တရုတ် ဝန်ထမ်းလောကတွင် သံပန်းကန်နှင့် ကြွေပန်းကန် နှစ်ဆင့် ခွဲခြားထား သည်။ သံပန်းကန် သဘောက အကြမ်းခံ၊ အထိခံ လွတ်ကျလည်း မကွဲပေ။ ကြွေပန်းကန်တွေကတော့ ထိခိုက်မခံ လွတ်ကျလျှင် ကွဲနိုင်သည်။ အလားတူ မပြုတ်နိုင်သော ဝန်ထမ်းကို သံပန်းကန်၊ အထိအခိုက်မခံ အချိန်မရွေး ပြုတ်နိုင်သော ဝန်ထမ်းကို ကြွေပန်းကန်ဟု သတ်မှတ်ကြသည်။
မကြာသေးမီက တရုတ်ပြည် ဟူနန်နယ်ရှိ အစိုးရ ရုံးများတွင် ကင်မရာလေး များကို တိတ်တဆိတ် တပ်ဆင်ကာ ဝန်ထမ်းများ၏ အနေအထား ကို စောင့်ကြည့် အကဲခတ် ပိုင်းဖြတ်မှုများ ပြုလုပ်ကြည့်ကြသည်။ တရုတ် အစိုးရ အတော်လေး ကြေကွဲသွားသည်။ လုပ်ငန်းခွင်တွင် အိပ်နေသူများ၊ ဂိမ်းကစားနေသူများ၊ အွန်လိုင်း ဗီဒီယို ကြည့်နေသူများကိုသာ တွေ့လိုက် ကြရခြင်းကြောင့် ဖြစ်သည်။
ပြည်သူ့ အခွန်ငွေတွေကို စားပြီး၊ ပြည်သူကို အလုပ်အကျွေးပြုရန် ခန့်ထားသော ပြည်သူ့ဝန်ထမ်းများ သည် လုပ်ငန်းခွင်အတွင်း အလုပ် မလုပ်ဘဲ လုပ်ချင်ရာ လုပ်ခွင့် ရနေခြင်းအပေါ် အစိုးရအနေနှင့် ပြန်လည် ဆန်းစစ် သုံးသပ်မှုများ ပြုလာခဲ့ရသည်။
တရုတ်တွင် ဗျူရိုကရက်ဆန်ဆန် အုပ်ချုပ်ရေးကို မလိုချင်သဖြင့် နှစ် ကာလပေါင်းများစွာ ဗျူရိုကရေစီ ယန္တရား ပျောက်ကွယ်သွားရန် အစိုးရ ကိုယ်တိုင် ကြိုးစား အားထုတ် တိုက်ဖျက်ခဲ့သည်။ ၁၉၄၉ ခုနှစ်ကတည်း က နိုင်ငံပိုင် လုပ်ငန်းများနှင့် အစိုးရ ရုံးများတွင် ဝန်ထမ်းများကို ခန့်ထားခဲ့ပြီး ၁၉၈၀ ပြည့်နှစ်လောက်မှ တန်းတူညီမျှ ခံစားခွင့် (ကွန်မြူနစ်ဝါဒအရ) ကို ပယ်ဖျက်ကာ လုပ်သလောက် ခံစားနိုင်ရန် အခွင့်အလမ်းများ ပေးခဲ့သည်။ ယင်းကိုပင် သံပန်းကန် လုပ်သားများကို စစ်ထုတ်ခြင်းဟု ခေါ်သည်။
၁၉၉၀ ပြည့်နှစ်လောက်တွင် အစိုးရ ဌာနများ၌ အမြဲတမ်း ဝန်ထမ်းများကို သတ်မှတ်ခန့်ထားခြင်း ထက် စာချုပ်ဖြင့် နှစ်အကန့်အသတ် ထားကာ ခန့်အပ်သည့် စနစ်ကို စတင် ကျင့်သုံးခဲ့သည်။ ကြိုက်လျှင် ဆက်သုံးမည်၊ မကြိုက်လျှင် ဖြုတ်မည်ဆိုသည့် သဘော ဖြစ်သည်။
ယခင် အသက်ကြီးသည်အထိ အလုပ် လုပ်ရမည်။ ဖြုတ်မရ ပြုမရ၊ သို့ဖြင့် ပင်စင် ရသွားကြသည် များလည်း ရှိသည်။ မလုပ်၊ မရှုပ်၊ မပြုတ် ဆိုသည့် သဘောဖြင့် သက်ပြည့် ပင်စင် ခံစားသွားရသူတွေလည်း ရှိသည်။ ပြစ်မှု ကြီးကြီးမားမား မလုပ်သမျှ ဖြုတ်မရသည့် သံပန်းကန် လုပ်သားများကို ကွန်မြူနစ် ဝါဒအရ နှစ်ပေါင်းများစွာ မွေးထားခဲ့ပြီးမှ ခေတ်သစ်တွင် ကြိုက်လျှင် သုံးမည်၊ မကြိုက် လျှင် မသုံး ဆိုသည့် ကြွေပန်းကန် လုပ်သား များအဖြစ် ပြောင်းလဲပစ်ရခြင်းမှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။
ဇွန်လ ၂ ရက်နေ့တွင် ဘေဂျင်း မြူနီစပယ် ဝန်ထမ်း ခြောက်ဦးခေါ်သည့် သတင်းကို သတိထားလိုက် မိသည်။ အဆင့်မြင့် ရာထူးများဖြစ်ပြီး တစ်နှစ် လစာ ယွမ် ၂၀၀,၀၀၀ (ဒေါ်လာ ၃၂,၆၀၀) ဖြစ်သည်။ သို့သော် အစိုးရ အလုပ်ကဲ့သို့ သံပန်းကန် လုပ်သား မဟုတ်၊ ကြွေပန်းကန်များ သာ ဖြစ်ကြောင်း ဖော်ပြထားသည်။ စာချုပ် ၂ နှစ် သို့မဟုတ် သုံးနှစ်ခန့်သာ ရမည်ဖြစ်ပြီး သုံးလ သို့မဟုတ် ခြောက်လ အစမ်းခန့် ကာလအတွင်း မကြိုက်လျှင် ဖြုတ်နိုင်ခွင့် ရှိသည်။
တရုတ်ပြည်တွင် ကန်ထရိုက် စာချုပ်ဖြင့် ခန့်အပ်သော လုပ်သားများကို တစ်လ ယွမ် ၆၀၀၀ ပေးသည်။ ၉၇၈ ဒေါ်လာခန့် ဖြစ်သည်။ အမှန်ဆိုရလျှင် သံပန်းကန်များထက် လစာမြင့်သည်ဟု ဆိုနိုင်သည်။ သို့သော် အစမ်းခန့် ကာလအတွင်း စောင့်ကြည့်မှုများ၊ ပိုင်းဖြတ်မှုများ၊ အမှတ်ပေးမှုများ နှင့် ရင်ဆိုင်ရသည်။ မကြိုက်လျှင် တစ်လအတွင်းလည်း ပြုတ်သွားနိုင်သည်။
ယခု ပြောပြနေသည့် အကြောင်းမှာ မကြာသေးမီက ဖတ်လိုက်ရသည့် တရုတ်သတင်းစာ တစ်စောင်မှ ရေးသားထားချက်များ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ဝန်ထမ်းဖြစ်သွားပါက သံပန်းကန်တွေ ဖြစ်သွားသည်က များသည်။ ဖြုတ်မရ ပြုမရ၊ ပြည်သူ့ဘဏ္ဍာကို အလကား ထိုင်စားနေသူများ ရှိသကဲ့သို့၊ ပြည်သူ့ဘဏ္ဍာ စားနေသော်လည်း ပြည်သူကို အလေးမထား သူတွေက များလှသည်။
တရုတ်ပြည်တွင် ဗီဒီယို ကင်မရာများ ထားပြီး စောင့်ကြည့်လိုက် သလို၊ မြန်မာပြည်တွင် စောင့်ကြည့်မည်ဆိုပါက ပိုပြီး ကြေကွဲစရာများနှင့် ကြုံလာရဖွယ် ရှိသည်။ တစ်နေကုန် Facebook နှင့် နှစ်ပါးသွားနေသူ များ၊ နေ့ခင်းမှ ရုံးလာ၊ ညနေဆို ပြန်သွားနေသူများ ရှိနေသော်လည်း လုပ်၍ ရနေခြင်း၊ လုပ်ခွင့်ပြုထားခြင်းကြောင့်သာ ပျက်စီးချင်တိုင်း ပျက်စီးနေ ကြခြင်း ဖြစ်သည်။ အကျင့်ပျက် ဝန်ထမ်း ဆိုသည်မှာ အကျင့်ကိုက မကောင်းသဖြင့် ပျက်စီးနေရသူများ ရှိသကဲ့သို့၊ မပျက် ပျက်အောင် ဖျက်ထားသောကြောင့်လည်း ပျက်နိုင်သည်။ ပျက်နေခြင်းကို လျစ်လျူရှု ထားနိုင်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။အကျင့်ပျက်နေသူမျာ
တစ်လောက သူငယ်ချင်းတစ်ယောက် ရုံးရှိရာသို့ သွားသည်။ တစ်ရုံးလုံးတွင် စားပွဲ၌ထိုင်ကာ တကုတ်ကုတ် လုပ်နေသူ သုံး လေးဦးခန့်သာ ရှိသည်။ ထိုရုံးစားပွဲတွင် ထိုင်နေသူများမှာလည်း ရုံးအလုပ် လုပ်နေခြင်းမဟုတ်။ ချဲ ထိုင်တွက်နေကြခြင်း ဖြစ်သည်။ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ထမင်း ဝိုင်းဖွဲ့ပြီး ထိုင်စားနေကြသည်။ ရုံးပေါ်သို့ မတက်မီ အောက်ထပ် လက်ဖက်ရည်ဆိုင်များတွင် ယူနီဖောင်းဝတ်တွေကိုလည်း ဆိုင်ပြည့် တွေ့ခဲ့ ရသည်။
ကျွန်တော့် သူငယ်ချင်း အပါအဝင် အရာရှိများ အခန်းတွေက သော့ပိတ် ထားသည်။ ဆရာ အစည်းအဝေးသွားလို့၊ နေပြည်တော် သွားလို့၊ လမ်းကြောင်းရှိလို့ ဆိုသည့် အကြောင်းအမျိုးမျိုး ပြသံတွေကိုသာ ကြားနေ ရသည်။
ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံကြီး တည်ဆောက်နေသည် ဆိုသော် လည်း ရုံး စားပွဲများပေါ်တွင် ညစ်ထပ်နေသည့် စာရွက်ပုံကြီးများ၊ ဖိုင်တွဲများ ကို တွေ့မြင်နေရဆဲ ဖြစ်သည်။ စားပွဲ ၅၀ ခန့်ရှိသည့် ရုံးခန်းအတွင်း မည်သည့် စားပွဲပေါ်တွင်မျှ ကွန်ပျူတာကို မတွေ့ခဲ့ရ။ ကျွန်တော် လိုချင်သော ဖိုင်ကို ပြန်ရှာခိုင်းသည်ကိုပင် တစ်နာရီခန့် ကြာသည်။ တင်ထား သည့် စာဖိုင်ကို စားပွဲပေါ် ရှာသည်။ မတွေ့လျှင် စားပွဲအောက် အပုံထဲတွင် ရှာသည်။ မတွေ့လျှင် တစ်နေရာ ထွက်သွားပြီး ထပ်ရှာသည်။ မတွေ့သဖြင့် ပြန်လာပြီး အံဆွဲထဲတွင် ထပ်ရှာသည်။ အံဆွဲအတွင်း တွေ့ သည်။ ထိုဖိုင်ကို သုံးလခန့်သာ ကြာသွားသည် အထက်သို့ မတင်ရသေး။ တင်ထားခဲ့သည့်အတိုင်း လက်မှတ်လည်း မထိုးရသေး။ နောက်တစ်ပတ် ပြန် ချိန်းသည်။ ကျိန်းသေသည်။ တစ်ခုခုတော့ လိုနေပြီ။
သံပန်းကန်လို ဝန်ထမ်းတွေ မြန်မာပြည်တွင် မွေးထားလျှင် ပျက်စီးကိန်း ကြုံတော့မည်။ ကျောင်းဆရာ လောကတွင်လည်း သံပန်းတွေ ခန့်ထား မိသဖြင့် မလုပ်၊ မရှုပ် မပြုတ်တွေ ပေါလာသည်။ ကြိုးစားချင်စိတ် မရှိတော့။ တရုတ် သတင်းစာတွင်ပင် ကျောင်းဆရာများကို တစ်နှစ်တစ်ကြိမ် စာမေးပွဲ ပြန်စစ် သည်။ အရည်အချင်း မရှိလျှင် ဖြုတ်ပစ်သည်ဟု တွေ့ရ သည်။ ဂျပန်တွင်လည်း ဆရာတွေကို သက်ဆိုင်ရာ မြို့တော် ကောင်စီက ခန့်သည်။ တစ်နှစ်သာ ခန့်ပြီး မကြိုက်လျှင် ဆက်မခန့်။ သို့ဖြစ်ရာ မိမိကိုယ်ကို အမြဲ အရည်အချင်း ပြည့်အောင်၊ ထက်မြက်အောင် ကြိုးစားမှ သာ ရပ်တည်နိုင်သည်။ သံပန်းကန်ဖြစ်ခွင့် ရှိသည်။ ဝန်ထမ်းလုပ်လျှင် မည်သူမျှ စစချင်း သံပန်းကန် မဖြစ်နိုင်။ အထိမခံ ကြွေပန်းကန် ဘဝကို အစွမ်းပြပြီး ဖြတ်သန်းနိုင်မှ အာမခံချက် ရှိနိုင်သည် ဆိုခြင်းကို တရုတ်လို ကွန်မြူနစ် နိုင်ငံကြီးက ပြောင်းလဲနိုင်ပြီး၊ ဆိုရှယ်လစ် အကြွင်း အကျန် မြန်မာနိုင်ငံ၌ သံပန်းကန်လို လုပ်သားများဖြင့် ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ခြင်းအား ပြန်လည် စဉ်းစားသင့်ပြီ ထင်ပါသည်။
Credit To The Voice Weekly
နွေဦး
Post a Comment