Tuesday, August 27, 2013

သမိုင်းသင်ခန်းစာကို အကျိုးရှိအောင် ပြန်လည်အသုံးချဖို့လိုပါသည်



၂၀၁၃ ခုနှစ် သြဂုတ်လ ၆ ရက်၊ ၇ ရက်၊ ၈ ရက်နေ့များက ရန်ကုန်မြို့တော် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံ၊ ၂၅ နှစ်မြောက်(ငွေရတု) အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာသော သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "သမိုင်းကို ဖျောက်လို့မရဘူး၊ သမိုင်းက အားနည်းချက် တွေကို ဖော်ထုတ်ပြီး အားသာချက်တွေ လုပ်ဖို့က လက်ရှိလူသားတွေရဲ့ တာဝန်ပေါ့" ဟူ၍ ပြောကြားခဲ့ကြောင်း ၈.၈.၂ဝ၁၃ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်သတင်းစာတွင် ဖတ်ရှုလိုက်ရပါသည်။

၁၉၆၂ ခုနှစ်က အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၆၄ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ထောင်ပြီး ဥက္ကဋ္ဌ လုပ်ခဲ့သည်။ တစ်ပါတီစနစ်ကို ခိုင်မာစေသည့် အခြေခံဥပဒေ တစ်ရပ်ရေး ရေးဆွဲကာ ၁၉၇၃ ခုနှစ်တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်ပြီး ၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင်ပြဋ္ဌာန်းကာ ထိုနှစ် မတ်လ ၂ ရက်နေ့တွင် ပြည်သူ့ လွှတ်တော်နှင့် နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့ သည်။ ဦးနေဝင်းသည် နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက် ခြင်းခံရသည်။ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌသည် အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတဖြစ်သည်။

ကျွန်တော်ဤသို့ အတိတ်သမိုင်းကို ရေးပြနေရခြင်းမှာ ပြည်သူတွေ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဖွဲ့စည်းပုံ အခြေခံဥပဒေကို (ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို အသုံးချလျက်) အတည်ပြုချက် ရယူနိုင်ခြင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက သဘောကျသည်ဖြစ်စေ၊ မကျသည် ဖြစ်စေ မိမိလိုချင်သော ရာထူးနေရာကို ထောက်ခံဆန္ဒမဲဖြင့် ရရှိအောင် ဆောင်ရွက်နိုင်ခြင်းတို့သည် ဦးနေဝင်း၏ ထူးခြားသောစွမ်းရည်များပင် ဖြစ်ပါသည်။ သူ့ကိုဆက်ခံသော နှောင်းလူများကလည်း သမိုင်းသင်ခန်းစာရယူ၍ ဆရာ့ခြေဖဝါး ထက်ကြပ်မကွာ လိုက်ပါနိုင်ကြသည်သာ ဖြစ်ပါသည်။

ယခုအခါ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးကို စတင်ဦးဆောင် အကောင်အထည်ဖော် ခဲ့ကြသူများနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်တိုင်ပင်လျှင် ပြင်မည်တကဲကဲ လုပ်နေကြသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးမှာ ညောင်နှစ်ပင်ဆိုသော စခန်းသာကြီးတွင် အလွှာ ပေါင်းစုံမှ ကိုယ်စားပြုသူများ ပါဝင်လျက် ၁၃ နှစ်တိုင်တိုင် မူဝါဒများချမှတ်ကာ အခြေခံဥပဒေကိုမူ တစ်နှစ်ခန့်သာ တက်သုတ်ရိုက် ရေးဆွဲခဲ့ကြပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး ပြုလုပ်၍ ဆန္ဒမဲပေးသူများ၏ (၉၂ ဒသမ ၄၈) ရာခိုင်နှုန်း ထောက်ခံမဲဖြင့် အတည်ပြုခဲ့သည့် အခြေခံဥပဒေကြီးပင် မဟုတ်ပါလော။

ဤသို့ဆိုလျှင် ပြည်သူတွေ မနှစ်သက်သော ဤအခြေခံဥပဒေကြီးကို မည်သူတွေကများ မူဝါဒချမှတ် ရေးဆွဲခဲ့ကြပါသနည်း။ စားကောင်းသောက်ဖွယ်များ စားပြီး ဆေးဝါး အပါအဝင် အသုံးအဆောင်ပစ္စည်းများကို အလကားနီးပါးရသောဈေးဖြင့် ဝယ်ယူခွင့်ရကြသော ဝန်ထမ်းကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်ဟု ဆိုသူများ၊ တောင်သူလယ်သမား ကိုယ်စားလှယ်ဟု ဆိုသူများ၊ အနုပညာရှင်၊ အတတ်ပညာရှင် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီတို့၏ ကိုယ်စားလှယ်များ(NLD မပါ)၊ ထိုအချိန်က ငြိမ်းချမ်းရေး ရယူထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့မှ ကိုယ်စားလှယ်များ စသည့်၊ စသည့် ပုဂ္ဂိုလ်တို့ရေးဆွဲခဲ့ကြခြင်း မဟုတ်ပါလား။

အဆိုပါပုဂ္ဂိုလ်များအားလုံးကို ကျွန်တော်ကတော့ သမိုင်းတရားခံများဟု မသတ်မှတ်လိုပါ၊ သွားလေသူဆရာ၏ သမိုင်းသင်ခန်းစာကို အမိအရ ဆုပ်ကိုင်ရယူ၍ (မည်သည့် တပည့်သားမြေးကိုမှ စိတ်ချယုံကြည်ခြင်း မပြုတော့ဘဲ) မိမိတို့ လုပ်ဆောင်ခဲ့သမျှကို အပြည့်အဝ အကာအကွယ်ပေးရန်
(ပြင်ဆင်ရန်ခက်ခဲအောင် တမင်ပြုလုပ်ထားသော) အခြေခံဥပဒေကြီး၏ အကာအကွယ်ကို အရယူခဲ့ခြင်းမှာ ဆရာ့ထက် လက်စောင်းထက်စွာ သမိုင်းသင်ခန်းစာကို လက်တွေ့ ကျင့်သုံးခြင်းပင်ဖြစ်ပါသည်။

ထို့ပြင် “အကြံတူ နောက်လူသာစမြဲ” ဟူသောဆိုရိုးစကားအတိုင်း မိမိကိုယ်တိုင် အာဏာကို မရယူတော့ဘဲ အာဏာရှိသူတို့၏နောက်ဝယ် အခြေခံဥပဒေ၏ အကာအကွယ်ဖြင့် ငြိမ်းအေးစွာနေထိုင်နိုင်ခြင်းမှာ သမိုင်းသင်ခန်းစာကို ရယူအသုံးချခြင်း မဟုတ်ပါဟူ၍ မည်သူက ပြောနိုင်ပါမည်နည်း။ အခြေခံဥပဒေသာမက ၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲကား ၁၉၉၀ ပြည်နှစ်ရွေးကောက်ပွဲမှ ရရှိသော သမိုင်းသင်ခန်းစာကို အပြည့်အဝ ရယူအသုံးချခဲ့ခြင်း မှာကား သြချလောက်ပါပေသည် ဟူ၍ပဲ ဆိုလိုက်ပါရစေ။ အဘယ်ကြောင့် ဤသို့ပြောရသနည်းဆိုသော် ကျွန်တော်ကိုယ်တိုင်ပင်လျှင် မြို့နယ်ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့ရသည့် အတွက်ဖြစ်ပါသည်။

၁၉၉၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေနှင့် ကော်မရှင်ဥပဒေတို့ကို နဝတ အစိုးရက ပြဋ္ဌာန်းပေးပါသည်။ ကျွန်တော်တို့အား အဆိုပါဥပဒေများကို စနစ်တကျ ကိုင်တွယ်ကျင့်သုံး ဆောင်ရွက်နိုင်စေရန် သင်တန်းပို့ချသဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး) တွင် သင်တန်း တက်ရပါသည်။ ထိုစဉ်က ကော်မရှင်ဥက္ကဋ္ဌကြီး ဦးဘဌေးနှင့် အဖွဲ့ဝင်များဖြစ်သည့် ဦးစန်းမောင်၊ ဆရာချယ် စသူတို့ကလည်း ရွေးကောက်ပွဲကို သန့်ရှင်းမျှတစွာ ကျင်းပပေးမည် ဖြစ်ကြောင်းနှင့် နဝတအစိုးရကလည်း ရွေးကောက်ပွဲကို လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရမည် ဟူ၍ ကမ္ဘာသို့ ကြေညာထားပါသည်။

နဝတ အစိုးရက ဤကဲ့သို့ရဲဝံ့စွာ စိန်ခေါ်ရဲခြင်းမှာ ၄င်းတို့ရရှိခဲ့သော ထောက်လှမ်းရေး သတင်းများအရ “မဆလ” ပါတီတစ်ဖြစ်လဲ “တစည” ပါတီ သည် အနိုင်ရရှိရန် အခြေအနေကောင်းသည် ဟူ၍ သိရှိထား သည့်အတွက်ကြောင့် ဖြစ်ပါသည်။ ထိုအချိန်က NLD ပါတီဝင်များကို နှိပ်ကွပ်ခြင်း၊ ဖမ်းဆီး ထောင်ချခြင်းများ ပြုလုပ်၍ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အပုပ်ချဆောင်းပါးများ ရေးသားနေပြီး ရွေးကောက်ပွဲ ဝင်ခွင့်မပြုပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်ခွင့် ပြုသော ရန်ကုန်မြို့နယ်စု ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ကိုလည်း အဝေးတစ်နေရာသို့ ပြောင်းပို့ခဲ့ပါသည်။ တိုင်းကော်မရှင်အဖွဲ့ ခွဲက ပယ်ချမှသာလျှင် ဇာတ်လမ်းပြတ်ပါသည်။

မြန်မာတွင်သာမက ကမ္ဘာတွင်ပါ ကျော်ကြား၍ အလေးထား၊ ပြောကြား၊ ရေးသားခဲ့ကြသော ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကြီးကား ကျွန်တော့် ဘဝအတွက်ပါ အမှတ်တရ များစွာရှိသဖြင့် ထိုနေ့ကဖြစ်စဉ်တစ်ခုကိုဖြင့် မှတ်တမ်းပြု ဖော်ပြအပ်ပါသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရပ်ကွက် အသီးသီးရှိ မဲရုံများတွင်မဲပေးသည့် အခြေအနေများကို တစ်နေကုန် လိုက်လံ စစ်ဆေး ကြည့်ရှုရာတွင် ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်များ၊ မဲရုံအဖွဲ့ဝင်များ သည် ကျွန်တော်တို့ပြောဆို မှာကြားထားသည့်အတိုင်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကြီးအဖြစ် သမိုင်းမှတ်တမ်း ပြုနေကြသည်မှာ များစွာဂုဏ်ယူဖွယ် ကောင်းပါသည်။ ညနေမဲရုံပိတ်သည့် အချိန်တွင်တော့ ကျွန်တော်တို့ မြို့နယ်ကော်မရှင် အဖွဲ့ဝင်များသည် သိမ်ဖြူလမ်း၊ လမ်းငါးခွဆုံ မီးပွိုင့်အနီးရှိ မြို့နယ်ကော်မရှင် အဖွဲ့ ခွဲရုံးတွင် ရပ်ကွက်/မဲရုံအသီးသီးမှ ရောက်ရှိလာသော မဲစာရင်းများကို ကျွန်တော်ကိုယ်တိုင် ဖွင့်ဖောက်စစ်ဆေး ရေတွက်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်နှစ်ဦးမှာ ပါတီအသီးသီးမှ ကိုယ်စားလှယ်များနှင့် ပြည်သူများ၏ ရှေ့မှောက်တွင် ပြတ်သားစွာ အနိုင်ရရှိသွားပါသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် သန့်ရှင်း၊ မျှတ၊ လွတ်လပ်သော ရွေးကောက်ပွဲ၏ ရလဒ်အရ ဒေါက်တာအောင်ခင်ဆင့်နှင့် ဒေါက်တာ သန်းအောင်တို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ နှင့် အမှတ် ၂ တို့မှ ရွေးချယ်ခံ ရသော လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြပါသည်။

ကျွန်တော်သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ခုကို အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့သော ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် တက်ကြွသောခြေလှမ်းများဖြင့် မြို့တော်ခန်းမရှိ မြို့နယ်စု ကော်မရှင် အဖွဲ့ခွဲရုံးသို့ ရွေးကောက်ပွဲရလဒ်များကို သွားရောက် ပို့ဆောင်ခဲ့ပြီးနောက် ရုံးသို့ပြန်ကာ မြန်မာ့အသံက ရွေးကောက်ပွဲရလဒ်များ ကြေညာသည်ကို နားထောင်နေမိပါသည်။

ပထမဆုံးကြေညာသည်က ဆိပ်ကမ်းမြို့နယ်မှ ရွေးကောက် တင်မြှောက်ခြင်းခံရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်း၏အမည် ဖြစ်သည်။ ဆက်လက်၍ ကြေညာသွားရာ ၄င်းပါတီမှပင် ဖြစ်ပြီး လေးငါးယောက် ကြေညာပြီးသောအခါ ဆက် လက်ကြေညာခြင်းမပြုဘဲ ရပ်သွားပါသည်။ ကျွန်တော့်မြို့နယ်မှ အမည်စာရင်းကို အချိန်မီ ပေးပို့နိုင်သော်လည်း မကြေညာသဖြင့် ကျွန်တော့်မှာနားမလည် နိုင်အောင်ဖြစ်ရသည်။ နောက်မှကြားသိရသည်မှာ မမျှော်လင့်ထားသော ရလဒ်များ(အထူးသဖြင့် မှော်ဘီ၊ မင်္ဂလာဒုံ စသည့် မြို့နယ်များမှာပင်) ရရှိခဲ့သဖြင့် စစ်ဗိုလ်ချုပ်ကြီးများ ဒေါသူပုန်ထပြီး နားထောင်နိုင်စွမ်း မရှိတော့ သဖြင့် ရပ်နားလိုက်ရခြင်းဖြစ်ပါသည်။ နောက်နေ့နံနက် နေ့စဉ်ထုတ် သတင်းစာများမှပင် ဖတ်ရှုရပါတော့သည်။

ဤသမိုင်းသင်ခန်းစာကို နအဖ အစိုးရသည် ကောင်းစွာ အသုံးချနိုင်ခဲ့ ပါသည်။ ၁၉၉၀ ပြည့်နှစ်က ရွေးကောက်ပွဲကို တရားမျှတစွာကျင်းပပေးခဲ့သူ အများစုမှာ အငြိမ်းစား ယူကြပါပြီ၊ ကျန်သူများမှာ အမှည့်ခြွေ ခြွေခံခဲ့ ကြရပါသည်။ ၄င်းတို့၏နေရာ များတွင် မိုးကျရွှေကိုယ် တို့ဖြင့် အစားထိုးခဲ့ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပချိန်တွင် ပြည်ခိုင်ဖြိုး အသင်းတဖြစ်လဲ ပါတီသည် ယခင်အသင်းဝင် ဆရာ/ဆရာမ များအပေါ်တွင် သြဇာလွှမ်းမိုးလျက်ပင် ရှိပါသေးသည်။ ၄င်းတို့ကို မဲရုံမှူးကဲ့သို့ တာဝန်များပေးပါသည်။ ရယက အဖွဲ့ဝင်များမှာ ထိုအချိန်က ယင်းပါတီ၏ ပါတီဝင်များဖြစ်ကြပါသည်။ အချို့ကို ရပ်/ကျေး ကော်မရှင် အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ပါသည်။

ရွေးကောက်ပွဲ ကျင်းပသောနေ့တွင် သွားရောက် မဲပေးသောအခါ ကြုံတွေ့ရသည်များမှာ အများသိပြီး ဖြစ်ကြသည့်အတိုင်း မဲဆန္ဒရှင်စာရင်း တွင် မိမိအမည်မပါရှိခြင်း၊ ပါရှိသော်လည်း တစ်စုံတစ်ယောက်က မိမိကိုယ်စား မဲပေးပြီးဖြစ်နေခြင်း၊ ခရီးလည်းမသွား၊ ဆေးရုံလည်းမတက်၊ ထောင်နန်းစံရသူလည်း မဟုတ်ပါဘဲ ကြိုတင်မဲပေးပြီး ဖြစ်နေခြင်း စသည့် ထူးဆန်းအံ့သြဖွယ်ရာ အဖြစ်ဆန်းများကို အများသူငါ ကြုံတွေ့ခဲ့ကြရ သည်ဆိုလျှင် ယုံတမ်း စကားဟု ဆိုကြပါမည်လား...။

ထိုစဉ်က ကျွန်တော်နေထိုင်ခဲ့သည့် ရွှေပြည်သာမြို့နယ် တွင်လည်း အလားတူပင် ကြုံတွေ့ခဲ့ရပါသည်။ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ အရလည်းကောင်း၊ ရွေးကောက်ပွဲ မတိုင်မီ ကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များ၏ ပြောကြားချက်များအရ လည်းကောင်း ဆန္ဒမဲလက်မှတ်များ ရေတွက်သည့် အချိန်တွင် မဲဆန္ဒရှင်များအနေနှင့် လာရောက်ကြည့်ရှု နိုင်သည်ဟု သိရှိထားသဖြင့် သွားရောက် ခဲ့ပါသည်။ သို့ရာတွင် မဲရုံအပေါက်နားသို့ပင် ကပ်၍မရခဲ့ဘဲ ဆက်နေလျှင် မဲရုံကိုနှောင့်ယှက်မှုဖြင့်
အဖမ်းခံရတော့မည့် အမူအရာများကြောင့် အလျင်အမြန်ပင် ပြန်လှည့်ခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ်က တရားမျှတသော၊ လွတ်လပ်သော ရွေးကောက်ပွဲ တစ်ခုကို အောင်မြင်စွာ ကျင်းပပေးခဲ့သော ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတစ်ဦး၏ တရားမျှတမှုမရှိသော၊ လွတ်လပ်ပွင့်လင်းမှု မရှိသော ရွေးကောက်ပွဲတစ်ခု၏ အနီးကပ် အတွေ့အကြုံပင် ဖြစ်ပါသည်။

ဆန္ဒမဲလက်မှတ်များ ရေတွက်ပြီးစီး၍ ရွေးကောက်ခံရသူများ၏ အမည်စာရင်းများ ထွက်ပေါ်လာ သောအခါ အံ့အားသင့်ရသူတို့ကား မဲဆန္ဒရှင်များပင် ဖြစ်ကြပါသည်။ မိမိတို့လူအများစု ဆန္ဒပြုခဲ့ကြသော ပါတီမှ ကိုယ်စားလှယ်၏ အမည်နှင့် ရွေးချယ်ခံရသည်ဟူ၍ ကြေညာခြင်းခံရသူတို့၏ အမည်မှာ ကွဲလွဲနေသော်လည်း မည်သို့မျှစောဒကတက်ရန် မတတ်နိုင်သော အခြေအနေပင် မဟုတ်ပါလား။ အချို့မြို့နယ်များ ဆိုလျှင် ညကကြေညာစဉ်က ရွေးချယ်ခံရသူတစ်ဦး ဖြစ်ပြီး နောက်တစ်နေ့ နံနက်တွင် ထပ်မံကြေညာသောအခါ ရွေးကောက်ခံရသူ အမည်တစ်မျိုး ဖြစ်နေခြင်းကား အံ့သြကုန်နိုင်ဖွယ် ဖြစ်ရပ်များသာတည်း။

၂၀၀၈ ခုနှစ်အခြေခံဥပဒေ မဲပေးစဉ်ကလည်း မိသားစု လေးဦးရှိသည့် ကျွန်တော်တို့အိမ်တွင် ဇနီးတစ်ဦးတည်း ရှိနေစဉ် ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲဝင်များ ရောက်ရှိလာပြီး လေးဦးစလုံးအတွက် ကြိုတင်မဲများ ထည့်ခိုင်းသဖြင့် ဇနီးဖြစ်သူက ဖြည့်စွက်၍ လက်မှတ်ရေးထိုး ပေးလိုက်ရပါသည်။ ကျွန်တော်က ဇနီးဖြစ်သူကို “မင်းက ငါ့ကိုယ်စား ဘာဖြစ်လို့ ထောက်ခံဆန္ဒမဲ ပေးလိုက်ရတာလဲ” ဟူ၍ပြောသောအခါ ၄င်းက“သူတို့က ဝိုင်းပြီးကြည့်နေ ကြတာ ကျွန်မက သူတို့ရှေ့မှာ ဘယ်လိုလုပ်ပြီး ကန့်ကွက်မဲပေးလို့ ဖြစ်မလဲ” ဟု ပြန်ဖြေပါသည်။ ထို့ကြောင့် ကျွန်တော်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မထောက်ခံပါ၊ သို့သော် ကျွန်တော် ထောက်ခံဆန္ဒမဲ ပေးခဲ့ရပါသည်။

ထို့ကြောင့် သူတို့တစ်တွေ (အာဏာရှင်ဘက်တော်သားတွေ) သမိုင်း သင်ခန်းစာကို ကောင်းကောင်း ယူတတ်ကြသလို ဒီမိုကရေစီ ဘက်တော်သားများ အနေနှင့်လည်း သမိုင်းသင်ခန်းစာများကို ကောင်းစွာ ယူတတ်ကြဖို့ လိုပါသည်။

ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနား ဒုတိယနေ့တွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အမှာစကား ပြောကြားရာ၌ “သမိုင်းကို စနစ်တကျ လေ့လာရန် လိုကြောင်း၊ အတိတ်ဖြစ်ရပ်များအပေါ် သုံးသပ်ဖော်ထုတ်သည့် သင်ခန်းစာများသည် နိုင်ငံအတွက် အကျိုးရှိသော သင်ခန်းစာ ဖြစ်ရန်လိုကြောင်း၊ သမိုင်းစိတ်ဓာတ်သည် အပြုသဘောဆောင်ရန် လိုကြောင်း၊ မည်သည့်စိတ်ဓာတ်မဆို အပြုသဘော မဆောင်ပါက နိုင်ငံအတွက် အကျိုးမရှိကြောင်း” စသည်ဖြင့် ပြောကြားသွားသည်ကို ၉.၈.၂၀၁၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖတ်ရှုလိုက်ရပါသည်။
ထို့ကြောင့် အထက်တွင် ရေးသားဖော်ပြချက်များအရ သမိုင်းသင်ခန်းစာများကို ရယူခြင်း၊ ထိုသို့ရယူထားသော သင်ခန်းစာများမှ အားနည်းချက်များကို ပြန်လည်ပြုပြင်၍ အသုံးပြုခြင်းသည် နိုင်ငံတော်အတွက် အကျိုးဖြစ် မဖြစ်နှင့် မည်သူတွေ အကျိုးရှိသွားကြသည်ကို စာရှုသူများ ပညာဉာဏ်ကြီးစွာဖြင့် သုံးသပ်ကြရန် ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်တို့သည် သမိုင်းထဲမှ သင်ခန်းစာများကို ရယူခြင်း၊ သုံးသပ်ခြင်း၊ သုံးသပ်ချက်များအရ တွေ့ရှိရသော အားနည်းချက်များကို အားသာချက်အဖြစ် ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်ကြ သည့်အခါ မိမိအကျိုး၊ မိမိပါတီ/အဖွဲ့အစည်း၏ အကျိုးကိုသာ ရှေ့တန်းတင်ခြင်း မပြုကြပဲ နိုင်ငံတော်နှင့် ပြည်သူအကျိုးကိုလည်း ကိုယ်စွမ်း/ဉာဏ်စွမ်း ရှိသရွေ့ ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။

(သိန်းထက်အောင်)

Credit To The Voice Weekly

Related Articles: