မျှော်လေလေ ဝေးလေလေလား
(ကြယ်စင်သာ)
ကျွန်မတို့က လက်လုပ် လက်စားတွေပါ။ လက်လုပ် လက်စားဆိုတော့ အစိုးရရုံး ဌာနဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်ရသည့် ဆက်ဆံရေးမျိုး မရှိခဲ့ပါ။
‘လူခင်လျှင် မူပြင်သည်။ လူမခင်လျှင် မူမပြင်’ ဆိုသည့် စကားသံတွေ ကြားခဲ့ရသည်မှာလည်း ကြာခဲ့ပါပြီ။ လက်တွေ့၊ ကိုယ်တွေ့ မဟုတ်လေတော့ မယုံခဲ့မိတာ အမှန်ပါ။ အပျက်သဘောနှင့် မကောင်းမြင် ဝေဖန် အပုပ်ချခြင်းဟု ထင်မြင်ခဲ့မိပါသည်။ တကယ်တော့ ကျွန်မ ကိုယ်တွေ့ ကြုံလိုက် ချိန်တွင် ကြားနေရသော အသံများသည် အမှန်တကယ် ဟုတ်နေပါသည်။
ကျွန်မတို့ မြန်မာပြည်မှာ ယခင်နှစ်များအတိုင်း အကျင့်ဆိုး၊ စရိုက်ဆိုးတွေ အခုထိ ရှင်သန်နေဆဲပါ။ သမ္မတကြီးက သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရဟု ဘယ်လောက် အော်အော် အောက်ခြေ လက်အောက် ငယ်သားများကတော့ အော်သလောက် ပုံမဖော်။ ဆင်းရဲမှု ပပျောက်ရေး ပြည်တွင်း ပြည်ပမှ အကူအညီ ဘယ်လိုပဲယူယူ ကျွန်မတို့ ပြည်သူတွေ ဆင်းရဲနေလျက်ပါ။ လစာ ဘယ်လောက် တိုးတိုး ကျောင်းပြင်ပ ကျူရှင် ရှိနေဆဲပါ။ ၁၅၀၀ တန် ဖုန်းကတ် ဘယ်လိုပဲ ခွဲတမ်းချချ ပြည်သူတွေဆီ အပြည့်အဝ မရပါ။ ၁၀၀၀ တန် ချလန်ပြပြီး တစ်သိန်းကျော် ဒဏ်ငွေ ရိုက်နေလျက်ပါ။ လိမ်စား၊ ရိုက်စားနှင့် ခြောက်လှန့်နေနေဆဲပါ။
လာဘ်ပေး၊ လာဘ်ယူမှုလို့ ပြောရမလား။ ဒါမှမဟုတ် အကျင့်ပျက် ခြစားမှု လို့ ခေါ်ရမလား။ လာဘ်ပေး မှ ဆောင်ရွက်တတ်သည့် အကျင့်၊ လစဉ်ကြေးပေးမှ ငြိမ်းငြိမ်းချမ်းချမ်း လုပ်စားခွင့်ပေးသည့် အကျင့်၊ ကျူရှင်သင်မှ ဂရုစိုက်တတ်သည့် အကျင့် စသော စသော အကျင့်ဆိုးများ သည် ဝန်ထမ်းများအတွက် မရိုးအီနိုင်သော အစားအစာ တစ်ခု ဖြစ်နေလေ သည်။ ပြည်သူ့အကျိုး သယ်မပိုး၊ ငါအကျိုး သယ်ပိုး နေပါလျှင် ငါ မဟုတ်သော အခြားသူများ ဆင်းရဲသည်ထက် ဆင်းရဲနေပါမည်။ အများသူငါ ဆင်းရဲ သား ပြည်သူများသည် မိအေး နှစ်ခါနာ ဘဝနှင့် လုပ်စားနေရပါသည်။
ကြီးနိုင် ငယ်ညှဉ်း စိတ်ဓာတ်များ မပြုပြင်သရွေ့ ကျွန်မတို့ ဆင်းရဲသား လက်လုပ် လက်စားများ အထိနာလှပါသည်။ ဆင်းရဲသား ဆိုမှတော့ ထမင်းနပ်မှန်ရေး နေရာဒေသ အချိန်ကာလမရွေး အဆင်ပြေရာ လုပ်စားရ ပါသည်။ ဥပဒေနှင့် လွတ်သည်၊ မလွတ်သည် နားလည်မည် မဟုတ်။ အူမ တောင့်မှ သီလစောင့်မည်။ အူမ မတောင့်ဘဲ ဂုဏ်သိက္ခာ ရှိသည့် အလုပ် မည်သူမျှ လုပ်နိုင်မည် မဟုတ်။ အူမ တောင့်သည့် အရာရှိ၊ အရာငယ် ဝန်ထမ်းများတောင်မှ သီလ၊ အကျင့်သိက္ခာ မတွက် လုပ်စားနေ သည် ဆိုလျှင် ဆင်းရဲသားများအတွက် ပြောစရာ စကားလုံး မရှိပါချေ။
တရားဥပဒေ စိုးမိုးရေးနှင့်အတူ မျှတသော ဥပဒေ စိုးမိုးရေးသည် ဆင်းရဲသား ပြည်သူများအတွက် ဘာကြောင့် မခံစား၊ မစံစားရသည်ကို သာမန် ပြည်သူ တစ်ယောက် အနေနှင့် နားမလည်နိုင်တော့ပါ။ နိုင်ငံ့ ဝန်ထမ်း မဟုတ်လို့လား။ ထိုသို့သော နိုင်ငံ့ဝန်ထမ်းများမှသာ ‘ခွင်’ ရမည် ဆိုလျှင် နိုင်ငံ့ ဝန်ထမ်း မဟုတ်သည့် ကျွန်မတို့ ရှေ့ဆက် ဆင်းရဲ ခရီး ဆက်လျှောက်ရမည်။
ဆင်းရဲမှု ပပျောက်ရေး၊ ကျူရှင် ပပျောက်ရေး၊ အကျင့်ပျက် ခြစားမှု၊ ရိုက်စား ခွင်၊ လုပ်စားခွင်၊ လိမ်စား ခွင် စသော ‘ခွင်’ ပေါင်းများစွာမှ မရုန်းထွက်လာ သရွေ့ ပပျောက်ရေး လုပ်ငန်းစဉ်ကြီး မျှော်လေလေ ဝေးနေမည်။ ဤအတိုင်းသာ မပြုပြင်ပါလျှင် သမ္မတကြီး၏ Clean Government, Good Governance သည် မနီးမဝေးသော ကာလအတွင်းမှ နှစ်ချီ စောင့်ရမည် ကို စောင့်မျှော်ရင်း မျှော်လေလေ ဝေးလေလေလားဟု အောက်မေ့လျက်။
Credit To The Voice Weekly
Post a Comment