ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအား ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက တွေ့ရစဉ်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသည့်နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများအတွက် အလွန်အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်။ လက်ရှိနိုင်ငံရေး ပတ်ဝန်းကျင်တွင် အခြေခံဥပဒေကို မဖြစ်မနေ ပြင်ဆင်ရမည့် အခြေအနေတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့ခြင်းသည် လွှတ်တော်တွင်း နိုင်ငံရေး ပါတီများ၏ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဟု ဆိုနိုင်သည့်နည်းတူ၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လမ်းကြောင်းကို အတန်အသင့် ဆွဲဆန့်ခဲ့သော ပြင်ဆင်မှု တစ်ခုဟုလည်း မှတ်ချက်ပြုနိုင်ပါသည်။
ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် သဘောတူ အတည်ပြုခဲ့သည်။ အဆိုပါ ကော်မတီတွင် လွှတ်တော်တွင်း နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ အချိုးကျ ကိုယ်စားပြု ပါဝင်မည်ဖြစ်ပြီး၊ ကော်မတီ အဖွဲ့ဝင်ဦးရေမှာ တစ်ရာကျော်ခန့် ရှိမည်ဖြစ်သည်။ အဆိုပါ ကော်မတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်သင့်သော အချက်များကို လေ့လာသုံးသပ်ပြီး၊ အစီရင်ခံစာတစ်စောင် ပြုစုကာ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းရမည် ဖြစ်သည်။
၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်သည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (၁၀၉) ဦးဖြင့် ဖွဲ့စည်းမည့်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။ အဆိုပါ ကော်မတီတွင် ပါတီတစ်ခုချင်းအလိုက် လွှတ်တော်ကိုယ်စားလှယ်များ အချိုးကျပါဝင်ပြီး၊ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကက ဆောင်ရွက်ပြီး၊ ဒုတိယဥက္ကဋ္ဌသည် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတွင် နိုင်ငံရေးပါတီများနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ အချိုးကျ ပါဝင်ခြင်းသည် အချိုးကျ ကိုယ်စားပြုသည့်သဘော သက်ရောက်သည်ဟုလည်း မှတ်ချက်ပြုနိုင်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပီအာခေါ် အချိုးကျ ကိုယ်စားပြုမှုစနစ်ကို ကျင့်သုံးနိုင်ဖွယ် ရှိနေသည်ဟု ထင်ကြေးပေးမှုများ မြင့်မားနေသည့် အချိန်တွင် အများစိတ်ဝင်စားနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စအတွက် ကော်မတီဖွဲ့ရာတွင် အချိုးကျ ကိုယ်စားပြုမှု စနစ်အပေါ်တွင် အခြေခံဖွဲ့စည်းခဲ့ခြင်းမှာ အချိုးကျ ကိုယ်စားပြုမှုစနစ်ကို လွှတ်တော်ကော်မတီ တစ်ရပ်တွင် အားစမ်းခြင်း၊ စမ်းသပ်ခြင်းလည်း ဖြစ်နိုင်သည်ဟု သုံးသပ်နိုင်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)၊ အခန်း (၁၂)၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် တင်သွင်းသော အဆိုကို အခြားအဆိုများ မပါရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ဥပဒေမူကြမ်းအဖြစ် ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရမည် ဖြစ်သည်။ အဆိုပါ ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် လက်ခံဆွေးနွေးနိုင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ရာခိုင်နှုန်း ၂၀ ဖြစ်သော ကိုယ်စားလှယ် ၁၃၃ ဦးက ထောက်ခံတင်ပြရမည် ဖြစ်သည်။
လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည့် အစီရင်ခံစာသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၄ တွင် ဖော်ပြသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ထပ်တူဖြစ်နိုင်သည်ဟု ယူဆနိုင်ဖွယ် ရှိသော်လည်း၊ ကော်မတီတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦးသာ ပါဝင်သဖြင့် ရာခိုင်နှုန်း ၂၀ ပြည့်ရန် ၂၄ ဦး လိုအပ်နေသည်ဟု ဆိုနိုင်သည်။ ပြည်ထောင်စုလွှတ်တော်သို့ ကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာကို ဆွေးနွေးသုံးသပ်လျက်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မည့် ဥပဒေကြမ်းတစ်ခုကို အသစ်ရေးဆွဲခြင်းလည်း ဖြစ်နိုင်ခြေရှိသည်ဟု လေ့လာသူအချို့က သုံးသပ်ကြသည်။
မည်သို့ပင်ဆိုစေကာမူ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာသည် နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသား လူမျိုးစုများနှင့် ပြည်သူလူထု အများစုကြီး၏ ဆန္ဒသဘောထားများနှင့် တစ်ထပ်တည်းကျနေရန် အထူးလိုအပ်ပါသည် . . . . . |
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အနေဖြင့်၊ နိုင်ငံတော် အခြေခံမူများ အခန်းပါ ပုဒ်မများအားလုံး၊ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ အခန်းပါ ပုဒ်မများအားလုံး၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများ၊ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ခြင်း၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဖွဲ့စည်းခြင်းနှင့် တပ်မတော်ဆိုင်ရာ ပြဋ္ဌာန်းချက်များအားလုံး ပါဝင်သည့် အဓိကပုဒ်မ (၇၄) ခုကို ပြင်ဆင်နိုင်ရေးအတွက် လေ့လာသုံးသပ်နိုင်ဖွယ် ရှိသော်လည်း၊ အဓိကပုဒ်မများ ပြင်ဆင်မှုသည် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ပါဝင်နိုင်ဖွယ် မရှိဟု သုံးသပ်နိုင်သည်။
ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးလေ့လာ စောင့်ကြည့်သူများ စိတ်ဝင်စားမှု မြင့်မားနေသည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများကို ဖော်ပြသည့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးသည် လည်းကောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များတို့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ဖော်ပြသည့် ပုဒ်မ ၁၀၉ (ခ)၊ ပုဒ်မ ၁၄၁ (ခ) နှင့် ပုဒ်မ ၁၆၁ (ဃ)တို့ ပြင်ဆင်ရေးသည် လည်းကောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းဆိုင်ရာ ပုဒ်မ ၂၀၁ ပြင်ဆင်ရေးသည် လည်းကောင်း၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနတို့တွင် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်ရန်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်း ရယူခြင်းနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူခြင်းတို့ကို ဖော်ပြသည့် ပုဒ်မ ၂၃၂ (ခ)(၃)၊ (ဂ)တို့ ပြင်ဆင်ရေးသည် လည်းကောင်း၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနတို့တွင် ဒုတိယ၀န်ကြီးများ ခန့်အပ်ရန်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်း ရယူခြင်းကို ဖော်ပြသည့် ပုဒ်မ ၂၃၄ (ခ) ပြင်ဆင်ရေးသည် လည်းကောင်း၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာ တာဝန်ပေးအပ်ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်း တောင်းခံခြင်းကို ဖော်ပြသည့် ပုဒ်မ ၂၆၂ (က)(၂) ပြင်ဆင်ရေးသည် လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ တာဝန်ပေးအပ်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်း တောင်းခံခြင်းကို ဖော်ပြသည့် ပုဒ်မ ၂၇၆ (ဃ)(၂) ပြင်ဆင်ရေးသည် လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသော တပ်မတော်သားများ ပါဝင်ခြင်းကို ဖော်ပြသည့် ပုဒ်မ ၂၇၆ (ဈ) ပြင်ဆင်ရေးသည် လည်းကောင်း၊ နေပြည်တော်ကောင်စီ ဖွဲ့စည်းခြင်းကို ဖော်ပြသည့် ပုဒ်မ ၂၈၅ (ခ)(၃) ပြင်ဆင်ရေးသည် လည်းကောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ အထမြောက်ရန် သို့မဟုတ် ကော်မတီက တင်သွင်းမည့် အစီရင်ခံစာတွင် ပါရှိရန် သို့မဟုတ် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်းတွင် ပါရှိရန် ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်ဟု ကောက်ချက်ပြုနိုင်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၏ အစိုးရအဖွဲ့များ၊ လွှတ်တော်များ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်နိုင်ရေးကို အဆိုပြုလာနိုင်ခြေ မြင့်မားသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ပြည်ထောင်စု အပစ်အခတ် ရပ်စဲရေးအတွက် အားသွန်ခွန်စိုက် မောင်းနှင်နေသည့် အချိန်တွင် တိုင်းရင်းသားလူမျိုးစုများ တောင်းဆိုနေသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူရည်တူခွင့်တို့ကို အတိုင်းအတာ တစ်ခုအထိ ပုံဖော်နိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုများကို ပုံဖော်လာရန် ပိုမိုအလားအလာ ရှိသည်ဟု သုံးသပ်နိုင်သည်။
အဓိကအားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းကို ပြင်ဆင်နိုင်ရန် လိုအပ်သည်။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် အလွန်ခက်ခဲနေပြီး၊ ကမ္ဘာပေါ်တွင် ပြင်ဆင်ရန် အခက်ခဲဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေဟု သတ်မှတ်နိုင်သည့် အနေအထားတွင် ရှိနေသည်။ ထို့ကြောင့် ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် အခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းကို ပြင်ဆင်နိုင်ရန် မဖြစ်မနေ အဆိုပြုသင့်သည်ဟု ထင်မြင်မိပါသည်။
ကော်မတီ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရမည့် အချက်များကို လေ့လာသုံးသပ်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ လွှတ်တော်ပြင်ပ နိုင်ငံရေးပါတီများ၊ နယ်ပယ်အသီးသီးမှ ပညာရှင်များ အပါအ၀င် ပြည်သူလူထုများထံမှလည်း အကြံဥာဏ်များ၊ ထင်မြင်ချက်များကို ရယူလျက် ကော်မတီ၏ အစီရင်ခံစာကို ပြုစုရမည်ဖြစ်ရာ အစီရင်ခံစာသည် ပြည်သူလူထု အများစုကြီး၏ ဆန္ဒသဘောထား အစစ်အမှန်ကို ထင်ဟပ်နေရန် အထူးလိုအပ်သည်ဟု မှတ်ချက်ပြုနိုင်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဝင် (၁၀၉) ဦးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကော်မတီဝင် (၅၂) ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ကော်မတီဝင် (၂၅) ဦးတို့က ကော်မတီဝင် စုစုပေါင်း၏ ၇၈ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။ ထို့ကြောင့် ကော်မတီ အစီရင်ခံစာပါ အချက်များကို အတည်ပြု ထည့်သွင်းရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော် ကော်မတီဝင်များ၏ သြဇာသက်ရောက်မှုသည် မြင့်မားနေမည် ဖြစ်သည်။
နိဂုံး
အချုပ်အားဖြင့်ဆိုသော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်နှစ်ရပ်မှ ကိုယ်စားလှယ်များ စနစ်တကျ ဗျူဟာမြောက် ပြင်ဆင်နိုင်ရန် ချဉ်းကပ်သည့် ပုံစံဖြစ်သည်ဟု အချို့က သုံးသပ်ကြသည်။ သို့သော် အချို့ကမူ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ခရီးစဉ်ကို ပိုမိုနှောင့်နှေး ကြန့်ကြာစေရန်၊ အချိန်ဆွဲနိုင်ရန် ရည်ရွယ်လျက် ကြားခံအဆင့် တစ်ခုအဖြစ် ပူးပေါင်းကော်မတီကို ဗျူဟာမြောက် ဖွဲ့စည်းခဲ့သည်ဟု သုံးသပ်ကြသည်။ အချို့ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို မစတင်မီ၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပကာ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြည်သူလူထု ထောက်ခံမှုစစ်စစ်ကို ဆန်းစစ်လျက်၊ မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်၏ ထောက်ခံမှု မရရှိလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ပြန်လည်ရေးဆွဲသင့်သည်ဟု သုံးသပ်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာသည် နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသား လူမျိုးစုများနှင့် ပြည်သူလူထု အများစုကြီး၏ ဆန္ဒသဘောထားများနှင့် တစ်ထပ်တည်းကျနေရန် အထူးလိုအပ်ပါသည်။ ကော်မတီ၏ အစီရင်ခံစာပါ ဖော်ပြချက်များသည် ပြည်သူလူထု အများစုကြီး၏ ဆန္ဒသဘောထားနှင့် ဆန့်ကျင်နေမည်၊ မျဉ်းပြိုင်သဖွယ် ဖြစ်နေမည်ဆိုလျှင် ကော်မတီဝင် အများစုကို ကိုယ်စားပြုသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်တို့အပေါ် ပြည်သူလူထု၏ ထောက်ခံမှုနှင့် အားပေးမှုသည်လည်း ပြိုင်မျဉ်းဖြစ်နေဦးမည်မှာ မလွဲဧကန် ဖြစ်သည်။
Written by ဒေါက်တာရန်မျိုးသိမ်း
Credit To First-11
Post a Comment