန့်ကျယ်သလို ပို၍ နက်ရှိုင်းသည်။ ပို၍ရှုပ်ထွေးသည့် သဘောလည်းရှိသည်။ လက်ပံတောင်းမှာလို အကျိုးစီးပွားချင်း ပဋိပက္ခသက်သက်မျှ မဟုတ်။ ပြောရလျှင် ရခိုင်ပြည် နယ်တွင် ဖြစ်ပျက်သွားသော ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်များမှာ ပဋိပက္ခ အသွင် ဆောင်ခဲ့ရသော အသိုင်းအဝိုင်း နှစ်ခုလုံးအတွက် ဘာတစ်ခုမှ အကျိုးမရှိ။ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးခဲ့ရရုံမျှမက ပူလောင်သော ဒေါသအာဃာတ တွေသာ ကျန်ရစ်ခဲ့သည်။ မည်သည့်အသိုင်းအဝိုင်း၏ အကျိုးစီးပွား မှမပါ။ အကျိုးပျက်ရာသာ ဖြစ်သည်။ ပွဲလန့် ဖျာခင်းလိုသူ အကြံသမားများ၏ အကျိုးစီးပွားမျှသာ ဖြစ်သည်။

ထို့ထက် ရခိုင်အရေးမှာ သမိုင်းဇာစ်မြစ်များနှင့် ဆိုင်သလို ပထဝီနိုင်ငံရေး နှင့်လည်း ပတ်သက်နေသည်။ မွန်မြတ်သော ဘာသာတရားကြီး နှစ်ခုကို ရည်ရွယ်ချက်ရှိရှိ ထိပ်တိုက် တွေ့စေခဲ့သော နိုင်ငံရေး ပရိယာယ်တွေလည်း ရှိနေပြန်သည်။ ပြီးတော့ ၂၁ ရာစု ခေတ်ရေစီးကို သမိုင်းဦး “သီယိုကရေစီ” (Theocracy) ဖြင့် ခုခံဆန့်ကျင်ဖို့ ကြိုးပမ်းနေသော စစ်အေးလွန် နိုင်ငံတကာ နောက်ခံအခင်းအကျဉ်း။ ဤသို့သော သပွတ်အူ ဇာတ်ရှုပ်ကြီးကို ကော်မရှင်က ချဉ်းကပ်မှု နှစ်မျိုးဖြင့် ကိုင်တွယ်လိုက်သည်ဟု နားလည်ရပါသည်။ “လူ့အခွင့်အရေး ချဉ်းကပ်မှု” (Human Rights Approach) နှင့် “အမျိုးသား အမှတ်အသား သရုပ်ဆိုင်ရာ ချဉ်းကပ်မှု” (National Identity Approach)

လူမျိုး၊ အသားအရောင်၊ ကိုးကွယ်သည့်ဘာသာ ဘယ်လိုပင်မတူ ခြားနားသည်ဖြစ်စေ၊ လူသည် လူပင်ဖြစ်ရာ “လူ့အခွင့်အရေး” ကို ပစ်ပယ်လို့ မရ။ တစ်ပြိုင်နက်တည်း မှာပင် “အမျိုးသားနိုင်ငံများ” အဖြစ် စုစည်းနေထိုင် ကြသော ပကတိအရှိ ကိုလည်း ဥပေက္ခာပြုလို့ မဖြစ်ပြန်ရာ။ “အမျိုးသား အမှတ်အသားသရုပ်” ကိုလည်း သိမှတ်လက်ခံ ကြရမည်သာဖြစ်ပါသည်။ ကော်မရှင်၏ ချဉ်းကပ်ပုံတွင် ဤသဘောနှစ်မျိုးလုံးနှင့် မလွတ်၍ ကျေနပ်မိသည်။

