Tuesday, August 27, 2013

အာဖရိက၏စံနမူနာ ဆီနီဂေါနိုင်ငံ သည်းစန္ဒီထွန်း



၁၉၆၀ တွင် ပြင်သစ်ဆီမှ လွတ်လပ်ရေး ရပြီးကတည်းက အနောက်အာဖရိကတိုင်းပြည် ဆီနီဂေါဟာ တည်ငြိမ်မှုနှင့် ဒီမိုကရေစီကို မမြင်ဖူးခဲ့သည့် ဒေသတွင် ရှာမှရှားသော စံနမူနာတစ်ခု ဖြစ်လာခဲ့သည်။

သို့သော်၂၀၀၀ မှ ၂၀၁၂ အတွင်း သမ္မတဖြစ်သူ အဗ္ဗဒီလာရေးဝိတ်ဒ်ကြောင့် ထိုအနေအထားဟာ ခြိမ်းခြောက်ခံလာခဲ့ရသည်။ ဝိတ်ဒ်ဟာ တဖြည်းဖြည်း အာဏာရှင်ဆန်လာပြီး အကျင့်ပျက်လာသည်။ ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်မပြုသော်လည်း သူက တတိယအကြိမ် ရွေးကောက်ပွဲ ဝင်ရန် ကြိုးစားလာခဲ့သည်။ သို့ပေမဲ့ ၂၀၁၂ မတ်လမှာ ဆီနီဂေါ မဲဆန္ဒရှင်များက သူ့အစား ပြုပြင်ရေးသမား မက်ကီဆောကို ပြတ်ပြတ်သားသား အနိုင်ပေး ရွေးချယ်လိုက်ကြသည်။

ပြင်သစ်မှာ ဘူမိဗေဒ အင်ဂျင်နီယာအဖြစ် ပညာသင်ကြားခဲ့သော ဆောဟာဝိတ်ဒ် အစိုးရ အတွင်း နေရာတော်တော် များများတွင် အမှုထမ်းခဲ့သည်။ ၂၀၀၇ တွင်တော့ ဝိတ်ဒ်နှင့် လူသိရှင်ကြား လမ်းခွဲထွက်ခဲ့သည်။ ဆန့်ကျင်ဘက်အနေနှင့် သူက ဝိတ်ဒ် ဆန့်ကျင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ နိုင်ငံရေးပါတီ အသစ်တစ်ခုကို ဖွဲ့စည်းကာ သူ့ဇာတိမြို့တွင် ဒုတိယအကြိမ် မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့သည်။ ဆီနီဂေါသို့ သမ္မတအိုဘားမား မလာခင်ဖြေခဲ့သည့် အင်တာဗျူးတွင် ဒီမိုကရေစီ၊ ဖွံ့ ဖြိုးမှု၊ ဒေသတွင်း လုံခြုံရေးနှင့် အိုဘားမား အကြောင်းတို့ကို ပြောသွားခဲ့သည်။

မေး ။ ။ လွတ်လပ်ရေးရပြီးကတည်းက အာဖရိကနိုင်ငံ အများစုမှာ အာဏာသိမ်းမှု တွေနဲ့ ပြည်တွင်းစစ်တွေပဲ ဖြစ်ပွားနေခဲ့တယ်။ ဒါပေမဲ့ ဆီနီဂေါကတော့ အဲဒီအထဲ မပါခဲ့ဘူး။ နှစ်ပေါင်း ၅၀ ကြာ တည်ငြိမ်မှုနဲ့ ပါတီစုံဒီမိုကရေစီ အခြေတည်ခဲ့တယ်။ ခင်ဗျားတို့ရဲ့ လျှို့ဝှက်ချက်က ဘာများဖြစ်မလဲ။

