Sunday, May 19, 2013

ယဉ်ကျေးမှုဉာဏ်ရည်

(ဘုန်းဝေညွန့်လူ)
Photo: ယဉ်ကျေးမှုဉာဏ်ရည်
.......................
(ဘုန်းဝေညွန့်လူ)

ပြည်ပခရီးသွားလျှင် ရေခြားမြေခြားမှ ပုဂ္ဂိုလ်ခြားတို့နှင့် တွေ့ရကြုံရ ဆက်ဆံရသောကြောင့် သူတို့ ယဉ်ကျေးမှုဓလေ့တို့ကို သိမြင်မှတ်သားရသည်။ တစ်ကိုယ်တော် သွားသည်ထက် အဖွဲ့လိုက်ကြီး သွားကြလျှင် အနီးကပ် အတူနေ အတူစား အတူသွားရသည့် အတွက် ယဉ်ကျေးမှုခြားတို့နှင့် အဆင်ပြေပြေ နေတတ် ထိုင်တတ်သည့် အလေ့အကျင့်ရပြီး ယဉ်ကျေးမှု ဉာဏ်ရည်မြင့်မားစေသည်။ 

ကျွန်တော် ပြောချင်ဇောနှင့် လောသွားပါသည်။ ယနေ့ နိုင်ငံတကာတွင် ခေတ်စားလာသည့် ယဉ်ကျေးမှု ဉာဏ်ရည်အကြောင်း အရင်ဖောက်သည်ချဦးမှ ဖြစ်မည်။ ကမ္ဘာကြီး ကျဉ်းသထက် ကျဉ်းလာချိန်၊ လူမျိုးတစ်ရာ့တစ်ပါးနှင့် ဆက်ဆံရာတွင် သူတို့ ယဉ်ကျေးမှုကို သိရှိသဘောပေါက်ပြီး အလိုက်သင့် အလျားသင့် ဆက်ဆံနိုင်ပါမှ မိမိလုပ်သမျှ အလုပ် အောင်မြင်မည်ဖြစ်သောကြောင့် Cultural Intelligence ယဉ်ကျေးမှု ဉာဏ်ရည် သဘောတရားကို အလေးပေး စဉ်းစားလာကြသည်။ 

ယဉ်ကျေးမှု ဉာဏ်ရည်မြင့်လျှင် လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုမျိုးစုံနှင့် ဆက်ဆံလုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့မည်။ ယဉ်ကျေးမှု ဉာဏ်ရည်နိမ့်လျှင် လုပ်ရည်ကိုင်ရည်၊ ဉာဏ်ရည်ကောင်း၊ လုံ့လထုတ်သော် လည်း လိုသလောက် ခရီးမပေါက်နိုင်။ 

သံတမန်များ၊ နိုင်ငံတကာ လှည့်လည်သွားလာ နေသည့် ကုလဝန်ထမ်း၊ NGO ဝန်ထမ်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံတကာ ကုမ္ပဏီကြီးများတွင် အမှုထမ်းနေသော ကုမ္ပဏီဝန်ထမ်းများ အတွက် ယဉ်ကျေးမှု ဉာဏ်ရည်မြင့်ရန် လိုသည်။ မမြင့်လျှင်လည်း မြင့်အောင် ကြိုးစားတည်ဆောက်ကြဖို့ လိုသည်။ 

ကျွန်တော့် အမေရိကခရီးစဉ်သည် ရေမတူ မြေခြား စရိုက်အမျိုးမျိုး လူဆယ်ယောက် သုံးပတ်ကြာ ခရီးရှည်နှင်သည့် ခရီးဖြစ်သည့်အတွက် ယဉ်ကျေးမှု ဉာဏ်ရည်ကို များစွာ အထောက်အကူပြုခဲ့သည်။ ယဉ်ကျေးမှု ဉာဏ်ရည်အကြောင်း မြင်သာထင်သာ ရှိစေသည့် အဖြစ်အပျက်လေးများကို မှတ်မိသလောက် ရေးပြပါဦးမည်။ 

မလေးရှားမှ သူငယ်ချင်းနှစ်ယောက် ရှိသည့်အနက် တစ်ယောက်က မလေးတရုတ်၊ တရုတ်နွယ်ဖွား မလေးရှား နိုင်ငံသူ။ သူက ခပ်ချောချော၊ ငယ်သည်၊ ခေတ်ဆန်သည်၊ သွက်သည်။ နောက်တစ်ယောက်က မလေးမ လေး။ မလေးနွယ်ဝင် မလေးရှားနိုင်ငံသူ။ သူက ခေါင်းစွပ်လည်း စွပ်ထားသည်။ အဆင်တွေကလည်း ခပ်မှိုင်းမှိုင်း အဝတ်များသည်။ အစဉ်အလာကို အဓိက ထားပုံရသူ။ ထိုသို့ အစဉ်အလာအတိုင်း နေထိုင်ရသည် ကိုလည်း အလွန်ဂုဏ်ယူသည်။ မလေးသူနှစ်ယောက် ကြည့်ရတာ အသက်အရွယ်ချင်း မတိမ်းမယိမ်း၊ တစ်နိုင်ငံတည်းသူများ ဖြစ်ကြသော်လည်း သူတို့ကြား ထဲတွင် တစ်စုံတစ်ရာက ခြားထားသလိုလို တစ်ယောက် နှင့် တစ်ယောက် ဟက်ဟက်ပက်ပက် မရှိလှ။ ကျွန်တော် ကတော့ နှစ်ယောက်စလုံးနှင့် လေပေးဖြောင့်သည်။

ပထမဦးဆုံး စတွေ့ပြီး အုပ်စုလိုက် ညစာသွားစား ချိန်က မှတ်မိသေးသည်။ မလေးမ လေး သူငယ်ချင်းကို နှုတ်ဆက်ချိန်တွင် သူ့ပုံပန်းက လက်ဆွဲနှုတ်ဆက်လျှင် လက်ခံမည့်ပုံမရှိဟု ထင်ပြီး ပြုံးပြီးသာ ကျွန်တော် နှုတ်ဆက်လိုက်သည်။ မြန်မာအမျိုးသမီး များသည်လည်း အမျိုးသားတစ်ဦးက လက်ကမ်းပေးလျှင် လက်ဆွဲ နှုတ်ဆက်လေ့ မရှိသည်ကို သတိရမိခြင်းကြောင့်လည်း ပါသည်။ တရုတ်မှ ပါမောက္ခ အမျိုးသားက သူ့နာမည် ပြောရင်း လက်အကမ်း၊ ဟိုက ပြုံးပြီးသာ နှုတ်အဆက်၊ တရုတ်ပါမောက္ခလက် လေထဲတွင် တန်းလန်း။ ရှက်အမ်းအမ်းနှင့် သူလက်ပြန်ရုပ်ရုံရှိသေး၊ ကျွန်တော်တို့၏ Tour Guide၊ အဖွဲ့ခေါင်းဆောင် အမေရိကန်အမျိုးသား ကလည်း ဝင်လက်ဆွဲ နှုတ်ဆက်ပြန်သည်။ သူ့လက်လည်း လေထဲတွင် တန်းလန်း။ ဟိုသူငယ်ချင်းက ပြုံးပြီးသာ နေသည်။ တစ်ဖက်သား၏ ယဉ်ကျေးမှုကို နားလည်ပြီး အလိုက်သင့် ဆက်ဆံရမည့် သဘောတရားကို ထိုနေရာတွင် အထင်းသား မြင်လိုက်ရသည်။ 

တစ်စုံတစ်ခုကို ညွှန်ပြလျှင်ပင် ဘာနဲ့ ညွှန်ပြမလဲ။ အချို့လူမျိုးတို့က ခြေထောက်နှင့် နီးလျှင် ခြေထောက်နှင့် ညွှန်မည်၊ လက်နှင့်နီးလျှင် လက်နှင့်ညွှန်ပြမည်။ နီးရာနှင့် ညွှန်ပြလျှင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ခြေထောက်နှင့် လာညွှန်ပြပါက အဆင်မသင့်လျှင် ဓားထိုးပွဲပင် ဖြစ်သွားနိုင်သည်။ မလေးမစားလုပ်သည့် သဘောရောက်သွား သောကြောင့် အညွှန်ခံရသူက ဒေါသထွက်လိမ့်မည်။ အနည်းဆုံးတော့ ဘုကြည့်ကြည့်ခံရမည်။ မြန်မာနိုင်ငံတွင် ခြေထောက်ဖြင့် ညွှန်ပြပါက ထိုနိုင်ငံခြားသားသည် မြန်မာ့ယဉ်ကျေးမှုကို လေ့လာမထား၊ သို့မဟုတ် ဂရုမထား၊ ယဉ်ကျေးမှုဉာဏ်ရည် နိမ့်သေးသည်ဟု ဆိုနိုင်သည်။ 

ယဉ်ကျေးမှုတွင် ဘာသာစကားလည်း ပါဝင်နေသည်။ ယဉ်ကျေးမှု ဉာဏ်ရည်မြင့်သူ မြန်မာနိုင်ငံ ရောက် နိုင်ငံခြားသားများသည် မြန်မာတို့ကို ညွှန်းဆို စကားပြောဆိုရာတွင် နာမည်ရှေ့တွင် ဦးတပ်သင့်လျှင် ဦး၊ ဒေါ်တပ်သင့်လျှင် ဒေါ်၊ ဆရာတပ်သင့်လျှင် ဆရာ၊ ဆရာကြီးတပ်သင့်လျှင် ဆရာကြီး တပ်ကြသည်။ 

အမေရိကတွင် သွားရင်းလာရင်း လည်ရင်း ပတ်ရင်း အမေရိကန်နိုင်ငံသား တွေနှင့် အတွေ့အထိ များလာချိန်တွင် အမေရိကန် အင်္ဂလိပ်စာ အသံထွက် အကြောင်း မြင်မိတာလေး ရှိသည်။ တကယ်တော့ American Accent အမေရိကန် အသံထွက်ဆိုသည်မှာ ရှိပုံမရ။ ကျွန်တော်နှင့် တွေ့သည့် ဖြူဖြူ၊ ဝါဝါ၊ ညိုညို၊ မည်းမည်းတို့သည် အမေရိကန်စစ်စစ်ကြီးတွေ ဖြစ်သော်လည်း အသံထွက်တွေကမူ မျိုးစုံ။ တရုတ်၊ ကုလား၊ အာရပ်၊ ဥရောပတိုက်သား၊ လူမျိုးတစ်ရာ့ တစ်ပါး ပေါင်းစပ်နေထိုင်ကြသည့်အတွက် သူတို့တွေ အသံဝဲနည်းက ပေါင်းစုံ။ သို့သော် အကုန်လုံးက အမေရိကန်။ 

ယဉ်ကျေးမှု ကွာတာကို သတိထားမိတာလေး တစ်ခု ယခုထက်တိုင် အမှတ်ရရ ရှိနေသေးသည်။ အစီ အစဉ် နောက်ဆုံးနေ့၊ San Francisco မြို့တွင် နံနက်ပိုင်း တွင်ပင် အစီအစဉ် ပြီးသွားသည်။ မိမိအစီအစဉ်နှင့် မိမိ လည်ကြပတ်ကြ ဈေးဝယ်ကြ နှစ်သက်ရာ လုပ်ကြတော့။ တည်းခိုရာ Oakland (San Francisco နှင့် ကပ်လျက်မြို့) သို့ ညနေပိုင်းတွင် မိမိအစီအစဉ်နှင့် မိမိ ကူးတို့သင်္ဘော စီးပြီးပြန်ရမည်။ ထိုသို့ ပြန်ဖူးသူက ယခင်ရက်များတွင် စပ်စပ်စုစုပြန်ထားသည့် သူငယ်ချင်း တရုတ်ပါမောက္ခနှင့် ကျွန်တော်သာ ရှိတာကြောင့် ကျန် သူငယ်ချင်းများက ဟိုတယ်ပြန်ရန် ကျွန်တော်တို့ကို အားကိုးကြသည်။ အဲဒီတော့ ကျွန်တော်က ယခုစလမ်းခွဲသည့် ကုန်တိုက်ကြီးရှေ့တွင်ပင် စုရပ် သတ်မှတ်လိုက်သည်။  ပြန်တွေ့ရန် အချိန်လည်း ကျွန်တော်ကပင် သတ်မှတ်လိုက်သည်။ ညနေလေးနာရီ။ နောက်ကျလျှင် ငါးမိနစ်စောင့်မည်၊ ထို့ထက်ပိုလျှင် မစောင့်။ ငါးမိနစ်ထက် ကျွန်တော် နောက်ကျလျှင်လည်း ကျွန်တော့်ကိုမစောင့်နှင့်၊ ကျန်သူများ နောက်ကျ လျှင်လည်း ကျွန်တော်က စောင့်မည်မဟုတ်။ ကျန်သည့် သူငယ်ချင်းများက သဘောတူသည်၊ အိုကေ။ ကျွန်တော်တို့ကို ခရီးစဉ်တစ်လျှောက် လိုက်ပို့သည့် Tour Guide အဖြူတစ်ယောက်သာ ကျွန်တော် ပြောတာကို စိတ်ရှုပ်သွားသည့်ပုံ။ "ဘာလို့ လေးနာရီ အတိအကျမလုပ်ဘဲ ငါးမိနစ်အလျှော့အတင်း လုပ်ရတာလဲ" ဟု မနေနိုင် မထိုင်နိုင်ဟန်ဖြင့် သူက မေးသည်။ အမှန်က အာရှသားများ အတွက်ဆိုလျှင် ထိုငါးမိနစ် အလျှော့အတင်းက အတော်လေးတင်း ကျပ်သည်။ သို့သော် "ဘာလို့ဒီလို ငါးမိနစ်စွန်းလို့ ရတာလဲ" သည် အမေရိကန်နိုင်ငံသား အဖြူအတွက်ကျ ကြီးမားသောပြဿနာ။ ယဉ်ကျေးမှုအံ့အားသင့် ထိတ်လန့်ခြင်း Culture Shock။

အချိန်နှင့် ပတ်သက်သော သဘောထားတွင် အနောက်တိုင်းသားများနှင့် အာရှ၊ လက်တင်အမေရိက တို့အကြား အလွန်ကွဲပြားသည်။ အာရှသားများ (ဂျပန် တို့မပါ)က အများစု စုံသည့်အချိန် အလုပ်စသည်။ မြန်မာစံတော်ချိန် ဆိုပြီး ကျွန်တော်တို့ နောက်ပြောင် ခေါ်ဝေါ်ကြသော အချိန်သည် ထိုသဘောပင် ဖြစ်သည်။ နေ့လယ် ၂ နာရီတွင် အလုပ်စမည် ချိန်းဆိုထားသည် ဆိုလျှင် ၂ နာရီတွင် လူမစုံသေး။ လူစုံသည့် ၂ နာရီ ၁၅ လောက်မှ စရသည်။ ၂ နာရီတွင် ရောက်နေသူက လူပေါလိုလို။ အမေရိကန်တို့က အလုပ်စရန် သတ်မှတ်သည့်အချိန် အားလုံးရောက်ရမည်။ ၆နာရီ သတ်မှတ်လျှင် ၆နာရီ ရောက်ရမည်။ နောက်ကျမှရောက် လာသူကို အားလုံးကမျက်စောင်းခဲပြီး ကြည့်ကြသည်။ နောက်တစ်ခေါက်လောက် နောက်ကျလျှင် ထိုသူကို မလေးစားကြတော့။ အချိန် ယဉ်ကျေးမှုသည် ယဉ်ကျေးမှု ဉာဏ်ရည်၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။ ကိုယ် အလုပ်လုပ်ကိုင် နေထိုင်သည့် နိုင်ငံ၊ ရေမြေ၏အချိန် ယဉ်ကျေးမှုကို သိထားပါမှ မိမိလုပ်ငန်းကိုင်ငန်း များတွင် အဆင်ပြေအောင် မြင်နိုင်မည်။ 

ခရီးသွားခြင်းသည် ယဉ်ကျေးမှု ဉာဏ်ရည်ကို မြင့်တက်စေသည်။ စာရေးသူလည်း ယဉ်ကျေးမှု ဉာဏ်ရည်ကို အမေရိကခရီးသွားရင်း တစ်နည်းတစ်ဖုံ ဖြည့်တင်းခဲ့သည်ဟု ထင်ပါသည်။ ပြည်တွင်းခရီး သွားလျှင် ပြည်တွင်းယဉ်ကျေးမှု ဉာဏ်ရည်တက်မည်၊ ပြည်ပခရီးသွားလျှင် ပြည်ပယဉ်ကျေးမှု ဉာဏ်ရည် တက်မည်။ ထိုသို့ အကြမ်းဖျင်း ဆိုနိုင်ပါသည်။

Credit To The Voice Weekly

Related Articles:

Post a Comment