သမိုင်းဇာစ်မြစ်နှင့် ပထဝီနိုင်ငံရေး

ဆိုခဲ့ပြီးသည့်အတိုင်း ရခိုင်အရေးမှာ သမိုင်းဇာစ်မြစ်များနှင့် ဆိုင်သလို ပထဝီနိုင်ငံရေး နှင့်လည်း ဆက်စပ်နေသည်။ သမိုင်းဇာစ်မြစ် ဆိုရာတွင် ဟိုးရှေး အတီတေ၊ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းနေထိုင်မှု များနှင့် ဆိုင်သလို ကိုလိုနီစနစ်၏ ဆိုးမွေများမှာလည်း အရေးကြီးသည့် အခန်းမှ ပါဝင်နေသည်။ ထို့နောက် ဒုတိယကမ္ဘာစစ်၊ လွတ်လပ်ရေး ခေတ်ဦး စစ်ပွဲများ၊ အိုင်ဒီအိုလိုဂျီ အရှုပ်အထွေးများ၊ ပြည်တွင်းစစ်များ ...။ ပြီး လူဦးရေ တိုးပွားမှု အမြင့်ဆုံး နိုင်ငံတစ်ခုနှင့် ထိစပ်နေရာမှ အကြောင်းခံ ထွက်ပေါ်လာသော ပထဝီနိုင်ငံရေး ပြဿနာအချို့ ...။ ဤဖြစ်စဉ် ဖြစ်ရပ်များကို ကော်မရှင် အစီရင်ခံစာက တူးဆွ ဖော်ထုတ်ထားသည်ကို တွေ့ရသည်။

စာရေးသူအနေနှင့်မူ အမေရိကန်ပြည်ထောင်စု အပါအဝင် ယနေ့ ကမ္ဘာ့ထိပ်သီး နိုင်ငံများပင် စိုးရိမ်မကင်းဖြစ်နေကြရသော ပထဝီနိုင်ငံရေး ပြဿနာတစ်ခုနှင့် ဆက်စပ်စဉ်းစား နေမိသည်။ Border Land ကိစ္စဖြစ်ပါ သည်။ Border Land မှာ အိမ်နီးချင်းနိုင်ငံ နှစ်ခုကြားရှိသည့် နယ်မြေဖြစ်သည့်တိုင် သာမန် “နယ်စပ်ဒေသ” နှင့်မတူပါ။ သို့အတွက် “ထိစပ်နယ်မြေ” သို့မဟုတ် “နှစ်ဖက်ခွနယ်မြေ” စသဖြင့် ဘာသာပြန်လျှင် သင့်မည်လား စဉ်းစားမိသည်။

ခေတ်ပြိုင်အနာဂတ္တိ ဆရာတစ်ဦးဖြစ်သူ ဂျော့ဖရိုင်းမင်းက အဆိုပါ ထိစပ်နယ်မြေ များ၏ သဘောသဘာဝများကို ယခုလို ဖွင့်ဆိုဖူးသည်။ ထိစပ် နယ်မြေများမှာ
၁၊ ပိုင်ဆိုင်မှု အကြိမ်ကြိမ်အပြောင်းအလဲ ရှိသည့် ဒေသများ ဖြစ်သည်။
၂၊ သို့နှင့်အမျှ လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဓလေ့ မျိုးစုံ ရောယှက်နေတတ်သလို “အမျိုးသားရေးသစ္စာခံမှု” (National Loyality) အမျိုးမျိုးရှိသော လူများလည်း ရှိနေတတ်သည်။
၃၊ နိုင်ငံတစ်နိုင်ငံမှ အခြား နိုင်ငံတစ်ခုခုသို့ သမားရိုးကျ ရွှေ့ပြောင်းနေထိုင်မှု (Commentional Immigration) နှင့် ထိစပ်နယ်မြေ အတွင်း လူရွှေ့ပြောင်း နေထိုင်မှုမှာ သဘောသဘာဝချင်း မတူ။ သာမန်ရွှေ့ပြောင်း နေထိုင်သူများမှာ အမိမြေကို အပြီးတိုင် ကျောခိုင်းပြီး နယ်မြေသစ်တွင် ဒေသခံများနှင့် သဟဇာတဖြစ်အောင် နေလေ့ရှိသည်။ ထိစပ်နယ်မြေ အတွင်း ရောက်ရှိလာကြသူ များမှာ အမိမြေနှင့် အပြီးအပြတ် ဖြစ်သွားသည်မဟုတ်။ အမိမြေနှင့် မူလအသိုင်း အဝိုင်းကို ဒေသသစ်တွင် ဆွဲဆန့်လိုက်သည့် သဘောပင် ရှိသည်။
၎၊ သို့နှင့်အမျှ ဒေသတွင်း တင်းမာမှုများ ပေါ်ထွက်လာနိုင်သလို အဆင်မသင့်လျှင် “ပထဝီနိုင်ငံရေး အန္တရာယ်လမ်းကြောင်း” များပင် ဖြစ်သွားနိုင်သည်။

