လေမုန်တိုင်းသည် မျက်လှည့်ပြလိုက်သလို မြို့ကြီးတစ်ခုလုံးကို စုတ်ပြတ်သွားအောင် နေ့ချင်း ညချင်းမှာပင် ဖျက်ဆီးပစ်လိုက်သည်။ ထို့အတူ ကုန်ဈေးနှုန်းသည်လည်း မျက်လှည့်ပြသလို နေ့ချင်းညချင်းမှာပင် ခေါင်ခိုက်အောင် တက်သွားသည်။
ယခင်က တစ်ချောင်းကို ကျပ် ၂၀ ခန့်သာ တန်ဖိုးရှိသည့် အိပ်သွပ်မိုး ရိုက်သည့် သံများသည် တစ်ချောင်းသုံးရာ ဖြစ်သွားသည်။ ဘဲဥတစ်လုံးကို သုံးလေးရာဖြစ်သွားသည်။ ဆန်နှင့်မီးသွေး ဈေးက နှစ်ဆ ခုန်တက်သွားသည်။ သည့်အပြင် အခြားသော စားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်း တော်တော် များများလည်း ဈေးနှုန်းတွေ အဆမတန် မြင့်တက်ကုန်ကြသည်။
ဘာကြောင့်လဲလို့မေးတော့ . . . လေမုန်တိုင်းကြောင့်တဲ့။
လေမုန်တိုင်းတိုက်ပြီးနောက် ဆန်ဆိုင်အများစုသည် ဆန်ဈေးများကို အနည်းဆုံး နှစ်ဆတင်ပြီးရောင်းကြသည်။ ထိုသို့ နှစ်ဆတင်ရောင်းသည့် ဆန်ဆိုင်လေးများတွင် ရန်ကုန်မြို့စွန်ရှိ ဆန်ဆိုင်လေး တစ်ဆိုင်လည်း ပါဝင်လေသည်။
ပုံမှန် တစ်ပြည်ကျပ်လေးရာရှိသော ဆန်ကို ထိုဆန်ဆိုင်လေးတွင် တစ်ပြည်ကို ရှစ်ရာဖြင့် ရောင်းလေသည်။ ထိုသို့တစ်ပြည်ရှစ်ရာဖြင့် နှစ်ဆတင်ရောင်း သည့်တိုင် ဝယ်ယူလိုသူများ ကြိတ်ကြိတ်တိုးကာ များပြားနေသဖြင့် ဆိုင်သံပန်း ဘာဂျာတံခါးကို ဆွဲပိတ်လိုက်သည်။ ဆိုင်က ဘာဂျာတံခါးကို ပိတ်ထားသော်လည်း ဝယ်မည့်သူများက မပြန်ကြသေးဘဲ ဆန်ပြန်ရောင်းမည့် အချိန်ကို စောင့်နေကြသည်။
ခဏလောက်ကြာတော့ ဆိုင်ထဲက လူတစ်ယောက်က လက်ထဲတွင် ဆိုင်းဘုတ်တစ်ခုကို ကိုင်ပြီး အပြင်ထွက်လာသည်။ အပြင်ရောက်တော့ ထိုဆိုင်းဘုတ်ကို ဆိုင်အရှေ့တွင် ချိတ်ဆွဲပြီး ဘာဂျာတံခါးကို ပြန်ပိတ်သွားသည်။ လူအများက ထိုဆိုင်းဘုတ်ကို ဖတ်ကြည့်တော့ “ဆန်တစ်ပြည် ၁၆၀၀ ဝယ်ချင်ဝယ် မဝယ်ချင်နေ” ဟူ၍ ရေးထားသည်။ ထိုအခါလူများက "မဝယ်ဘူးဟေ့ လုတယ်ကွာ" ဟု အော်ဟစ်ကြကာ ဆိုင်ဘာဂျာတံခါးကို ရိုက်ချိုးပြီး ဆန်များကို ဝင်လုကြသည်။
လပွတ္တာမြို့တွင် ဘာကိုစားစား၊ ဘာကိုသောက်သောက်၊ ဘာကိုဝယ်ဝယ် ပုံမှန်ထင်ထားတာထက် ဈေးကြီးနေတတ်သည်။ ဘာဖြစ်လို့ကြီးတာလဲဟု မေးလျှင် သူတို့က ပြန်ဖြေလိမ့်မည်။ နာဂစ်ဈေးတဲ့ ...
