တိုင်းပြည်ဆင်းရဲ နိမ့်ကျနေရသည်မှာ ပြည်တွင်းစစ်ကြောင့်ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် နိုင်တလညီ ပြောကြား
မြန်မာနိုင်ငံသည် အိမ်နီးချင်း နိုင်ငံများထက် အဘက်ဘက်မှ နိမ့်ကျခြင်း၊ တိုင်းသူပြည်သားများ ဆင်းရဲနေရခြင်းမှာ နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားနေခဲ့သော ပြည်တွင်းစစ်ကြောင့်ဖြစ်ပြီး ၎င်းပြည်တွင်းစစ်သည်လည်း တိုင်းရင်းသားများ တန်းတူအခွင့်အရေး မရခဲ့သောကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် နိုင်တလညီက ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် ဇွန် ၁၅ ရက်က ပြုလုပ်သည့် ဖက်ဒရယ်မူနှင့် တိုင်းရင်းသားတို့၏ အမြင်ဆွေးနွေးပွဲတွင် ပြောကြားသည်။
ထိုဆွေးနွေးပွဲတွင် နိုင်တလညီက ဖက်ဒရယ်စနစ် ဆိုသည်မှာ လွတ်လပ်ရေးနှင့်အတူ တွဲပြီးပါလာခဲ့ခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသားများ အနေနှင့် တန်းတူညီမျှမှုကို ဥပဒေဘောင် အတွင်းမှ မရနိုင်သဖြင့် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မွန်တိုင်းရင်းသားများသည် ၁၉၄၈ ခုနှစ် သြဂုတ်လမှ စတင်ကာ လက်နက်ကိုင် တိုက်ပွဲကို ဆင်နွှဲခဲ့ကြကြောင်း၊ ပြည်တွင်းစစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် များကလည်း တိုင်းပြည်၏ သယံဇာတများကို ထုတ်ယူကာ ဈေးပေါပေါဖြင့် ရောင်းချကာ စစ်လက်နက် ပစ္စည်းများ ၀ယ်ယူရခြင်း ဖြစ်သလို အစိုးရ အနေနှင့်လည်း ပြည်တွင်းစစ်များကြောင့် ပိတ်ဆို့ခံထားရသဖြင့် သယံဇာတများကို ဈေးပေါပေါဖြင့်သာ ရောင်းချရခြင်းကြောင့် တိုင်းပြည်၏ သယံဇာတများ နစ်နာခဲ့ရကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်တလညီက ပြောကြားသည်။
ထို့အပြင် ၁၉၅၈ ခုနှစ်က ၀န်ကြီးချုပ် ဦးနုက တိုင်းရင်းသား လက်နက်ကိုင်များအား ဥပဒေဘောင် အတွင်းမှ တောင်းဆိုရန် ပြောကြားခဲ့သဖြင့် မွန်ခေါင်းဆောင်များ ဖြစ်ကြသည့် နိုင်ထွန်းသိန်း၊ နိုင်ငွေသိန်းတို့သည် ဥပဒေဘောင် အတွင်းသို့ ၀င်ရောက်ကာ လက်နက်နှင့် ဒီမိုကရေစီကို လဲလှယ်ခဲ့ကြောင်း၊ သို့သော်လည်း နိုင်ရွှေကျင် အပါအ၀င် ခုနစ်ဦးက မွန်ပြည်သစ်ပါတီ ဖွဲ့စည်းပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်တွင် စစ်တပ်မှ အာဏာသိမ်းလိုက်သည့် အချိန်တွင် မွန်ခေါင်းဆောင်များ အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များအား ဖမ်းဆီးထောင်ချ ထားခဲ့သည်ဟု နိုင်တလညီက မွန်ပြည်သစ်ပါတီ၏ သမိုင်းကြောင်းကို အရင်ဆုံး ပြောကြားသည်။
ထို့အပြင် "၂၀၀၈ အခြေခံ ဥပဒေမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး အရမ်းနည်းတယ်။ ပြည်နယ် အစိုးရတွေမှာ ဘာမှလုပ်ပိုင်ခွင့် မရှိဘူး။ လုပ်ပိုင်ခွင့်တွေကို ဗဟိုကပဲ ထိန်းချုပ်ထားတယ်။ တိုင်းရင်းသား လူမျိုးတွေရဲ့ ဘာသာစကား၊ စာပေနဲ့ ယဉ်ကျေးမှုတွေနဲ့ ပတ်သက်လို့လည်း တိတိကျကျ ဥပဒေပြဋ္ဌာန်းထားတာ မတွေ့ရဘူး။ ကျွန်တော်တို့ အနေနဲ့ကတော့ အခြေခံ ဥပဒေမှာ တိတိကျကျ ပြဋ္ဌာန်းပေးစေ ချင်ပါတယ်" ဟု နိုင်တလညီက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ထို့နောက် နိုင်တလညီက ဆက်လက်ပြီး မြန်မာနိုင်ငံတွင် ရုံးသုံးဘာသာစကားကို မြန်မာစာဟု သတ်မှတ်ထားခြင်းနှင့် ပတ်သက်ပြီး တိုင်းရင်းသား ဒေသများတွင် မြန်မာစကားအပြင် ဒေသခံ တိုင်းရင်းသားတို့၏ ဘာသာစကားကိုပါ တွဲဖက်၍ သတ်မှတ်စေလိုကြောင်း ပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံ၏ အချို့ပြည်နယ်များတွင် ဒေသခံ ဘာသာစကားနှင့် အင်္ဂလိပ် ဘာသာစကား တွဲဖက်ပြီး ရုံးသုံးဘာသာအဖြစ် သတ်မှတ်သကဲ့သို့ အချို့နေရာများတွင် မြန်မာပြည်နှင့် တူညီချက်များရှိသော တောင်အာဖရိက နိုင်ငံတွင် ရုံးသုံးဘာသာ ၁၁ ဘာသာအထိရှိကြောင်း ပြောကြားသည်။
Post a Comment