Sunday, August 25, 2013

မုန့်လုံးစက္ကူကပ် နိုင်ငံရေး၊ လွှတ်တော်များနှင့် လူထုဆန္ဒWritten by ဒေါက်တာ ရန်မျိုးသိမ်း



သြဂုတ် ၂၂ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်မြင်ကွင်း
ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတွင် ပြည်သူလူထု၏ လွတ်လပ်သောဆန္ဒ၊ လွတ်လပ်သော ပူးပေါင်းပါဝင်မှု တို့ကို အလေးထားသည့် အလျှောက် ပြည်သူကို ရှေ့တန်းတင်သော၊ ပြည်သူကို မျက်နှာမူသော နိုင်ငံရေး ပုံစံများသည် အုတ်မြစ်ကောင်းများ ဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် အစိုးရနှင့် လွှတ်တော်များကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ တည်ဆောက်ခဲ့သည့် အလျှောက် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအကြို အမျိုးသား ညီလာခံနှင့် အခြေခံ ဥပဒေအလွန် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတို့ကို ဆက်စပ်သုံးသပ်ရန် လိုအပ်သည်။
မျက်မှောက်လွှတ်တော် အသီးသီးရှိ ကိုယ်စားလှယ် အများစုသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ခံခဲ့ရသူများ ဖြစ်သည်။ အမျိုးသား ညီလာခံမှ ချမှတ်သည့် အခြေခံမူများအတိုင်း ရေးဆွဲခဲ့သော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲများကို ကျင်းပခဲ့သောကြောင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းသည် ၁၉၉၃ ခုနှစ်တွင် စတင်ခဲ့သော အမျိုးသား ညီလာခံ၌ မြစ်ဖျားခံခဲ့သည်ဟု မှတ်ချက်ပြုနိုင်သည်။ အမျိုးသား ညီလာခံ၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတို့ကို ပြည်သူလူထု၏ ထောက်ခံမှု၊ စိတ်ဝင်စားမှုနှင့် ပူးပေါင်းပါဝင်မှုတို့ အပေါ်မူတည်လျက် အစိုးရနှင့် လွှတ်တော်များ၏ ပြည်သူလူထု ကိုယ်စားပြုနိုင်မှုကို ဆန်းစစ်နိုင်သည်။
အမျိုးသား ညီလာခံသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန် နိုင်ငံရေး အကျပ်အတည်းကို တစ်ဖက်သတ် ဖြေရှင်းခဲ့သည်ဟု သတ်မှတ်နိုင်သော နိုင်ငံရေးမှတ်တိုင် ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်နှင့်အညီ လွှတ်တော်ခေါ် ယူပေးရမည့် အာဏာလွှဲ ပေးရမည့် အနေအထားကို ကျော်လွှားနိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရေးကို ထောက်ပြလျက် အမျိုးသား ညီလာခံအား မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ် ဇွတ်အတင်း ဆွဲတင်ခဲ့သည်မှာ လယ်ပြင်တွင် ဆင်သွား သကဲ့သို့ ထင်ရှားခဲ့သည်။
အမျိုးသား ညီလာခံ အကြိုညှိနှိုင်း ဆွေးနွေးပွဲများနှင့် ကနဦး အမျိုးသားညီလာခံ အစည်းအဝေးများအပေါ် ပြည်သူလူထု၏ စိတ်ဝင်စားမှု အတန်အသင့် ရှိခဲ့သော်လည်း ၁၉၉၆ ခုနှစ် နောက်ပိုင်းတွင် လူထုစိတ်ဝင်စား မှုသည် အလွန်အမင်း ကျဆင်းလာခဲ့ပြီး စိတ်ပျက်သည့် အဆင့်ကို ရောက်ရှိခဲ့သည်ဟု နိုင်ငံရေး လေ့လာသူ အချို့က မှတ်ချက်ပြုကြသည်။ ၂၀၀၄ ခုနှစ် အမျိုးသား ညီလာခံ ပြန်လည်မစတင်မီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အစိုးရနှင့် ဆွေးနွေးညှိနှိုင်း သဘောတူပါက ညီလာခံကို တက်ရောက်နိုင်ဖွယ် ရှိသည်ဆိုသည့် သတင်းကြောင့် လူထုစိတ်ဝင်စားမှု အတန်အသင့် မြင့်တက်ခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများ တက်ရောက်ခြင်း ရှိမည်မဟုတ်ဟု အတည်ပြုပြီးနောက်ပိုင်း စိတ်ဝင်စားမှုသည် အလွန်အမင်း ကျဆင်းခဲ့သည်ဟုလည်း အကဲခတ်များက သုံးသပ်ကြသည်။
၁၉၉၃ ခုနှစ် အမျိုးသား ညီလာခံ နှင့် ၂၀၀၄ ခုနှစ် အမျိုးသား ညီလာခံတို့ကို သုံးသပ်လျှင် အစကတည်းက ပြည်သူလူထုနှင့် အလှမ်းဝေး နေသည်ဟု မှတ်ချက်ပြုနိုင်သည်။ ၁၉၉၃ ခုနှစ် ဇန်န၀ါရီ ၉ ရက်တွင် စတင် ကျင်းပခဲ့သော အမျိုးသား ညီလာခံ၏ ကိုယ်စားလှယ် ၇၀၂ ဦးအနက် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၉၉ ဦး ပါဝင်သဖြင့် ပြည်သူ့ ကိုယ်စားလှယ်များ၏ လွှမ်းခြုံနိုင်မှုသည် ၁၅ ရာခိုင်နှုန်း ရှိသည်ဟု သတ်မှတ်နိုင်သည်။ ၂၀၀၄ ခုနှစ် မေ ၁၇ ရက် တွင် ပြန်လည် ကျင်းပခဲ့သော အမျိုးသား ညီလာခံတွင်မူ ကိုယ်စားလှယ် စုစုပေါင်း ၁၀၈၈ ဦးအနက် လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးသာ ပါဝင်သဖြင့် ပြည်သူ့ကိုယ်စားလှယ်များ၏ လွှမ်းခြုံနိုင်မှုသည် ၀ ဒသမ ၀၁ ရာခိုင်နှုန်းသို့ သိသိသာသာ ကျဆင်းခဲ့သည်ကို တွေ့ရသည်။ အမျိုးသား ညီလာခံအပေါ် လူထုစိတ်ဝင်စားမှုနှင့် ထောက်ခံမှုကို ဆန်းစစ်လျှင် အလွန်နည်းပါးပြီး လူထုသည် အမျိုးသား ညီလာခံနှင့် ပတ်သက်လျှင် နိုင်ငံရေး ဥပေက္ခာထုံးကို နှလုံးမူခဲ့သည်ကို တွေ့ရှိရသဖြင့် အမျိုးသားညီလာခံအစည်းအဝေးများကို ပြည်သူလူထုက ထောက်ခံခဲ့သည်ဟု မှတ်ချက်ပြုရန် ခဲယဉ်းသည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက မိမိတို့ မြန်မာနိုင်ငံတွင် ကာလအတော်ကြာ ဒီမိုကရေစီစနစ် ကျင့်သုံးမှု မပြုနိုင်ခြင်းမှာလည်း လွှတ်တော်များ မရှိခြင်းကြောင့်ပင် ဖြစ်ပါတယ်။ လွှတ်တော်များ ရှိခဲ့သော ကာလတွင်လည်း လက်ညှိုးထောင် ခေါင်းညိတ် မည်ကာမတ္တသာဖြစ်ပြီး လွှတ်တော်များသည် ပြည်သူများအား ကိုယ်စားမပြု နိုင်ခဲ့ကြောင်းကို သတိပြုရမှာ ဖြစ်သလို ယနေ့လွှတ်တော်များသည်...


အမျိုးသားညီလာခံ ကိုယ်စားလှယ်များအား မည်သည့်စနစ်၊ မည်သည့် အရည်အချင်း သတ်မှတ်ချက်များ အပေါ် အခြေခံလျက် ရွေးချယ်ခဲ့သည်ကို အများပြည်သူ သိရှိနိုင်အောင် ထုတ်ပြန်ရန် ပျက်ကွက်ခဲ့သည်။ အမျိုးသား ညီလာခံအတွင်း ဆွေးနွေးမှုများကိုလည်း လိုအပ်သလို ဖြတ်တောက်ပြီးမှသာ ပြည်သူလူထုကို အသိပေးခဲ့သည်။ အမျိုးသား ညီလာခံနှင့် ပတ်သက်၍ ဝေဖန်ပြောဆို မှုများကို တားမြစ်နိုင်ရန် ၅/၉၆ ဥပဒေတစ်ရပ် ထုတ်ပြန်ခဲ့သည်အထိ ဆောင်ရွက်ခဲ့သည်ကို ကြည့်လျှင် ပြည်သူလူထု၏ စိတ်ဝင်စားမှု၊ ထောက်ခံမှု၊ ပူးပေါင်းပါဝင်မှုထက် အမျိုးသား ညီလာခံကြီး ချောချောမွေ့မွေ့ အဆင်ပြေပြေ ပြီးစီးရေးကိုသာ ရှေ့တန်းတင်ခဲ့သည်ဟု မှတ်ချက်ပြုနိုင်သည်။ ထို့ကြောင့် အမျိုးသား ညီလာခံသည် မြန်မာပြည်သူလူထု အများစုကြီးနှင့် ကင်းကွာလျက် အစိုးရမှ ခေါင်းခေါက်ရွေးချယ်ခဲ့သော ကိုယ်စားလှယ်နှင့်သာ စခန်းသွားခဲ့သည်ဟု အကဲခတ်များက မှတ်ချက်ပြုကြသည်။
အမျိုးသား ညီလာခံ ကိုယ်စားလှယ်များကို နယ်ပယ်၊ လူမျိုးစု အလွှာစုံမှ ကိုယ်စားပြု ရွေးချယ်ခဲ့သည်ဟု ဖြေရှင်းချက်အချို့ ရှိလင့်ကစား တိတ်တဆိတ် လူမသိ သူမသိ ပွင့်လင်းမြင်သာမှုမရှိ ရွေးချယ်ခဲ့သည်မှာ အထင်အရှားဖြစ်သည်။ ညီလာခံ ကိုယ်စားလှယ်များအကြား ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အခြေခံမူများကို အပြင်းအထန် ဆွေးနွေးညှိနှိုင်းခဲ့သည့် လက္ခဏာများကိုလည်း မတွေ့ရှိခဲ့ရပေ။ ထို့အပြင် အမျိုးသား ညီလာခံတွင် ချမှတ်ခဲ့သော အခြေခံမူများကို မည်သည့် ပုံစံဖြင့်သဘောတူ အတည်ပြုချက် ရယူခဲ့သည် ကိုလည်း မသိရှိခဲ့ရပေ။ ကိုယ်စားလှယ် အများစု၏ ဆန္ဒသဘောထားနှင့် အတည်ပြု ဆုံးဖြတ်ခဲ့သည်ဟု ချေပလျှင် ကိုယ်စားလှယ် ရွေးချယ်မှုတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ကိုယ့်လူကိုယ် ခေါင်းခေါက် ရွေးချယ်ခြင်း၊ မတူခြားနားသော အမြင်အယူအဆ များကို ဆွေးနွေးအဖြေရှာခွင့် မပြုခြင်းတို့ကို မည်သို့ ဖြေရှင်းမည်နည်းဟု ထပ်ဆင့်မေးခွန်း ထုတ်လိုပါသည်။ အကယ်စင်စစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခြေခံမူများကို ရေးဆွဲရာတွင် ပြည်သူလူထု၏ ဆန္ဒသဘောထားများနှင့် ပါဝင်မှု အပိုင်းတို့တွင် အလွန်အားနည်းခဲ့သည်။ ၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက မိမိတို့ မြန်မာနိုင်ငံတွင် ကာလအတော်ကြာ ဒီမိုကရေစီစနစ် ကျင့်သုံးမှု မပြုနိုင်ခြင်းမှာလည်း လွှတ်တော်များ မရှိခြင်းကြောင့်ပင် ဖြစ်ပါတယ်။ လွှတ်တော်များ ရှိခဲ့သော ကာလတွင်လည်း လက်ညှိုးထောင် ခေါင်းညိတ် မည်ကာမတ္တသာဖြစ်ပြီး လွှတ်တော်များသည် ပြည်သူများအား ကိုယ်စားမပြု နိုင်ခဲ့ကြောင်းကို သတိပြုရမှာ ဖြစ်သလို ယနေ့လွှတ်တော်များသည် ပြည်သူများကို ကိုယ်စားပြုပြီး ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထား၊ ပြည်သူများ၏ လိုအပ်ချက်များကို သိရှိခံစားပြီး ပြည်သူများ အတွက် အမှန်တကယ် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်ဟု ပြောကြားခဲ့သည်။
ဒီမိုကရေစီစနစ် ကျင့်သုံးမှု မပြုနိုင်ခြင်းသည် လွှတ်တော်များ မရှိခြင်းကြောင့်ဟု ဆိုခြင်းထက် ဒီမိုကရေစီ စနစ်ကို ပုံဖော်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိခြင်းကြောင့်ဟု သုံးသပ်ပါက ပိုမိုလျော်ကန်မည် ဖြစ်သည်။ မြန်မာ့သမိုင်းတွင် တပ်မတော်မှ အာဏာသိမ်းယူခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေမရှိ၊ အုပ်ချုပ်ခဲ့သော ကာလမှာ ၃၅ နှစ်၊ ၈ လခန့် ရှိသည်ဟု မှတ်တမ်းများအရ သိရသည်။ အနာဂတ် နိုင်ငံရေးတွင် တပ်မတော်မှ အာဏာသိမ်းယူသည့် နည်းလမ်းဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အခြေခံဥပဒေ မရှိသော စစ်အုပ်ချုပ်ရေး စနစ်မျိုး ထူထောင်ကာ သမိုင်းဘီး တစ်ပတ်ပြန်လည် လာမည်ဆိုလျှင် ဒီမိုကရေစီစနစ် ကျင့်သုံးမှုကို အကြီးအကျယ် ထိခိုက်စေနိုင်သည့်အပြင် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တည်ဆောက် ရေးသည်လည်း ရှေ့မတိုးနိုင် ဖြစ်လာနိုင်ဖွယ် ရှိသည်ကိုလည်း သတိချပ်သင့်သည်။ နိုင်ငံရေး သမိုင်းတွင် စစ်တပ်အာဏာ သိမ်းမှုဖြင့် လွှတ်တော်များ မရှိအောင် လုပ်ခဲ့သည်မှာ အထင်အရှားဖြစ်သည်။ ထို့ကြောင့် အနာဂတ် နိုင်ငံရေး အခင်းအကျင်းတွင် စစ်တပ်အာဏာ သိမ်းမှုကို နိုင်ငံရေး ပြဿနာများ၊ အကျပ်အတည်းများအား ဖြေရှင်းသည့် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုခြင်းကို ရှောင်ကြဉ်ပြီး နိုင်ငံရေး စားပွဲဝိုင်း ဆွေးနွေးပွဲ များတွင်သာ အဖြေရှာသင့်သည် ဟူသော ဆောင်ပုဒ်ကို အစိုးရ၊ လွှတ်တော်များနှင့် နိုင်ငံရေး ခေါင်းဆောင်များက ကိုင်စွဲထားရန် လိုအပ်ကြောင်း အလေးအနက် အကြံပြု လိုပါသည်။
ပြည်ထောင်စု လွှတ်တော် နာယကကြီး၏ လွှတ်တော်များ ရှိခဲ့သော ကာလတွင် လက်ညှိုးထောင် ခေါင်းညိတ် မည်ကာမတ္တသာ ဖြစ်ခဲ့သည်ဟူသော မှတ်ချက်ကို အပိုင်းနှစ်ပိုင်း ခွဲခြားသုံးသပ်ရန် လိုအပ်သည်ဟု ထင်မြင်မိပါသည်။ မြန်မာ့နိုင်ငံရေး သမိုင်းတွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ဖွဲ့စည်းခဲ့သော လွှတ်တော်များနှင့် ၁၉၇၄ ခု နှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ဖွဲ့စည်းခဲ့သော လွှတ်တော်များဟု နှစ်မျိုးနှစ်စား ရှိခဲ့သည်။ ၁၉၇၄ ခုနှစ် ဇန်န၀ါရီလ ၃ ရက်မှ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်အထိ ကာလတွင် လွှတ်တော် ရှိခဲ့သော်လည်း ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနိုင်ခြင်း မရှိခဲ့ဟု ကောက်ချက် ပြုနိုင်သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံ တည်ဆောက်ခဲ့သော တစ်ပါတီ စနစ်အောက် လွှတ်တော်များကို လက်ညှိုးထောင် ခေါင်းညိတ် လွှတ်တော်များ၊ ပြည်သူလူထုကို ကိုယ်စားမပြုသော လွှတ်တော်များဟု သုံးသပ်နိုင်သော်လည်း ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက် မှ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်အထိ ကာလနှင့် ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီမှ ၁၉၆၂ ခုနှစ် မတ် ၂ ရက်အထိ ကာလတို့တွင် ဖွဲ့စည်းခဲ့သော လွှတ်တော်များမှာမူ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲများမှ တစ်ဆင့် အနိုင်ရရှိသော လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်များ ဖြစ်သည့်အလျောက် ပြည်သူလူထုကို ကိုယ်စားမပြုသော လွှတ်တော်များ၊ လက်ညှိုးထောင် ခေါင်းညိတ် လွှတ်တော်များဟု မှတ်ချက်မပြု နိုင်သည်ကို ထောက်ပြလိုပါသည်။

လွှတ်တော်နိုင်ငံရေးတွင် ကိုယ်စားလှယ်များသည် ပြည်သူလူထု အများစုကြီး၏ ဆန္ဒသဘောထားကို ဆန်းစစ်နိုင်ရန် အထူးလိုအပ်သည်။ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူလူထုကို လက်တွေ့ကျကျ မျက်နှာမူသော လမ်းကြောင်းအား လွှတ်တော်နိုင်ငံရေးတွင် လက်တွေ့ကျကျ ပုံဖော်နိုင်မည် ဆိုလျှင် . . .


လက်ရှိ လွှတ်တော်များ၏ ပြည်သူလူထုကို ကိုယ်စားပြုနိုင်မှုအား ဆန်းစစ်မည်ဆိုလျှင် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲများ၏ လွတ်လပ်မှုနှင့် တရားမျှတမှုတို့ကို မေးခွန်းထုတ် ရမည်ဖြစ်သည်။ လွတ်လပ်၍ တရားမျှတမှုရှိရှိ၊ အနိုင်ရရှိခဲ့သော လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူလူထုကို ကိုယ်စားပြုသည်ဟု မှတ်ချက်ပြု နိုင်သော်လည်း၊ မသမာသော၊ ညစ်ပတ်သော နည်းတစ်ခုခုဖြင့် အနိုင်ရရှိခဲ့သော လွှတ်တော် ကိုယ်စားလှယ်များ ရှိခဲ့ပါမူ ပြည်သူ့ ကိုယ်စားလှယ်ဟု သတ်မှတ်နိုင်ရန် ခဲယဉ်းမည် ဖြစ်သည်။ ပြည်တွင်းပြည်ပ လေ့လာသူများက ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု အပိုင်းတွင် အလွန်အားနည်း ခဲ့သည်ဟု သုံးသပ်ခဲ့ကြသည်။ အကယ်၍ ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲသည် အမှန်တကယ် လွတ်လပ်၍ တရားမျှတ ခဲ့မည်ဆိုလျှင် အခြားဒီမိုကရက်တစ် ပါတီများနှင့် တိုင်းရင်းသား ပါတီများသည် ယခုထက် သာလွန်သော လွှတ်တော် ကိုယ်စားလှယ် နေရာများတွင် အနိုင်ရရှိ ခဲ့လိမ့်မည်ဟုလည်း လေ့လာသူများက သုံးသပ်ကြသည်။
ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထား၊ ပြည်သူတို့၏ လိုအပ်ချက်များကို သိရှိခံစားပြီး ပြည်သူများအတွက် အမှန်တကယ် ဆောင်ရွက် ပေးနိုင်ရေးတွင် လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူလူထု၏ ထောက်ခံမဲကို စစ်စစ်မှန်မှန် ရရှိခဲ့ခြင်း ဟုတ်၊ မဟုတ်ကို ဦးစွာဆန်းစစ်သင့်သည်။ မည်သည့်နည်းနှင့်မဆို နိုင်ကိုနိုင်ရမည် ဆိုသော ဗျူဟာနှင့်အတူ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာသူများ အနေဖြင့် လွှတ်တော်ထဲ ၀င်လာခါစတွင် ပြည်သူလူထုကို ကိုယ်စားပြုနိုင်မှု အပိုင်းတွင် အားနည်းနေ နိုင်သော်လည်း နောက်ပိုင်းတွင် ပြည်သူလူထု၏ အကျိုးစီးပွားဘက်မှ မားမားမတ်မတ် ရပ်တည်လာ နိုင်မည်ဆိုလျှင် ပြည်သူ့ ကိုယ်စားလှယ်အဖြစ် ပြည်သူလူထု၏ အသိအမှတ်ပြုမှုကို လွှတ်တော်နိုင်ငံရေးမှ တစ်ဆင့် ပြန်လည်ရရှိ လာနိုင်သည့် အခွင့်အလမ်းများလည်း ရှိနေသည်ဟု နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။
လွှတ်တော် နိုင်ငံရေးတွင် ကိုယ်စားလှယ်များသည် ပြည်သူလူထု အများစုကြီး၏ ဆန္ဒသဘောထားကို ဆန်းစစ်နိုင်ရန် အထူးလိုအပ်သည်။ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူလူထုကို လက်တွေ့ကျကျ မျက်နှာမူသော လမ်းကြောင်းအား လွှတ်တော်နိုင်ငံရေးတွင် လက်တွေ့ကျကျ ပုံဖော်နိုင်မည်ဆိုလျှင် ကိုယ်စားလှယ်များ ကိုယ်စားပြုသည့် နိုင်ငံရေးပါတီ အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် လူထုထောက်ခံမှု ရရှိနိုင်ရေးကို အတိုင်းအတာ တစ်ခုအထိ ပံ့ပိုးပေးနိုင်မည်မှာ ငြင်းမရသော အချက်ဖြစ်သည်။ တစ်ဖက်တွင်လည်း မြန်မာ့နိုင်ငံရေး မုန့်လုံးစက္ကူ မကပ်ရေး အပါအ၀င်လာလတ္တံ့သော နိုင်ငံရေး စိန်ခေါ်မှုများကို နိုင်ငံရေး အင်အားစုများ အားလုံးပါဝင်မှု၊ အပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစားမှုတို့နှင့်အတူ ပြည်သူလူထု ထောက်ခံမှုကို ရယူလျက် ဖြတ်ကျော်ရန်မှတစ်ပါး အခြားနည်းလမ်း မရှိနိုင်သည်ကို မပြတ်နှလုံး သွင်းသင့်ကြောင်း ဆော်သြလိုပါသည်။
နိဂုံး
အချုပ်အားဖြင့် ဆိုသော် လက်ညှိုးထောင် ခေါင်းညိတ်ခေတ် လွှတ်တော်များထက် မျက်မှောက် လွှတ်တော် အစည်းအဝေးများတွင် မည်သည့် အားသာချက်များရှိပြီး မည်သည့် အားနည်းချက်များ ရှိနေသေးသည်ကို မဖြစ်မနေ ဆန်းစစ်သင့်သည်ဟု အကြံပြု လိုပါသည်။ လွှတ်တော်များ ရှိရုံဖြင့် ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်မည်ဟုလည်း လှေနံဓားထစ် မမှတ်ယူနိုင်ပါ။ ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ရန် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ၊ ဒီမိုကရေစီနည်းကျ လူထုဆန္ဒ ခံယူပွဲများ စသည့် ဒီမိုကရေစီ အဆင်တန်ဆာများနှင့်အတူ အာဏာသုံးရပ်၏ ချည်တိုင်အစစ်ဖြစ်သော ပြည်သူလူထု၏ ထောက်ခံမှု၊ ပူးပေါင်းပါဝင်မှုတို့ကို မြှင့်တင်နိုင်မှသာ မြန်မာ့နိုင်ငံရေး ခရီးသည် အေးချမ်းသာယာမည် ဖြစ်ပါသည်။ ဒီမိုကရေစီနည်းကျ ဆိုရာတွင် အနာဂတ်တွင် အာဏာသိမ်းမှုများ ကင်းစင်ရမည့်အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ စစ်တပ်မှ နိုင်ငံတော် အာဏာကို ထိန်းသိမ်းနိုင်ခွင့် ရှိသည်ဆိုသော အချက်မျိုးကိုလည်း ခွင့်ပြုနိုင်ခြင်း မရှိသည်မှာ မြန်မာပြည်သူလူထု အများစုကြီး၏ ဆန္ဒစစ်စစ် ဖြစ်လိမ့်မည်ဟု ယုံကြည်လျက် အများအကျိုးမျှော် နှိုးဆော် လိုက်ရပါသည်။
Credit To First-11

Related Articles: