အရုဏ်ဦးလွတ်လပ်ရေး (၆)
(နေသန်မောင်)
လယ်သမားသူပုန်
‘သုပဏ္ဏက ဂဠုဏရာဇာ’ ဘွဲ့ခံ ဆရာစံ ဦးဆောင်သော တောင်သူလယ်သမား အရေးတော်ပုံကြီးသည် ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ပဲခူးတိုင်း အနောက်ခြမ်းရှိ သာယာဝတီခရိုင်တွင် စတင် ပေါ်ပေါက်ခဲ့သည်။ ဂဠုန်သူပုန်တပ်သား များသည် အစိုးရအရာရှိများနှင့် ပုလိပ်များကို တိုက်ခိုက်ခြင်း၊ ဌာနဆိုင်ရာများကို ဖျက်ဆီးခြင်း၊ မီးတင်ရှို့ခြင်းတို့ကြောင့် ဗြိတိသျှအစိုးရ အတော်ပင် ထိတ်လန့်သွားသည်။ အရေးတော်ပုံ၏ ပွဲဦးထွက် ပထမဆုံးပုန်ကန်မှုသည် သာယာဝတီနယ် အင်းရွာရှိ မီးရထားဘူတာရုံ တစ်ခုကို စီးနင်းကာ မီးတင်ရှို့ခဲ့ကြခြင်း ဖြစ်သည်။
ဆရာစံသူပုန်ထမှုကို ကိုယ်တိုင် သတင်းလိုက်ယူခဲ့သူ မြန်မာ့အလင်း သတင်းထောက် ဦးလှထွန်းဖြူက အစိုးရပုလိပ်များသည် သူပုန်များကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သည်ဟု ပြောဆိုခဲ့သည်။
“ကျွန်တော် မနက်တိုင်း မီးရထားနဲ့ သာယာဝတီကို ရောက်တယ်။ ရောက်တာနဲ့ တစ်ပြိုင်တည်း ဆရာစံ ထကြွမှုနဲ့ ပတ်သက်လို့ စုံစမ်းထောက်လှမ်းဖို့ ခရိုင်အသီးသီးက ရွေးချယ်စေလွှတ်တဲ့ စုံထောက်၊ ရာဇဝတ်အုပ်တွေရဲ့ စခန်းကိုသွားပြီး ထမင်းစားပါတယ်။ နောက် ... သူတို့နောက်ကို ခြေကျင်တစ်မျိုး၊ မော်တော်ဆိုင်ကယ်နဲ့ တစ်မျိုး လိုက်သွားတယ်။ သာယာဝတီမြို့နဲ့ မလှမ်းမကမ်း ၁၅ မိုင်လောက်ကွာတဲ့ ကျေးရွာများကို ရောက်တယ်။ ပုလိပ်ရာဇဝတ်အုပ် တချို့က ကျေးရွာတွေကို မီးရှို့ကြတဲ့အခါ ထွက်ပြေးကြတဲ့ ရွာသူရွာသားတွေကို ပန်ချာပီစစ်သားတွေက သေနတ်နဲ့ လှမ်းပစ်တယ်။ မိခင်တွေဟာ ကလေးငယ်တွေကိုပစ်ပြီး ထွက်ပြေးကြရရှာတယ်” ဟု ဦးလှထွန်းဖြူက သူ၏မျက်မြင် အတွေ့အကြုံကို ရှင်းပြခဲ့သည်။
ဗြိတိသျှအစိုးရသည် ပေါ်ပေါက်လာသော ဂဠုန်သူပုန်များကို နှိမ်နင်းရန် အိန္ဒိယမှ ပန်ချာပီ စစ်တပ်တစ်တပ်ကို မြန်မာပြည်သို့ အမြန်ဆုံးခေါ်ယူပြီး သာယာဝတီသို့ စေလွှတ်ရာ ဒီဇင်ဘာ ၂၆ တွင် ရောက်လာသည်။