ဖြေ ။ ။ အဲဒါတွေက အလွန်ရှည်လျားတဲ့ သမိုင်းလုပ်ငန်းစဉ်တစ်ခုကနေ စလာတာပါ။ အမေရိကားရဲ့ ပထမတော်လှန်ရေးနဲ့ ဆီနီဂေါရဲ့ ပထမတော်လှန်ရေးက တစ်ချိန်တည်း ဖြစ်ခဲ့တာပါ။ ၁၇၇၆ မှာ ဆီနီဂေါမြောက်ပိုင်းမှာ တိုရော့ဘီ တော်လှန်ရေးလို့ခေါ်တဲ့ တော်လှန်ရေး ဖြစ်ခဲ့ပါတယ်။ အဲဒါကနေ နိုင်ငံရဲ့အုပ်ချုပ်ရေး ကဏ္ဍအတွက် လမ်းညွှန်ချက်အသစ်တွေ ချမှတ်ပြီး ဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက် ပြင်သစ်လက်အောက် ကိုလိုနီခေတ်ပေါ့။ ဒါပေမဲ့ ကိုလိုနီခေတ် အတွင်းမှာတောင် ၁၈၄၈ ကစလို့ ဆီနီဂေါ ပြည်သူတွေဟာ အုပ်ချုပ်မယ့် ကိုလိုနီအရာရှိများကို မဲနဲ့ရွေးချယ်ခွင့် ရှိခဲ့ပါတယ်။ ၁၉၁၄ မှာ ပြင်သစ် အမျိုးသားညီလာခံအတွက် ပထမဆုံး လူမည်းကိုယ်စားလှယ်ကို ကျွန်တော်တို့ တင်မြှောက်ခဲ့တယ်။ ဒါ့ကြောင့် လွတ်လပ်ရေး မတိုင်မီမှာကတည်းက ကျွန်တော်တို့ဆီမှာ ဒီမိုကရေစီနည်းကျ မဲပေးရွေးချယ် ယှဉ်ပြိုင်မှုဟာ တည်ရှိပြီးဖြစ်တယ်လို့ ပြောရပါမယ်။
နောက်ထပ် လျှို့ဝှက်ချက်ကတော့ ဆီနီဂေါ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ။ ကျွန်တော်တို့ရဲ့ အစိုးရဟာ သမ္မတ၊ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးအဖွဲ့ဆိုပြီး နိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာကို ခွဲဝေယူတဲ့ စနစ်ပါ။ (semi-presidential system လို့ ခေါ်ပါတယ်။ သမ္မတတစ်ဦးတည်းက ခေါင်းဆောင်တဲ့ parliamentary system၊ သမ္မတ ဖွဲ့စည်းထားတဲ့ ဝန်ကြီးများအဖွဲ့က အုပ်ချုပ်ရေးအာဏာ ရယူတဲ့ presidential system တို့နှင့် မတူပါ။) အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ကတော့ တစ်ဦးပဲထားပါတယ်။ ဒါက အာဏာသိမ်းပွဲတွေနဲ့ အဆုံးသတ်တတ်တဲ့ နှစ်ဖက်ကြား တင်းမာမှုမျိုးကို တားဆီးပေးပါတယ်။ ဆီနီဂေါဟာ ပျော့ပျောင်းညင်သာပြီး ခိုင်မာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် လွတ်လပ်ရေးကတည်း ကစပြီး ၅၃ နှစ်ကြာ အာဏာသိမ်းပွဲတွေကို ရှောင်ရှားနိုင်ခဲ့ပါတယ်။

နောက်ဆုံးတစ်ခုက ကျွန်တော်တို့မှာ တည်ငြိမ်တဲ့ အင်စတီကျူးရှင်းတွေ ရှိတာပါ။ ရွေးကောက်ပွဲနဲ့ ကျွန်တော် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ အချိန်က တစ်ပတ်ပဲ ခြားပါတယ်။ အဲဒီအတောအတွင်း ဥပဒေအဖွဲ့က ဆုံးဖြတ်ချက်ကို ကြေညာတယ်။ ဒီမိုကရေစီ အဖွဲ့အစည်းတွေက အာဏာလွှဲပြောင်းရေးကို ပြင်ဆင်တယ်။ ရဲနဲ့ စစ်တပ်ကလည်း ရွေးကောက်ပွဲ ရဲ့ ရလဒ်ကို လက်ခံတယ်။ တည်ငြိမ်တဲ့ အင်စတီကျူးရှင်းတွေနဲ့ ရှင်းလင်းပြတ်သားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိတဲ့ ဘယ်နိုင်ငံမှာ ဒီလိုအောင်မြင်မှုရမှာ မဟုတ်ဘူး။

မေး ။ ။ ဆီနီဂေါမှာ ၉၀ ရာခိုင်နှုန်းသော လူဦးရေက မွတ်ဆလင်များ ဖြစ်တာကြောင့် ဒေသတွင်းမှာ ထူးခြားနေပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ဘာသာ အဖြစ်တော့ ပြဋ္ဌာန်းတာ မရှိသေးပါလား။

ဖြေ ။ ။ တကယ်တော့ ၉၅ ရာခိုင်နှုန်းဟာ အစ္စလာမ် ဘာသာဝင်များ ဖြစ်ပါတယ်။ နိုင်ငံတော်ဟာ မွတ်ဆလင်၊ ခရစ်ယာန်၊ နတ်ကိုးကွယ်သူ အားလုံးကို အကာအကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ လူတိုင်းလည်း ယုံကြည်ရာ ကိုးကွယ်ခွင့်ရှိပါတယ်။ နိုင်ငံသားတိုင်းရဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို နိုင်ငံတော် ကလေးစားပါတယ်။

မေး ။ ။ ဘာကြောင့် မဲပေးသူတွေက ဝိတ်ဒ်အစား ခင်ဗျားကို ရွေးချယ်လိုက်တာလဲ။ ခင်ဗျားရဲ့အောင်မြင်မှုက ဘာကိုဆိုလိုပါသလဲ။

ဖြေ ။ ။ ကျွန်တော့်အောင်မြင်မှုက ဆီနီဂေါပြည်သူတွေဟာ အပြောင်းအလဲကို ရွေးချယ်လိုက်ပြီဆိုတဲ့ သဘောပါ။ နိုင်ငံက နှစ်ခြမ်းကွဲနေ ခဲ့တယ်။ အရင်အစိုးရကို ထောက်ခံသူတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီး ဝိတ်ဒ်ကို တတိယအကြိမ် ငါးနှစ်သက်တမ်း တင်မြှောက်ဖို့ ကြိုးစားခဲ့တယ်။ ဒါ့ကြောင့် ၂၅ ရာခိုင်နှုန်း မဲရမယ်ဆိုရင် ဝိတ်ဒ် အဲဒီလို လုပ်နိုင်ဖို့ ခွင့်ပေးမယ့် ဥပဒေကြမ်း တင်သွင်းမှုကို လူထုက စုဝေးပြီး ကန့်ကွက်ခဲ့ကြတယ်။

သူတို့ရဲ့ မျှော်လင့်ချက်တွေက ကျွန်တော့်ကို အာဏာရလာစေတာပါပဲ။ ဒါကို ကျွန်တော် သတိထားမိပါတယ်။ ဒါ့ကြောင့် ကျွန်တော့်တာဝန်ဟာ အဲဒီ ဒီမိုကရေစီနည်းကျ ရွေးချယ်မှုကို ခိုင်မာတည်တံ့စေဖို့ပါ။ အဲဒီအတွက် အင်စတီကျူးရှင်း ပြုပြင်ရေး ကော်မစ်ရှင်ကို ဖွဲ့စည်းပြီး ကျွန်တော် လုပ်ဆောင်နေပါတယ်။ ဒီမိုကရေစီ တည်တံ့ဖို့နဲ့ နောက်ထပ် အာဏာရှင်အစိုးရတစ်ရပ် ပေါ်ပေါက်မလာဖို့ပါ။

မေး ။ ။ သမ္မတကြီးက အကျင့်ပျက်
ခြစားမှုတွေကို တိုက်ဖျက်ဖို့ ကတိပေးခဲ့တယ်။ အဲဒီအတွက် ဘာတွေများ လုပ်ခဲ့ပြီးပါပြီလဲ။ ဘာတွေလုပ်ဖို့ ကျန်နေပါသေးသလဲ။

ဖြေ ။ ။ အစိုးရထဲက လူတွေအပါအဝင် အားလုံး လာဘ်စားတဲ့ခေတ် ကုန်ပြီဆိုတာ နားလည်ဖို့ လိုပါတယ်။ ကျွန်တော်တို့ တစ်နှစ်အတွင်း အတော်များများ လုပ်ပြီးခဲ့ပါတယ်။ ခြစားမှု တိုက်ဖျက်ရေး တရားရုံးကို ကျွန်တော် ပြန်အသက်သွင်းပေးခဲ့တယ်။ အဲဒါကို ၁၉၈၁ မှာ ဖွဲ့စည်းခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ အလုပ်မလုပ်တော့ ဖြစ်သွားခဲ့တာပါ။ တရားရုံးရဲ့ စည်းမျဉ်း လုပ်ထုံးတွေနဲ့အညီ အလုပ်လုပ်ဖို့ သဘောတူတဲ့ တရားသူကြီးတွေကို ကျွန်တော်က အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ ပြီးတော့ အစိုးရဘတ်ဂျက်ကို ပွင့်လင်းမြင်သာမှုရှိဖို့ ဥပဒေကြမ်းတစ်ခုလည်း ကျွန်တော် တင်သွင်းခဲ့ပါတယ်။ အခုကစလို့ အစိုးရဟာ သုံးလတစ်ကြိမ် လူထုကို စာရင်းပြဖို့ လိုလာပါပြီ။ ဒါ့အပြင် ဘတ်ဂျက်ရေးရာ ဝန်ထမ်းတွေဟာ အမှုမထမ်းခင် မိမိတို့ ပိုင်ဆိုင်မှုတွေကို ကြေညာရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လိမ်လည် ဖုံးကွယ်မှုတွေကို ကိုင်တွယ်ဖို့ ရုံးတစ်ခုလည်း ဖွဲ့ခဲ့ပါတယ်။ လက်ရှိအစိုးရအရာရှိတွေကို လာဘ်စားတယ်လို့ စွပ်စွဲမှုတွေ ရှိလာမယ်ဆိုရင် အဲဒီရုံးက စုံစမ်းစစ်ဆေးပြီး တရားရုံးကို လွှဲပြောင်းပေးဖို့ တာဝန်ရှိပါတယ်။ ဒါတွေက ပွင့်လင်းမြင်သာမှုနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှု ဖြစ်စေဖို့ ဆောင်ရွက်မှုတွေ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ အတွက်လည်း အရေးကြီးပါတယ်။

မေး ။ ။ ဆီနီဂေါလို တိုင်းပြည်ဟာ ပြင်ပက အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတို့နဲ့ ယှဉ်ရင် ဒေသတွင်း လုံခြုံရေးအတွက် ဘယ်လိုကဏ္ဍ ရယူသင့်ပါသလဲ။

ဖြေ ။ ။ ကျွန်တော်တို့ မဟာမိတ်လည်းဖြစ်၊ မိတ်ဆွေလည်းဖြစ်တဲ့ ပြင်သစ်နဲ့အတူ အလုပ်လုပ်နေပါတယ်။ ဟုတ်ပါတယ်။ ပြင်သစ်က အရင်တုန်းက ကျွန်တော်တို့ကို အုပ်ချုပ်သွားသူပါ။ ဒါပေမဲ့ သူကကျွန်တော်တို့ တိုင်းပြည်တွေရဲ့ ရည်မှန်းချက်နဲ့ လူမှုစီးပွားရေး အခြေအနေတွေကို နားလည်တယ်။ အမေရိကားလည်း ဒီဒေသမှာ လုံခြုံရေးပေါ်လစီ ရှိပါတယ်။ နောက် AFRICOM ကျွန်တော်တို့ရဲ့ ပါတနာလည်း ဖြစ်ပါတယ်။

ဆူပူအကြမ်းဖက်ဝါဒဟာ ကျွန်တော်တို့ တိုင်းပြည်များမှာ ပလိပ်ရောဂါလို ဖြစ်နေတယ်ဆိုတာ သိသာပါတယ်။ အဲဒီဝါဒဟာ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အားထုတ်ကြိုးပမ်းမှုတွေအတွက် အဟန့်အတားတွေ ဖန်တီးနေပါတယ်။ ကျွန်တော်တို့လူထုရဲ့ လုံခြုံရေး၊ နယ်စပ်စည်းတွေကို မချိုးဖောက် မကျူးကျော်နိုင်ရေး၊ တိုင်းပြည်ရဲ့ တည်ငြိမ်ရေးကို ခိုင်မာသေချာအောင် လုပ်ထားမှသာလျှင် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ဆင်းရဲမွဲတေမှုကိစ္စလို အရာတွေကို ကျွန်တော်တို့ ကောင်းကောင်း အာရုံစိုက်နိုင်မှာပါ။

ဆီနီဂေါ စစ်တပ်ဟာလည်း အင်အားကောင်းနေပါတယ်။ အာဖရိက တစ်လွှားမှာ စစ်သားနှစ်ထောင်ကျော် ဖြန့်ချထားပြီး ဖြစ်ပါတယ်။ အိုင်ဗရီကို့စ်၊ ဒါဖာ၊ ကွန်ဂိုနဲ့ အခြားနိုင်ငံများမှာ ကျွန်တော်တို့ စစ်တပ်တွေ ရှိပါတယ်။ မကြာသေးခင်က အိမ်နီးချင်း မာလီနိုင်ငံမှာ ဖြစ်ခဲ့တဲ့ စိန်ခေါ်မှုမျိုးကို ချက်ချင်း ရပ်တန့်ပစ်နိုင်ပြီး အန္တရာယ်ကို ထိန်းသိမ်းနိုင်စွမ်းရှိတဲ့ အထူးတပ်ဖွဲ့တွေ ကျွန်တော်တို့ နိုင်ငံများမှာရှိဖို့ လိုအပ်ပါတယ်။

မေး ။ ။ ဒါဆို အာဖရိကဟာ သူ့ပြဿနာသူ အခုကိုင်တွယ်နိုင်ပါပြီလား။

ဖြေ ။ ။ မကိုင်တွယ်နိုင်သေးပါဘူး။ အရေးပေါ် ဖြစ်လာတဲ့ ကိစ္စရပ်တွေမှာ တပ်တွေကို အခင်းဖြစ်ရာဆီ အလျင်အမြန် ရွေ့လျားချထားပြီး ထိန်းချုပ်နိုင်တဲ့စွမ်းရည် ကျွန်တော်တို့မှာ မရှိသေးလို့ပါ။ ဒါက ပြဿနာပါပဲ။ အဲဒီအတွက် အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နဲ့ ဥရောပသမဂ္ဂတို့နဲ့ အထူးပူးပေါင်း လုပ်ဆောင်နေပါတယ်။

မေး ။ ။ အိုဘားမားရဲ့ ရွေးကောက်ပွဲက အာဖရိက လူမျိုးတွေအတွက် ဘယ်လို သဘောဆောင်ခဲ့သလဲ။

ဖြေ ။ ။ ကျွန်တော်တို့ ဂုဏ်ယူခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ လူမည်းတစ်ယောက်ဟာ လူဖြူတစ်ယောက်လို ဖြစ်လာမှာ မဟုတ်ဘူးဆိုတဲ့ လူမျိုးရေး ခွဲခြားတဲ့ အမြင်တွေကို ချေဖျက်ပစ်နိုင်လို့ပါ။ မှန်ပါတယ်။ သူက အမေရိကန်သမ္မတဖြစ်လို့ အမေရိကန်ရဲ့ အကျိုးစီးပွားကို လုပ်မှာပါ။ ဒါပေမဲ့ သူ့ရွေးကောက်ပွဲက အဲဒီလို အတားအဆီးတွေကို ယတိပြတ် ဖယ်ရှားပစ်ခဲ့ပါတယ်။

မေး ။ ။ တချို့က ပြောတယ်။ အိုဘားမားဟာ သမ္မတ ဂျော့ခ်ျဘုရှ်နဲ့ ကလင်တန် လောက် အာဖရိကနဲ့ ကုန်သွယ်မှု တိုးမြှင့်ရေး၊ လူထုကျန်းမာရေး အကူအညီ တိုးမြှင့်ရေးတွေ မလုပ်နိုင်ခဲ့ဘူး ပြောကြတယ်။

ဖြေ ။ ။ အိုဘားမားကို သူမလုပ်နိုင်တာ မလုပ်ခိုင်းသင့်ပါဘူး။ အမေရိကားမှာ သမိုင်းဝင် အကျပ်အတည်းတွေ ဖြစ်နေချိန် သူသမ္မတ ဖြစ်လာတာပါ။ စီးပွားရေးက ပြိုကျလုဆဲဆဲ။ အီရတ်နဲ့ အာဖဂန်မှာ စစ်ဖြစ်နေတယ်။ အိမ်ခြံမြေ အကျပ်အတည်းကလည်း ကြီးကြီးမားမား ဖြစ်နေ တယ်။ ဒါ့ကြောင့် သူ့တိုင်းပြည်ကို အရင်ဆုံး သူကြည့်ရတာပါ။

သူ့ကို ဆုံးဖြတ်မယ်ဆိုရင် သမ္မတသက်တမ်း ကုန်ချိန်လောက် သင့်တော်မယ် ထင်ပါတယ်။ သူ့အရင် သမ္မတများဟာ ပထမနှစ်သက်တမ်းအတွင်း ဘာမှပီပီပြင်ပြင် လုပ်နိုင်တာ မရှိကြပါဘူး။ ဒုတိယ သက်တမ်းကျမှသာ ပိုပြီးလွတ်လွတ်လပ်လပ်နဲ့ ဦးဆောင်နိုင်တာပါ။ သူအရေးပါတာ တစ်ခုခုလုပ်လိမ့်မယ်လို့ ကျွန်တော် သံသယမရှိ ခံစားမိနေပါတယ်။

မေး ။ ။ ၂၀ ရာခိုင်နှုန်းသော ဆီနီဂေါ အစိုးရရဲ့ ဘတ်ဂျက်ဟာ နိုင်ငံခြား အကူအညီ ဖြစ်ပါတယ်။ အဲဒါကို လျှော့ချဖို့လုပ်နိုင်မလား။

ဖြေ ။ ။ အခု ၂၀ ရာခိုင်နှုန်း ဟုတ်ပါတယ်။ ဒါပေမဲ့ ၆၀ ရာခိုင်နှုန်းအထိရှိတဲ့ ကာလတွေတောင် ရှိခဲ့ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွန်တော်တို့ အကူအညီ လိုပါတယ်။ အဲဒါထက် ရင်းနှီးမြှုပ်နှံမှု လိုပါတယ်။

ဒီနေ့ဆိုရင် ကျွန်တော်တို့ဟာ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို စတင်နေပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နေပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ကုန်ထုတ်လုပ်နိုင်စွမ်းကို တိုးတက်လာစေပြီး ညီမျှတဲ့ ဘတ်ဂျက်ကို ရရှိစေပါလိမ့်မယ်။ ဒါဆိုရင် နိုင်ငံခြား အကူအညီလည်း လိုတော့မှာ မဟုတ်တော့ပါဘူး။ အာဖရိကနိုင်ငံတွေဟာ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အကြွေးပမာဏ အလွန်များပါတယ်။ အကြွေးမယူဘဲနဲ့ အခြေခံအဆောက်အဦး ဖွံ့ဖြိုးဖို့ ကျွန်တော်တို့ မလုပ်နိုင်ပါဘူး။

မေး ။ ။ ဆီနီဂေါရဲ့ စီးပွားရေး တိုးတက်နှုန်းက အိမ်နီးချင်းတွေအောက် နည်းနေပါတယ်။ ဘာကြောင့်ပါလဲ။
ဖြေ ။ ။ စွမ်းအင်ကဏ္ဍဟာ အဓိက အခက်အခဲကြီးပါ။ ဒါ့ကြောင့် စီးပွားရေးမှာ ယှဉ်ပြိုင်နိုင်စွမ်း နည်းနေပါတယ်။ အဲဒါကို ဖြေရှင်းဖို့ ရဲရင့်တဲ့ ခြေလှမ်းတွေ ကျွန်တော်တို့ လုပ်နေပါပြီ။ နောက်အခက်အခဲက စိုက်ပျိုးရေးကဏ္ဍပါ။ နိုင်ငံရဲ့ ဖွံ့ဖြိုးမှုအင်ဂျင် ဖြစ်သင့်ပေမယ့် အထွက်နှုန်းနည်းပြီး မြေယာအသုံးချမှုလည်း ထိထိရောက်ရောက် မရှိဘဲ သမားရိုးကျ ဖြစ်နေတုန်းပါ။ အချို့မိသားစု လယ်ယာပိုင်ဆိုင်မှုတွေကို မတို့ထိဘဲ စက်ကိရိယာတွေသုံးပြီး လယ်ယာကဏ္ဍကို ခေတ်မီအောင်လုပ်ဖို့ ကြိုးစားနေပါတယ်။

မေး ။ ။ စီးပွားရေးကဏ္ဍမှာ အစိုးရရဲ့ အပိုင်းကို လျှော့ချဖို့ ရှိပါသလား။

ဖြေ ။ ။ ကျွန်တော်က လစ်ဘရယ်ပါ။ စီးပွားရေး ဆိုတာ နိုင်ငံတော်က ဖန်တီးလို့ရတာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ စီးပွားရေးဆိုတာ ကုန်ထုတ်လုပ်နိုင်စွမ်းနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်မှာ အရေးကြီးတဲ့ တာဝန်တစ်ခု ရှိပါတယ်။ အဲဒါက စီးပွားရေးလုပ်ဖို့အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ပါ။ ဒါ့ကြောင့် ဥပဒေစိုးမိုးမှုနဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုကို အကာအကွယ်ပေးဖို့ လုပ်ရပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်နေတဲ့ ခြစားမှုနဲ့ ဗျူရိုကရေစီ တိပ်နီတွေကို ပယ်ဖျက်ဖို့ လုပ်ရပါတယ်။ စီးပွားရေးလုပ်ငန်းစဖို့ အချိန်မြန်ဆန်လာစေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ခင်ဗျားမကြာခင် မြင်ရပါလိမ့်မယ်။

မေး ။ ။ လူသားအရင်းအမြစ်နဲ့ ပတ်သက်လို့ကော။ ၆၀ ရာခိုင်နှုန်းသော အသက် ၁၅ နှစ်အထက် ဆီနီဂေါ အမျိုးသမီးများဟာ စာမတတ်ပါဘူး။ လူတော်တော်များများ ငှက်ဖျားနဲ့ အစာအာဟာရ မပြည့်ဝမှု ဖြစ်နေကြပါတယ်။ ၆၀ ရာခိုင်နှုန်းသော လူဦးရေဟာ တစ်ရက်ကို နှစ်ဒေါ်လာအောက်ပဲ ဝင်ငွေရှိကြပါတယ်။ အဲဒါတွေကို သမ္မတ ဘယ်လိုဖြေရှင်းနေပါသလဲ။

ဖြေ ။ ။ ဆီနီဂေါ လူဦးရေအများစုဟာ ငယ်ရွယ်ပါသေးတယ်။ ကျွန်တော်တို့ရဲ့ လူဦးရေ တိုးပွားနှုန်းက ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။ မြင့်ပါတယ်။ အဲဒီအတွက် စီးပွားရေး တိုးတက်နှုန်းက သုံးဆဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ၂၀၁၃ မှာ ၄ ဒသမ ၃ ရာခိုင်နှုန်းပဲ ရှိပါလိမ့်မယ်။ ဒါ့ကြောင့် ကျွန်တော်တို့ မချမ်းသာလာနိုင်သေးပါဘူး။ အဲဒီလို လူဦးရေ တိုးပွားနှုန်း မြန်ဆန်တာကြောင့် လူငယ်အလုပ်လက်မဲ့ ပြဿနာ ကျွန်တော်တို့မှာ ရှိနေပါတယ်။

ကျွန်တော်အာဏာ မရခင်ကတည်းက ဆီနီဂေါမှာ အထင်ကရ ပညာရေးဆိုင်ရာ တိုးတက်မှုတွေ ဖြစ်နေခဲ့ပါတယ်။ အဲဒါတွေကို ဆက်လုပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ လူသား အရင်းအမြစ်သာလျှင် နိုင်ငံကို ပြောင်းလဲစေမယ်လို့ ယုံကြည်လို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ရွေးချယ်စရာတော့ မရှိဘူး။ အသက်မွေးဝမ်းကျောင်း သင်ကြားမှုတွေ ကျွန်တော်တို့ လုပ်ပေးတယ်။ ဒါ့ကြောင့် သူတို့ဒီမှာ အလုပ်မရတောင် တတ်တဲ့ပညာနဲ့ အခြားကိုသွားပြီး အလုပ်လုပ်နိုင်ပါတယ်။ တိုင်းပြည် တော်တော်များများ ဒေါက်တာတွေ၊ အင်ဂျင်နီယာတွေ၊ ပညာရှင်တွေ လိုအပ်နေတယ်။ ဆီနီဂေါက ထောက်ပံ့ပေး နိုင်ပါတယ်။

မေး ။ ။ တရုတ်က အာဖရိကမှာ ရင်းနှီးမြှုပ်နှံမှုတွေ တရစပ်လုပ်နေတယ်။ အချို့က ဒါကအာဖရိက ဒီမိုကရေစီအတွက် အလားအလာ မကောင်းဘူးလို့ စိုးရိမ်နေတယ်။

ဖြေ ။ ။ အဲလိုမြင်စရာ အကြောင်းမရှိပါဘူး။ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုက အနောက်နိုင်ငံတွေနဲ့စာရင် ပိုပြီးမြန်ဆန်သလို တိုက်ရိုက်ဖြစ်ပါတယ်။ အနောက်အစိုးရတွေက တစ်ယောက်တစ်မျိုး စည်းမျဉ်းလုပ်ထုံးတွေနဲ့ လာကြတာ အရမ်းများပါတယ်။ ဒါတွေက ထိရောက်တဲ့ ပူးပေါင်းမှုအတွက် အတားအဆီးပါပဲ။ အချိန်လည်း ယူတယ်။ တရုတ်က ပိုကောင်းတယ်လို့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ပိုပြီးမြန်တယ်။ ကျွန်တော်တို့ မြန်မြန်ဆန်ဆန် လုပ်ဖို့လိုတယ်။

မေး ။ ။ အာဖရိကအတွက် အကောင်းမြင်ပါသလား။

ဖြေ ။ ။ ကျွန်တော်က အကောင်းမြင်ဝါဒီပါ။ ဘာလို့လဲဆိုတော့ ဒီနေ့အာဖရိကဟာ ကမ္ဘာနဲ့ အမီလိုက်ဖို့ အခွင့်အရေးတွေအားလုံး ရှိတယ်။ ငယ်ရွယ်တက်ကြွတဲ့ လူဦးရေ၊ သဘာဝ သယံဇာတနဲ့ အခုဒီမိုကရေစီပေါ့။ ရင်းနှီးမြှုပ်နှံသူတွေအတွက် အာဖရိကဟာ ပိုပြီးမြန်ဆန်တဲ့ စိတ်လှုပ်ရှားစရာ အကျိုးရလဒ် ဖြစ်ပေါ်စေပါတယ်။ အကြောင်းက သူတို့အနေနဲ့ အခြေခံ အဆောက်အဦး၊ စွမ်းအင်နဲ့ ဖွံ့ဖြိုးမှု အားလုံးကို အုတ်မြစ်ချ လုပ်ဆောင်နိုင်လို့ပါ။ ဖွံ့ဖြိုးတိုးတက်မှုဟာ ဥရောပ၊ အမေရိကားနဲ့ အာရှကို ရောက်ပြီးပါပြီ။ အခု အာဖရိက အလှည့်ပေါ့။

သည်းစန္ဒီထွန်း

ရည်ညွန်း။ ။ Africa’s Turn: a conversation with Macky Sall (Foreign Affairs, 2013) မှ ကောက်နုတ်ပြန်ဆိုသည်။

Credit To The Voice Weekly

Related Articles: