၁။ စိတ်ကူး တွေးခေါ်မှုတို့ကို သူတစ်ပါးတို့ မြင်နိုင်စဉ် ကာလတစ်ခု ဖြစ်သည်။
၂။ လူတို့သည် နည်းနိုင်သမျှ နည်းအောင် တွေးကြ၏။ ကြိုတင် မတွေးခေါ်ဘဲ လုပ်ချင်ရာကို ဝုန်းဒိုင်း လုပ်တတ်သော အလေ့တို့ ကြီးစိုး၏။ ထို့ကြောင့်ပင် မှန်သည်တို့ ရှား၍ မှားသည်တို့ များလေ၏။ မှားသည်တို့ များလွန်းလာ၍ မှန်သည်တို့ကို မှားသည်တို့ဟု ထင်လာကြ၏။
၃။ ထိုသို့ မဖြစ်ဘဲလည်း မခံနိုင်ကြတော့။ မည်သူမျှ မလွန်ဆန်နိုင်ခဲ့သော ထိုအဖြစ်အပျက် ဖြစ်လာခဲ့ ပုံကား ...။
တစ်ကမ္ဘာလုံး မဲပေး ရွေးချယ် တင်မြှောက်ခဲ့သော ကမ္ဘာ့ သမ္မတကြီးမှ စတင်ခဲ့လေသည်။ ထုံးစံအတိုင်း စကြဝဠာ ကုလသမဂ္ဂ အစည်းအဝေး တစ်ခုတွင် ဖြစ်၏။ ထုံးစံအတိုင်း စေတန် သမ္မတကြီး၏ ကျိန်စာမိခြင်းပင် ဖြစ်၏။
စေတန် သမ္မတကြီးက အဆိုတစ်ရပ်ကို တင်သွင်းနေ၏။ ထိုစဉ်တွင် ကမ္ဘာ့ သမ္မတကြီးက (သူ့အိမ်တွင် သာ ရယ်တတ်သည့် အသွင်ဖြင့်) တခိခိ ရယ်လေ၏။ ကမ္ဘာ့ သမ္မတကြီး၏ ဘေးကပ်ရပ်တွင် ထိုင်နေသော ယူရေးနတ်စ် သမ္မတကြီးက ပုခုံးပုတ်၍ အခြေအနေ ထိန်းမှ ပုံမှန် သတိဝင်လေ၏။ ရယ်မောရခြင်း အကြောင်းက သမ္မတကြီး ကတော်နှင့် အတူရှိခဲ့စဉ်က ဖြစ်ခဲ့သည့် တစိမ့်စိမ့်တွေး၊ တစိမ့်စိမ့် ရယ်ရသည့် ဖြစ်ရပ်ဆီ သတိလွင့်သွား၍ ဖြစ်၏။ (စကြဝဠာ အရေးအခင်းတို့ ဆွေးနွေးချိန် တွင် နှစ်ကိုယ်ရေ နှစ်ကာယ ကိစ္စတစ်ခုဆီ သတိလွင့်ခြင်းပင် ဖြစ်ချေ၏။)
နို့ပေတဲ့ သူ၏ အဆိုလွှာကို စကြဝဠာ သမ္မတကြီးများ အစည်းအဝေးတွင်မှ ပြက်ရယ်ပြုပြန်လေခြင်းဟု စေတန် သမ္မတကြီးက နှလုံးပိုက်၏။ ထို့အတွက်ပင် သိပ္ပံ-ဝိဇ္ဇာ-မှော်ကျိန်စာ တစ်ခုကို တိုက်လိုက် ပြန်လေ၏။
၎။ ထိုကာလသည် ကမ္ဘာမြေပေါ်သို့ ကမ္ဘာ့ သမ္မတကြီး ပြန်ရောက်လာပြီး နောက်တစ်နေ့ မနက်လင်း စတွင် စတင်ခဲ့လေသည်။
သမ္မတကြီး၏ ဟိုဥပုံ ရုံးခန်းထဲသို့ ဒုသမ္မတ နံပါတ်-၄ ဝင်လာလေ၏။ (ထိုစဉ်တုန်းက ဒုသမ္မတကို ခြောက်ယောက်အထိ ထားသည်ဟု သိရ၏။ ဟိုဥပုံဟု ဆိုရခြင်းကတော့ လက်သမား ဆရာကြီး နှစ်ယောက် ပြောစဉ်က မည်သည့် ဥပုံဟု ပြောခဲ့သည်ကို ကျွန်ုပ် မမှတ်မိတော့၍ ဖြစ်၏။ ဘဲဥပုံ မဟုတ်သည်ကတော့ သေချာ၏။ လက်သမား ဆရာကြီး နှစ်ယောက်ကို ကျွန်ုပ်က စတင် ဆက်သွယ်၍ မရ။ သူတို့ ဆက်သွယ်မှုကိုသာ စောင့်နေရခြင်း ဖြစ်၏။ သို့ကြောင့် ယခုစာကို ရေးသား နေချိန်တွင် မေးမြန်းဖို့အခွင့်မရသေး၍ ဟိုဥပုံဟု မမှား မယွင်းအောင် သုံးနှုန်းလိုက်ခြင်း ဖြစ်ပေ၏။) ကမ္ဘာ့သမ္မတကြီးက ထိုင်၍ တစ်ခုခု ရေးသားနေရာမှ မော့ကြည့်၏။ ဒု သမ္မတကြီးက စတင် နှုတ်ဆက်လိုက်လေ၏။
