မြန်မာနိုင်ငံ၏ အစပျိုးစ ယိုင်ယဲ့ယဲ့ ဒီမိုကရေစီစနစ်မှာ အထူးအဆန်းများ ကြုံနေရသည်။ လွှတ်တော်အတွင်းက ရည်မှန်းချက်ကြီးကြီးနှင့် အာဏာအပေးအယူလုပ်နေသူများ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ တိုင်းရင်းသားအရေးလှုပ်ရှားသူများ၊ စစ်အရာရှိများအပါအ၀င် ယာယီခေတ္တမဟာမိတ်ဖွဲ့ထားသူများက အခြားတစ်ဖက်က အာဏာလက်ဝယ်ကိုင်ထားသူ အစိုးရကို စိန်ခေါ်ပြိုင်ဆိုင်လာမှုက အရှိန်ကောင်းလာသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော သမ္မတ၊ အာဏာလက်ဝယ်ရှိသူများနှင့် လွှတ်တော်အမတ်များကြားက ပြဿနာများသည် စစ်တပ်ကို ဇောင်းပေးထားသည့် အခြေခံဥပဒေနှင့် မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာမှုမရှိသော အာဏာချုပ်ကိုင်မှုကို ပြသနေပြီး ကြီးမားသော ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်လာရန် အစပျိုးနေသည်ဟု အခြေခံဥပဒေကျွမ်းကျင်သူများကဆိုသည်။
ယခုကဲ့သို့ ပြဿနာမီးပွားများသည် နေပြည်တော်လွှတ်တော်ကြီးထဲတွင် ၂၀၁၁ ခုနှစ် အစောပိုင်းကတည်းက အရှိန်ပျိုးလာခြင်းဖြစ်သည်။ လွှတ်တော်စတင်စဉ်က ခန့်မှန်းထားခဲ့သည့် ရုပ်သေးရုပ်လွှတ်တော်ဆိုသည့် စကားနှင့် သွေဖည်ကာဝန်ကြီးများနှင့် အစိုးရအုပ်ချုပ်သူများ အကြား ဥပဒေကြမ်းများကို ပြင်ဆင်ရေးဆွဲရေးအတွက် အချိန်ကြာမြင့်သည့် ငြင်းခုံမှုများ၊ နှစ်ဖက်စလုံး၏ အကြိုက်ကိုရယူရန် အစိုးရအဖွဲ့အချို့၏ ပြောစမှတ်ပြုရသည့် အဆန်းတကြယ်လုပ်ဆောင်ချက်များက တိုးပွားလာနေပြီး အချို့က ထိုအခြေအနေကို စိုးရိမ်ကြောင်း ပြောဆိုလာကြပါပြီ။
အဆုံးစွန်ပြောရလျှင် တချို့အကြီးအကဲများက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆောင်ရွက်မှုအပါအ၀င် အစိုးရ၏ လုပ်ဆောင်ချက်များကို သတိပေးလာကြသည့်အဖြစ်က သမ္မတဦးသိန်းစိန်နှင့် သူ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သူများက အသုံးမကျရာရောက်သလို သူတို့ကို သိက္ခာချသည့်အနေအထားလည်းဖြစ်လာပါသည်။ တချို့ အကြီးအကဲများက သမ္မတနှင့် လွှတ်တော်အကြားက ပဋိပက္ခကို လျှော့ချဖို့ကြိုးစားနေသည့် ပုံစံဖမ်းထားပြီး ထိုကဲ့သို့ ဖြစ်ရပ်များသည် ဒီမိုကရေစီစနစ်၏ အသီးအပွင့်များဟု ဆိုပါသည်။
“ဒါပုံမှန်ပါပဲ။ ကမ္ဘာတစ်ဝန်းမှာ ဖြစ်နေကြတာပါ။ ရွေးကောက်ခံအမတ်တွေက အစိုးရကို မေးခွန်းထုတ်မယ်၊ ဝေဖန်မယ်။ ဒါဒီမိုကရေစီစနစ်ရဲ့ လုပ်ဆောင်ချက်ပဲ။ အခုနေပြည်တော်မှာ တွေ့နေရတာလည်း အဲဒါပဲလေ” ဟု အထက်လွှတ်တော်အမတ်တစ်ဦးက ပြောသည်။
ပြဿနာမှာ မြန်မာ့လွှတ်တော်ဆိုသည်က လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ထားသည်ဟု အနောက်နိုင်ငံမှ လေ့လာသူများ မခေါ်ဆိုနိုင်သည့် လွှတ်တော်မျိုးဖြစ်ပါသည်။ လွှတ်တော်အမတ် ၆၆၄ နေရာ၏ လေးပုံတစ်ပုံကို ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားပြီး လိုသလိုနေရာအပြောင်းအလဲရှိသည့် စစ်သားအမတ်များက ပိုင်ဆိုင်ထားသည်။
လွှတ်တော်နှစ်ရပ်စလုံးကို ၂၀၁၀ ရွေးကောက်ပွဲတွင် အများဆုံးအနိုင်ရခဲ့သည်ဆိုသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှမ်းမိုးထားသည်။ အနောက်နိုင်ငံများကမူ ထိုပါတီသည် ကြိုတင်မဲများဖြင့် မဲလိမ်အနိုင်ရခဲ့သည်ဆိုပြီး ပြစ်တင်ရှုတ်ချခဲ့သည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၌ ၄၄ နေရာတွင် ၄၃ နေရာအနိုင်ရခဲ့သည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထိုအထဲတွင် လက်တစ်ဆုပ်သာသာနေရာယူထားသည်။ ၎င်းတို့အပြင် ဒေသအရေးကို အမျိုးသားရေးအဖြစ် ပုံစံပြောင်းနေသည့် အမျိုးမျိုးသော တိုင်းရင်းသားပါတီများရှိသည်။
လွှတ်တော်ထဲရှိ ထိုကဲ့သို့ ကွဲပြားခြားနားနေသည့် အုပ်စုများကြား မျှော်မှန်းမရနိုင်သည့် ပြဿနာမီးပွားများက ပြီးခဲ့သည့် ဇွန်လတွင် စိုးရိမ်ရေမှတ်အထိပင် ရောက်လာခဲ့သည်။ လွှတ်တော်ပြန်စသည့် ပထမအချိန်မှာပင် အာဏာပြင်းသည့် ပြည်သူ့လွှတ်တော်က မြန်မာအစိုးရ လုပ်ဆောင်နေသည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်း နိုင်ငံခြားကုမ္ပဏီများကို ဆက်သွယ်ရေးလိုင်စင် ထုတ်ပေးခြင်းကို စတင်ထိုးနှက် တိုက်ခိုက်ခဲ့သည်။
ထိုအဖြစ်များက မြန်မာလွှတ်တော်တွင် တင်းမာမှုကြီးထွားလာခြင်း၏ နောက်ဆုံးလက္ခဏာဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံခြားက အကြံပေးများအားလုံးက အစိုးရ၏ အာဏာစီရင်မှုအပေါ်တွင် လွှတ်တော်က ၀င်ရောက်စွက်ဖက်နေခြင်းအတွက် လွှတ်တော်ကို သတိပေးရသည့်အဖြစ် ရောက်ရှိလာစေသည်။
ထိုအရှိန်အဟုန်သည် တရားရုံးချုပ် တရားသူကြီးများနှင့် သမ္မတကိုပင် စွဲချက်တင်နိုင်သည့် အခြေခံဥပဒေတရားရုံး၏ အာဏာအပေါ်မှာ လွှတ်တော်က အနိုင်ရလိုက်သည့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတည်းက အားကောင်းလာခြင်းဖြစ်သည်။
ထို့အပြင် အာဏာရအစိုးရကို အားစမ်းသည့်အနေဖြင့် အစိုးရ၏ တရားရုံးများသို့ ရွေးချယ်ခန့်အပ်မှုအပေါ်မှာလည်း လွှတ်တော်က ဖိအားပေးထားသည်။ ယခုအခါ တရားစီရင်ရေးမှာ အားနည်းလာပြီး လွှတ်တော်အမတ်များသည် အစိုးရ၏ အာဏာစီရင်ရေးတွင် လိုသည်ထက်ပိုမိုကစားနေကြသည်ဟု အကဲခတ်များက ဝေဖန်သတိပေးကြသည်။
ဝေဖန်သံသောသောညံခဲ့သော ၂၀၁၀ ရွေးကောက်ပွဲဖြင့် အစပြုခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာလွှဲပြောင်းပေးခဲ့သည့် ဦးသိန်းစိန် သမ္မတဖြစ်လာသော ၂၀၁၁ ခုနှစ် အစောပိုင်းကစပြီး မြန်မာ့လွှတ်တော်သည် တဖြည်းဖြည်းအားကောင်းလာသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ လွှတ်တော်တွင်း ၀င်ရောက်လာသော ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းတွင် ထိုအရှိန်က ပို၍မြင့်တက်လာသည်။
စစ်သားအမတ်များနှင့် ကြံ့ခိုင်ရေးပါတီသည် ယခင်အစိုးရ၏ ကျောထောက်နောက်ခံဖြစ်ကာ လွှတ်တော်ကို လွှမ်းမိုးထားဆဲဖြစ်သည်။ သူတို့က လူကြိုက်များသည့် အချက်များကို ထောက်ခံပြီး တစ်ချိန်က သူတို့နှင့် ခိုင်မာစွာ လက်တွဲခဲ့သည့် လက်ရှိအစိုးရကိုပင် တစ်ခါတစ်ရံ ပြန်လည်ဝေဖန်တိုက်စစ်ဆင်တတ်ကြသည်။