သမိုင်းကို ပြန်ကြည့်လိုက်သောအခါ ဖရိုင်းမင်း၏ ဖွင့်ဆိုချက်မှာ မှန်လောက်စရာ ရှိမည်ထင်သည်။ ဥပမာ-ပြင်သစ်နှင့် ဂျာမနီကြားရှိ “အဲလ်ဆက်နှင့် လော်ရိန်း” ထိစပ်နယ်မြေ အငြင်းပွားမှုမှ ဒုတိယကမ္ဘာစစ်ကြီး အထိ ဦးတည်သွားခဲ့ဖူးသည်။ ဒုတိယကမ္ဘာစစ် အပြီးတွင်လည်း အိန္ဒိယနှင့် ပါကစ္စတန်ကြားရှိ “ကက်ရှမီးယား” ထိစပ် နယ်မြေ ပြဿနာကြောင့် နှစ်နိုင်ငံ စစ်ဖြစ်ခဲ့ရသည်။ မနေ့တစ်နေ့ကမှ စစ်တလင်းဖြစ်ခဲ့ရသော “ကိုဆိုဗို” ဒေသဆိုလျှင်လည်း ဆားဗီးယားနှင့် အယ်လ်ဘေးနီးယား ကြားရှိ ထိစပ်နယ်မြေပင် ဖြစ်သည်။ ပြောရလျှင် ယနေ့ထက်တိုင် မီးခိုးအူနေ ဆဲဖြစ်သော ယူကေနှင့် အိုင်ယာလန်ကြားမှ “မြောက်ပိုင်း အိုင်ယာလန်”၊ ယူအက်စ်နှင့် မက္ကစီနယ်စပ် တစ်လျှောက်တို့မှာ အချိန်မရွေး ပေါက်ကွဲနိုင်သော ထိပ်စပ်နယ်မြေ များပင် ဖြစ်သည်။

စာရေးသူက ဘူးသီးတောင် မောင်တောဒေသမှာ ဖရိုင်းမင်း ဖွင့်ဆိုပြသော ဆိုခဲ့ပါ ထိစပ်နယ်မြေ သဘောသဘာဝတွေ အပြည့်ရှိလိမ့်မည် ထင်သည်။ သို့အတွက် ယနေ့ အမေရိကန်ပြည်ထောင်စု အနေနှင့် "ဟစ်စ်ပန်နစ်စိန်ခေါ်ချက်” ကို ဘယ်လိုပေါ်လစီ ခင်း၍ တုံ့ပြန်နေသည်ကို စိတ်ဝင်စားသည်။ စာရေးသူကြားရ ဖတ်ရသလောက် နယ်စပ်လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ကိုင်သည်။ (ဤအချက်ကိုတော့ ကော်မရှင်ကလည်း အကြံပြုထားသည်။) နောက်တစ်ဖက်မှ ကူးလာသူများကို ထိပ်စပ်နယ်မြေမှာ စုမထား၊ နိုင်ငံအနှံ့ ခွဲဖြန့်ပစ်သည်။ မြန်မာနိုင်ငံတွင် ဤနည်းနှင့် အလုပ် ဖြစ် မဖြစ် စဉ်းစားဖို့ လိုပါလိမ့်မည်။ ထိစပ်နယ်မြေ ပြဿနာကိုလည်း ထဲထဲဝင်ဝင် သုတေသန လုပ်စေချင်သည်။

လူသား၊ နိုင်ငံသား၊ တိုင်းရင်းသား

“စကားနောက် တရားပါ” ဆိုသလိုပင် စကားလုံးများ၏ နောက်ကွယ်တွင် သဘောထားများ၊ ရည်မှန်းချက်များ ရှိတတ်ကြပါသည်။ ယခု ရခိုင်အရေး တွင်လည်း စကားလုံး ပြဿနာက အတော်လေး ရှေ့ရောက်နေသည်။ အကဲဆတ်သည်။ သူ့အကြောင်းနှင့် သူဖြစ်ပါလိမ့်မည်။ နိုင်ငံတကာ မီဒီယာ အချို့နှင့် နိုင်ငံအချို့က ပဋိပက္ခအသွင် ဆောင်နေသော အသိုင်းအဝိုင်း တစ်ခုကို “ရိုဟင်ဂျာ” ဟု စွဲစွဲမြဲမြဲသုံးသည်။ ဤအတိုင်း သုံးစွဲရမည်ဟု ဖိအားပေးကြ သည်များပင် ရှိသည်။ အမည်နာမ နောက်ကွယ်မှ ငုတ်နေသော အကြံအစည်များကို တွက်ဆမိသူ များက လက်မခံနိုင်ကြပါ။ မြန်မာအစိုးရ ကိုယ်တိုင်ကလည်း လက်မခံပါ။ ဤသည်မှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ ပိုင်ခွင့်ပင် ဖြစ်သည်။

မြန်မာအစိုးရရော၊ ကော်မရှင်ကပါ “ဘင်္ဂါလီ” ဟူ၍သာ သုံးပါသည်။ စာရေးသူ တက်ဖူးသော နေပြည်တော်တွင် ကျင်းပသည့် ရခိုင်အရေး အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုတွင် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက အဆိုပါ “ဘင်္ဂါလီဆိုတော့ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်နဲ့ ပတ်သက်နေလို့ပါ” ဟု သူက အကြောင်းပြသည်။ ပတ်သက်ဆက်စပ်မှု ရှိ မရှိ အများသိဖြစ်သည့်တိုင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ ဆန္ဒဖြစ်နေ၍ သံခင်းတမန်ခင်း အရ လေးစားသင့်သည် ထင်ပါသည်။ ဤအကြောင်းကြောင့်လားမသိ။ သမ္မတကြီး ဦးသိန်းစိန်ကမူ (ယခုအချိန်ထိ) သူ၏နောက်ဆုံး မိန့်ခွန်းတွင် “ရခိုင်ပြည်နယ် အတွင်းမှာ မူလကရောက်ရှိနေကြတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သူများ” ဟု သုံးနှုန်းပြောဆိုသွားသည်။

ပွင့်ပွင့်လင်းလင်းဆိုရလျှင် စာရေးသူဘဝင် မကျလှပါ။ မြန်မာပြည် တစ်နံတစ်လျား ရှိနေကြသော အစ္စလာမ်ဘာသာဝင်များ စိတ်အနှောင့်အယှက် မဖြစ်စေချင်သောကြောင့် ဖြစ်သည်။ စာရေးသူ အလိုကျပြောရလျှင် “ရခိုင်ပြည်နယ်ရောက် နိုင်ငံမဲ့များ” ဟူ၍သာ ဆိုချင်သည်။
နိုင်ငံမဲ့ဖြစ်စေ၊ နိုင်ငံသားဖြစ်စေ လူသားတစ်ယောက်သာ ဖြစ်ရာ၊ လူ့အခွင့်အရေး ရှုထောင့်မှ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးရမည်သာ ဖြစ်ပါသည်။ ကော်မရှင်အစီရင်ခံစာ ကလည်း ဤအတိုင်းပင် အကြံပြုထားသည်။ နိုင်ငံတော်သမ္မတ ကိုယ်တိုင်ကလည်း ဤအတိုင်း ဆောင်ရွက်မည်ဟု အတိအလင်း ထုတ်ဖော်ပြောဆိုပြီး ဖြစ်သည်။ နိုင်ငံတကာမှ ဝိုင်းဝန်း ကူညီကြဖို့လည်း တာဝန်ရှိပါသည်။ အဆိုပါနိုင်ငံမဲ့ များထဲမှ နိုင်ငံသား ဖြစ်သင့်ဖြစ်ထိုက်သူ များကိုလည်း ဥပဒေနှင့်အညီ စိစစ်၍ နိုင်ငံသားအဖြစ် အသိအမှတ် ပြုရပါလိမ့်မည်။ နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးရ ပါလိမ့်မည်။ ဤအချက်ကိုလည်း ကော်မရှင်က အကြံပြုပြီး ဖြစ်သည်။ ဤနေရာတွင် ၁၉၈၂ နိုင်ငံသားဥပဒေကို ဝေဖန်ကြသည်များလည်း ရှိသည်။
ဒီမိုကရေစီစနစ်တွင် မကြိုက်ခွင့်၊ ဝေဖန်ခွင့်ရှိပါသည်။ သဘောထား ကွဲလွဲခွင့် ရှိပါသည်။ သို့တစေ ဒီမိုကရက်တစ် လုပ်ထုံးလုပ်နည်းများဖြင့် ကွဲလွဲကြဖို့ လိုပါလိမ့်မည်။ ၁၉၈၂ ဥပဒေမှာ တည်ဆဲတရားဝင် ဥပဒေဖြစ်ရာ၊ ကိုယ်မကြိုက်တိုင်း ပြင်ချင်သလို ပြင်လို့မရပါ။ ဒီမိုကရက်တစ် လွှတ်တော်သို့တင်ပြီး လွှတ်တော်မှ တစ်ဆင့်သာ ပြင်လိုရသည်ကို အများသိပြီးဖြစ်ပါသည်။

နိုင်ငံသားအခွင့်အရေးကို ကျော်၍ “ရိုဟင်ဂျာမှာ တိုင်းရင်းသား လူမျိုးစုတစ်ခု ဖြစ်သည်။ လူမျိုးစု အခွင့်အရေး ပေးပါ” ဆိုလျှင်ကား မီးခိုး မဆုံး၊ မိုးမဆုံး ငြင်းကြဖို့သာ ရှိတော့သည်။ ဤကိစ္စနှင့်ပတ်သက်လျှင် ရခိုင် အပါအဝင် မြန်မာ တိုင်းရင်းသားများ၊ မြန်မာပညာရှင်များ ဘက်မှလည်း ပြောစရာတွေ အပြည့် ရှိပါလိမ့်မည်။ နိုင်ငံတကာ မီဒီယာအားကိုးဖြင့် တစ်ဖက်သတ် ကျားကန် ပြောလို့မဖြစ်။ လက်ရှိ မြန်မာနိုင်ငံမှ ထုတ်ပြန်ထားသော လူမျိုးစုစာရင်းတွင် ရိုဟင်ဂျာ မပါချေ။ ဤအချက်ကို ငြင်းခုံနိုင်ပါသည်။ ငြင်းခွင့်ရှိပါသည်။ သို့တစေ အမိန့်ပေးခွင့်တော့ မရှိ။ ဇွတ်အမိန့်ပေးလျှင် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု၏ ပိုင်ခွင့်ကို ချိုးဖောက်ရာရောက်၍ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် ညီ မညီ စဉ်းစားကြဖို့ရှိသည်။

စာရေးသူအမြင်ကို ပြောရလျှင် အမုန်းမီးပွားများဖြင့် ပူလောင် တင်းမာနေကြသော အသိုင်းအဝိုင်း နှစ်ခုကြား ပြန်လည်ရင်ကြားစေ့နိုင်ဖို့ မနည်း ကြိုးပမ်းနေကြရသော ယခုလို အချိန်မျိုးတွင် “ရိုဟင်ဂျာ” ပြဿနာ ရှေ့တင်လာသည်ကိုက စဉ်းစားစရာ ဖြစ်နေသည်။ ပြေလည်ရေးလော ...၊ အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်ရေးလော ...။

စစ်အေးလွန် ဆက်စပ်အခြေအနေ

စစ်အေးတိုက်ပွဲ ဆုံးခန်းတိုင်သွားသောအခါ ကမ္ဘာကြီးမှာ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးသို့ ဦးတည် သွားလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့တိုင်အောင် မျှော်လင့်သလိုကား မဖြစ် “အစွန်းရောက် အကြမ်းဖက်ဝါဒ” ဆိုတာ နောက်ထပ်အန္တရာယ် အရိပ်မည်းကြီးနှင့် ရင်ဆိုင် လိုက်ရပြန်သည်။ ပို၍ ဆိုးသည်မှာ အဆိုပါ အရိပ်မည်းကြီးအနေနှင့် မြင့်မြတ်သော ဘာသာတရားကြီး တစ်ခုကို ရည်ရွယ်ချက်ရှိရှိ အသုံးချလာခြင်းပင် ဖြစ်သည်။ သို့အတွက် နိုင်ငံတကာ ဒီမိုကရေစီ အင်အားစုများနှင့် သဘောထား ပျော့ပျောင်းသော အစ္စလာမ်မစ်နိုင်ငံများ လက်တွဲ၍ အကြမ်းဖက်ဝါဒ အန္တရာယ်ကို ကာကွယ်ကြရပြန်သည်။ ယခုအခါဆိုခဲ့ပါ နိုင်ငံတကာ အကြမ်းဖက်မှုမှာ စစ်အေးပြီးခါစ ကလောက် အားကောင်းမောင်းသန် မရှိတော့သော်လည်း အဓိကဖွံ့ဖြိုးပြီး နိုင်ငံကြီးများကို ဦးတည် မတိုက်နိုင်တော့ သော်လည်း လုံးဝ ကျဆုံးသွားပြီဟူ၍ကား မဆိုနိုင်ပါချေ။ ပစ်မှတ်ပြောင်းသွားခြင်း မျှသာ ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် အစိုးရနှင့် လူထုကြား ယုံကြည်မှု ပျောက်နေသော နိုင်ငံများကို အဓိကချိန်ရွယ်ချက်ထားကာ စွက်ဖက်လာ ကြသည်။

ပြောရလျှင် စာရေးသူ အထူးစိုးရိမ်မကင်း ဖြစ်မိသည်မှာ ဆိုခဲ့ပြီးသော နိုင်ငံတကာ အကြမ်းဖက်ဝါဒ အန္တရာယ်ပင်ဖြစ်သည်။ ရခိုင်အရေး စတင်ကတည်းက ဤအန္တရာယ်ကို စိုးရိမ်တကြီး စောင့်ကြည့်နေမိသည်။ ယခုအချိန်အထိ တိကျသောအဆက်အစပ် အထောက်အထားများ မတွေ့ ရသေးသည့်တိုင် “မပြေးသော် ကန်ရာရှိ၊ ဒွေးနှစ်ဖော် သံဝါညှိ” ကြသည့် အစအန အချို့ကိုကား မြင်သလောက် မြင်နေရချေပြီ။ အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြိုးစားသည့် သတင်း။ တစ်ဆက်တည်း “မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်မည်” ဆိုသော ပြည်ပအဖွဲ့ အစည်းများ၏ ဂျီဟတ် လှုံ့ဆော်မှုများ...။ သမ္မတကြီး၏ ပြီးခဲ့သည့် မိန့်ခွန်းတွင်လည်း စိတ်ဝင်စားဖွယ်ရာ အချက်တစ်ခုကို သတိပြုမိသည်။ "...ယခင်ကာလ များက ရခိုင်ပြည်နယ်တွင်းမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာ ခေါင်းစဉ်နဲ့ ဝင်ရောက် လုပ်ကိုင်ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်း အချို့ရဲ့ လုပ်နည်းကိုင်နည်း အမှားများကြောင့် ပြဿနာများ ပိုမိုရှုပ်ထွေး နက်ရှိုင်းခဲ့တာ ဟာလည်း ငြင်းဆို၍ မရသည့် အမှန်တရား ဖြစ်ပါတယ်...” စသဖြင့်။

ဤတွင် “လုံခြုံရေး” ခေါင်းစဉ်အောက်မှ ပါဝါအမာများမှာ မလွဲမရှောင်သာ ရှေ့ရောက်ဖို့ လိုအပ် လာပါတော့သည်။ ပါဝါအမာများ၏ ဒဏ်သင့်မှုကို နှစ်ပေါင်းမြောက်မြားစွာ ခံခဲ့ရသူများ အနေနှင့် စိုးရိမ်ကြောင့်ကြမှုများ ရှိကြ သလို အစိုးရသစ် ကိုယ်တိုင်ကလည်း မိမိ၏ ပုံရိပ်ကို အတိတ်နှင့် အဆက်ပြတ် စေရေး အတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်လာသည်များ ရှိသည်။ သို့နှင့် အမျှ “လုံခြုံရေး” ဘက်မှ အားနည်းလစ်ဟာမှု များလည်း ရှိသလောက် ရှိခဲ့ရသည်။ မဖြစ်သင့်ဟု ထင်ပါသည်။ အစိုးရဖြစ်မှတော့ ပါဝါအမာများကို အကြွင်းမဲ့ ရှောင်လို့ ဖြစ်မည်မဟုတ်။ တစ်ခုတော့ရှိသည်။ “လုံခြုံရေးကို ထိပ်တင်ရင်း လွတ်လပ်မှုအချို့ကို စတေးခဲ့ရသည့်” အမေရိက၏ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အတွေ့အကြုံများမှ သင်ခန်းစာယူဖို့တော့ လိုပါလိမ့်မည်။ ပါဝါအမာနှင့် ပါဝါအပျော့တို့ကို ဟန်ချက်ညီညီ ပေါင်းစပ်ကျင့်သုံးဖို့ ဖြစ်သည်။

ဘာသာပေါင်းစုံ ဒိုင်ယာလော့ခ်

ကော်မရှင်အနေနှင့် ပေးသမျှ အခြေအနေတွင် အကောင်းဆုံး အကြံ ပြုခဲ့သည်မှာ မှန်သော်လည်း ပြဿနာ အပြီးအပြတ် ဖြေရှင်းရေးအတွက်မူ အချိန်ယူရဦးမည် ထင်ပါသည်။ ဤကာလအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလို ရေရှည် လုံးပမ်းအားထုတ်ရမည့် လုပ်ငန်းစဉ်တွေ မနည်းမနော ရှိပါ လိမ့်ဦးမည်။ ဤကိစ္စများနှင့် ပတ်သက်လျှင်လည်း ကော်မရှင်က ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့် အကြံပြုထားသည်များ ရှိပါသည်။

ကော်မရှင် အကြံပြုချက်များအနက် စာရေးသူ အာရုံအငြိဆုံး တစ်ခုမှာ “အစိုးရအနေဖြင့် လူမှုရေးနှင့် ဘာသာရေးအဖွဲ့များနှင့် ပူးပေါင်းကာ Interfaith Dialogue များ ကျင်းပပေးပြီး နိုင်ငံသားများကြား မတူညီသော ကိုးကွယ်မှု ဘာသာရေး အကြောင်းများကို နားလည်မှုရှိအောင် ပြုလုပ်သွားသင့်ပါသည်” ဆိုသော အစီအစဉ်ဖြစ်သည်။ ပြီးခဲ့သော တမန်တော်မိုဟာမက် မွေးနေ့က မွတ်ဆလင်မိတ်ဆွေများ ဖိတ်ကြား၍ Interfaith Dialogue သဘောဆောင်သော အခမ်းအနားတစ်ခုကို စာရေးသူတက်ခဲ့ ဖူးသည်။ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ၏ မေတ္တာနှင့်ယှဉ်သော တရားဓမ္မများကို ကြားနာခွင့်ရခဲ့ရာ ကျက်သရေ မင်္ဂလာရှိလှသည်။ ကြည်နူးချမ်းမြ ဖြစ်ရသည်။

အမှန်စင်စစ် ဘာသာတရား အားလုံး၏ တူညီသော ရည်မှန်းချက်မှာ လူမှုဒုက္ခအပေါင်းမှ လွတ်မြောက်ရေး ဖြစ်ပါလိမ့်မည်။ ဘာသာတရား များသည် ပြဿနာမဟုတ်၊ ပြဿနာ ဖြေရှင်းရေးသာ ဖြစ်သည်။ ဘာသာတရား များ၏ မေတ္တာဓာတ်ဖြင့် ပြဿနာ အထွေထွေကို ငြိမ်းချမ်းစွာ ကျော်လွှား လွတ်မြောက်နိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ပါသည်။
ဆရာကျော်ဝင်FB မှကူးယူချင်ခဲပါသည်။

Related Articles:

Post a Comment