ရန်ကုန်နှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများက ဆရာစံသူပုန်ကို အထူးအာရုံစိုက်လာသလို ဗြိတိသျှအစိုးရ ကလည်း ပုန်ကန်မှုများ အမြန်ဆုံး ရပ်တန့်သွားစေရေး နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားသည်။ ရန်ကုန်ရှိ သူရိယသတင်းစာက အစိုးရတပ်များသည် လယ်သမားသူပုန်များကို စက်သေနတ်ဖြင့် ပစ်ခတ်ရာ ဂဠုန်သူပုန်များ သေနတ်ပီးကြောင်း၊ မီးမကူးကြောင်း၊ အစိုးရ တပ်သားများ သေနတ်များချကာ ထွက်ပြေးခဲ့ကြောင်း ရေးသားခဲ့၍ အာမခံ ငွေတစ်သောင်း တင်ရသည်။ အာမခံတင်ရသောကြောင့် သူရိယသည် ခေါင်းကြီးမရေးဘဲ အစိုးရကို ကန့်ကွက် ဆန္ဒပြခဲ့သည်။ ၁၉၃၁ ဇန်နဝါရီ ၁၂ ရက်နေ့တွင် အာမခံငွေ တင်ခဲ့ရသော်လည်း အစိုးရက ဖေဖော်ဝါရီ ၂၃ တွင် ပြန်လည်ပေးခဲ့သဖြင့် ခေါင်းကြီးပိုင်း ပြန်လည်ရေးသားခဲ့သည်။
ဆရာစံသည် ဦးစိုးသိမ်း ဂျီစီဘီအေ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပြီး သူ၏ သူပုန်ထမှု ဦးဆောင်ရာ၌ ဦးစိုးသိမ်း လက်ချက် ပါနိုင်သည်ဟု အစိုးရ စုံထောက်များက ယူဆပြီး ကြည့်မြင်တိုင် ဗားကရာလမ်းပေါ်ရှိ ဂျီစီဘီအေ အသင်းတိုက်ကို ဝင်ရောက်ရှာဖွေကြသည်။
ကိုလိုနီအစိုးရသည် မြန်မာပြည်ကို ဒိုင်အာခီစနစ်ဖြင့် အုပ်ချုပ်နေပြီး ဆရာစံပုန်ကန်မှုသည် ပထမဆုံးသော ဗြိတိသျှဆန့်ကျင်ရေး လှုပ်ရှားမှု ဖြစ်သဖြင့် မြန်မာအမျိုးသားရေး ဝါဒီများအကြား နိုင်ငံရေး နိုးကြားမှုများ ပေါ်ထွက်လာသလို တစ်ဖက်၌လည်း အုပ်စု၊ ဂိုဏ်းဂဏစွဲ အကွဲအပြဲများ ပေါ်ထွက်လာသည်။ မြန်မာပြည်တွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ဆိုင်မွန် စုံစမ်းရေးကော်မရှင်ကို ဗြိတိသျှအစိုးရက ၁၉၃၁ တွင် ခန့်အပ်ခဲ့ပြီး အိန္ဒိယတိုက်မှ မြန်မာပြည်ကို ခွဲထုတ်ရန် (သို့မဟုတ်) တွဲထားရန်ဆိုသော စီမံကိန်းမှာ ပြုပြင်ပြောင်းလဲရေး ကဏ္ဍ၌ ပါဝင်လာခဲ့သည်။
ထိုအချိန်၌ ဂျီစီဘီအေသည် ၁၉၂၂ တွင် ဦးချစ်လှိုင် ဂျီစီဘီအေနှင့် ဦးဘဖေ ဂျီစီဘီအေဆိုကာ နှစ်ခြမ်းကွဲနေသည်။ ဦးဘဖေသည် ဟုမ္မရူးပါတီကို ထူထောင်သည်။ ၂၁ ဦးပါတီဟုလည်း လူသိများသည်။ ဦးချစ်လှိုင်အခြမ်းသည် အိန္ဒိယနှင့် မြန်မာပြည်ကို တွဲထားရန် လိုလားပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိုမှတစ်ဆင့် တိုးတက်ယူနိုင်မည်ဟု ယူဆခဲ့သည်။ ဦးချစ်လှိုင် အခြမ်း၌ နောက်ထပ်ကွဲပြန်၍ ဦးချစ်လှိုင်၊ ဦးစိုးသိမ်း ဂျီစီဘီအေဟု ပေါ်လာခဲ့ပြန်သည်။
ဦးဘဖေ၏ ဟုမ္မရူး (၂၁ ဦးပါတီ) က တွဲရေးကို ဆန့်ကျင်ပြီး အိန္ဒိယမှ လုံးဝခွဲထုတ်ပေးရန် အပြင်းအထန် တောင်းဆိုသည်။ ခွဲထွက်မှသာ အိန္ဒိယ လွှမ်းမိုးမှုအောက်မှ လွတ်မြောက်ပြီး လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ရေးကို တည်ဆောက်နိုင်မည်ဟု ယုံကြည်သည်။ ထိုအခါ ခွဲရေး၊ တွဲရေးဆိုင်ရာ အယူအဆကြောင့် အုပ်စုအချင်းချင်းကြား ပဋိပက္ခမှာ ပိုမိုကြီးမားလာပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာခဲ့တော့သည်။
ထိုအချိန်တွင် ပြည်မြို့၌ ထကြွသောင်းကျန်းနေသော လယ်သမား သူပုန်များကို ဗြိတိသျှစစ်တပ်က အင်အားသုံး ဖြိုခွင်းနေပြီး ဖမ်းဆီးရမိသည့် သူပုန် ၁၆ ဦး၏ ဦးခေါင်းများကို ဖြတ်ကာ အများပြည်သူမြင်ကွင်းရှေ့ ပြသခဲ့သည်။ သူပုန်ခေါင်းများကိုဖြတ်ပြီး လူမြင်အောင် ပြသခြင်းသည် ယဉ်ကျေးသော အမူအကျင့် မဟုတ်ကြောင်း ဦးဘဖေ၏ ဟုမ္မရူးပါတီက အပြင်းအထန် ကန့်ကွက်သည်။ မြန်မာလူမျိုးများသည် ဗြိတိသျှတို့၏ ထိုအပြုအမူကို စက်ဆုပ်ရွံရှာကြောင်း၊ ဗြိတိသျှ- မြန်မာတို့ကြား စိတ်၌ အခဲမကျေမှုများ ပိုမိုတိုးပွားလာစေသည့် ရိုင်းပျသောလုပ်ရပ် ဖြစ်ကြောင်း ပြောဆိုကာ ဟုမ္မရူးပါတီမှ သာယာဝတီ ဦးပုသည် ဆင်းမလားရှိ အိန္ဒိယဘုရင်ခံချုပ်ထံ ကန့်ကွက် စာကို ကြေးနန်းရိုက် ပေးပို့ခဲ့သည်။
ပြည်မြို့ရှိ သူပုန်ခေါင်းပြတ်များကို ဓာတ်ပုံများဖြင့် မြန်မာသတင်းစာများက အကျယ်တဝင့် ဖော်ပြလိုက်သောအခါ ဗြိတိသျှပါလီမန်သည် အတော်ကို တုန်လှုပ်သွားသည်။ သူပုန်ခေါင်းဖြတ်သည့် အကြောင်းနှင့် စပ်လျဉ်းပြီး အိန္ဒိယအစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ရာ သေဆုံးသူ သူပုန်များ မည်သူမည်ဝါများ ဖြစ်သည်ကိုသိရှိရန် ခေါင်းဖြတ်ယူလာခြင်း ဖြစ်ကြောင်း၊ ထိုခေါင်းပြတ်များကို ဓာတ်ပုံရိုက်ယူရန် ခုံပေါ်တင်ကာ စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း၊ နောက်နောင် သေဆုံးသူများ မည်သူမည်ဝါ ဖြစ်သည်ကို သိနိုင်ရန်အတွက် ခေါင်းဖြတ်ယူမလာရန် အမိန့်ထုတ်ထားပြီး ဖြစ်ကြောင်း၊ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အတွက် အရေးယူဖော်ထုတ်မည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အိန္ဒိယနှင့် တွဲရေးလိုလားသော ဦးချစ်လှိုင်သည် ဦးဘဖေ၏ ဟုမ္မရူးပါတီဘက်မှ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများကြောင့် လူကြိုက်နည်းလာပြီး ရာထူးမှ ဆင်းပေးလိုက်ရတော့သည်။ ဆရာစံ အရေးတော်ပုံကြောင့် မြန်မာလူငယ် အများအပြားသည် နိုင်ငံရေးကို စိတ်ပါဝင်စားလာပြီး ပါဝင်လာကြသည်။ ထိုလူငယ်များအနက် လူသိများ ထင်ရှားလာသူများမှာ ဒေါက်တာဘမော်၊ ဦးကျော်မြင့်နှင့် ဦးစောတို့ ဖြစ်သည်။ ဦးစောသည် ဆရာစံသူပုန်ကြောင့် လူထုထောက်ခံမှု ရရှိစေရန် သူ၏အမည်ရှေ့တွင် ဂဠုန်တပ်၍ ခေါ်စေရာ ဂဠုန်ဦးစောဟု အမည်တွင်လာခဲ့သည်။ ဦးကျော်မြင့်မှာ နယူးဒေလီရှိ ဥပဒေပြု လွှတ်တော်တွင် ကိုယ်စားလှယ်အဖြစ် တာဝန်ယူရသည်။
လယ်သမားသူပုန်မှာ ၁၉၃၁ နှစ်လယ်ပိုင်း၌ သိသိသာသာ အားပျော့သွားပြီးနောက် ရှမ်းပြည်မြောက်ပိုင်း၌ ပုန်းအောင်းနေသော လယ်သမားခေါင်းဆောင် ဆရာစံကို ဗြိတိသျှတို့ ဖမ်းဆီးမိသွားသည်။ အရေးတော်ပုံကြီးကို အစိုးရက နှိမ်နင်းနိုင်ခဲ့ပြီး သူပုန်ခေါင်းဆောင်ကို ခုံရုံးတင်စစ်ဆေးရာ ရှေ့နေများအဖြစ် ဦးထွန်းအောင်ကျော်၊ ဒေါက်တာဘမော်၊ သခင်မြ၊ သခင်စိမ့်၊ ဦးချစ်ညွန့်၊ ဦးဘရှိန်း၊ ဦးသူငယ်တို့ လိုက်ပါဆောင်ရွက်ကြသည်။ တရားလိုအဖြစ် သာယာဝတီ ရာဇဝတ်ဝန်ကြီး ဦးအုန်းကျော်က စွဲချက်တင်ကာ စက်ရှင်တရားသူကြီးမှာ ဦးဘဦး ဖြစ်သည်။ ဆရာစံသည် ဗြိတိသျှ အစိုးရကို လက်နက်ကိုင် ပုန်ကန်သောင်းကျန်းသည် ဟူသော စွဲချက်ဖြင့် သာယာဝတီထောင်၌ ၁၉၃၁ နိုဝင်ဘာ ၂၈ တွင် သေဒဏ် အပြစ်ပေးခံခဲ့ရသည်။
ဆရာစံသည် ခုံသမာဓိရုံးသို့ သူ့အပေါ်ချမှတ်ခဲ့သည့် ပြစ်ဒဏ်နှင့် ပတ်သက်ပြီး အယူခံလွှာကို ရှေ့နေ ဒေါက်တာဘမော်နှင့် သာယာဝတီ ဦးပုတို့က တင်သွင်းပေးခဲ့သည်။ အယူခံလွှာ၌ ဆရာစံသည် သွေးထွက်သံယို အကြမ်းဖက်မှုကို မလိုလားဘဲ မြန်မာပြည်ကို အိန္ဒိယမှ ခွဲထုတ်မည်ကို စိုးရိမ်ခြင်းကြောင့် အာဏာဖီဆန်ခြင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
