လွန်ခဲ့သော လအနည်းငယ်က ၂၅ ရာခိုင်နှုန်းနှင့် ပတ်သက်ပြီး ဆောင်းပါး တစ်ပုဒ် (၂၅ ရာခိုင်နှုန်း သို့မဟုတ် ပြင်ဆင်ရေး၏ အရေးကြီး အဆင့်၊ The Voice Weekly,Vol 9/No.16) ကို ရေးသားခဲ့ပါ သည်။ အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး တုံ့ပြန်မှုများကိုလည်း ကြားသိရပါသည်။ ကျွန်တော့် အနေနှင့် ၂၅ ရာခိုင်နှုန်းကို အလျင်အမြန် ဖယ်ထုတ်ပေးရန် တစ်ဖက်သတ် တောင်းဆိုလိုခြင်း မဟုတ်ဘဲ ဖယ်ထုတ်ရန် အကြောင်းတရားများကို သက်ဆိုင်သူများ ထည့်သွင်း စဉ်းစားနိုင်ရန် တစ်ထောင့် တစ်နေရာမှ တင်ပြလိုခြင်းသာ ဖြစ်ကြောင်း ပြောဆိုလိုပါသည်။ ၂၅ ရာခိုင်နှုန်းအပေါ် ရှုထောင့် ပေါင်းစုံမှ တုံ့ပြန်မှုများကို နှိုးဆွလိုခြင်း၊ နားထောင်လိုခြင်းလည်း ဖြစ်ပါသည်။ ယခုလည်း ကျွန်တော် တင်ပြခဲ့သော အကြောင်းအရာများ အနက်မှ ပထမဆုံး အချက်ကို ထပ်မံဆွေးနွေးလိုသည့် အတွက် ဤဆောင်းပါးကို ရေးသားလိုက်ရပါသည်။
သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအနေနှင့် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် အဆင့်များ ချမှတ်ထားရာ အထက်ပါ လုပ်ငန်းစဉ်များကို ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့်အတူ မြန်မာ ငြိမ်းချမ်းရေးစင်တာမှ ပညာရှင်များ အကောင်အထည်ဖော်နေကြရာ အဆိုပါ လုပ်ငန်းစဉ်များကို သဘောတူကြောင်း၊ ကြိုးစားမှုများကို အသိအမှတ်ပြုကြောင်း ဦးစွာ ဖော်ပြလိုပါသည်။ သမ္မတကြီးနှင့် ဦးအောင်မင်းတို့ မျှော်မှန်းချက်မှာ ယခု အစိုးရသက်တမ်း မကုန်ဆုံးမီ (၂၀၁၅ မတိုင်ခင်) တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် အပစ်အခတ် ရပ်စဲပြီး လက်နက်ကိုင် အဖွဲ့ပေါင်းစုံ ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲကြီး တစ်ရပ် ကျင်းပနိုင်ရေးဖြစ်ရာ အဆိုပါ ရည်မှန်းချက် အကောင်အထည် ပေါ်လာရေးအတွက် ၂၅ ရာခိုင်နှုန်း သည် အရေးတကြီး လိုအပ်သော ကိစ္စတစ်ရပ်ဟု ယူဆသဖြင့် ယခင် ဆောင်းပါး ဖြစ်သော ‘ပြင်ဆင်ရေး၏ အရေးကြီး အဆင့်’ ကို တင်ပြ ရေးသားရခြင်း ဖြစ်ပါသည်။
လက်ရှိတွင် လက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆွေးနွေးနေသော ကိစ္စရပ်များသည် နေပြည်တော်အထိ ဆွဲဆောင် ခေါ်ယူနိုင်လောက်အောင် ယုံကြည်မှု မရရှိသေးရာ အဆိုပါ ယုံကြည်မှုကို တည်ဆောက်ရာတွင် တပ်မတော်သည် အုပ်ချုပ်သူ အစိုးရထက် ပိုမို အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေသည်ဟု ယူဆပါသည်။ အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့၏ အရေးပါမှုသည် အစိုးရ၏ နိုင်ငံရေး ဆွေးနွေးပွဲ များတွင် ယုံကြည်မှုကို အဟန့်အတား ဖြစ်စေသော ကိစ္စတစ်ခု ဖြစ်နေမည်လား ဆိုသည်ကို စဉ်းစားရန် ဖြစ်ပါသည်။ လက်နက်ကိုင် အဖွဲ့အစည်းများ အနေနှင့်လည်း မိမိတို့နှင့် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့သော မြန်မာ့ တပ်မတော်အပေါ် ယုံကြည်မှု အားနည်းနေခြင်းမှာ သဘာဝကျပါသည်။
မည်သို့ပင်ဆိုစေ လက်ဆွဲ
နှုတ်ဆက်ရာတွင် လက်များကို မဖြန့်ဘဲ နှုတ်ဆက်နိုင်မည် မဟုတ်ရာ နှစ်ဦး
နှစ်ဖက်လုံးမှ မိမိတို့၏ လက်များကို ဖြန့်လိုက်ဖို့ လိုပါသည်။ လက်နက်ကိုင်
အဖွဲ့အစည်းများအနေဖြင့် တပ်မတော်က စိုးရိမ်သော ဒို့တာဝန် အရေးသုံးပါးကို
ထိခိုက် ပျက်စီးစေမည့် အပြုအမူများကို ရှောင်ကြဉ်ဖို့ လိုသလို
တပ်မတော်ဘက်မှလည်း လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တန်းတူရည်တူ
ဆွေးနွေးနိုင်အောင် တံခါးဖွင့်ထားဖို့ လိုပါသည်။ ယခုအခါ ဒုတိယ
ဗိုလ်ချုပ်ကြီး အဆင့်ရှိ တပ်မတော်မှ တာဝန်ရှိသူများကို နိုင်ငံရေး
ဆွေးနွေးပွဲများတွင် ပြောဆိုပိုင်ခွင့်၊ ပါဝင်ခွင့် ပေးထားရာ တပ်မတော် ဘက်က
လက်ဖြန့်ခြင်းဟု ယူဆနိုင်ပါသည်။ အင်အားကြီးသော သူဘက်က ပိုမို
အလျှော့ပေးရန် လိုအပ်ကြောင်း တပ်မတော် ခေါင်းဆောင်များ အနေဖြင့် နားလည်
သဘောပေါက်ဖို့ လိုပါသည်။
သို့ရာတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရုံ ယုံကြည်မှုသည်
နိုင်ငံရေး ဆွေးနွေးပွဲများ ဆီသို့ တက်လှမ်းရာတွင် အလုပ် ဖြစ်ပါ့မည်လား
ဆိုသည်ကို ဆန်းစစ်ရန် ဖြစ်ပါသည်။ ဤနေရာတွင် အရေးပါလာသည်မှာ ၂၅ ရာခိုင်နှုန်း
ကိစ္စ ဖြစ်ပါသည်။ အချို့သော အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ အနေနှင့်
နိုင်ငံရေး ဆွေးနွေးပွဲများကို လွှတ်တော်အထိ ရောက်အောင် မဆွေးနွေး လိုဘဲ
လွှတ်တော် ပြင်ပတွင်သာ ဆွေးနွေးလိုသည့် သဘောရှိရာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြင်ဆင်ရမည့် ကိစ္စများသည် လွှတ်တော် ပြင်ပတွင် ဆွေးနွေး ဆုံးဖြတ်ရန်
မသင့်ကြောင်း၊ လွှတ်တော် တွင်သာ ဆွေးနွေး ဆုံးဖြတ်ရမည့် ကိစ္စများသာ
ဖြစ်ကြောင်း ရှင်းပြ ဆွဲခေါ်ရန် လွယ်ကူမည် မထင်ပေ။ သို့ဖြစ်ရာ
လွှတ်တော်အတွင်းသို့ အဆိုပါ ဆွေးနွေး ဆုံးဖြတ်ချက်များ ယူဆောင်ဖို့ဆိုလျှင်
၂၅ ရာခိုင်နှုန်း ရှိနေသမျှ ကာလပတ်လုံး ထိုအနေအထားသည် ဖြစ်နိုင်ခြေ
အနည်းငယ်သာ ရှိနိုင်ပါသည်။ (ကံကောင်းလျှင်လည်း ဖြစ်ချင်
ဖြစ်သွားနိုင်ပါသည်) မိမိတို့နှင့် တိုက်ပွဲဝင်လာခဲ့သော တပ်မတော်၏
ကိုယ်စားလှယ်များသည် မိမိတို့ တောင်းဆိုသော ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပြင်ဆင်ရေး အပါအဝင် နိုင်ငံရေး တောင်းဆိုချက်များကို လက်ခံလိမ့်မည်ဟု
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ယုံကြည် အောင် တပ်မတော်
ကာကွယ်ရေးဦးစီးချုပ်က လုပ်ဆောင်နိုင်မှသာ ဖြစ်နိုင်ပါလိမ့်မည်။ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်အနေနှင့် လက်ရှိ နိုင်ငံရေး ဆွေးနွေးပွဲများနှင့်
တိုက်ပွဲများကို ယုံကြည်မှု ရယူရာတွင် အသုံးချနိုင်ဖို့ ဖြစ်ပါသည်။
သို့မဟုတ်ပါက ထာဝရ ငြိမ်းချမ်းရေးဆီသို့ သွားရာလမ်းသည် လမ်းတစ်ဝက်တွင်
တဝဲလည်လည် ဖြစ်နေမည်ကို စိုးရိမ်ပါသည်။လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး ပြဿနာများ၊ လက်နက်ကိုင် ပြဿနာများသည် ဒို့တာဝန် အရေး သုံးပါးကို ခြိမ်းခြောက်နေသော အန္တရာယ်များဟု တပ်မတော်နှင့် တပ်မတော်ခေါင်းဆောင်ဟောင်းများ ဖြစ်ကြသော တာဝန်ရှိသူ အသီးသီးက ယူဆနေသမျှ ကာလပတ်လုံး တပ်မတော်သား ကိုယ်စားလှယ်များ ဆက်လက် ထားရှိနေမည်သာ ဖြစ်ပါသည်။ သို့သော် ပြန်လည်စဉ်းစားစေချင်သည် မှာ ယခုကဲ့သို့ သေနတ်နှင့် ချိန်ထားခြင်းသည် တပ်မတော်နှင့် အရပ်ဘက် ယုံကြည်မှု တည်ဆောက်ရေးကို အဟန့်အတား ဖြစ်စေပါသည်။ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ကို ဖယ်ထုတ်လိုက်လျှင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများသည် ဒို့တာဝန် အရေးသုံးပါးကို ထိခိုက်စေလိမ့်မည်ဟု ယခုအချိန်တွင် တထစ်ချ ပြောနိုင်သည် မဟုတ်ပါ။ ၇၅ ရာခိုင်နှုန်းသော လွှတ်တော် ကိုယ်စားလှယ်များမှာ တပ်မတော်သားများလောက် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်နိုင်ခြင်း မရှိဟု ထင်မြင် ယူဆရာလည်း ရောက်ပါသည်။ သမိုင်းကို မမေ့သင့်သည် မှန်သော်လည်း မြန်မာပြည်၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း၊ သောင်းကျန်းသူ နှိမ်နင်းမှု သမိုင်းထဲမှ တပ်မတော်၏ အခန်းကဏ္ဍကို ယခုအချိန်ထိ စားမြုံ့ပြန် ပြောနေရမည့်အချိန် မဟုတ်ပါ။ ခေတ်ရော စနစ်ပါ လုံးဝ ကွဲပြား ခြားနေသည့် အချိန်အခါ ဖြစ်ပါသည်။ တပ်မတော် ကြုံတွေ့ခဲ့ရသော နိုင်ငံရေး သမိုင်းကြောင်းနှင့် ယှဉ်ထိုးကြည့်လျှင် လက်ရှိ အနေအထားသည် ဒို့တာဝန် အရေး သုံးပါးအတွက် တပ်မတော် စိုးရိမ်သကဲ့သို့ များစွာ စိုးရိမ်စရာမလိုသော အခြေအနေဟု ယူဆပါသည်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ဆိုလျှင် ယခင်ကကဲ့သို့ လက်နက်ကိုင် ဖြေရှင်းသည့် လမ်းစဉ်သည် အသုံးမဝင်တော့ ဘဲ လက်နက်ကိုင် အင်အားစုများ ပြောနေကြသော နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရမည် ဟူသော လမ်းစဉ်ကို မဖြစ်မနေ လိုက်ရတော့မည် ဖြစ်ပါသည်။
ယခုလည်း နိုင်ငံရေး ဆွေးနွေးပွဲများကို ကြားသိရသည်မှာ ကျေနပ်ဖွယ် အနေအထားဟု ယူဆပါသည်။ လက်နက်ကိုင်အဖွဲ့ အားလုံးလိုလိုတွင် သမ္မတ သို့မဟုတ် သမ္မတ တာဝန်ခံသော အဖွဲ့နှင့် ပြောဆို ဆက်ဆံခွင့် ရနေသည်မှာ ထင်ထားသည် ထက် လက်ဖြန့်ထားသော တပ်မတော် ခေါင်းဆောင်ဟောင်းများ၏ ငြိမ်းချမ်းရေးအပေါ် စိတ်ပြင်းပြမှု ကို တွေ့ရှိနိုင်ပါသည်။ ဤအချက်ကို လက်ရှိ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်ပိုင်းက သဘောပေါက် နားလည်ရန် လိုအပ်ပါသည်။
ဤနေရာတွင် အလျဉ်းသင့်၍ ဖော်ပြလိုသည်မှာ Suzonne Dimaggio နှင့် Priscilla Clapp တို့ ရေးသားပြီး ဆရာ ခင်မောင်ညို ဘာသာပြန်ထားသည့် ‘မြန်မာလျှောက်ရမည့် ခြေလှမ်း ဆယ်လှမ်း’ (10 Steps Myanmar Must Take) ထဲမှ ပထမဆုံး ခြေလှမ်း ဖြစ်ပါသည်။ ဘာသာပြန်ထားသည်မှာ ‘နိုင်ငံ၏ စီးပွားရေးတွင် တပ်မတော်က လွှမ်းမိုးမှုကို ဖယ်ရှားခြင်း မပြုနိုင်သေးလျှင် တိုင်းရင်းသား များနှင့် နိုင်ငံရေးအရ ပြန်လည်သင့်မြတ်မှု၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတို့ ရရှိရန် အလှမ်းဝေး နေပါဦး မည်။ နိုင်ငံ၏ ဆင်းရဲ နွမ်းပါးမှုကို သက်သာရာ ရစေမည့် စီးပွားရေး ဖွံ့ဖြိုးစေရန် နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုက ဆောင်ရွက် မပေးနိုင်လျှင် မတည်မငြိမ်ဖြစ်မှု၏ ခြိမ်းခြောက်သည့် ဒဏ်ကို အမြဲတမ်း ခံနေရမည်’ ဟူ၍ ဖြစ်ပါသည်။ နိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် အလေးထား စဉ်းစားသင့်သော အချက် တစ်ချက် ဖြစ်ပါသည်။ ဆိုလိုသည်မှာ နိုင်ငံရေး တည်ငြိမ်မှသာ တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချမည် ဆိုခြင်းသည် အလုပ်ဖြစ်မည် မဟုတ်၊ တပ်မတော်၏ နိုင်ငံရေး၊ စီးပွားရေးတွင် ပါဝင်မှုကို ပြောင်းလဲနိုင်မှသာ နိုင်ငံရေးအရ ခြိမ်းခြောက်မှုများ လျော့နည်းသွားနိုင်စရာ ရှိသည်ဟု ဆိုလိုချင်ဖွယ် ရှိပါသည်။
လက်ရှိတွင် အခြေခံဥပဒေ
ပြင်ဆင်ဖို့ဆိုလျှင် မူအရ လွှတ်တော် ကိုယ်စားလှယ်များ အပေါ်တွင်
မူတည်နေသော်လည်း လက်တွေ့တွင် ထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သော
နိုင်ငံတော် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် တပ်မတော်
ကာကွယ်ရေးဦးစီးချုပ်တို့အပေါ်တွင် မူတည်သည်ဟု ယူဆသဖြင့် အထက်ပါ
ခေါင်းဆောင်များအား တိုက်တွန်းရခြင်း ဖြစ်ပါသည်။ ၂၅ ရာခိုင်နှုန်းကို
ဖယ်ထုတ်ဖို့ စဉ်းစားခြင်းသည် ဖြစ်နိုင်ခြေ နည်းသည်။ လက်တွေ့မကျဟူသော
တုံ့ပြန်မှုများကို ပြောချင်သည်မှာ မြန်မာနိုင်ငံ ယခုအနေအထားသို့
ရောက်ရှိလာခြင်းသည် လွန်ခဲ့သောနှစ်အနည်းငယ် ကာလအတွင်းတွင် ၂၅ ရာခိုင်နှုန်း
ဖယ်ထုတ်ခြင်းထက် ပိုမို နည်းပါးသော ဖြစ်နိုင်ခြေသာ ရှိပါသည်။ ယခင် အစိုးရက
ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်ခဲ့သူ ယခုသမ္မတဦးသိန်းစိန် လက်ထက်တွင်မှ
အံ့ဖွယ်သရဲ လုပ်ဆောင်မှုများ တစ်ခုပြီး တစ်ခုပေါ်ပေါက်လာရာ ၂၅ ရာခိုင်နှုန်း
ကိစ္စသည်လည်း အံ့ဖွယ်သရဲ လုပ်ဆောင်မှု တစ်ခုအဖြစ် ဖြစ်နိုင်ခြေ ရှိသည်ဟု
ယူဆသဖြင့် တိုက်တွန်းလိုက်ရခြင်း ဖြစ်ပါသည်။
Written by
မောင်သောင်းဖေ
Credit To The Voice Weekly
Post a Comment