ယခုတစ်လော မြင်နေတွေ့နေရသော အဖြစ်အပျက် များကို ထောက်ရှုခြင်းဖြင့် နွားကွဲလျှင် ကျားဆွဲတတ်သည်ဟူသော စကားပုံအား ခဏခဏ သတိရမိပါသည်။ မြန်မာနိုင်ငံတွင် တအုံနွေးနွေးနှင့် သွေးအေးတော့မလို ဖြစ်နေသော ပဋိပက္ခများ တစ်ဖန် ခေါင်းထောင်ထလာသယောင် ထင်မိပါသည်။ သြဂုတ်လ ၁၁ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိ လာသောအခါ ဆန္ဒပြမှုများ ဖြစ်လာသည်။ လတ်တလော မီဒီယာမျိုးစုံတွင် တွေ့မြင်နေရသည့်အတိုင်း ရခိုင်တွင် ဆန္ဒပြကြသည်။
သိပ်မဆိုး။ မိတ္ထီလာသို့ ညအချိန်ရောက်သည်တွင် လူအုပ်နှင့် ဝိုင်းကာ ဆန့်ကျင်မှု ပြုသည်ကို မျက်မြင်ကိုယ်တွေ့ မစ္စတာကင်တားနား ကြုံခဲ့ရသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တစ်ဦးသည် မြန်မာနိုင်ငံမှ ပဋိပက္ခများအပေါ် လူမျိုးကြီးဟု နိုင်ငံတကာတွင် ခေါ်ဆိုနေသော မြန်မာတို့၏ သဘောထားကို လက်တွေ့ကြုံလိုက်ရခြင်း ဖြစ်သည်။ ထိုမျှနှင့်မပြီး သြဂုတ်လ ၂၁ ရက်နေ့ မစ္စတာကင်တားနား ပြန်ခါနီး သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းပြည်ပ မီဒီယာများရှေ့၌ ဒုက္ခသည်များ၏ ကြောက်ရွံ့မှုမျိုးကို ခံစားခဲ့ရပါသည်ဟု ပြောကြားခဲ့သည်။ ဤတွင် ပြည်တွင်းမီဒီယာနှင့် အွန်လိုင်းမီဒီယာများပေါ်၌ သိသိသာသာ ဂိုဏ်းနှစ်ခု ကွဲထွက်လာသည်ကို တွေ့ရသည်။ ကင်တားနား မှန်သည်ဟူသည့် အုပ်စုနှင့် ကင်တားနားကို ရှုတ်ချသည့် အုပ်စုဟူ၍ ဖြစ်သည်။ ကင်တားနား မှန်သည်ဟူသော အများစုမှာ လစ်ဘရယ် အမည်ခံများဖြစ်ပြီး ကင်တားနားကို ဆန့်ကျင်ရှုတ်ချသော အုပ်စုမှာ အမျိုးသားရေးဝါဒီများ ဖြစ်သည် ကို တွေ့ရသည်။
သြဂုတ်လ ၂၂ ရက်နေ့တွင် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က မိတ္ထီလာကိစ္စမှာ မစ္စတာကင်တားနား နားလည်မှုလွဲခြင်းသာ ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ကင်တားနားကို ဆန္ဒပြရန် လူထု ၂၀၀ ခန့်က စောင့်ဆိုင်းနေကြပြီး ၎င်း၏ ကားတန်းဝင်လာသောအခါ ၎င်းအား ပေးရန် ရည်ရွယ်ထားသည့် စာနှင့် ကင်တားနား၏ ဓာတ်ပုံကို အမှားခြစ်ထားသည့် ဆန့်ကျင်မှုသဘော ပြသသော တီရှပ်အား ကားအတွင်း ထည့်သွင်းပေးရန် ကားကိုထုနှက်ကြခြင်း ဖြစ်သည်ဟု ဦးရဲထွဋ်က ပြန်လည် ဖြေရှင်းထားသည်။ ထို့အပြင် မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူးက ကင်တားနား၏ကားကို ထုခေါက်ခြင်းမှာ ရဲသားဖြစ်ပြီး ကားထွက်ရန် အချက်ပေးသောအားဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။ သို့ဖြင့် မစ္စတာကင်တာနား၏ အပြော၊ ပြန်ကြားရေး ဒုဝန်ကြီး၏ အပြောနှစ်ခုလုံးကို သူ့ဘက်ကိုယ့်ဘက်ကွဲကာ ငြင်းခုံမှုများ ပိုမိုလျှံကျလာတော့သည်။
ဤနေရာတွင် စာရေးသူ ဆိုလိုချင်သည်မှာ ယခုအဖြစ်အပျက်၏ မည်သူမှန်သည်၊ မည်သူမှားသည်ဆိုသော ယူဆချက် မဟုတ်ပါ။ မြန်မာ့ လူမှုဝန်းကျင်တွင် တွေ့မြင်ရလေ့ရှိသော ရန် - ငါ အစွဲဖြစ်သည်။
ဘာသာရေးအစွဲနှင့် ပတ်သက်သောကြောင့် အမျိုးသားရေးဝါဒီများဘက်မှ ပိုမိုပြင်းထန်စွာ တစ်ဖက်သတ်ဆန်ဆန် ပြောဆိုကြသကဲ့သို့ လစ်ဘရယ် အတွေးအမြင်ရှိသော နိုင်ငံတကာနှင့် အကျွမ်းဝင်သည့် ဖရီးသင့်ကာများ ဘက်ကလည်း တစ်ဖက်စောင်းနင်း ပြောဆိုမှုများ ပိုမိုပြုလုပ်လာကြသည်။
အချို့သော ပဋိပက္ခများတွင် ကြားအနေနှင့် နေသူများပါ အသံတိတ်သွားရတော့သည်။ အလွန်ထိရှလွယ်သော ကိစ္စရပ်ပင်ဖြစ်သည်။ အစိုးရပိုင်း တာဝန်ရှိသူများ ဘက်မှနေ၍ ယခုကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းရာတွင် များစွာသတိထားရန် လိုအပ်သည်ကို သတိပြုသင့်ပါသည်။ မစ္စတာကင်တားနားမှာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်ကြီးမှ ခန့်အပ်တာဝန်ပေးထားသော လူ့အခွင့်အရေး ကိုယ်စားလှယ် ဖြစ်သည်။ သာမန်အမြင်ဖြင့် ကြည့်၍မရပေ။ နိုင်ငံတကာသည် သူနှင့် ဆက်စပ်နေသည်။
ဦးဝီရသူနှင့် Time မဂ္ဂဇင်း ကိစ္စတုန်းကကဲ့သို့ အရပ်ဘက် ပြဿနာ တစ်ရပ်မဟုတ်။ အာဏာပိုင် အဖွဲ့တို့၏ ပြဿနာ ဖြစ်သည်ကို အထူးသတိပြုရပေမည်။
မြန်မာနိုင်ငံတွင်းရှိ ပြည်သူအများစုမှာ မစ္စတာကင်တားနားကို မွတ်ဆလင်များဘက်ပါသူဟု စွပ်စွဲကြသည်။ မစ္စတာကင်တားနားကိုလည်း အစ္စလာမ်ဘာသာဝင် ဖြစ်သည်ဟုပင် မှတ်ယူထားကြသည်။ ထို့ကြောင့် ပိုမို ဆူပွက်လွယ်ကြခြင်း ဖြစ်သည်။ သို့သော်လည်း အကယ်၍သာ ရဲတပ်ဖွဲ့ အကူအညီ မပါဘဲဆိုလျှင် ယင်း လူ ၂၀၀ ၏ ဒေါသအောက်တွင် ဆိုးဆိုးဝါးဝါး ဖြစ်သွားနိုင်မည်လား တွေးမိသည်။ နောက်တစ်ချက်မှာ ယင်းလူ ၂၀၀ ခန့် အုပ်စုမှာ တစ်ဦးဦး၏ စေခိုင်းမှုကြောင့် ဆိုလျှင်လည်း ရဲတပ်ဖွဲ့၏ အကူအညီမှာ အလဟဿ ဖြစ်ပေလိမ့်မည်။ ထို့အတူ အခြားနိုင်ငံများတွင် ဆန္ဒပြကြသကဲ့သို့ သတ်မှတ်နေရာတွင် စနစ်တကျ ဆန္ဒပြခြင်းမျိုး မဟုတ်ဘဲ ကားနားသို့ ဝိုင်းအုံလာကြခြင်း၊ ကားတံခါးကို ထုနှက်ကြခြင်းမှာ မြန်မာတို့အား ‘အကြမ်းဖက်သည်’ ဟူသည့် ခေါင်းစဉ်အောက်သို့ ကုလသမဂ္ဂ ကိုယ်စားလှယ် သက်သေတစ်ယောက် တိုးလာခြင်း ဖြစ်သွားသည်။ နိုင်ငံတကာ မီဒီယာများကလည်း ထိုသို့ ပုံဖော်ကြသည်။ ကုလသမဂ္ဂယာဉ်တန်း တိုက်ခိုက်ခံရသည် ဟူသတတ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်၏ရှေ့တွင် မြန်မာတို့ မျက်နှာပျက်ခဲ့ရသည်မှာမူ အမှန်ဖြစ်သည်။ သို့သော်လည်း မစ္စတာကင်တားနား အနေနှင့် မြန်မာလူမျိုးတို့၏ စရိုက်သဘာဝကို ယခုထက် ပိုမိုနားလည်ရန် လိုအပ်သည်ကိုလည်း တွေ့မြင်ရသည်။ ကုလသမဂ္ဂအနေနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်အတွက် နှစ်ဖက်လုံးကို မျှတစွာ ကြည့်မြင်နိုင်သော ဘက်လိုက်မှုကင်းသည့် ကိုယ်စားလှယ်တစ်ဦး ခန့်အပ်နိုင်မည်ဆိုပါက ပိုသင့်တော်မည်လား စဉ်းစားမိသည်။
မစ္စတာကင်တားနားကို မျက်နှာပျက်စရာ ဖြစ်ခဲ့ရခြင်းမှာ မကောင်းလှသော်လည်း မစ္စတာကင်တားနား အနေနှင့် လူ့အခွင့်အရေးများကို ယခုပုံစံအတိုင်း ဆက်လက်ကိုင်တွယ် ဆောင်ရွက်မည်ဆိုပါက မြန်မာနိုင်ငံ ပဋိပက္ခမှာ ပိုမိုကြီးထွားလာရန်သာ ရှိပါသည်။ ဒေါသဖြစ်နေသော၊ မကျေမနပ် ဖြစ်နေသော လူထုမှာ နောက်ကွယ်မှ စေခိုင်းသည့် လူတစ်စုကြောင့်ချည်း မဟုတ်ဘဲ ၎င်းတို့၏ ဓလေ့ထုံးစံအရ ဖြစ်ပေါ်လျက် ရှိသော စိတ်အခံကြောင့် ဖြစ်သည်ကို မစ္စတာကင်တားနား နားမလည်ပါက နားလည်နိုင်မည့် ကိုယ်စားလှယ်တစ်ဦး မြန်မာနိုင်ငံသို့ လာရောက် လေ့လာသင့်ကြောင်း မြန်မာအာဏာပိုင်များမှ တောင်းဆိုမှု ပြုသင့်သည်။ မြန်မာနိုင်ငံသည်လည်း ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံပင် ဖြစ်သောကြောင့် ယင်းအခွင့်အရေးရှိမည် ထင်ပါသည်။ မရှိပါကလည်း ရှိလာအောင် ကြိုးစားရမည် ဖြစ်သည်။ သို့မဟုတ်ပါက နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ ပုံရိပ်သည် အကြမ်းဖက်မှုကဲသည့် ပုံရိပ်ဖြစ်လာမည်ကို စိုးရိမ်ဖွယ် တွေ့မြင်နေရသည်။
ထို့ပြင် မြန်မာအာဏာပိုင်များဘက်မှ ယခုကိစ္စကို တုံ့ပြန်ကြရာတွင် ယုတ္တိတန်သော၊ ထိရောက်သော တုံ့ပြန်မှုများ ပြုလုပ်ရန် လိုအပ်သည်။ မစ္စတာကင်တားနားက ရိုဟင်ဂျာဟု မသုံးတော့ဘဲ မွတ်ဆလင် အသိုင်းအဝိုင်းဟု သုံးနှုန်းလာသည်မှာ မြန်မာနိုင်ငံရှိ မွတ်ဆလင် အားလုံးအတွက် ထိခိုက်စေသဖြင့် ဦးရဲထွဋ်က ကန့်ကွက်ခဲ့သည်။ ရဲများက လုံခြုံရေး အပြည့်အဝ မပေးဘဲ ၎င်းအနေနှင့် အကြောက်တရားနှင့် ရင်ဆိုင်ခဲ့ရပါသည်ဟု ပြောဆိုသွားသော မစ္စတာကင်တားနားအနေနှင့် ရိုဟင်ဂျာအစား မွတ်ဆလင် အသိုင်းအဝိုင်း ဖိနှိပ်ခွဲခြားခံနေရပါသည်ဟု ပြောခြင်းမှာ ရခိုင်ဒေသတစ်ခု တည်းကို ရည်ရွယ်ခြင်း မဟုတ်တော့ဘဲ မြန်မာနိုင်ငံတစ်ဝန်း မွတ်ဆလင်များ အားလုံးကို တမင်ရည်ရွယ် ပြောခြင်းပင် ဖြစ်သည့်အတွက် ဦးရဲထွဋ်၏ ကန့်ကွက်မှုမှာ အရာမရောက်ပေ။ မစ္စတာကင်တားနား၏ ကားကို အချို့က ဒေါသအလျောက် ထုနှက်ခဲ့သည်မှာ ကင်တားနား၏ ပြောစကားများအရ နိုင်ငံတကာမှ ယုံကြည်လောက်သည်ဟု ယူဆရပါသည်။ မြန်မာတို့သည် ခံစားချက်ကဲသော လူမျိုးများ ဖြစ်ကြပြီး မစ္စတာကင်တားနား၏ လုပ်ကိုင်ဆောင်ရွက်ပုံ လိုအပ်ချက်များကြောင့် အစကတည်းက မျက်မုန်းကျိုးနေကြသည့်အတွက် ထိုကဲ့သို့ ဖြစ်နိုင်သည်ဟုလည်း ယူဆရပါသည်။ ကားကို ထုနှက်သူများတွင် ကင်တားနားသို့ ‘အိတ်ဖွင့်ပေးစာ’ နှင့် ‘ကင်တားနား အလိုမရှိ တီရှပ်’ ပေးလို၍ ထုနှက်သူများ ပါမည်ဖြစ်သကဲ့သို့ ရဲသားများကလည်း ‘လူအုပ်ကို မနိုင်တော့ဘူး။ ကားမြန်မြန်ထွက်တော့’ ဟူသည့် သဘောဖြင့် ထုနှက်အချက်ပေးသည်လည်း ဖြစ်နိုင်ပါသည်။
မည်သို့ပင်ဖြစ်စေ ပြန်လည် ဖြေရှင်းသင့်သည်မှာ ‘မစ္စတာ ကင်တားနား၏ကားကို မထုနှက်ခဲ့ပါ။ နားလည်မှု လွဲခြင်းသာ ဖြစ်ပါသည်’ ဟု မဟုတ်ဘဲ ‘မစ္စတာကင်တားနား၏ လုပ်ကိုင်ဆောင်ရွက်မှုများ မမျှတဟု ထင်မြင်ယူဆသည့် ပြည်သူလူထုက ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း၊ အချို့သောသူများက ၎င်းတို့၏ မကျေနပ်မှုကို ထုတ်ဖော်ပြသကြသော်လည်း ရဲ/လုံခြုံရေးများက ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေးခဲ့ကြောင်း’ ဖြင့် ပါးနပ်လိမ္မာစွာ သတင်းထုတ်ပြန်ကြရမည် ဖြစ်သည်ဟု ထင်မြင်မိပါသည်။
Credit To The Voice Weekly