ဗိုလ်ချုပ်အောင်ဆန်းဈေးအနီး ရန်ကုန်မြို့ တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ - ၀င်းမြင့်ကျော် )
တစ်နေ့က သူငယ်ချင်းတစ်ယောက် အိမ်ကိုလမ်းကြုံ ခဏ၀င်တော့ သူတို့အိမ်မှာ အမျိုးတွေ ရောက်နေကြတာ တွေ့ရတယ်။ နယ်ကဦးလေးတစ်ယောက် ဆေးလာကုရင်း ရောက်နေတာလို့ သူငယ်ချင်းက ပြောပြပါတယ်။ ဆေးလာကုရင်း လာကြတာမို့ လူနာစောင့် သုံးယောက်ကလည်း အတူပါလာကြပါတယ်။
နယ်ကလူတွေ ရန်ကုန်ကို လာဖို့ဆိုတာ သိပ်မလွယ်လှပါဘူး။ ရန်ကုန်မှာ တည်းခိုလို့ရမယ့် ဆွေမျိုးအိမ်ဖြစ်ဖြစ်၊ အရမ်းရင်းနှီးတဲ့ မိတ်ဆွေတွေရဲ့ အိမ်ဖြစ်ဖြစ် ရှိမှအဆင်ပြေပါတယ်။ ဒေသခံမရှိဘဲ ဘယ်နေရာကိုပဲသွားသွား အဆင်မပြေနိုင်ဘူး။ ဒါပေမဲ့ ရန်ကုန်ကလူ နယ်ကိုသွားတာနဲ့ နယ်ကလူရန်ကုန်လာတာ အဆင်မပြေမှုချင်း မတူကြပါဘူး။
ကျွန်တော်တို့တွေ နယ်မှာရှိတဲ့ သူငယ်ချင်းဆီ သွားလည်ရင် အဲ့ဒီအိမ်မှာပဲ တည်း၊ အဲဒီအိမ်မှာပဲစားပြီး မပူမပင် နေလို့ရပါတယ်။ ရန်ကုန်ကလာတဲ့ ဧည့်သည်မို့ သူငယ်ချင်းရဲ့ အမျိုးအိမ်တွေကပါ ထမင်းဖိတ်ကျွေးတာတွေ လုပ်တတ်ပါသေးတယ်။
တစ်ခါတုန်းက နယ်ကသူငယ်ချင်းတစ်ယောက်ဆီ သွားလည်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မနက်ဖြန်သူက ယာထဲဆင်းပြီး အလုပ်လုပ်ရမယ့်အကြောင်း ပြောပြပါတယ်။ နှစ်ရက်လောက် ယာထဲမှာ အလုပ်လုပ်ပြီးမှ အားမှာမို့ ကျွန်တော့်ကို အိမ်မှာတစ်ယောက်တည်း ထားခဲ့ရမှာ အားနာနေပါတယ်။ ဒါနဲ့ ကျွန်တော်လည်း သူ့ယာခင်းထဲ နှစ်ရက်လိုက်နေပြီး အတွေ့အကြုံသစ်တွေ တိုးလာခဲ့ပါတယ်။ နှစ်ရက်ကျော်တော့ သူငယ်ချင်းက အလုပ်အားပြီမို့ သူတို့မြို့ရဲ့ အထင်ကရ နေရာတွေကို လိုက်ပို့ပါသေးတယ်။
နယ်မှာ ဧည့်သည်တစ်ယောက်ကို အဲဒီလိုမျိုး ဧည့်ဝတ်ကျေပေမယ့် ကျွန်တော်တို့ ရန်ကုန်မှာတော့ ဧည့်သည်တစ်ယောက်ကို ဧည့်ဝတ်ကျေဖို့ တော်တော်ကိုကြိုးစား ကြပါတယ်။
တစ်ခါတုန်းက သူငယ်ချင်းတစ်ယောက်ရဲ့မိတ်ဆွေ ရန်ကုန်လာလည်တော့ သူငယ်ချင်း အလုပ်က ခွင့်ယူလို့မရ၊ ပိတ်ရက်ကလည်း နည်းနည်းလိုနေ၊ အလုပ်ခွင်ထဲကိုလည်း မိတ်ဆွေကို ခေါ်သွားလို့မရနဲ့ အခက်ကြုံရပါတယ်။ ကျွန်တော်ကပဲ သူငယ်ချင်းရဲ့ မိတ်ဆွေကို သူငယ်ချင်းကိုယ်စား လိုက်ပို့ပေးရပါတယ်။
ရန်ကုန်မှာ အခြေကျစ ပြုနေတဲ့ သူတွေဆိုရင်လည်း လစဉ်ဝင်ငွေလေးကို အိမ်လခ ပေးပြီးတာနဲ့ ကျန်တဲ့ငွေလေးနဲ့ တစ်လစာ စားစရိတ်ကို ခြိုးခြံချွေတာရင်း နောက်တစ်လရဲ့ လစာထုတ်ရက်တွေကို မျှော်လင့်ရင်း တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးမျှတ အိမ်ရာဆိုတာတွေကလည်း သူတို့နဲ့ အလှမ်းဝေးနေဆဲ ဆိုတာကို ဝေေ၀၀ါးဝါး တွေးတောရင်းနဲ့ပေါ့ . . . . . |
အဲဒီအားကိုးရတဲ့ အိမ်တွေကလည်း နေရာကျယ်ဦးမှ။ မိသားစုကလည်း နည်းဦးမှ။ အားမနာဘဲ လွတ်လွတ်လပ်လပ် တည်းခိုလို့ရမှာ မဟုတ်လား။
ရန်ကုန်ရဲ့ အိမ်အများစုကတော့ နယ်ကအိမ်ခြံတွေလို ကျယ်ကျယ်ဝန်းဝန်း မရှိကြတာ များပါတယ်။ ရန်ကုန်ဟာ လူနေသိပ်သည်းမှုကြောင့် နေထိုင်ရတဲ့ နေရာတွေက ကျဉ်းမြောင်းလာကြပါတယ်။ သာမန်လူလတ်တန်းစား မိသားစုဟာ ပေနှစ်ဆယ်၊ ခြောက်ဆယ်ခြံမှာ အိမ်လေးတစ်လုံးဆောက်ပြီး နေနိုင်ကြပေမယ့် ဆယ်ပေအိမ် ကျဉ်းကျဉ်းလေးမှာ မိသားစုတွေ အများကြီး နေထိုင်ကြရတာကိုလည်း မြို့နယ်တော်တော်များများရဲ့ ရပ်ကွက်တွေမှာ တွေ့နိုင်ပါတယ်။
အိမ်ပိုင်ဆိုင်မှု မရှိတဲ့ သူတွေကတော့ ငွေကြေးတတ်နိုင်မှုအပေါ် မူတည်ပြီး လုံးချင်းအိမ်လေးတွေ၊ တိုက်ခန်းလေးတွေ ငှားနေကြပါတယ်။ အိမ်ရှင်တချို့က စပေါ်ငွေ ကြိုတောင်းပြီး အိမ်လခ တစ်လချင်းပေး၊ အိမ်ပြောင်းမယ်ဆို တစ်လကြိုပြော စပေါ်ငွေပြန်အမ်းတဲ့ စနစ်ကို အသုံးပြုပြီး တချို့က ခြောက်လ၊ တစ်နှစ်စသဖြင့် အပျောက်ငှားကြပါတယ်။
အခုနောက်ပိုင်း ရန်ကုန်ဟာ လူဦးရေ ပိုမိုများပြားလာပြီး နေရာထိုင်ခင်း ပြဿနာက ပိုမိုကြီးမား လာပါတယ်။ နာဂစ်ဖြစ်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းက လူတော်တော်များများဟာ ရန်ကုန်ကို ပြောင်းရွှေ့နေထိုင် လာကြပါတယ်။ ရန်ကုန်မှာ ရရာအလုပ် တစ်ခုခုကိုလုပ်ပြီး မိသားစုဘ၀ကို အဆင်ပြေသလို ရပ်တည်ဖို့ ဆုံးဖြတ်ချက်တွေနဲ့ပေါ့။
ရန်ကုန်မှာ ရရာအိမ်ခန်း တစ်ခုကိုငှားပြီး အလုပ်လုပ်လို့ရတဲ့ လူမှန်သမျှ စက်ရုံတွေမှာ အလုပ်ဝင်ကြသလို၊ နေ့စားရှင်းပြီး ငွေလက်ငင်းရတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်ကြမ်း ၀င်လုပ်သူကလုပ်နဲ့ နေရေးနဲ့စားရေးကို ရင်ဆိုင်ကြပါတယ်။ ရန်ကုန်ကို ပြောင်းလာတဲ့အချိန်မှာ အဆင်ပြေရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရည်မှန်းချက်တွေကိုတော့ လက်တွေ့မှာ အကောင်အထည် မဖော်နိုင်ကြပါဘူး။
ရန်ကုန်ရဲ့ စားစရိတ်နဲ့ အိမ်လခဟာ သူတို့ရဲ့ ရည်မှန်းချက်တွေကို ကျားကန်ထားရုံပဲ တတ်နိုင်ပါတယ်။ နေ့စဉ်ဝင်ငွေနဲ့ မိသားစုစားစရိတ်ကို ထိန်းထားနိုင်ပေမယ့် လကုန်တိုင်းပေးရတဲ့ အိမ်လခကတော့ မျှော်လင့်ချက်တွေကို ရိုက်ချိုးနေဆဲပေါ့။
ခြံပိုင်ရှင်တွေကလည်း အရင်လို အိမ်တစ်လုံးမှာ မိသားစုတစ်စုကို ငှားတာမျိုး မဟုတ်တော့ပါဘူး။ ခြံအပြည့် အိမ်ဆောက်ပြီး လေးငါးခန်းလောက်ရအောင် အခန်းလေးတွေကန့်လို့ ငှားကြပါတယ်။ အဲဒီလို အခန်းတွဲလေးတွေကို အဆောင်လို့ ခေါ်ကြပေမယ့် တကယ်တော့ မိသားစု တစ်စုအတွက်တော့ နားခိုစရာ ကျောခင်းစရာ အိမ်လေးတွေပါပဲ။
အမျိုးသားသီးသန့်၊ အမျိုးသမီး သီးသန့်အပြင် အခုနောက်ပိုင်း မိသားစုလိုက် နေလို့ရတဲ့ အဆောင်တွေကို မြို့သစ်တွေမှာ တော်တော်များများ တွေ့လာရပါတယ်။
တကယ်တော့ နယ်မြို့ကနေ ရန်ကုန်ကို စွန့်စားပြီး လာကြတဲ့သူတွေဟာ တစ်ရပ်တစ်ကျေးမှာ ဘ၀တစ်ခု ပြောင်းလဲနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ လာကြပါတယ်။ ဘယ်သူကများ ကိုယ့်ရပ်ကိုယ့်ရွာကိုစွန့်ပြီး အရပ်တစ်ပါးမှာ အခြေချချင်မှာလဲ။ အလုပ်အကိုင် အခွင့်အရေးလေး တစ်ခုနဲ့ ကျောချဖို့ နေရာလေးတစ်ခုလောက် ရရင်ဆိုတဲ့ ဆန္ဒလေးတွေနဲ့ လာကြတာပါ။
အဆောင်ပိုင်ရှင်တွေ၊ အိမ်ပိုင်ရှင်တွေ အနေနဲ့လည်း လောဘကို နည်းနည်းလျှော့ပြီး "လဲနေသူ ထူပေးပါ" ဆိုတဲ့ စကားရပ်လေးလို ဒုက္ခနဲ့ လာတဲ့သူတွေကို ကူညီချင်တဲ့ စိတ်စေတနာလေး နည်းနည်းလောက် မျှဝေပေးနိုင်မယ်ဆိုရင် သိပ်ကောင်းမှာပါပဲ။
ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ . . .။
"အဆောင်ငှားရန် ရှိသည်" ဆိုတဲ့ ဆိုင်းဘုတ်လေးတွေကို နေရာတော်တော်များများမှာ တွေ့နေရပြီး နယ်ကတက်လာတဲ့ သူတွေကိုလည်း အထုပ်အပိုးတွေနဲ့ မကြာခဏ တွေ့နေရပါတယ်။
ရန်ကုန်မှာ အခြေကျစ ပြုနေတဲ့ သူတွေဆိုရင်လည်း လစဉ်ဝင်ငွေလေးကို အိမ်လခ ပေးပြီးတာနဲ့ ကျန်တဲ့ငွေလေးနဲ့ တစ်လစာ စားစရိတ်ကို ခြိုးခြံချွေတာရင်း နောက်တစ်လရဲ့ လစာထုတ်ရက်တွေကို မျှော်လင့်ရင်း တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးမျှတ အိမ်ရာဆိုတာတွေကလည်း သူတို့နဲ့ အလှမ်းဝေးနေဆဲ ဆိုတာကို ဝေေ၀၀ါးဝါး တွေးတောရင်းနဲ့ပေါ့။
စိတ်ရဲ့ထွက်ပေါက်ကို ဖြစ်စေတဲ့ သီချင်းလေး တစ်ပုဒ်က ဘ၀တူတွေကို ၀မ်းနည်းစေသလိုလို . . . အားပေးနေသလိုလို ...။
"မနက်ဖြန် .. ဒီအခန်းက .. နေခဲ့တာ စာချုပ်ပြည့်တော့မယ် .."
Written by လူသန့်
Credit To First-11
Post a Comment