ကျွန်တော်တို့ လပွတ္တာမြို့ရှိ စားသောက်ဆိုင်တစ်ခုအတွင်း ထမင်း စားနေကြစဉ် နိုင်ငံခြားသားများ စားသောက်နေသည့် ဝိုင်းသို့ စစ်သားများ ရောက်ရှိလာသည်။ ပြီးနောက် နိုင်ငံခြားသူတစ်ဦးနှင့် စစ်ဗိုလ်တစ်ဦး စကားအချေအတင် ပြောနေကြသည်။ ကျွန်တော်တို့ ထိုင်နေသည့် စားပွဲနှင့် နိုင်ငံခြားသားများ ထိုင်နေသည့် ဝိုင်းက အနည်းငယ်ဝေးသောကြောင့် ဘာဖြစ်နေသည်ကို ကျွန်တော် အသေအချာ မသိရပေ။ သို့ပေမယ့် နိုင်ငံခြား သူကတော့ စစ်ဗိုလ်ကို စကားအချေအတင် ပြောနေသည်။
ကျွန်တော်တို့ ထင်လိုက်သည်က လပွတ္တာသို့ဝင်လာသော နိုင်ငံခြားသားကို စစ်တပ်က လာရောက်စစ်ဆေးနေသည်ဟု ထင်လိုက်သည်။ ထို့ကြောင့် အကျိုးအကြောင်းသိရအောင် စစ်ဗိုလ်နှင့် နိုင်ငံခြားသားများ အချေအတင် ပြောနေ သော နေရာသို့သွားပြီး ဘာဖြစ်တာလဲလို့ မေးကြည့်သောအခါ။ စစ်ဗိုလ်က ရှင်းပြသည်။ ယခုနိုင်ငံခြားသားများသည် အစိုးရက ဖိတ်ထားသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ယခုဆိုင်တွင် စားသောက်ရာတွင် ပိုက်ဆံ နှစ်သောင်းပေး ထားနှင့်ပြီး ဖြစ်ကြောင်း နောက်ဆုံး ဘီလ်ရှင်းသည့်အခါတွင် ဆိုင်က နောက်ထပ် လေးသောင်း ထပ်တောင်းကြောင်း။ သူတို့ စားသောက်ထားသော တန်ဖိုးပမာဏသည် မည်သည့်နည်းနှင့်မျှ ငွေခြောက်သောင်း ကျနိုင်ဖွယ်ရာမရှိ သည့်အတွက်ကြောင့် သူ့ကိုလာခေါ်ပြီး တိုင်ကြားခြင်းဖြစ် ကြောင်း စစ်ဗိုလ်က ပြောပြသည်။
လပွတ္တာမြို့ကို လေမုန်တိုင်းတိုက်ပြီး တစ်ပတ်အကြာမှာ ကျွန်တော် တို့ရောက်သည်။ ထိုစဉ်ကလပွတ္တာမြို့ပေါ်တွင် ဒုက္ခသည် သိန်းချီရှိပြီး သောက်ဖို့ ရေပင်အခက်အခဲ ရှိနေဆဲကာလ ဖြစ်သည်။ ထိုကဲ့သို့ လူအများအတွက် သောက်စရာ ရေပင်မရှိသည့်အချိန်တွင် လပွတ္တာမြို့ပေါ် တွင် စည်ဘီယာ ရသည်။ စည်ဘီယာရသည်ဆိုတော့ ကျွန်တော် သွားသောက်ဖြစ်သည်။
မြန်မာဘရူဝါရီကုမ္ပဏီက တစ်နိုင်ငံလုံးရှိ ဘီယာဆိုင်များကို ရောင်းဈေး သတ်မှတ်ပေးထားပေမယ့် လပွတ္တာမှာတော့ ခြွင်းချက်အနေနှင့် ဈေးကြီးနေမည်မှာ စိတ်ကအလိုလို ကြိုသိနေသည်။ ထင်ထားသည့်အတိုင်း စည်ဘီယာ တစ်ခွက်ကို ၆၀၀ ကျပ်ပေးရသည်။
သွားရေးလာရေး အခက်အခဲကြောင့် ရန်ကုန်ထက် တစ်ရာပိုသည်ကို ကျွန်တော်လက်ခံ၍ ရသည်။ သို့ပေမယ့် ထည့်ထားသည့် ဘီယာကိုတော့ လက်ခံ၍ကား မရနိုင်။ ဘီယာတစ်ခွက်ဟု မှာလိုက်လျှင် ထည့်ပေးသည့် ဘီယာပမာဏသည် အမြှုပ်တောင် လက်ကိုင်ကွင်းနားမရောက်။ ကျွန်တော် က စားပွဲထိုးကို ခွက်မပြည့်ဘူးဟုဆိုကာ ပြန်ထည့်ခိုင်းသည်။ ထိုအခါ စားပွဲထိုးက ဘီယာခွက်လေးကိုယူ၊ အမြှုပ်လေး နည်းနည်းချပြီး ပြန်ယူလာသည်။
ဈေးကလည်း သူများထက် ပိုယူထားသေးသည်၊ ဈေးပိုယူထားလျှင်တော့ ဘီယာကို ပြည့်အောင်ထည့်သင့်သည်။ ထို့ကြောင့် ကျွန်တော်က ပြန်ထည့်ခိုင်းသည်။ ထိုအခါစားပွဲထိုးက မရတော့ဘူးဆရာ၊ ဒါကနာဂစ် ဘီယာတဲ့...။ ခက်သည်က လပွတ္တာမြို့မှာ ဘီယာဆိုင် တစ်ဆိုင်ပဲရှိသည်။ တခြားရွေးချယ်စရာ ဆိုင်မရှိ။ ထို့ကြောင့် သူတို့ထည့်ချင်သလောက် ထည့်၍ ရသည်ဆိုသည့် အချိုးမျိုးနှင့်ရောင်းသည်။ ဘီယာတင်လားဆိုတော့ ဟင်းပွဲများလည်း ထိုကဲ့သို့ပင်ဖြစ်သည်။ တကယ်တော့ စားသောက်ကုန်ဈေးနှုန်း များသည် ဧရာဝတီတိုင်းဒေသကြီးက ရန်ကုန်လောက် ဈေးမကြီးပါ။ လေမုန်တိုင်းတိုက်ပြီး သူတို့မြို့ကို ရန်ကုန်မှကယ်ဆယ်ရေး အဖွဲ့တွေ ဆင်းလာသည့်အခါ ရောင်းအားက ယခင်ထက် ၁၀ ဆဆောက်လောက် မြင့်တက်လာသည်။ မြင့်တက်လာသည့် ဝယ်လိုအားကို အခွင့်ကောင်းယူကာ တင်လိုက်သည့်ဈေးက ရန်ကုန်ထက် ပိုကြီးသည်။
ဈေးပိုကြီးလို့ ထည့်ပေးသည့် ပမာဏမှာလည်း ပုံမှန်မရ။ တော်တော်ကြီး နည်းပြီး တစ်ခါတစ်ရံ ဟင်းပွဲများတွင် ယင်ကောင်များ ပါလာတတ်သေးသည်။ ယင်ကောင်ပါသည်ဟုဆိုကာ သွားပြတော့ အားလုံးက မထူးဆန်းသလို ကြည့်နေကြသေးသည်။
ဈေးကလည်းကြီး၊ ထည့်ပေးတာကလည်း နည်းသည့် ထိုဘီယာဆိုင် ကို နောက်ပိုင်းတော့ ဘီယာသောက်ချင်သည့်တိုင် သွားမသောက်တော့သလို ထိုဆိုင်တွင် ထမင်းတောင် မစားတော့ဘဲ သပိတ်မှောက်ထားလိုက်သည်။
လပွတ္တာရှိ ပဲ့ထောင်ဆိပ်ကမ်းတွင် ပဲ့ထောင်ငှားဖို့ ကျွန်တော် ဆင်းလာသည်။ ထိုနေ့က ရာသီဥတု သာယာသည့်နေ့ဖြစ်သောကြောင့် အလှူရှင် တော်တော်များများ တောဘက်သို့ လှေများဖြင့် ဆင်းလှူကြသည်။ ကျွန်တော် လှေဆိပ်ကို ဆင်းလာတာ နောက်ကျသည်ကတစ်ကြောင်း၊ အလှူရှင်များ အလာများသည်က တစ်ကြောင်းကြောင့် လှေဆိပ်တွင် ပဲ့ထောင် တစ်စီးသာရှိသည်။
လှေဆိပ်မှာ ပဲ့ထောင်တစ်စီးတည်းကျန်တော့တာဆိုရင်တော့ ဈေးကိုင် တော့မှာပဲဟု ကျွန်တော်တွေးလိုက်မိသည်။ သို့ပေမယ့် ဒီတစ်စီးတည်းသာ ရှိသည့်အတွက် ဈေးကိုင်လျှင်လည်း မတတ်နိုင်၊ ပိုပေးတန် ပေးရတော့မည်ဟု တွေးပြီး ထိုပဲ့ထောင်ကို သွားငှားလိုက်သည်။
ကျွန်တော်သွားမည့် ခရီးကို ပြောတော့ ပဲ့ထောင်သမားက ငါးသောင်း တောင်းသည်။ တကယ်တော့ ထိုခရီးသည် ပဲ့ထောင်ဖြင့် မိနစ်ရှစ်ဆယ်ခန့်သာ မောင်းရမည့် ခရီးဖြစ်သည်။ ထိုခရီးကို ငါးသောင်း တောင်းသည်ကတော့ တော်တော်ကြီးကို လွန်သည်ဟု ပြော၍ရသည်။ ခါတိုင်း ထိုခရီးသွားပါက သုံးသောင်းသာ ပေးရသည်။
ထိုသုံးသောင်းဆိုသော ဈေးမှာလည်း လေမုန်တိုင်းတိုက်ပြီးမှ တက်ထားသောဈေး ဖြစ်သည်။ လေမုန်တိုင်း မတိုက်ခင်က ဆိုပါက ထိုခရီးကို နှစ်သောင်း ပေးမည့်သူပင် ရှိလိမ့်မည်မထင်။ သို့ပေမယ့် ထိုသူကအားမနာလျှာမကျိုး ငါးသောင်းတောင်းသည်။
ကျွန်တော်က ဒီခရီးက သွားနေကျခရီးဖြစ်ကြောင်း၊ ခါတိုင်းဈေး အဲဒီလောက်မရှိကြောင်း၊ သို့ဖြစ်သောကြောင့် နည်းနည်းလျှော့ပေးဖို့ လှေသမားကို ပြောသည်။ သို့ပေမယ့် လှေသမားက ငါးသောင်းမှ ငါးသောင်း ငါးသောင်း မရလျှင် မလိုက်နိုင်ဟုဆိုသည်။
တကယ်တော့ ကျွန်တော်တို့က လပွတ္တာမှာ စီးပွားလာလုပ်နေကြသူ များမဟုတ်ပါ။ သူ့လှေကိုငှားပြီး စီးပွားရေး ကိစ္စသွားမည်မဟုတ်ဘဲ သူတို့ ဒေသတွက် အလှူလာလုပ်ပေးနေခြင်း ဖြစ်သည်။ ကျွန်တော်တို့က သူတို့ ဒေသအတွက် အလုပ်လုပ်လာလုပ်ပေးနေတာကြောင့် လှေခကို လျှော့ယူ ရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ တန်ရာတန်ကြေးယူ။ ယခုတော့ ထိုလူများက ထိုသို့မဟုတ်ရတုန်းကို အဆမတန် ရိတ်လိုက်မယ်ဆိုသည့် အချိုးမျိုးချိုး ချင်ကြသည်။ လှေဈေးမတည့်သဖြင့် ကမ်းပေါ်သို့ ကျွန်တော်ပြန်တက်ဖို့ လုပ်နေစဉ် မှာ နှစ်ရစ်နှင့် စစ်သားတစ်ယောက် ဆင်းလာသည်။ ထို့နောက်ထိုလှေကို ချောဆွဲပါတော့သည်။ လှေကိုချောဆွဲသည့် အချိန်ရောက်မှ လှေသမားက ကျွန်တော့်ကို လှမ်းကြည့်သည်။ ယခုအကြည့်က ငါးသောင်းမှငါးသောင်း ဆိုတုန်းက အကြည့်နှင့် လုံးဝတခြားစီ။
သူကြည့်သည့် အကြည့်ကို ကျွန်တော်သဘောပေါက်ပါသည်။ ထိုအချိန်တွင် ကျွန်တော်က ဒီလှေကို ကျွန်တော် ကယ်ဆယ်ရေးအဖွဲ့က အော်ဒါငှား ထားတာပါဟု ပြောလျှင် ထိုစစ်သားက ချောဆွဲတော့မည်မဟုတ်ပေ။ သို့ပေမယ့် ကျွန်တော်မပြောပေးနိုင်ပါ။ သာမန်အချိန်တွင် ကျွန်တော် ပြောပေးကောင်းပြောပေးလိမ့်မည်။ လောဘဇောတက်နေပြီး မတန်တဆ အမြတ်ကြီးရလိုသူ တစ်ယောက်အတွက်တော့ ကျွန်တော်မကူညီနိုင်ပါ။ ထို့ကြောင့် ကျွန်တော် ဘာမျှဝင်မပြောတော့ဘဲ ကမ်းပေါ်သို့သာ တက်လာခဲ့ တော့သည်။
တောထဲတွင် မီးလောင်ပါက တောနေသတ္တဝါလေးများ ပြေးကြ လွှားကြနှင့် ဒုက္ခရောက်ကြရသည်။ သို့ပေမယ့် တောကြောင်ကတော့ သဘာဝက ပေးထားသည့် စွမ်းအားအတိုင်း ပြေးအားရှိသည့်အတွက် တောမီးသည် သူ့အတွက် တခြားတိရစ္ဆာန်လောက်တော့ ပူစရာ မဟုတ်သည့်အပြင် တောမီးကြောင့် ပြေးထွက်လာကြသော တောနေ သတ္တဝါလေးများကို ပင် တစ်နေရာက စောင့်ကာ အသင့်ဖမ်းစားလိုက်သေးသည်။ ထိုကြောင့် တောမီးသည် တောကြောင်အတွက် ဒုက္ခမရောက်သည့်အပြင် တောမီးကြောင့် တောကြောင်ကိုများစွာ အဆင်ပြေစေသည်။
ခေတ်တစ်ခေတ် ပျက်သည့်အခါတွင် သာမန်လူများအတွက် ဒုက္ခ ရောက်စေသော်လည်း သူခိုး ဓားပြကဲ့သို့သော လူများအတွက်တော့ အကွက်ကောင်းဖြစ်သည်။ ခေတ်ပျက်သောအခါ အုပ်ချုပ်ရေး ပျက်ပြားပြီး လူအများ ဒုက္ခရောက်သည့် အခါတွင် သူခိုး၊ ဓားပြများအတွက် အခွင့်ကောင်း တစ်ခု ဖြစ်ပြီး အပျော်ကြီး ပျော်တော့သည်။
တောမီးလောင်လျှင် တိရစ္ဆာန်လေးများ ဒုက္ခရောက်ကြသည်။ သို့ပေမယ့် တောကြောင်များကတော့ အပျော်ကြီးပျော်ကြသည်။ ထို့အတူ ခေတ်ပျက်သည့်အခါ လူအများဒုက္ခရောက်ကြသည်။ သို့ပေမယ့် သူခိုးဓားပြ များကတော့ အပျော်ကြီး ပျော်ကြသည်။ အများဒုက္ခရောက် သည့်အခါတွင် အပျော်ကြီး ပျော်တတ်သည့် သူခိုးဓားပြများကို တင်စားပြီး တောကြောင်ဟု ခေါ်ကြသည်။ ထိုအခါ “တောမီးလောင် တောကြောင် လက်ခမောင်းခတ်” ဆိုသည့် စကားပုံဖြစ်လာတော့သည်။
မြန်မာ အဘိဓာန်တွင်တော့ ဓားပြဆိုသည်မှာ လက်နက်ဖြင့် အကြမ်းဖက် ခြိမ်းခြောက်၍ ပစ္စည်းလုယူသူဟု အဓိပ္ပာယ် ဖွင့်ထားသည်။ ထို့ကြောင့် သူခိုးဓားပြ ဟုပြောသည့်အခါတွင် ဓားကြီးကိုင်၊ သေနတ်ကြီး ကိုင်ပြီး ရိုက်နှက်လုယူသူများကို ပြေးမြင်ကြသည်။
တကယ်တော့ လောကတွင် သူတစ်ပါးပစ္စည်းကို မတရားသဖြင့် ရယူခြင်းသည်လည်း ဓားပြတိုက်ခြင်းတစ်မျိုး ဖြစ်သည်။ သို့ပေမယ့် ယခင် ခေတ်ဓားပြများသည် တုတ်၊ ဓားများကို အသုံးပြုကြသော်လည်း ယခုခေတ် ဓားပြများ သုံးသည့်လက်နက်က တုတ်၊ ဓားများ မဟုတ်တော့ဘဲ အသုံးပြု သည့်လက်နက်များသာ ပြောင်းသွားခြင်းသာ ဖြစ်ပါတော့သည်။
Credit To The Voice Weekly