Sunday, July 14, 2013

အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှု လာဘ်ပေးလာဘ်ယူမှုနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ


(သိန်းထက်အောင်)

ဤဆောင်းပါး ခေါင်းစဉ်ပါ အဂတိ လိုက်စားမှု၊ အကျင့်ပျက် ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှုတို့သည် အကြမ်းဖျင်းအားဖြင့် အဓိပ္ပာယ်တူသယောင် ရှိသော်လည်း အတိအကျ ဆိုရပါမူ တစ်ခုနှင့် တစ်ခု အဓိပ္ပာယ် အနည်းငယ်စီ ကွဲပြားကြောင်း သတိထားမိပါသည်။ အဂတိ လိုက်စားမှု ဟူသည်မှာ ‘အဂတိ’ ဆိုသော ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး ‘မျက်နှာလိုက်ခြင်း’ ဟူ၍ အဓိပ္ပာယ်ရှိကြောင်း ဆရာဦးထွန်းမြင့်၏ ပါဠိသက် ဝေါဟာရ အဘိဓာန်က ဆိုပါသည်။ အဂတိတရား လေးပါးရှိကြောင်း ၎င်းတို့မှာ-
(၁) ဆန္ဒာဂတိ= ချစ်သဖြင့် တစ်ဖက်သတ် စီရင်ခြင်း၊
(၂) ဒေါသာဂတိ= အမျက်ဒေါသ ကြောင့် တစ်ဖက်သတ် စီရင်ခြင်း၊
(၃) ဘယာဂတိ= ကြောက်ရွံ့သဖြင့် တစ်ဖက်သတ် စီရင်ခြင်း၊
(၄) မောဟာဂတိ=တွေဝေ၍ တစ်ဖက်သတ် စီရင်ခြင်း စသည်တို့ဖြစ်ကြောင်း ‘သုခမှတ်စု’ စာအုပ်တွင် ဖတ်ရှု မှတ်သားရပါသည်။
‘မင်းတို့ မည်သည်ကား အဂတိ လေးပါးသို့ မလိုက်အပ်၊ ချစ်သောအားဖြင့် လည်းကောင်း၊ အမျက်ထွက်သောအားဖြင့် လည်းကောင်း၊ မိုက်သောအားဖြင့် လည်းကောင်း၊ ကြောက်ရွံ့သောအားဖြင့် လည်းကောင်း အဂတိသို့ လိုက်၍ မညီမညွတ် ပြုမူကား ထိုမင်းတို့၏ အစီးအပွားသည် ယုတ်သည် ဖြစ်ရာ၏’ ဟု တောင်ဖီလာ ဆရာတော်၏ ယသဝဎုနဝတ္ထုကို ဥပမာပြု ထားပါသည်။ ထို့အပြင် ‘အဂတိ လေးပါးဖြင့် ဖုံးလွှမ်း၍ မှားသောမင်း ... တို့သည်ကား ... ငရဲလား ရလေ၏’ ဟူ၍လည်း ဆိုထားပြန်ပါသည်။

ထို့ကြောင့် အဂတိ တရားဟူသည် ရှောင်ရှားအပ်သော တရား တစ်နည်း မကျင့်သုံးအပ်သော တရား ဟူ၍ နားလည်ရပါသည်။ အဂတိတရားဟူသည် ကျင့်သုံးသူအတွက် အကျိုး ဆုတ်ယုတ်သကဲ့သို့ အဂတိ လိုက်စား၍ စီရင်ခံရသူအတွက်လည်း များစွာ ထိခိုက်ဆုံးရှုံး နစ်နာရပါသည်။ အဂတိတရား လေးပါးတွင် ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ စသော ဂတိ သုံးပါးတို့မှာ မိမိ၏ စိတ်ဆန္ဒတွင် ဖြစ်ပေါ်၊ ခံစားမှုအရ ဆောင်ရွက် စီရင်သော ကိစ္စများဖြစ်၍ မိမိ၏စိတ်ကို ကောင်းစွာ ပဲ့ပြင် ဆုံးမ နိုင်လျှင် ရှောင်လွှဲနိုင်သော အကြောင်းတရားများ ဖြစ်ကြပါသည်။ ဘယာဂတိဟူသည်ကား မိမိက မဆောင်ရွက်လိုသော်လည်း ကြုံတွေ့လာရမည့် ‘ဘယာ’ကို ကြောက်ရွံ့၍ ဆောင်ရွက်လိုက်ရခြင်း ရှိသကဲ့သို့ မိမိက အမှန်အတိုင်း ဆောင်ရွက်လိုသော်လည်း ‘ဘယာ’ ကို ကြောက်၍ မဆောင်ရွက် လိုက်ရသော အဖြစ်မျိုးလည်း ရှိကြပါသည်။ ဝန်ထမ်း လောကအတွက် ‘ဘယာ’ ဆိုသည်ကား အငြိုးအတေးထား၍ အဝေးသို့ ပြောင်းရွှေ့ခံရခြင်းမျိုး၊ မိမိ၏ ရာထူး တက်လမ်းအတွက် ပိတ်ဆို့ တားဆီးခံရခြင်းမျိုး စသည်တို့အပြင် ပို၍ ရာထူး ကြီးမားသော အထက်လူကြီးဖြစ်ပါက ပို၍ ပြင်းထန် သော ပြစ်ဒဏ် ပေးခံရခြင်း စသည်တို့ကို ကြုံတွေ့ရနိုင်သဖြင့် ဘယာဂတိ ဟူသည်ကား ဝန်ထမ်း များအတွက် ရှောင်လွှဲရခက်သော အဂတိတရား တစ်ပါး ဖြစ်ကြောင်း ဖော်ပြလိုပါသည်။

ဤနေရာတွင် ကိုယ်တွေ့ မဟုတ်သော်လည်း ဥပမာ တစ်ခုတော့ တင်ပြလိုပါသည်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက် အညာဒေသ ခရိုင်အဆင့် မြို့ တစ်မြို့တွင် တာဝန်ထမ်းဆောင်စဉ် ကြုံတွေ့ ရသည့် ဖြစ်ရပ် ဖြစ်ပါသည်။ သူက ယစ်မျိုး အရာရှိ တာဝန်ကို ထမ်းဆောင်ရပါသည်။ ယစ်မျိုး ဥပဒေ အရ တစ်နှစ်လျှင် တစ်ကြိမ် ကြော်ငြာ ခေါ်ယူ၍ လိုင်စင် အမျိုးအစား တစ်ခုချင်းအလိုက် ချက်လုပ်/ရောင်းချ လိုသူတို့က လေလံဆွဲ ဝယ်ယူရပါသည်။ လေလံစည်းကမ်းနှင့် ညီညွတ်ပြီး ဈေးအမြင့်ဆုံး ပေးသူကို လိုင်စင်ချ ပေးရပါသည်။ ဤတွင် ထိုဒေသအတွက် လုံခြုံရေး တာဝန်ယူရသူ ဗျူဟာမှူး အဆင့်ရှိ အရာရှိ တစ်ဦးက ၎င်းနှင့် ပတ်သက်ရာ ပတ်သက်ကြောင်း ပုဂ္ဂိုလ် တစ်ဦးကို ယစ်မျိုး လိုင်စင် ချထားပေးလိုသဖြင့် ကျွန်တော်၏ သူငယ်ချင်း ဖြစ်သူကို ခေါ်ယူ ညွှန်ကြားပါသည်။ သူငယ်ချင်း ဖြစ်သူက ယစ်မျိုး ဥပဒေနှင့် လေလံ စည်းမျဉ်းစည်းကမ်းများအရ မဖြစ်နိုင်ကြောင်း အကျိုးသင့် အကြောင်းသင့် ပြန်လည် ရှင်းပြခဲ့ပါသည်။ သို့ရာတွင် ထိုပုဂ္ဂိုလ်၏ မကျေမနပ်ဖြစ်မှု အကျိုးဆက်ကြောင့် တစ်လ အတွင်းမှာပင် ကျွန်တော့် သူငယ်ချင်းမှာ လက်ရှိ ဝေးလံသောနေရာမှ ပို၍ ဝေးသော နေရာသို့ ပြောင်းရွှေ့ခြင်း ခံလိုက်ရပါတော့သည်။

နောက်ဥပမာ တစ်ခုမှာ ရန်ကုန်မြို့တော်ကြီးတွင် ဖြစ်ပါသည်။ တရားရုံးက ဆုံးဖြတ်ပြီးသော အိမ်ရှင် အိမ်ငှား အမှုတစ်ခုနှင့် ပတ်သက်၍ တရားရှုံးသူက သက်ဆိုင်ရာ အဆင့်မြင့် တရားရုံးသို့ အယူခံ မတက်ဘဲ ခရိုင်အဆင့် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ ချဉ်းကပ်ပါသည်။ တရားရုံး၏ တင်ပြချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ခရိုင် ဥက္ကဋ္ဌက မြို့နယ်ဥက္ကဋ္ဌကို ခေါ်ယူတာဝန်ပေးပါသည်။ မြို့နယ်ဥက္ကဋ္ဌက ဥပဒေနှင့် မညီသည့်အတွက် ဆောင်ရွက်ပေးခြင်း မပြုပါ။ ထိုအခါ ခရိုင် ဥက္ကဋ္ဌက မြို့နယ် ဥက္ကဋ္ဌသည် ပေးအပ်သော လုပ်ငန်း တာဝန်များကို ကျေပွန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုနိုင်ဟူသော စွဲချက်ဖြင့် အထက်ကို တင်ပြပါသည်။ ရလဒ်ကား ‘သွားလေရော့ လဟယ် ဖြစ်ပါသတည်း’။

သည်တော့ အဂတိတရား လေးပါးအနက် ဘယာဂတိဟူသည် ဝန်ထမ်းများအတွက် ရှောင်လွှဲရခက် သော အဂတိတရား တစ်ပါးဖြစ်ပြီး ရှောင်လွှဲရန်အတွက်မူ စိတ်ဓာတ် ကြံ့ခိုင်ရန်နှင့် အမှန်တရားကို ယုံကြည်ပြီး ပြည်သူ့အကျိုးကိုသာ ရှေးရှုမည်ဟူသည့် သန္နိဋ္ဌာန်သာ ခိုင်ခိုင်မာမာ ချမှတ်ထားရန် လိုအပ်မည် ဖြစ်ပါသည်။

‘အကျင့်ပျက် ခြစားခြင်း’နှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးရပါမူ ‘အကျင့်’ဆိုသည်မှာ ‘စွဲမြဲနေသော အလေ့’ ဟူ၍ မြန်မာ အဘိဓာန်က ဖွင့်ဆိုပါသည်။ အကျင့်ကို စရိုက်နှင့် တွဲ၍ သုံးစွဲကြပါသည်။ ကောင်းသော အလေ့အကျင့်စရိုက် ရှိသကဲ့သို့ မကောင်းသော အလေ့အကျင့် စရိုက်လည်း ရှိပါသည်။ ‘အကျင့်ပျက်’သည်ဟု ဆိုရာတွင် ကောင်းသော အကျင့်စရိုက်များ ပျက်စီးပြီး မကောင်းသော အကျင့်စရိုက်များ လွှမ်းမိုးနေခြင်းကို ဆိုလိုပါသည်။ ကောင်းသော အကျင့်စရိုက် ဆိုသည်က ဘာတွေ ဖြစ်ပြီး မကောင်းသော အကျင့်စရိုက်က ဘာတွေလဲ ဆိုသည်ကတော့ မိမိတို့ လူမျိုး၏ ရိုးရာအစဉ် အလာ ဓလေ့ထုံးစံများက လက်ခံ ကျင့်သုံးခဲ့ကြသော အပြုအမူ၊ အပြောအဆိုများအပေါ် မူတည်၍ ဆုံးဖြတ်ကြပါသည်။ မြန်မာ့ ယဉ်ကျေးမှု ဓလေ့စရိုက် ထုံးစံများသည် ဗုဒ္ဓ၏ အဆုံးအမများအပေါ် အခြေခံသည်ဖြစ်၍ ကောင်းသော အကျင့်၊ မကောင်းသော အကျင့်ဟူ၍ ခွဲခြား ဆုံးဖြတ်ရာတွင် ဗုဒ္ဓ ဟောကြားတော်မူခဲ့သော တရားများနှင့် မည်မျှ ညီညွတ်သည်၊ မညီညွတ်သည် စသည်ဖြင့် တိုင်းတာ ဆုံးဖြတ်ကြပါသည်။

သေရည် သေရက် သောက်စားခြင်းကို ဗုဒ္ဓက တားမြစ်ပါသည်။ ထို့ကြောင့် အရက်သောက်ခြင်းသည် အကျင့်ပျက်ခြင်း ဖြစ်ပါသည်။ တစ်ကြိမ် နှစ်ကြိမ် သောက်ရာမှသည် အကြိမ်ကြိမ် သောက်သည်။ သည်မှ အလေ့အထ ဖြစ်လာသည်၊ စရိုက် ဖြစ်လာသည်။ အရက်သည် အခြားသော မကောင်းမှုများ ကို ဆက်လက် ကျူးလွန်ရန်အတွက် ရဲဆေး ဖြစ်သည်။ ပထမတော့ သူများတိုက်သည်ကို သောက်သည်။ အပေါင်းအသင်းဆုံလျှင် သောက်သည်။ နောက်တော့ ကိုယ်တိုင် ဝယ်သောက်သည်။ အပေါင်းအသင်းမရှိလျှင် တွေ့အောင်ရှာသည်။ မိမိဝင်ငွေ၊ လစာနှင့် မလောက်ငတော့ အပိုဝင်ငွေ ရှာသည်။ သည်တော့ လာဘ်ပေး လာဘ်ယူ ကိစ္စက ပါလာသည်။ သီတင်းကျွတ် ကန်တော့ခြင်းကို အကြောင်းပြ၍ တံစိုးလက်ဆောင် ပေးရာတွင်ပင် အရက်ပုလင်းက အဓိက အခန်းကဏ္ဍက ပါဝင်လာ သည်။

အကျင့်ပျက်ခြင်းသည် အရက် တစ်ခုသာမကပါ။ ကာမဂုဏ်တို့၌ မလျော်သောအမှု ပြုခြင်းသည်လည်း ကိုယ်ကျင့်တရား ပျက်ပြားခြင်းဖြစ်သည်။ အိမ်ထောင်ရှိသူ အထက် အရာရှိသည် မိမိ လက်အောက် ဝန်ထမ်းနှင့် ဖောက်ပြားခြင်း၊ အိမ်ထောင်ရှိသူ အချင်းချင်း ဖောက်ပြန်ခြင်းတို့သည် အကျင့်ပျက်ခြင်း၌ အကျုံးဝင်ပါသည်။ ထိုအခါ ငွေကြေးလိုအပ်ချက် ရှိလာသဖြင့် မလျော်သော နည်းလမ်းဖြင့် ငွေရှာ သည်။ အများပြည်သူနှင့် ထိတွေ့ ဆက်ဆံရသူများအဖို့ လာဘ်လာဘကို မျှော်ကိုးသလို နိုင်ငံတော် ဘဏ္ဍာ၊ အများပိုင်ငွေကို စီမံခန့်ခွဲပိုင်ခွင့် ရှိသူများအနေနှင့် မိမိကိုယ်ကျိုးအတွက် နည်းလမ်းမျိုးစုံ သုံး၍ ကြံရဖန်ရ ပြန်ပါသည်။ အကျင့်ပျက်ခြင်းကို ခြစားခြင်းနှင့် တွဲဖက် အသုံးပြုလေ့ ရှိကြပါသည်။ ‘ခြ’ သတ္တဝါသည် မိမိစားသည့် (သစ် စသည်) အရာဝတ္ထုကို တဖြည်းဖြည်း လုံးပါး ပါးစေ၍ နောက်ဆုံး တွင် အမှုန့် ဖြစ်သွားစေပါသည်။ မိမိ ကိုယ်ကျင့်တရားကို ‘ခြ’ စားခံရသော သူအဖို့ စာရိတ္တ လုံးပါးပါးပြီး နောက်ဆုံးတွင် ဘဝပျက်ရသည့် အကြောင်းများကို မြင်ဖူး တွေ့ဖူးကြမည် ဖြစ်ပါသည်။

ထို့ကြောင့် ‘အကျင့်ပျက်’ ခြင်း မဖြစ်ရအောင် ဘာသာတရား၏ အဆုံးအမကို ခံယူ၊ လိုက်နာ၊ ကျင့်သုံး ပြီး မိမိ ဘဝကို မိမိကိုယ်တိုင် ကောင်းစွာ ဆောက်တည်ခြင်း ပြုမှသာလျှင် ‘ခြ’ စား ခံရခြင်း အန္တရာယ်မှ ကင်းဝေးကြမည် ဖြစ်ပါသည်။

‘လာဘ်’ ဆိုသည်ကို မြန်မာ အဘိဓာန်က ‘ရရှိသော ဥစ္စာပစ္စည်း၊ အကျိုးကိုမျှော်၍ ပေးသောပစ္စည်း၊ တံစိုးလက်ဆောင်’ ဟူ၍ အဓိပ္ပာယ် ဖွင့်ပါသည်။ ကျွန်တော်အထက်မှာ ရေးခဲ့သလို အကြောင်း အမျိုးမျိုးကြောင့် ငွေကြေး ပစ္စည်း လိုအပ်ချက် ရှိလာလျှင် လာဘ်လာဘကို မျှော်ကိုးလာသည်။ လာဘ်ပေး လာဘ်ယူ ဆိုသည့်အတိုင်း ပေးသူနှင့် ယူသူ နှစ်ဦးနှစ်ဖက် ရှိသည်၊ ပေးသူရှိ၍ ယူသူ ရှိသည်၊ ယူသူ ရှိ၍လည်း ပေးသူက ပေးသည်၊ ပေးသူနှင့် ယူသူ မည်သူက စသနည်းဆိုသော် ‘ကြက်ဥနဲ့ ကြက်မ ဘယ်ကစ’ ဆိုသကဲ့ပင် ဖြစ်ပါမည်။ သို့သော် ယူနေကျ ဖြစ်လာလျှင် ပေးမည့်သူကို မျှော်လာသည်။ ပေးမည့်သူက မပေးလျှင် ပေးချင်အောင် စကား ခေါ်လာသည်၊ မိမိ လုပ်ပေးရမည့် အလုပ်သည် မည်မျှ ခက်ခဲကြောင်း၊ မိမိအနေနှင့် မည်မျှ စွန့်စားရကြောင်း စသည်ဖြင့် စကားခေါ်မည်။ နောက်ဆုံး အဆင့်ကား မပေးလျှင် မိမိဘက်က တာဝန်အရ၊ဝတ္တရားအရ ဆောင်ရွက်ပေးရမည့် အလုပ်ကို အကြောင်းအမျိုးမျိုး ပြ၍ အချိန်ဆွဲမည်၊ ပညာပြမည်။ သည်တော့ အများသူငါ ပြောနေကြ သလို ‘အပိုင်းလေး’ ဆိုသော ‘အပေးလိုင်း’ တစ်လိုင်း သီးသန့် ပေါ်လာခြင်း ဖြစ်ပါသည်။

အစ ပထမတော့ မရှိ၍ တောင်းသည်။ နောက်တော့ ရမှန်းသိတော့ လောဘ တက်လာသည်။ မိမိပုံမှန် တရားသဖြင့် ရသည့် ဝင်ငွေထက် ပိုရလာသောအခါ ပို၍ သုံးချင်လာသည်၊ ဖြုန်းချင်လာသည်၊ မိမိအဆင့်အတန်းနှင့် မလျော်ညီသော ဝတ်မှု၊ စားမှု၊ နေမှုကို တပ်မက်လာသည်။ သာယာလာသည်။ မိမိပတ်ဝန်းကျင်တွင်လည်း အလားတူ မြင်ရတွေ့ရသည့်အခါ အားကျလာသည်။ အထက်အရာရှိ ကလည်း ကိုယ်တိုင် မကင်းနိုင်သည့်အတွက် အဆင့်ဆင့် ဆိုဆုံးမမှု၊ အရေးယူဆောင်ရွက်မှုဟူသည် မရှိတော့သောအခါ လာဘ်ပေး လာဘ်ယူမှုဆိုသည်မှာ တရားဝင်လုပ်ငန်း တစ်ခုလို ဖြစ်လာသည်။ ဌာနအတွင်း မိမိက လာဘ်ပေး လာဘ်ယူ မလုပ်၍ အများနည်းတူ မသုံးနိုင် မစွဲနိုင်သောအခါ မျက်နှာ ငယ်ရသည်။ ငတုံးငအဟု အထင်ခံရသည်။

သို့သော် နေရာတိုင်းတွင် အပိုဝင်ငွေ ရပေါက်ရလမ်းက မရှိ၊ ဒေသတိုင်းတွင်လည်း မရှိ၊ နေရာ ကောင်းမှ ရသည်၊ ဒေသကောင်းမှ ရသည်။ သည်တော့ နေရာကောင်း ရဖို့အရေး၊ ဒေသကောင်း ရဖို့အရေး ကြိုးစားရပြန်သည်။ နေရာ၊ ဒေသကောင်းရမှ အထက်လူကြီးကို ကန်တော့နိုင်မည်။ သို့သော် နေရာကောင်း ရဖို့အတွက် ကြို၍ ပေးရပေဦးမည်။ သည်တော့ ဝန်ထမ်းလောကအတွင်းမှာ ပင် ဈေးကွက် စီးပွားရေးက အောင်မြင်စွာ ဖြစ်ထွန်း ပေါ်ပေါက်နေသည်။ လုပ်ပိုင်ခွင့် များများရှိသည့် နေရာဆိုလျှင် ဈေးပို၍ ကြီးသည်။ စီးပွားရှာ၍ ကောင်းသည့် ဒေသဆိုလျှင် ဈေးက မြောက်သည်။ အချို့ ဌာနများဆိုလျှင် နေရာဒေသအလိုက် ပေါက်ဈေးက သတ်မှတ်ပြီးသား ဖြစ်သည်ဟူ၍ ကြားသိ ရသည်။ စိတ်မကောင်း ဖြစ်ရသည်မှာ အာဏာရှင်ခေတ်ကို ကျော်လွန်၍ ပွင့်လင်း မြင်သာမှုရှိသော သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်နေသည့် ယနေ့လိုအချိန် အခါမျိုးမှာပင် ဤသတင်းမျိုး ကြားသိနေရခြင်းပင် ဖြစ်ပါသည်။

ထို့ကြောင့် အကျင့်ပျက် ခြစားမှု ပပျောက်ရေး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး၊ လာဘ်ပေး လာဘ်ယူမှု ဖော်ထုတ် အရေးယူရေးကို ဆောင်ရွက်မည်ဆိုလျှင် အတွင်းစည်းဖြစ်သော အစိုးရဌာန များအတွင်း ရာထူး တိုးမြှင့်ရေး၊ ဝန်ထမ်းများ ပြောင်းရွှေ့ နေရာချထားရေး ကိစ္စများကို ဌာနအလိုက် တိကျ ပြတ်သားသော လုပ်ထုံး လုပ်နည်းများ စနစ်တကျ သတ်မှတ် ပြဋ္ဌာန်းပြီး မိမိဌာနအတွင်း ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်သလို မိုးကျ ရွှကိုယ်များအား တာဝန်ပေးအပ်သည့် စနစ်ကိုလည်း ပြန်လည် သုံးသပ်ဖို့ လိုအပ်မည် ဖြစ်ပါသည်။

ဤနေရာတွင် စီးပွားရေးသမား လုပ်ငန်းရှင်များ အပါအဝင် ပြည်သူကိုလည်း တင်ပြချင်ပါသည်။ ပြည်သူ့ဝန်ထမ်းဟူသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်လျှင် မည်သူ့ကို မဆို လုပ်ကို လုပ်ပေးရမည်သာ ဖြစ်ပါသည်။ ပြည်သူများက အမြန် လိုချင်သည်၊ အဆင့် ကျော်ချင် သည် ဆိုလျှင်တော့ ဝန်ထမ်းက ပညာပြတော့မည် ဖြစ်ပါသည်။ တော်ရုံတန်ရုံ မည်သည့် ဝန်ထမ်းကမျှ ဥပဒေ၊ စည်းမျဉ်းကိုတော့ ကျော်၍ မလုပ်ရဲပါ။ ပေါ်ပေါက်လျှင် တိုင်တန်းလျှင် ဤကိစ္စက အပြစ်ကြီး ပါသည်။ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းကို ကျော်လွန်၍တော့ မိမိကိုယ်ကျိုး အတ္တတစ်ခုတည်း ကိုကြည့်၍ ဝန်ထမ်းကို မချဉ်းကပ်သင့်။ မဖျက်ဆီးသင့်ဟု ထင်ပါသည်။

ကိုယ်တွေ့လေး တစ်ခု၊ နှစ်ခုကိုတော့ တင်ပြချင်ပါသည်။ ကျွန်တော် ကုမ္ပဏီ တစ်ခုတွင် တာဝန် ထမ်းဆောင်စဉ် ကုမ္ပဏီပိုင်ကား သက်တမ်းတိုးရန်အတွက် က.ည.န ရုံးသို့ သွားရောက်ပါသည် (ယခင် အစိုးရလက်ထက်က ဖြစ်ပါသည်)။ ဌာနစိတ် တစ်ခု၏ ကောင်တာ အပေါက်ဝတွင် လျှောက်လွှာတင်ထားသူတို့၏ အမည်စာရင်းကို ခေါ်ယူနေသဖြင့် စောင့်ဆိုင်းနေရာ မိမိတို့ အလှည့် မရောက်နိုင်သဖြင့် မေးမြန်းရာ ၎င်းထံသို့ လျှောက်လွှာ ပုံစံ မရောက်ရှိသေးကြောင်း ပြောပါသည်။ ကျွန်တော်နှင့်အတူ ပါလာသူ မန်နေဂျာမလေးက လျှောက်လွှာပုံအောက်သို့ လက်လှမ်းနှိုက်၍ လျှောက်လွှာ တစ်စောင်ကို ဆွဲထုတ်လိုက်ပြီး “ဒါ တို့လျှောက်လွှာ မဟုတ်လား၊ ရော့ လုပ်ပေး” ဟူ၍ ပြောပြောဆိုဆို ထိုးပေးလိုက်ရာ မကျေမနပ် အမူအရာဖြင့် ဆောင်ရွက်ပေးပါတော့သည်။

တစ်ခါတုန်းကလည်း ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုတွင် တာဝန်ထမ်းဆောင်စဉ် မိမိတို့ ဆောက်လုပ်မည့် အဆောက်အအုံ တစ်ခု၏ မျက်နှာစာရှိ မလွတ်ကင်းသော သစ်ပင်ငယ်များကို ခုတ်ခွင့်ပြုရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်ဌာနသို့ ခွင့်ပြုချက် တောင်းခံ ပါသည်။ အဆိုပါ ခွင့်ပြုချက် ရရှိရေးအတွက် ဒုတိယ ဌာနမှူးကို ပေးရန်ဟုဆိုကာ ကုမ္ပဏီပိုင်ရှင် သူဌေးက ငွေပါသော အထုပ် တစ်ထုပ်ကို ၎င်း၏ လူယုံနှင့်အတူ ထည့်ပေးလိုက်ပါသည်။ ရုံးရောက်တော့ ဌာနမှူးအခန်းကို တော်တော်နှင့် ဝင်၍မရပါ။ ဒု ဌာနမှူး အခန်းတွင် ထိုင်၍ စောင့် နေရပါသည်။ ကျွန်တော်လည်း ကျွန်တော်တို့၏ လျှောက်လွှာသည် အချက်အလက် အထောက်အထား ပြည့်စုံသဖြင့် ခွင့်မပြုစရာ အကြောင်းမရှိဟု ယူဆလျက် ဌာနမှူး အခန်းကို ဝင်ရောက်၍ အကျိုးအကြောင်း ရှင်းပြရာ ဌာနမှူးက ခွင့်ပြုချက်လက်မှတ် ရေးထိုးပေးလိုက်ပါသည်။ မည်သူ့ကိုမျှလည်း ငွေကြေး တစ်စုံတစ်ရာ မပေးခဲ့ပါ။ ကုမ္ပဏီ ပြန်ရောက်တော့ ၎င်းတို့၏ အစဉ်အလာကို ဖျက်သည်ဟုဆိုကာ သူဌေးက ကျွန်တော့်ကို စိတ်ဆိုးပြီး ဆူပါသည်။

လာဘ်ပေး လာဘ်ယူ ကိစ္စနှင့် တစ်ဆက်တစ်စပ်တည်း တင်ပြလိုသည်မှာ ထောက်ခံစာ ကိစ္စပင် ဖြစ်ပါသည်။ ယခုအခါ နေရာဌာနတိုင်းတွင် မလိုအပ်သော ထောက်ခံစာများ ဖောင်းပွနေသည်ဟု ယူဆပါသည်။ အလုပ်ခေါ်စာများတွင် အကျင့်စာရိတ္တကောင်းမွန်ကြောင်းအတွက် ရပ်ကွက်၊ ရဲစခန် ထောက်ခံစာများ တင်ပြရမည်ဟူ၍ အမြဲ ပါရှိပါသည်။ သက်ဆိုင်ရာရပ်ကွက် (အုပ်ချုပ်ရေးမှူး) က ထောက်ခံပေးသည်မှာ ‘ဤရပ်ကွက်တွင် နေထိုင်ကြောင်း’ သာ ဖြစ်ပါသည်။ လ.ဝ.က ဌာနက ထုတ်ပေးသော ခိုင်လုံသည့် သန်းခေါင်စာရင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထောက်ခံပေးပါသည်။ အမှန်တကယ် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ရပ်ကွက် အုပ်ချုပ်ရေးမှူးက အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက် မပေးပါ။ ပေးခွင့်လည်း မရှိပါ။ ယခင် န.ဝ.တ ခေတ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ညွှန်ကြားထားခြင်း ဖြစ်ပါသည်။ အခြား ဒေသများကိုတော့ ကျွန်တော် အသေအချာ မသိပါ။ ရဲစခန်းကလည်း မည်သူ့ကိုမျှ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း တာဝန် မယူပါ။ မိမိ ‘ရဲစခန်းအပိုင် နယ်မြေအတွင်းတွင် ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း’ ကိုသာ ထောက်ခံပေးခြင်း ဖြစ်ပါသည်။ဤသည်မှာလည်း မည်သည့် မှတ်တမ်းမှတ်ရာကိုမျှ ပြန်လည် ကြည့်ရှု၍ ပေးခြင်း မဟုတ်ပါ။ တံဆိပ်ရိုက်ပြီးသား ပုံစံတွင် ဖြည့်စွက်ပေးလိုက်ခြင်းသာ ဖြစ်ပါသည်။

နိုင်ငံသား စိစစ်ရေးလက်မှတ် ပျောက်လျှင်လည်း လ.ဝ.က. က ရဲစခန်း ထောက်ခံချက် တောင်းပါ သည်။ ရဲစခန်းကလည်း (ဘယ်မှာ ပျောက်မှန်း မသိသည်ကို) မေး၍ ပျောက်ဆုံးသည်မှာ မှန်ကန် ကြောင်း ထောက်ခံပေးပါသည်။ ကျွန်တော့်သား ဆယ်တန်းအောင်လက်မှတ် ပျောက်စဉ်က ရဲစခန်း တစ်ခုတည်းနှင့် မပြီးပါ။ တရားရုံးတွင် ကျမ်းကျိန်ရပါသေးသည်။ ကျမ်းကျိန် စာရိုက်ခက ၄၀၀၀ ကျပ်၊ တရားရုံး စာရေးကို မှတ်ပုံတင်ခ (ဝင်စာရေး သွင်းခ) က ၄၀၀၀ ကျပ် ပေးရပြီး တရားသူကြီးအတွက် ဆိုကာ ၅၀၀၀ ကျပ် ထပ်တောင်းရာ မပေးခဲ့ဘဲ သည်အတိုင်း လက်မှတ် ဝင်ထိုးခဲ့ပါသည်။

နေရာဌာနပေါင်း များစွာသည် ထောက်ခံစာ ပေါင်းများစွာကို မလိုအပ်ဘဲနှင့် တောင်းနေကြသည်မှာ အစဉ်အလာပင် ဖြစ်နေပါသည်။ အမှန်တကယ် လိုအပ် မလိုအပ် ပြန်လည် စိစစ်ရန် လိုအပ်ပါမည်။ မိမိကိုယ်တိုင် စိစစ်ရမည့် ကိစ္စ၊ မိမိကိုယ်တိုင် တာဝန်ခံရမည့် ကိစ္စကို အခြား သူတစ်ပါးကို တာဝန်ခံ ခိုင်းနေခြင်းမှာ ဖြစ်သင့်၊ မဖြစ်သင့် စဉ်းစားသင့်ပါသည်။ စိစစ်ပေးရမည့်သူက ကိုယ့်ကိစ္စ မဟုတ်၍ ဝတ္တရားကျေသာ ဆောင်ရွက်ပေးကြမည် ဖြစ်ပါသည်။ သည်တော့ ကာယကံရှင်တို့မှာ လမ်းစရိတ် အပါအဝင် စာရွက်စာတမ်းကြေးဟုဆိုသော စားကြေး၊ ဝါးကြေး ပေးရပြန်ပါသည်။ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးညွန့်က ‘လာဘ်ပေး လာဘ်ယူအစ ထောက်ခံချက်က’ ဟူ၍ ပြောခဲ့ဖူးပါသည်။

အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ၁၀.၆.၂၀၁၃ ရက်နေ့က နေပြည်တော် MICC တွင် ကျင်းပသည့် ပွင့်လင်း မြင်သာရေးနှင့် ဖြောင့်မတ်ရေး အလုပ်ရုံ ဆွေးနွေးပွဲ၌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ပြောကြားခဲ့သည်ကို မီးမောင်းထိုးပြ လိုပါသည်။

ယခုကြုံတွေ့နေရသည့် အဂတိ လိုက်စားမှုသည် လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ ဝန်ထမ်းလောက အသိုင်းအဝိုင်းအတွင်း ကြိမ်ဖန်များစွာ၊ အဆင့်ပေါင်းများစွာ၊ နေရာပေါင်းများစွာ၌ ဖြစ်ပေါ်နေခြင်းမှာ အဂတိလိုက်စားမှုသည် တရားဥပဒေကို ကျောခိုင်းသည့် လုပ်ရပ်၊ မိမိ၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ ဝန်ထမ်းဆိုသည့် ဂုဏ်ယူစရာကောင်းသည့် ဂုဏ်သိက္ခာစသော ဂုဏ်သိက္ခာပေါင်း များစွာ ကို မျက်ကွယ်ပြုလာကြပြီး မြန်မာနိုင်ငံ လူ့အသိုင်းအဝိုင်းအတွင်း ယဉ်ကျေးမှု တစ်ခုသဖွယ် ဖြစ်လာခြင်းသည်လည်း နိုင်ငံအတွက် ဝမ်းနည်းစရာ၊ ရင်လေးစရာပင်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆွေးနွေး သုံးသပ်ကြရာမှာ ဝန်ထမ်းတွေရဲ့ လစာကိစ္စကို ချန်ထားလို့မရပါ၊ အစိုးရက ဝန်ထမ်းလစာ နှစ်ကြိမ် တိုးမြှင့်ပေးခဲ့ပေမယ့် ကျေနပ်အားရလောက်တဲ့အဆင့် မရောက်သေးပါ၊ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ အကန့်အသတ်တွေကြားက ဆောင်ရွက်ပေးနေရတာ ဖြစ်ကြောင်း၊ အဂတိ လိုက်စားမှု နည်းပါးခဲ့တဲ့ ယခင်ခေတ် ကာလက အစိုးရ ဝန်ထမ်းများရဲ့ လစာ၊ ကုန်ဈေးနှုန်း၊ မိသားစု လူနေမှု ကုန်ကျစရိတ်၊ အငြိမ်းစားသွားတဲ့အခါ ရရှိခံစားရတဲ့ ဆုငွေ၊ ပင်စင်စားဘဝ ဆက်လက် ရပ်တည် ‘နေထိုင်နိုင်ရေး’ အာမခံချက်များနဲ့ လျင်မြန်စွာ ပြောင်းလဲလာတဲ့ ယခုခေတ်ကာလ အခြေအနေကို ပြန်လည် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဝန်ထမ်းဆိုတဲ့ ဂုဏ်သိက္ခာကို စောင့်ထိန်းလိုကြ ပေမယ့် စောင့်ထိန်းနိုင်စွမ်းအား မရှိလောက်အောင် အခြေအနေများစွာက ဟန့်တားနေတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

အဂတိလိုက်စားမှုဟာ ဆယ်စုနှစ်များစွာ အမြစ်တွယ်ခဲ့တဲ့ ပြဿနာဖြစ်တဲ့အတွက် တစ်ဦး၊ တစ်ဖွဲ့၊ တစ်စု၊ လက်ညှိုးထိုး စွပ်စွဲနေကြရုံနဲ့ ပပျောက်သွားမယ့် ပြဿနာ မဟုတ်ဘဲ အဂတိ လိုက်စားမှု အခြေအနေ မဖြစ်ပေါ်အောင် ဖန်တီးဖို့၊ တစ်မျိုးသားလုံးရဲ့ အနာဂတ်ကို ဖျက်ဆီးသည့်အရာဖြစ်သည့် အတွက် ရှောင်ရှားနိုင်အောင် ကြိုးစားကြဖို့နဲ့ တစ်ဦး တစ်ယောက် တစ်ဖွဲ့က ဖြေရှင်းနိုင်တဲ့ ပြဿနာမျိုး မဟုတ်တဲ့အတွက် ဘက်ပေါင်းစုံဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားရေးအပြင် ပြည်သူလူထု တစ်ရပ်လုံးက ပါဝင်ဖို့ လိုအပ်ပါတယ်။

ထို့ကြောင့် ကျွန်တော်သည် ဒုတိယ သမ္မတ ပြောကြားသကဲ့သို့ တာဝန်သိ ပြည်သူ တစ်ဦးအနေနှင့် မိမိ၏ လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို အသုံးချပြီး (တစ်စုံတစ်ယောက်၊ တစ်ဖွဲ့၊ တစ်ဌာနကို နစ်နာစေ လိုသော၊ ဂုဏ်သိက္ခာ ထိခိုက်စေလိုသော ရည်ရွယ်ချက် အလျှင်းမရှိဘဲ) သန့်ရှင်းသော အစိုးရ (Clean Government)) နဲ့ ကောင်းမွန်သောအုပ်ချုပ်ရေး (Good Governanc) ဖြစ်လာစေရေး အတွက် တစ်တပ် တစ်အား ပါဝင်ခြင်း ဖြစ်ကြောင်းပါ။

Credit To The Voice Weekly

Related Articles:

Post a Comment