“ကောင်းသော စက္ကန့်ပါ သမ္မတကြီး၊ မနက်စာ ပြီးပြီလားဗျ” (ထိုကမ္ဘာ၏ နှုတ်ဆက်ခြင်း အလေ့)
“အင်း ...၊ ပြီးပြီဗျ၊ ထိုင်ပါ”
“သြော် ...သမ္မတကြီးက မစားရသေးဘဲကိုး၊ ကျွန်တော် စားသောက်တဲ့အခါ ဇွန်းသံ ပန်းကန်သံ ထွက်လွန်းလို့ ကျွန်တော်နဲ့ အတူ မစားချင်တာကိုး”
ကမ္ဘာ့သမ္မတကြီးက မျက်လုံးပြူးသွား၏။ သူ့စိတ်ကူး အတွေးကို ဒုသမ္မတကြီး မည်သို့ သိသွားသည် လဲဟု စဉ်းစား၏။ ပြီးတော့ သူ့မျက်နှာကို မကြည့်ဘဲ သူ့ခေါင်းပေါ်ကိုသာ တောက်လျှောက်ကြည့်၍ အံ့သြနေသော ဒုသမ္မတကို မေးမြန်းဖို့ စကားအစ ရှာ၏။ သို့သော် သူ မမေးမြန်းလိုက်ရ။ သူကိုယ်တိုင် အဖြေကို ရှာတွေ့သွား၍ ဖြစ်သည်။
ဒုသမ္မတကြီး၏ ခေါင်းပေါ်တွင် စက်ဝိုင်းကြီး တစ်ဝိုင်း ဖြစ်ပေါ်နေ၏။ ထိုစက်ဝိုင်းထဲတွင် ဒုသမ္မတကြီး ၏ စိတ်ကူးအတွေးတို့ ပေါ်နေ၏။ ကမ္ဘာ့သမ္မတကြီး မြင်လိုက်ရသည်က သူအံ့သြနေမည်ကို သိ၍ ပြောပြတော့မည့်ဟန် ပြုနေသော ဒုသမ္မတကြီးပုံပင် ဖြစ်၏။ ဒုသမ္မတကြီး မြင်နေရသည်က သူ့ကို မေးမြန်းမည့်ဟန် ပြုပြီးခါမှ အဖြေကို ကိုယ်တိုင်တွေ့သွား၍ ပီတိဖြစ် အံ့သြနေသော ကမ္ဘာ့သမ္မတကြီးပုံ ဖြစ်လေ၏။
ဘာရယ်မဟုတ်ဘဲ နှစ်ဦးစလုံး ချွဲသပ်ဖို့ ချောင်းဟန့်ကြ၏။
“အဟမ်း”
သိပ္ပံ-ဝိဇ္ဇာ-မှော်ကျိန်စာကား ကျိန်စာမိခံရသူ၏ ချောင်းဟန့်မှုအပေါ် မူတည်၍ ကမ္ဘာကို ပျံ့နှံ့၏။ အသံ တုန်ခါနှုန်း ၁၃ ကြိမ်နှင့် ၁၆ ကြိမ်ကြား ရှိတိုင်း လူဦးရေ သန်းတစ်ထောင်ပေါ် ပျံ့နှံ့၏။ ထို့ကြောင့် မွန်းလွဲပိုင်း မတိုင်မီပင် တစ်ကမ္ဘာလုံး ထိုသို့ ဖြစ်ချေပေတော့၏။
၅။ အချို့စက်ဝိုင်း စိတ်ကူးထဲမှ ပုံရိပ်များမှာ ဖြစ်ပျက်နေပုံများ ပေါ်၍ အချို့မှာမူ ထိုသူ လုပ်ချင်သည့် ကိစ္စအတိုင်း စကားလုံးများ ပေါ်လေ၏။
ညသန်းခေါင်ယံ အချိန်မှ ပြန်လာသော ခင်ပွန်းက တံခါးခေါက်၏။ ဇနီးသည်က တံခါး ထဖွင့်ပေးရင်း ခင်ပွန်းဖြစ်သူကို မေး၏။
“အလုပ်ကလည်း ဒီလောက်တောင် များရသလား ယောက်ျားရယ်”
“အေးကွာ၊ နှစ်ချုပ်စာရင်းတွေကိုး”
ချက်ချင်းပင် ယောက်ျားဖြစ်သူ၏ ခေါင်းပေါ်၌ မီးလင်းနေသော စက်ဝိုင်းစိတ်ကူး ပေါ်လေ၏။ စက်ဝိုင်း ထဲတွင် ကုမ္ပဏီ ရုံးခန်းအတွင်း ဝတ်လစ်စလစ် ခန္ဓာကိုယ်ဖြင့် ဖောက်ပြားနေသော ယောက်ျားဖြစ်သူ နှင့် အတွင်းရေးမှူးမလေးကို မြင်နေရ၏။ ဖွင့်ထားသော တံခါးက ပြုတ်ထွက်သွားမလား ထင်ရလောက်အောင် ပြင်းထန်သည့် အရှိန်ဖြင့် ပိတ်ခြင်း ခံရ၏။ အိပ်စက်နေသော သားငယ်က ထိုအသံကို လန့်၍ ငိုလေ၏။ မိခင်က ကပျာကယာ သွား၍ နှစ်သိမ့် ချော့မြှူ၏။
(လူသာမန်)
ဆက်လက်ဖော်ပြပါမည်
Credit To The Voice Weekly