ပဉ္စလက်မှော် ဆေးခန်းများဆီသို့ ...
လူသည် အလိမ်ခံချင်သော သတ္တဝါဖြစ်သည်ဟုဆိုလျှင် ငါတို့တော့ ပါမှာမဟုတ်ပါဘူးဟု ခင်ဗျားကော ကျွန်တော်ပါ တွေးမိကြမည် ဖြစ်၏။ သို့သော် ခင်ဗျားကော၊ ကျွန်တော်ပါ အလိမ်ခံချင်သော လူများ ထဲမှာ ပါဝင်ကြသည်ကို အံ့သြဖွယ် တွေ့မြင်ရပါမည်။ ကျွန်တော်တို့သည် ဗေဒင်ဆရာဆီမှာ အလိမ်ခံ ကြ၏၊ နတ်ကတော်ဆီမှာ အလိမ်ခံကြ၏၊ မျက်လှည့်ဆရာဆီမှာ အလိမ်ခံကြ၏၊ ဗုဒ္ဓဘာသာ အမည် ခံပြီး ဗုဒ္ဓဘာသာနှင့် လမ်းလွဲနေသော ဓာတ် ဘုန်းကြီး၊ အင်း ဘုန်းကြီး၊ ချဲ ဘုန်းကြီး စသည်တို့ဆီမှာ အလိမ်ခံကြ၏၊ မြေပျောက် ဝိဇ္ဇာ၊ လေလျှောက် ဝိဇ္ဇာတွေဆီမှာ အလိမ်ခံကြ၏။ ယုတ်စွအဆုံး ညဘက် တွေမှာ တီဗီကလာသည့် ကိုရီးယား ကား၊ ကုလား ကား၊ တရုတ် ကားတွေမှာ အလိမ်ခံကြ၏။ ကြော်ငြာတွေမှာ အလိမ်ခံကြ၏။
လူတစ်ဦး အလိမ်ခံရခြင်းသည် အကြောင်း မဟုတ်သော်လည်း လူအများ အလိမ်ခံရပါက အကြောင်း ဟုတ်လာတော့သည်။ အခုလို အိမ်တိုင်းတွင် တီဗီရှိသော ကာလ တစ်ခုမှာ ကျွန်တော်တို့ ညတိုင်း အလိမ်ခံနေရသော တီဗီ စီးရီးကား တစ်ခုကို မှတ်မိနေ၏။ ထိုကားက ပိုးမင်းသား၏ သိုင်းဝိညာဉ် တရုတ်ကားပင် ဖြစ်သည်။ ညရောက်လျှင် ထိုကားလာမည့် အချိန်ကို စိတ်ရောက်နေ၏။ မီးပျက်လျှင် မီးလာသည့်အိမ်ကို ပြေး၏။ ထိုကားထဲက အဆိပ်တွေကို ပျောက်သည်ဆိုသော ရေခဲတောင် ကြာပွင့် ဆိုသည်ကို အထူးအဆန်း ဖြစ်ခဲ့၏။ အရက်မူးပေမယ့် အရက် မသောက်သော သိုင်းဘိုးအေကို တောင် နိုင်သည့် အရက်မူးသမား သိုင်းကို သဘောကျခဲ့၏။ ထိုထဲက အမြစ်တွယ်ခဲ့သော အလိမ်ခံချင် စိတ်တွေဟာ အခုအချိန်ထိအောင် အမြစ် ခိုင်ခဲ့သည်။ ဒီလောက် သိုင်းကားတွေထဲမှာ ပါနေတာ ပေါက်ဖော်ကြီးတွေရဲ့ ဆေးတိုင်းကတော့ ကောင်းမှာပဲဟူသည့် အမှတ် ပေးချင်စိတ်ကလေးက လူမှာ အမြစ်တွယ်လာခဲ့သည်။ ထိုသို့ပြောသည့်အတွက် တရုတ်ဆေးတွေ မကောင်းဘူးဟု ဆိုလိုခြင်း မဟုတ်ပါ။ ထိုကားတွေထဲက သူတော်ကောင်းတွေကိုပဲ ကြည့်ပြီး ထိုကားထဲက သူယုတ်မာတွေကို မေ့နေမှာ စိုးသောကြောင့် ဖြစ်သည်။ လူလိမ်ဆိုတာ လူမျိုးမရွေး၊ ဘာသာမရွေး ရှိနေသည်ကို သိနေကြဖို့ ဖြစ်သည်။
ကျွန်တော် ဆေးပညာကို နားမလည်သလို ခုတစ်လော ဆေးလောက ဘာတွေ ဖြစ်နေသည်ကိုလည်း သေသေချာချာ မသိပါ။ တစ်လောကပဲ တာဝန်ရှိ ဆရာဝန်ကြီး တစ်ယောက် ပြောတာတွေကို ဂျာနယ် တစ်စောင်မှာ ဖတ်လိုက်ရသည်။ ရောဂါ ပေါင်းစုံကို ခဏချင်းနှင့် ကုနိုင်သည်ဆိုသော ဆေးခန်းတွေ။ နိုင်ငံခြား ဆရာဝန်တွေနှင့် ဘာသာပြန် သူနာပြုတွေ လုပ်စားနေသော ဆေးကုသမှုတွေ။ ထိုထဲမှာ ဆေးခန်း မှတ်ပုံတင်/မတင် ကိစ္စတွေ စိစစ်ဖို့ လိုသည်ဆိုသော အချက်တွေ။ ပျံလွန်တော်မူရှာပြီဖြစ်တဲ့ ဖြူးဆရာတော် စကားနှင့် ပြောရလျှင် ‘လောကကြီး ဘာတွေဖြစ်နေပလဲ’ ဆိုတာမျိုး။ ထိုဆောင်းပါးကို ဖတ်ပြီး မကြာခင်မှာပဲ တောင်ကြီးကနေ ဆေးလာကုသည့် လိပ်ခေါင်းဖြစ်နေသော အမျိုးသမီး တစ်ယောက် အကြောင်းကို ဖတ်ရပြန်၏။ လိပ်ခေါင်းကို မနာမကျင်ရဘဲ သက်သက်သာသာ ကုပေး သည် ဆိုသဖြင့် ထိုဆေးခန်းသို့ သွားကုခဲ့သည်။ ဆရာက မြန်မာလို မတတ်သည့်အတွက် စာရေးမလား၊ သူနာပြုလား မသိသည့် အမျိုးသမီးက ဘာသာပြန်ပေးသည်။ ပထမ ဆေးကုခမှာ သောင်းကြီးပိုင်း ဖြစ်သော်လည်း ဆရာဆိုသူ စစ်ဆေးပြီးသည့်အခါ ရောဂါက ကြီးသည်ဆိုပြီး သိန်းကြီးပိုင်း ဖြစ်သွားခဲ့သည်။ နောက်ပိုင်း လူနာက ကြောက်လည်းကြောက် အားလည်းနာဟန် တူပါသည်။ ဈေးဆစ်ကြည့်ရာ သိန်းလေးပိုင်းနှင့် အဆင်ပြေသွားသည်။
ပြောတုန်းက မနာဘူးဆိုပြီး ထုံဆေး ထိုးရုံနှင့် နာလိုက်သည့် ဖြစ်ခြင်း။ ခွဲစိတ်ဖြတ်တောက်တော့လည်း ထုံဆေးက မထိုးဘူး ထင်ပါသည်။ လူနာမှာ သေလုမြောပါး။ ပြောတုန်းက အပြတ်ကုဆိုပြီး ဆေးလာ ထည့်တော့ ပိုက်ဆံ တောင်းပြန်ပါသည်။ လူနာမှာ မပျောက်သည့်အပြင် ခွဲထားသည့် နေရာက ရောင်ကိုင်းလာသည်။ နောက်ပိုင်း ချုပ်ရိုးဖြတ်သည် ဆိုတော့လည်း သက်သက်သာသာ မရှိဘဲ မျက်ရည် တောက်တောက် ကျရပြန်သည်။ ပိုက်ဆံလည်းပေး၊ အညာလည်းမိ၊ မည်သူ့တိုင်ရမှန်းလည်း မသိ။ မှိတ်ကျိတ်ခံရင်း တောင်ကြီးကို ပြန်ခဲ့ရသည်။ တောင်ကြီး ပြန်ရောက်။ မသက်သာလို့ ဆေးရုံ သွားပြမှ ဆရာဝန်က ဆူလိုက်သည့် ဖြစ်ခြင်း။ နောက်ဆုံး ပဉ္စလက် ဆေးခန်းက ပေးလိုက်သည့် ဒုက္ခမီးဟာ ဆေးရုံကျမှပဲ အဆုံးသတ်သွားတော့သည်။ ဒါပေမဲ့ ထိုဆောင်းပါးမှာ ဘယ်ဆေးခန်းဟု ဖွင့်ချ မရေးထားတာ စကားနည်း ရန်နည်း ပြဿနာ မဖြစ်စေလိုသောကြောင့် ဖြစ်မည် ထင်ပါသည်။ ထိုဆောင်းပါးကို ဖတ်ပြီး ကျွန်တော့်အဖြစ်ကို ပြန်သတိရ၏။
စင်ကာပူမှာ အလုပ်လုပ်ပြီး ခဏပြန်လာချိန်မှာ ကျွန်တော့်အတွက် ခွင့်ရက် ၂၀ သာ ရသည်။ ကျွန်တော့် နှာခေါင်းအထဲမှာ အသားပို ဖြစ်နေသည်။ တစ်ခါတစ်ခါ နှာခေါင်းမှ သွေးထွက်တတ်သည်။ မိသားစု ဆရာဝန်ကိုပြတော့ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကို ညွှန်းသည်။ TV Screen မှာ ကြည့်သည်။ အတွင်းမှာ အသားပိုရှိပြီး သွေးကြောလေးများ ပေါက်နေသည်။ အမြန်ဆုံး ခွဲစိတ်လျှင် ကောင်းသည်ဟု ဆိုပေမယ့် မေ့ဆေး ဆရာဝန်ကြီးကို Date ယူရဦးမည်။ ကျွန်တော့် ခွင့်ရက်ဖြင့် အဆင်မပြေပါ။ နောက်ဆုံး မစားရဝခမန်း ဂျာနယ်တွေမှာပါသည့် မစားရ ဝခမန်း ကြော်ငြာတွေနှင့်ပဲ ပေါက်ဖော်ကြီး တစ်ယောက်၏ ဆေးခန်း တစ်ခုကို ရောက်သွားခဲ့ပါသည်။ ဆေးခန်းရောက်တော့ သူနာပြုလား၊ စာရေးမတွေလား မသိသည့် မိန်းကလေးတွေ ထွက်လာကြပါသည်။ ဆရာက မြန်မာလို နားမလည်ဟု ဆိုသဖြင့် အခန်းဝက စားပွဲမှာ ကောင်မလေးတွေနှင့်ပဲ အမေးအဖြေ လုပ်နေရသည်။ ဆရာကတော့ ကျွန်တော်နှင့် ကောင်မလေး အင်တာဗျူးကို လှမ်းကြည့်ရင်း နားစွင့်နေပါသည်။
နောက်ဆုံး စမ်းသပ်ခ စကားပြောပြီး ဆရာနှင့် တွေ့ရသည်။ ဆရာက မြန်မာစကား မတတ်သဖြင့် သူ့ကောင်မလေးက ကြားက ဝေါ်မီဆော်ဖာ လုပ်နေရသည်။ ပြီးတော့ သူ့စာအုပ်မှာ တရုတ်လို လိုက်ရေးနေသည်။ ကျွန်တော့်နာမည်ကို ကောင်မလေးကပြော၊ သူက တရုတ်လိုရေးပြီး ကျွန်တော့် အသက် မမေးရခင် သူက ကျွန်တော့် အသက်ကို ဘိုလို တန်းရေးချလိုက်သည်။ ဟင် ... သူဘယ်လို လုပ် သိတာပါလိမ့်။ မြန်မာလို မတတ်ဘူးဆိုပြီး စောစောက ကောင်မလေးနှင့် ကျွန်တော် အပြင်မှာ ပြောနေသည်ကို နားစွင့်နေလို့သာ ကျွန်တော့်အသက်ကို သိတာပေါ့။ ဒါဆို သူက ဘာလို့ မြန်မာလို မတတ်ချင်ယောင် ဆောင်နေတာလဲ။ ရှင်းပါသည်။ ဟန်ပန် သီအိုရီတွေ အတိုင်အဖောက် ညီညီ လုပ်နေခြင်း ဖြစ်သည်။ ပြီးတေ့ ဘယ်ဘက်ပါမက ညာဘက်ပါ အသားပိုက ကူးနေပြီဆိုပြီး ကျွန်တော့်ကို လန့်အောင် ခြောက်လိုက်သေးသည်။
ကြော်ငြာမှာ သုံး လေး ငါးရက်ဆို ထူးခြားမည်ဆိုပြီး ဆေးခေါက်တွေ ဆေးရွက်တွေပေးကာ ငွေ တစ်သိန်း နှစ်သောင်း ယူထားလိုက်သည်။ ဆေးက တစ်ပတ်စာ ဖြစ်၏။ ပြီးတော့ သူ့ဆေးဟာ ရေခဲတောင် ကြာပွင့်ထက်တောင် ရှားသည့် ပုံစံမျိုး။ ဒါကြောင့် တစ်သိန်း နှစ်သောင်း ယူရသည့်ပုံစံမျိုး။
နား၊ နှာခေါင်း ဆေးရုံကြီးမှာ စစ်တာတောင် ငွေနှစ်ထောင် အလှူသာ ထည့်ရပြီး ဒီမှာ စစ်ဆေးခက လည်း ဈေးကြီး။ ပြီးတော့ မရှိသည့် အသားပိုတောင် ညာဘက်မှာ ကူးနေပြီဟု ဆိုလိုက်သေး။ တစ်ပတ်စာ ကုန်လျှင် ဆေးလာထပ်ယူဖို့။ တခြားမှာပြလို့ မျက်နှာမှာ အနာတွေ ဖြစ်လာလျှင်တော့ သူတို့ တာဝန်မယူဟု ဆိုလိုက်သေးသည်။ ကျွန်တော်လည်း ယခုဆေးတွေကို တစ်ပတ် သောက် လိုက်တာ ဆီးက ချုပ်သွားခဲ့ပါသည်။ အမေကတော့ အပုပ်အစပ်တွေ ကျလာလို့ နေမှာပေါ့ သားရယ်။ ကြက်သွန် အနီကို ပါးပါးလှီး ဖန်ခွက်ထဲမှာ ရေနှင့်စိမ်၊ သကြားတစ်စွန်းထပ်ထည့်၊ တစ်အောင့်ကြာ တော့ သောက်လိုက်ပေါ့ ဆိုသဖြင့် အမေ ပြောသည့်အတိုင်း လုပ်မှ ဆီးပြန်သွားပါသည်။
ကျွန်တော် စင်ကာပူ ပြန်ရ၏။ အလုံးက ကြီးလာသဖြင့် ကုမ္ပဏီစရိတ်ဖြင့် Changi ဆေးရုံမှာ တက်ခွဲ လိုက်ပါသည်။ CT Screen ရိုက်ကြည့်ရာ ညာဘက်မှာ ဘာမျှ မရှိပါ။ ယခု မြန်မာပြည် ပြန်ရောက်၍ ဂျာနယ်တွေ ဖတ်ရသည့်အခါ ထို ဝေါ်မီဆော်ဖာ ဆေးခန်း ကြော်ငြာတွေက ပန်းပန်လျက်ပဲ ဖြစ်သည်။ ဂျာနယ်တွေကပဲ မသိလို့လား။ ပိုက်ဆံရလျှင် ပြီးရော။ ဘာမဆို ကြော်ငြာပေးတယ် လုပ်တာလား။ ကျွန်တော် မသိပါ။ ကျွန်တော်သိတာက လူဆိုတာ အလိမ်ခံချင်သော သတ္တဝါ ဖြစ်သည် ဆိုခြင်းပင် ဖြစ်သည်။
မောင်ကျော်သာ (ပဲခူး)
Credit To The Voice Weekly
Post a Comment