အနောက်နိုင်ငံများနှင့် စေ့စပ်ညှိနှိုင်းရန် အရေးကြီးသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဲ့သို့ ကိစ္စများတွင် မျှတလွတ်လပ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွန်ရေးဥပဒေများ ဖြစ်မလာစေရန် အာဏာကို သုံးပြီး ၀င်ရောက်စွက်ဖက်သည်ကို တွေ့မြင်ရသည်။ မကြာသေးခင်က အစိုးရ၏ နိုင်ငံခြား ကုမ္ပဏီနှစ်ခု ဆက်သွယ်ရေးလိုင်စင် ချပေးမှုကို လွှတ်တော်က အချိန်ဆွဲရန်ကြိုးစားမှုက လွတ်လပ်စွာ လုပ်ကိုင်ခွင့်အပေါ်တွင် ကန့်သတ်ချက်များ၊ ပြဿနာများရှိနေသည်ဆိုသည်ကို ပြသနေသည်။
စစ်သားအမတ်များ အပါအ၀င် ရှေးရိုးစွဲသမားများဟု ခေါ်ဆိုသတ်မှတ်ရမည့် သူများက အံ့အားသင့်စရာကောင်းလောက်အောင် နိုင်ငံရေးနှင့် လူမှုရေးကိစ္စများမှာ ပိုမိုလွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဆုံးဖြတ်လာကြခြင်းကို တွေ့ရပါသည်။ ဥပမာအားဖြင့် အလုပ်သမားဥပဒေနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးကိစ္စများအတွက် ဖြစ်သည်။
မြန်မာနိုင်ငံ၏ အချက်အချာ လွှတ်တော်မှာ ပုံစံများပြောင်းလဲ နေပြီဆိုသည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာကြီးလှသော လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းတို့နှစ်ဦး သမ္မတအဖြစ် ဆောင်ရွက်လိုကြောင်း ကြေညာလိုက်သည့်အချိန်တွင် သိသိသာသာ ထင်ရှားလာပါသည်။ ထိုကြေညာမှုသည် ပြီးခဲ့သည့် ဇွန်လ လွှတ်တော်ပြန်လည်စတင်သည့်အချိန်မှာ သိသိသာသာကြီး ဂယက်ရိုက်ခတ်ခဲ့သည်။ ထိုအချိန်တွင် အစိုးရအတွင်း ပြဿနာသုံးရပ်ကြောင့် အကျပ်ရိုက်နေချိန်လည်းဖြစ်သည်။
ဘယ်သူမျှ မျှော်လင့်မထားခဲ့သည့် ပထမဆုံးပြဿနာက ဦးရွှေမန်းက အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်များ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တိုက်ခိုက်ဝေဖန်လိုက်ခြင်းဖြစ်သည်။ ထိုလုပ်ငန်းစဉ်သည် ငြိမ်းချမ်းရေးမရနိုင်သဖြင့် လွှတ်တော်က ပိုမိုပါဝင်အားစိုက်ရန် ၎င်းက တောင်းဆိုခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အဓိကတာဝန်ယူနေသော ၀န်ကြီးဦးအောင်မင်းက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးရာတွင် အာဏာကို အလွန်အကျွံသုံးနေကြောင်း ပြောကြားသကဲ့သို့ ရှိသည်။ ထိုအချက်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သမ္မတဦးသိန်းစိန်အစိုးရကို ပထမဆုံးအကြိမ် လူသိရှင်ကြားဝေဖန်လိုက်ခြင်းပင်ဖြစ်၏။
နောက်ထပ်တိုက်ခိုက်မှုကမူ သမ္မတဦးသိန်းစိန်ကို တိုက်ရိုက်ရည်ရွယ်ဟန်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် စစ်တပ်က ချုပ်ကိုင်ထားသည့်အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ ပါဝင်နိုင်ရန်အတွက် ကာလုံအစည်းအဝေးခေါ်ရန် ဦးရွှေမန်းက တောင်းဆိုခဲ့ပါသည်။ ထိုကောင်စီတွင် သမ္မတနှင့် လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌများနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ပါဝင်ပြီး အရေးကြီးသော လုံခြုံရေးကိစ္စများအတွက်ကလွဲပြီး တွေ့ဆုံစည်းဝေးမှုနည်းပါးလှသည်။
တတိယမြောက် တိုက်ခိုက် မှုကမူ ဆက်သွယ်ရေးလိုင်စင်များ ထုတ်ပေးခြင်းကို အချိန်ဆွဲခိုင်း ခြင်းဖြစ်သည်။ အစိုးရက လိုင်စင်ရသူကို မကြေညာမီလေးတွင်အမျိုးသားလွှတ်တော်က မဲခွဲပြီး အဆိုကိုအတည်ပြုလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း မြန်မာပြည်မှာ ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီနှစ်ခုကို အစိုးရက သတ်မှတ်ထားသည့်အချိန်မှာပင် ဆက်သွယ်ရေးဝန်ကြီးက ကြေညာလိုက်သည်။
ထိုဖြစ်စဉ်သုံးရပ်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်း၏ သမ္မတဦးသိန်းစိန်အပေါ် တိုက်ခိုက်ထိုးနှက်မှုများက သိသာလွန်းအားကြီးနေပြီး မနှစ်ခြိုက်သူများဆီက ဝေဖန်သံများညံလာသည်။ အစိုးရအတွင်း လူများနှင့် ပြည်သူ့လွှတ်တော်အမတ်များက ဦးရွှေမန်း၏ သမ္မတဦးသိန်းစိန်အပေါ် ထိုးနှက်ချက်များသည် ကိုယ်ရေးကိုယ်တာဆန်ပြီး တရားနည်းလမ်းမကျဟု ထင်မြင်ကြသည်။ ဦးရွှေမန်း၏ အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးကျင်းပရန် တောင်းဆိုမှုကို အလွန်အကျွံလုပ်လွန်းသည်။ နိုင်ငံရေးတွေပါနေပြီဟု အချို့ကကောက်ချက်ချခဲ့သည်။
ထို့ထက်ပိုပြီး သိသာထင်ရှားလာသည်က နေပြည်တော်က လွှတ်တော်သည် ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို ကူညီနေသည်လား (သို့မဟုတ်) လိုက်လံတားဆီးနေသည်လား မေးခွန်းထုတ်စရာဖြစ်လာသည်။ အချို့ လွှတ်တော်အမတ်တွေက ထိုအမြင်များကို ငြင်းဆိုပါသည်။ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်အမတ် ဦးလှမြင့်ဦးက “အဲဒီထင်မြင်ချက်တွေက မမှန်ပါဘူးဗျာ။ လွှတ်တော်က စတင်ကတည်းက အခုထိဥပဒေ ၅၃ ခုလောက်ကို အတည်ပြုပေးခဲ့တယ်။ သမ္မတသဘောမတူတဲ့ ဥပဒေတွေ
အပေါ်မှာ အပေးအယူ လုပ်နိုင်တယ်ဆိုတာလည်း ပြသခဲ့တယ်။ မျှမျှတတနဲ့ ကျွန်တော်တို့ အလုပ်လုပ်နေကြတာပါ” ဟုဆိုသည်။
သို့သော်လည်း ဥပဒေရေးရာ ကျွမ်းကျင်သူအချို့က အာဏာရှိသူများအကြား ထိပ်တိုက်ရင်ဆိုင်တိုးမှုများသည် ယခင်စနစ်ဟောင်းနှင့် လက်ရှိစနစ်သစ်ကို ပူးပေါင်းထားသည့် မြန်မာနိုင်ငံ၏ အများနှင့်မတူသော စနစ်ကြောင့် ဖြစ်သည်ဟုဆိုသည်။
“တကယ့် အစစ်တွေ ဖြစ်လာဖို့လည်း သိပ်မဝေးလောက်တော့ပါဘူး” အခြေခံဥပဒေဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်သူ မာကပ်စ်ဘရန်းက လွှတ်တော်နှင့် သမ္မတအစိုးရအကြား ကြီးထွားလာသည့် ပြိုင်ဆိုင်မှုများကို ရည်ညွှန်းရင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ မြန်မာအခြေခံဥပဒေက သမ္မတနှင့် အစိုးရအဖွဲ့ကို အုပ်ချုပ်ခွင့်အာဏာပေးထားသည့် တစ်ချိန်တည်းမှာပင် လွှတ်တော်ကို ထိန်းချုပ်နိုင်သည့်အာဏာပေးထားသည့်အတွက် ရှောင်လွှဲလို့မရသည့် ပဋိပက္ခများဖြစ်လာရသည်ဟု သူက ဆိုသည်။
နောက်ထပ်ဂယက်အရိုက်ခတ်ဆုံး ဖြစ်ရပ်တစ်ခုက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအရေး လှုပ်ရှားသူ ဘ၀ကနေ လက်တွေ့ကျသော နိုင်ငံရေးသမားတစ်ဦးဖြစ်လာခြင်းပင်။ ဒေါ်စုနှင့်ဦးရွှေမန်းတို့ ဆက်ဆံရေးတိုးတက် ကောင်းမွန်လာခြင်းက မတူညီသော မဟာမိတ်နှစ်ဦးအကြား အာဏာခွဲဝေ အပေးအယူလုပ်နေခြင်းလားဟု ပြောစရာများရှိလာပြန်သည်။
သူတို့နှစ်ဦးက မကြာခဏ ဆွေးနွေးတိုင်ပင်ကြသည့်အပြင် အချို့ကိစ္စရပ်များတွင် ဒေါ်အောင်ဆန်းစုကြည်က ဦးရွှေမန်းကို ထောက်ခံမှုများ ပိုလုပ်လာပါသည်။
“ကျွန်တော်တို့ထဲက တချို့ကတော့ ဒါကိုမကြိုက်ဘူးပေါ့လေ။ ဒါပေမဲ့ ဒေါ်စုက တိုင်းပြည်အတွက် လုပ်ဆောင်ဖို့သာ ဆုံးဖြတ်တတ်သူပါ။ သူ့ကို မထောက်ခံရင်လည်း ပါတီက ထွက်ဖို့ပဲရှိတယ်။ ဦးရွှေမန်းက စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီကို ကိုင်တွယ်နိုင်တယ်။ အခြေခံဥပဒေကိုပြင်ဖို့ ဒီလိုထောက်ခံမှုတွေ လိုအပ်ပါတယ်” ဟု သူတို့နှစ်ဦးအပေါ် သဘောထားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်တစ်ဦးက ရှင်းပြသည်။ မြန်မာနိုင်ငံရေး အကဲခတ်အများစု၏ သုံးသပ်ချက်အရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အကြားတွင် လျှို့ဝှက်သဘောတူညီချက်တစ်ခုရှိသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်သည်။ ယခုဥပဒေအရ နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့သူတစ်ဦးအနေဖြင့် မြန်မာနိုင်ငံတွင် သမ္မတရွေးကောက်ပွဲဝင်ခွင့်မရှိသည့်အတွက်ဖြစ်သည်။
လွှတ်တော်ထဲက အမတ် ၇၅ ရာခိုင်နှုန်းအပြင် အနည်းဆုံးစစ်သားအမတ်တစ်ဦးဆီက ထောက်ခံမှုလိုအပ်သဖြင့် ထိုဥပဒေအချက်ကို ပြင်ဆင်ရန်မဖြစ်နိုင်ဟု လေ့လာသူအချို့က ဆိုသည်။ မျှော်မှန်းထားသလို ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲတွင် အများဆုံး အနိုင်ရခဲ့ပါလျှင် သမ္မတကို ၎င်းက ရွေးချယ်ကောင်း ရွေးချယ်နိုင်မည်။ ၎င်းနှင့် ဦးရွှေမန်းတို့၏ နှစ်ဦးအင်အားကို အသုံးချပြီး အခြေခံဥပဒေမှ လိုအပ်သည့် အချက်များပြင်ဆင်နိုင်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် ဦးရွှေမန်းနှင့် သဘောတူညီချက်အရ ပူးပေါင်းခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။
“အဆုံးစွန်ပြောရရင် သူက ခေါင်းဆောင်မှုကို ဒေါ်စုကို လွှဲပေးလို့ရတယ်။ မြန်မာစနစ်က အဲလိုမျိုးလုပ်လို့ရတယ်လေ” ဟု နိုင်ငံရေးသမားများနှင့် ရင်းနှီးသူ မြန်မာဘလော့ဂါတစ်ဦးက ပြောပါသည်။ ထိုအချက်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီအတွင်း လူများက သဘောတူထားကြသည်ဟု သူကဆိုပါသည်။
“ဒါပေမဲ့ အဓိကထောက်ပြတဲ့ အချက်ကတော့ ဒေါ်စုနဲ့ ဦးရွှေမန်းက ဒါကိုထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မလား ဆိုတာပဲ” ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ထိုကဲ့သို့ သဘောတူညီချက်မျိုးရှိသည်ဆိုတာ မဖြစ်နိုင်ဘူး” ဟု ငြင်းပါသည်။
“အခုအချိန်မှာ ပေါင်းစည်းတယ်လို့ ပြောဖို့ အရမ်းစောလွန်းပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြံ့ဖွတ်ကို မဟာမိတ်အဖြစ် လက်ခံပါ့မလားဆိုတဲ့ မေးခွန်းမေးဖို့တောင် စောပါသေးတယ်”
အချို့ကလည်း မြန်မာက ပြင်သစ်နိုင်ငံမှာကဲ့သို့ သမ္မတနှင့် ၀န်ကြီးချုပ် နှစ်ဦးစလုံးထားရှိမည့် စနစ်မျိုးကို ဦးတည်နေသည်ဟု ဆိုပါသည်။ ထိုစနစ်က နိုင်ငံရေးသမားများကို နှစ်ဦးနှစ်ဖက်ကျေနပ်မှု ရှိစေမည့် သဘောရှိပါသည်။
ထိုအချိန်တွင် ယခင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နေရာကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ယူလာသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း နိုင်ငံရေးအင်အားကောင်းလာသည်ဟု ဆိုပါသည်။
“သူ့ကြည့်ရတာ ပိုယုံကြည်မှုရှိလာပြီး ပိုပြီးနိုင်ငံရေးသမားဆန်လာတယ်” ဟု အာရှသံတမန်တစ်ဦးက ပြောကြားသည်။
ပြုပြင်ပြောင်းလဲရေးများကြောင့် လူကြိုက်များလာသော သမ္မတဦးသိန်းစိန်ကရော ဒုတိယအကြိမ်သက်တမ်းအတွက် ပြန်လည်အရွေးခံဦးမည်လား။ ထိုအရာကလည်း မေးခွန်းထုတ်စရာ ဖြစ်လာသည်။
အချို့က မြန်မာနိုင်ငံ၏ စစ်အာဏာရှင်စနစ်မှ ယခုကဲ့သို့ ကူးပြောင်းလာခြင်းသည် အကွက်ချစီစဉ်ထားခြင်း တစ်ခုဖြစ်သည်ဟုဆိုချိန်တွင် နိုင်ငံရေးလှုပ်ရှားသူအချို့က ထိုအရာသည် ပြည်သူ့သဘောထားသာ ဖြစ်သည်ဟု ပြောဆိုခြင်းမှာ အနည်းငယ်ထူးဆန်းနေပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကောင်စစ်ဝန်ဟောင်း ပရက်ဆီလာကလပ်က “အစိုးရအဖွဲ့ကို ထိန်းချုပ်ဖို့ဆိုတာ လွှတ်တော်ရဲ့ တာဝန်ပါပဲ။ လွှတ်တော်နဲ့ အစိုးရကြားက လက်တလောအပေးအယူတွေက ဒီမိုကရေစီအစပြုနေတာကို ပြသနေတာပါ။ ဒါမှမဟုတ်ရင်တော့ တချို့ ပြောသလို နိုင်ငံရေးပြဿနာတွေ ဖြစ်လာမယ့် လက္ခဏာပဲ” ဟု ဆိုသည်။
မြန်မာအစိုးရ၏ အာဏာဖွဲ့စည်းပုံတွင် တစ်ချိန်က စစ်ဗိုလ်ချုပ်များကြီးစိုးခဲ့ပြီး ယခုအခါတွင် သိသိသာသာ လွှတ်တော်နှင့် အစိုးရအဖွဲ့ကပါဝင်မှု ပိုများလာသည်ကို တွေ့နိုင်သည်။ သို့သော်လည်း စစ်တပ်က အရေးပါသော ကဏ္ဍတွင်ရှိနေဆဲဖြစ်သည်။ ဥပမာဆိုရလျှင် မေလတုန်းက အမေရိကန်ပြည်ထောင်စုက သမ္မတအိုဘားမားကို လာတွေ့သည့် သမ္မတဦးသိန်းစိန်၏ ခရီးစဉ်ကိုယ်စားလှယ်အဖွဲ့မှာပင် ဗိုလ်ချုပ်ဝေလွင်နှင့် ဗိုလ်ချုပ်ကိုကိုကဲ့သို့ ဗိုလ်ချုပ်ကြီးများ ပါဝင်သည်။
သို့သော်လည်း သမ္မတဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အမေရိကခရီးစဉ်တွင် ခေါ်လာမည့် တောင်းဆိုချက်ကို စောသေးသည်ဟု အကြောင်းပြကာ အိမ်ဖြူတော်က ပယ်ချခဲ့သည်။
ဝါရှင်တန်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်က ဦးသိန်းစိန်က တပ်မတော်သည် အစိုးရအဖွဲ့တွင် အရေးပါသောကဏ္ဍ၌ အမြဲတမ်းရှိနေသည်ဟု ပြောကြားခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော တပ်မတော်ကို မိသားစုသဖွယ်ချစ်ခင်ပါသည်ဟု ပြောကြားခဲ့ပါသည်။ ထို့သို့ ပြောကြားခြင်းကို ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ချင်သည့် ရည်ရွယ်ချက်ဖြင့် ပြောကြားခြင်းဖြစ်သည်ဟု အချို့က ဝေဖန်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်တွင်လည်း စိန်ခေါ်မှုများ တစ်ပုံတစ်ပင်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ၂၅ ရာခိုင်နှုန်းသော လွှတ်တော်အမတ်နေရာများက စစ်တပ်က ပိုင်ဆိုင်ထားသည်ဖြစ်သည့်အတွက် စစ်တပ်ကို စစ်တန်းလျား ပြန်ပို့ရန်အတွက်ပင် စစ်တပ်အမတ်များက ထောက်ခံမှု လိုသေးသည်။ တစ်ချိန်တည်းမှာပင် မြန်မာစစ်ဗိုလ်ချုပ်များကလည်း လက်ရှိ အာဏာရ အစိုးရဆီက ဖိအားပေးမှုများ ခံနေရသည်။ စစ်တပ်ကို စစ်တန်းလျားဆီ ပြန်သွားစေချင်သူများက စစ်တပ်လက်ဝါးကြီး အုပ်ထိန်းချုပ်ထားသော မော်တော်ကား၊ ဘီယာနှင့် ယမကာ၊ ဆောက်လုပ်ရေးလုပ်ငန်းများမှ ရုန်းထွက်မည့် စီးပွားရေးစနစ်ကို တွန်းအားပေးနေကြသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီးပွားရေးလုပ်ငန်းများမှာလည်း စစ်တပ်က နောက်ခံပေးထားသော ကုမ္ပဏီများကို ယခင်စစ်အစိုးရက ပေးအပ်ခဲ့ခြင်းဖြစ်သည့်အတွက် စစ်တပ်ကပင် လက်ဝါးကြီးအုပ်ထားသည်။ သို့သော်လည်း သမ္မတ ဦးသိန်းစိန်က စစ်တပ်ပိုင်ကုမ္ပဏီများကို အခွန်ပေးဆောင်ရန်နှင့် အခြားစီးပွားရေးလုပ်ငန်းများနှင့် တန်းတူလုပ်ရမည်ဟု သတ်မှတ်လိုက်သောအခါ ယခင်က အခွင့်ထူးခံဖြစ်သော စစ်ဗိုလ်ချုပ်ကြီးများအတွက် အသက်ရှူကျပ်လာစရာဖြစ်လာသည်ဟု ၀ါရှင်တန်တက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ မာရီကလယ်ဟန်က ပြောကြားသည်။
ပြီးခဲ့သည့် ခြောက်လအတွင်း မြန်မာစစ်တပ်က လက်ဝါးကြီးအုပ်ထားသည့် ဘီယာနှင့် စီးကရက်လုပ်ငန်းများတွင် ဟန်နီကန်၊ ကားလ်ဘတ် ဘီယာများ၊ ဂျပန်ဆေးလိပ်ကုမ္ပဏီနှင့် လန်ဒန်စီးကရက်ထုတ်လုပ်သည့် ဘီအေတီကုမ္ပဏီများ ၀င်ရောက်လာခြင်းသည် စစ်တပ်၏ စီးပွားရေးလုပ်ငန်းများကို အတိအလင်းစိန်ခေါ်လိုက်ခြင်းဖြစ်သည်။
ထို့အပြင် စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် စီးပွားရေးသမားများနှင့် တရုတ်ကုမ္ပဏီများက ဒေါ်လာ ၁၄ ဘီလီယံမြှုပ်နှံထားသော အခြေခံအဆောက်အအုံ စီမံကိန်းများ ဖျက်သိမ်းခံရသည်။ ထို့အပြင် အစိုးရက စစ်တပ်အသုံးစရိတ်ကိုလည်း နိုင်ငံတော် အသုံးစရိတ်၏ ၂၂ ရာ ခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၁၂ ရာခိုင်နှုန်းသို့ လျှော့ချဖြတ်တောက်လိုက်သည်။
ထို့အတူ အရပ်သားအစိုးရ အသွင်ပြောင်းရေးကလည်း အစိုးရအဖွဲ့တွင်းမှာ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်တပ်အရာရှိကြီးများမှာ အစိုးရအုပ်ချုပ်ရေး ယန္တရားအတွင်းမှ ဖယ်ရှားခံလာရသည်။ ပြီးခဲ့သည့် တစ်နှစ်တည်းမှာပင် စစ်တပ်အရာရှိ ၇၀၀ ကျော်က အစိုးရရုံးဌာနအတွင်းမှ ရဲဌာနသို့ ပြောင်းရွှေ့ခံရသည်။
ခြုံငုံသုံးသပ်ရလျှင် စစ်တပ်အုပ်ချုပ်မှုဖြင့် မြန်မာနိုင်ငံသည် ယခင်ကလို ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်တော့ပါ။ သို့သော်လည်း စစ်တပ်သည် မြန်မာနိုင်ငံတွင် အာဏာရှိနေဆဲဖြစ်ပြီး ၂၀၁၁ ခုနှစ်က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းစသော အဓိကနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင် စစ်တပ်မပါဘဲ မလုပ်ဆောင်နိုင်ဟု နိုင်ငံရေးပညာရှင် အချို့က ဆိုသည်။
သို့ရာတွင် စစ်တပ်အနေဖြင့် ထိုအတိုင်းဆက်မသွားရန် ဆုံးဖြတ်နိုင်သည့် အနေအထားရှိသလားဟု မေးစရာရှိလာပါသည်။
အဆိုးမြင်သူများကမူ စစ်တပ်ဗိုလ်ချုပ်များသည် စစ်စရိတ်ဖြတ်တောက်ခြင်းနှင့် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးကိစ္စများကို သဘောမကျဘဲ တိုင်းပြည်မှာ ဆူပူလှုပ်ရှားမှုများဖြစ်လာအောင် မွတ်ဆလင်ဆန့်ကျင်ရေး ဘာသာရေးလှုပ်ရှားမှုများကို နောက်ကနေ ငွေကြေးပံ့ပိုးနေပြီး တိုင်းပြည်ကို နောက်ပြန်လှည့်အောင်လုပ်နေသည်ဟု ဆိုကြသည်။
အကောင်းမြင်သူများမူ ဦးသိန်းစိန်ဦးဆောင် ပြုပြင်ပြောင်းလဲရေးသမားများသည် နောက်ပြန်လှည့်မည်မဟုတ်ဘဲ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို အပြည့်အ၀အကောင်အထည်ဖော်နိုင်မည်ဟု ပြောသည်။
စီးပွားရေးအမြင်အရမူ မြန်မာသည် အိမ်နီးနားချင်း ကမ္ဘောဒီးယားနိုင်ငံကလိုပင် ခရီးသွားများ အဆမတန်များလာပြီး ပျက်စီးကာ လောဘကြီးသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် အမျိုးသားများ လွှမ်းမိုးသော အစိုးရအဖွဲ့နှင့်သာ အဆုံးသတ်ရရန် ရှိပါသည။်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုသာ အားကိုးနေပြီး ၎င်းပြီးလျှင် ဆက်ခံအုပ်ချုပ်နိုင်မည့်သူ မရှိပါ။ ထို့အပြင် မြန်မာ၏ နည်းလမ်းမကျသော အခြေခံဥပဒေကြောင့် လွှတ်တော်နှင့် အစိုးရအကြားတွင် ပြိုင်ဆိုင်မှုများ တိုးပွားလာနေသည်ကလည်း ပြဿနာတစ်ခုဖြစ်သည်။ ထို့ကြောင့် အခြေခံဥပဒေကို ပြန်လည်ပြုပြင်မှသာလျှင် မြန်မာသည် စစ်မှန်သည့် ဒီမိုကရေစီ စနစ်ကို ရနိုင်မည်ဟု နိုင်ငံရေးပညာရှင်အချို့က ဆိုသည်။
ထို့ကြောင့် အာဏာအရှိန်ကြီးမားသည့် စစ်တပ်က တစ်ခါလောက် ကိုယ့်ကိုယ်ကိုယ် စတေးခံပြီး နိုင်ငံရေးမှ စစ်တပ်၏အာဏာကို ဖယ်ရှားရန် ဆောင်ရွက်သင့်ပြီဟု ဆိုသည်။
သို့သော်လည်း အနည်းဆုံးတော့ အထီးကျန်ကာလများမှ ယခုအချိန်ထိ လျှောက်လှမ်းလာခဲ့သည့် မြန်မာနိုင်ငံကို စောင့်ကြည့်နေကြဦးမည်သာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးအာဏာလို ၎င်း၏ ဦးတည်ချက်ကို မှန်းဆကာ မပြောနိုင်သေးသော်လည်း မြန်မာနိုင်ငံက ပြောင်းလဲလှုပ်ရှားလာနေပြီဆိုသည်ကမူ မေးခွန်းထုတ်စရာ မလိုအောင် သိသာထင်ရှားနေသည် မဟုတ်ပါလား ။ ။
Poreign Policy မဂ္ဂဇင်းပါ GWENROBINSON ၏ The Contenders ကို ထားထားမြင့်ဘာသာပြန်ဆိုသည်။
Credit To 7Day News Journal
Post a Comment