“ကျွန်တော်မျိုးသည် သွေးထွက်သံယိုမှုကို မလိုလားပါ။ သွေးထွက်သံယိုမှု မဟုတ်ဘဲ အာဏာဖီဆန်ရေးကို လိုလားပါသည်။ သို့ဖြစ်သဖြင့် အလံတောင်တောသို့ လူစုလူဝေးဖြင့် သစ်တောဥပဒေကို တရားသောနည်းနှင့် ခုခံရန် စီစဉ်နေစဉ် ဗိုလ်ဘိုးပြော့၊ ဗိုလ်ဘိုးခတို့က ခေါင်းဆောင်၍ အလွန်မှားသော သွေးထွက်သံယိုမှုကို မသိနားမလည်သူ တောသူ တောင်သားများအား တိုက်ရိုက် ညွှန်ကြားခြင်းကြောင့်သာ သာယာဝတီနယ်တွင် သွေးထွက်သံယိုမှု ဖြစ်ရပါသည်။ ကျွန်တော်မျိုးကမူ ထိုအပြုအမူမျိုးကို လုံးဝမနှစ်သက်ပါ။ မနှစ်သက်၍ ရှမ်းပြည်သို့ တိမ်းရှောင်သွားခြင်း ဖြစ်သည်။ ထို့ပြင်လည်း ကျွန်တော်မျိုး ဆရာစံသည် ဗမာပြည်ကို အိန္ဒိယပြည်မှ ခွဲထွက်မည်ကို စိုးရိမ်သောကြောင့် ကန့်ကွက်လိုသော သဘောနှင့် တရားသောနည်းလမ်းနှင့် အာဏာဖီဆန်ရန် စီမံခြင်းကြောင့် ကျွန်တော်မျိုး၌ လုံးဝအပြစ်မရှိပါ”
ဆရာစံ၏ အယူခံလွှာမှာ ပယ်ချခံခဲ့ရသည်။ ဆရာစံအား သာယာဝတီ ထောင်အတွင်း ကြိုးပေးရန် အစိုးရက ဆုံးဖြတ်ခဲ့သည်။ ဆရာစံကို အခန်းတွင်းမှ အကျဉ်းသားနှစ်ဦးက ထုတ်ယူသည့်အခါ အလိုအလျောက် လိုက်ပါလာပြီး အနီးရှိလူများကို နှုတ်ဆက်စကားပြောသည်။ “သွားပြီ။ အားလုံးပဲ။ အောင်ပါစေဆိုတဲ့ဆုကို တောင်းပေးကြပါ။ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာအတွက် ကြိုးပေးခံရမည်ကို မကြောက်ပါ” ဟု ပြောဆိုကာ ထောင်သားများကို အတွဲမခံဘဲ စက်တိုင်ပေါ်သို့ ကိုယ်တိုင်တက်သွားသည်။
ဆရာစံကို ကြိုးပေးစဉ်က မျက်မြင်သက်သေဖြစ်သူ ထောင်မှူး ဦးစိန်က ဆရာစံ၏ နောက်ဆုံးခရီးကို အောက်ပါအတိုင်း ပုံဖော်ပြောဆိုခဲ့သည်။
“တိုင်းမင်းကြီး ဦးကျော်နှင့်တကွ လူကြီးလူကောင်းအားလုံး နှစ်ဆယ်ရဲ့ရှေ့မှာ ယခု သာယာဝတီ ထောင်ထဲမှာ ရှိနေတဲ့ ကြိုးစင်ဟောင်းက နှစ်စင်ပြိုင်တူရှိတဲ့အနက် ဝဲဘက်စင်မှာ ဆရာစံကို ကြိုးပေးခဲ့ပါတယ်။ ကြိုးတိုက်အင်္ကျီဝတ်၊ လက်ထိတ်နောက်ပြန်ခတ်၊ တံတောင်ဆစ်မှ ကြိုးချည် ခံထားရတဲ့ ဆရာစံဟာ နံနက် ၅ နာရီလောက်အချိန်မှာ အကျဉ်းသားနှစ်ဦး ဘေးကယှဉ်ပြီး ကြိုးစင်ကို တောင်ကမူ အမြင့်ကလေးအတိုင်း တက်လာတယ်။ ကြိုးစင်နားအရောက်မှာ သူ့ကို အကျဉ်းသားနှစ်ဦးကိုင်ပြီး တွဲလို့ ဆရာစံက တွန်းဖယ်လိုက်ပြီး အနီးအနားမှာ ရောက်နေကြတဲ့ ဧည့်သည်တွေကို နှုတ်ဆက်တယ်။ နောက် ကြိုးစင်ပေါ်တက်ပြီး ဖြစ်လေရာဘဝမှာ အင်္ဂလိပ်ကို နိုင်ရတဲ့ကိုယ် ဖြစ်ပါစေသတည်းလို့ ဆုတောင်းပြီး သေဆုံးသွားရှာတာပါပဲ”
ဆရာစံ ဦးဆောင်သော နယ်ချဲ့တော်လှန်ရေး တောင်သူလယ်သမား အရေးတော်ပုံကြီးသည် မှန်ကန်ကြောင်း မြန်မာ့အလင်းသတင်းစာ တာဝန်ခံအယ်ဒီတာ ချစ်မောင် (နောင် ဂျာနယ်ကျော် ဦးချစ်မောင်) က ခေါင်းကြီးကို အင်္ဂလိပ်ဘာသာဖြင့် ထောက်ခံရေးသားခဲ့သည်။
“၁၉၃၀-၃၂ မြန်မာပြည် သူပုန်ထခြင်း၏ တကယ်စစ်မှန်သော မူရင်းအခြေခံနှင့် လှုံ့ဆော်ချက်များအမည်ရှိ စာတမ်းတွင် မျက်နှာဖြူလူမျိုး မောရစ်ကောလစ်ကိုယ်တိုင် အရေးတော်ပုံကို ရှုမြင်သုံးသပ်ရာ၌ ကောက်နုတ် ဖော်ပြချက်ပါရှိသည်မှာ မြန်မာပြည်တွင် အင်္ဂလိပ်တို့ မလုပ်သင့်သော လုပ်ငန်းနှစ်ရပ်ကို မှားယွင်းစွာ လုပ်ခဲ့ကြသည်။ ပထမအချက်မှာ အင်္ဂလိပ် အကျိုးအတွက် သက်သက်ကိုသာ ထာဝစဉ် ရှေးရှုထားခြင်းနှင့် ဒုတိယအချက်မှာ မြန်မာလူမျိုးတို့အား လူသားအချင်းချင်း ဟူ၍ သဘောမထားဘဲ နိမ့်ကျယုတ်ညံ့သော တိရစ္ဆာန်များသဖွယ် သဘောထားပြုမူခြင်း ဖြစ်သည်။ ထို့ကြောင့် ငွေမရှိ၊ ကျွမ်းကျင်မှု မရှိသော မြန်မာတို့ ကိုယ့်မြေပေါ်တွင်ဖြစ်လျက် နေစရာမရှိ၊ စားစရာမရှိ၊ ဆင်းရဲငတ်မွတ်လှသည်။ ထိုငတ်မွတ်မှုကြောင့် သူ့ခမျာ လူရာမဝင် ဖြစ်ရပြန်၏။ ထို့ကြောင့် ၁၉၃၀ ပြည့်နှစ်တွင်ရှိသော အခြေအနေဆိုးများအရ အင်္ဂလိပ်အစိုးရ၏ စေတနာကို ယုံကြည်နိုင်စရာ မရှိတော့ချေ။ ထို့ကြောင့် သူပုန်ထပွဲကြီး ပေါ်ရခြင်းပေတည်း- ဟူ၍ဖြစ်လေသည်။ မှန်ပေ၏။ ဗြိတိသျှအစိုးရ၏ စက္ကူပြာ အစီရင်ခံစာအတိုင်း မင်းလောင်းရှာသော ဓားပြတစ်စု၏ ထကြွခြင်း မဟုတ်ပေ။”
(ဆက်လက်ဖော်ပြပါမည်)
Credit To The Voice Weekly
Post a Comment