Wednesday, November 20, 2013

ပြည်တွင်းစစ်၊ ဒီမိုကရေစီနှင့် သန်း ၆၀ ၏ တန်ဖိုး မှူးဇော်

ထောင်ချောက် (၄) ရပ်


အောက်စဖို့ တက္ကသိုလ်မှ ဘောဂဗေဒ ပါမောက္ခ ပေါလ်ကိုလီယာက ယင်း၏ Bottom Billion စာတမ်းတွင် ဆင်းရဲနွမ်းပါးမှုမှ ရုန်းမထွက်နိုင်သော ထောင်ချောက် လေးရပ်ကို တင်ပြခဲ့သည်။ ယင်းတို့မှာ (၁) ပဋိပက္ခ ထောင်ချောက်၊ (၂) သယံဇာတ ထောင်ချောက်၊ (၃) ပထဝီ ထောင်ချောက် နှင့် (၄) အုပ်ချုပ်ရေးစနစ် ထောင်ချောက် ဟူ၍ ဖြစ်သည်။ ထောင်ချောက် လေးရပ်တွင် ပိတ်မိခဲ့ကြရသော အခြေအနေတွင် ဂလိုဘယ်လိုက်ဇေးရှင်း လှိုင်းလုံးနှင့် တွေ့သော် ဦးမမော့နိုင်ပါဘဲ အဆိုးသံသရာ လည်ကာ ဆင်းရဲတွင်း ပို၍ နက်သွားကြရသည်ဟု ဆိုသည်။ ထိုကဲ့သို့သော နိုင်ငံများတွင် ဒီမိုကရေစီ ကူးပြောင်းရေးကို အစပြုခဲ့ပါက အောင်မြင်ရန် ခဲယဉ်းသည် သို့မဟုတ် အသွင်ကူးပြောင်းရေး ကာလရှည်ကြာ တတ်သည်။

အကြံပြုချက် သုံးချက်


ပေါလ်ကိုလီယာသည် မြန်မာနိုင်ငံ တံခါးအဖွင့်တွင် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ လေ့လာ သုံးသပ်ကာ မြန်မာ့စီးပွားရေး ဦးမော့လာရေးအတွက် အကြံပြုချက် သုံးချက် ပြောသွားခဲ့သည်။ ယင်းတို့မှာ (၁) မိုဘိုင်းလ် ဆက်သွယ်ရေး လှိုင်းလုံး ဖြစ်ပေါ်ရေး၊ (၂) မိုဘိုင်းလ်ဘဏ်စနစ် ထွန်းကား ရေးနှင့် (၃) ကျေးလက် ဖွံ့ဖြိုးရေးတို့ ဖြစ်သည်။ လက်ရှိ အနေအထားတွင် ကိုလီယာ၏ အကြံပြုချက်အား ပြန်လည် တိုက်ဆိုင် ဆန်းစစ်ကြည့်လျှင် (၁) မိုဘိုင်းလ်ဖုန်းကဏ္ဍ ပြုပြင်ပြောင်းလဲမှု စတင်နေပြီ၊ (၂) သီးခြား လွတ်လပ်သော ဗဟိုဘဏ်တစ်ခု ပေါ်ပေါက်လာပြီ (သို့သော် မိုဘိုင်းလ်ဘဏ်စနစ် မပေါ်နိုင်သေး)၊ (၃) ကျေးလက် ဖွံ့ဖြိုးရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီ ဟူသော အခြေအနေများကို တွေ့မြင်နိုင်သည်။

ကိုလီယာ၏ ထောင်ချောက်လေးရပ်ကို လက်ရှိ အနေအထားဖြင့် ပြန်လည် ဆန်းစစ် ကြည့်သည့်အခါ ပြည်တွင်းစစ်နှင့် သယံဇာတ ထောင်ချောက်တို့အကြား ကြီးမားသော အဆက်အစပ်များ တွေ့မြင်နိုင်သည်။ ကျပ်ငါးသိန်း၊ ရွှေတွင်းတစ်တွင်း လုပ်ကိုင်ခွင့်ဖြင့် မက်လုံးပေးခဲ့သော ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်ကို ဗုံးခွဲတိုက်ခိုက်မှုကို ပဋိပက္ခ ထောင်ချောက်နှင့် သယံဇာတ ထောင်ချောက် နှစ်ခုတို့၏ ဆုံဆည်းရာအဖြစ် စဉ်းစားကြည့်နိုင်သည်။

Greed and Grievance


တစ်ဖန် ကိုလီယာနှင့် Hoeffler တို့၏ Economic Theory of Civil War ဆိုင်ရာ လေ့လာချက် တစ်ရပ်ဖြစ်သော Greed and Grievance စာတမ်းတွင် စစ်မီးမငြိမ်းနိုင်သော ပြည်တွင်း စစ်များ၏ အတွင်းသရုပ်မှန်ကို ထုတ်ဖော်ခဲ့ကြသည်။ သာမန်အားဖြင့် တိုင်းပြည်တစ်ပြည် အတွင်းရှိ မျိုးနွယ်စု မတူသူများ အကြားတွင် လည်းကောင်း၊ ပထဝီဒေသ ခြားနားသူများ အကြားတွင် လည်းကောင်း၊ အယူဝါဒ မတူသူများ အကြားတွင် လည်းကောင်း ဖြစ်ပွားလေ့ရှိသော တော်လှန် ပုန်ကန်မှုများမှာ တရားမျှတမှု ကင်းမဲ့ခြင်း (အဓမ္မ) ကြောင့် ဖြစ်သည်ဟု ယူဆနိုင်သော်လည်း ကိစ္စရပ် အတော်များများတွင် ယင်းဒေသရှိ သယံဇာတ အကျိုးစီးပွား (လောဘ) ကြောင့် ဖြစ်သည်ကို တွေ့ရှိရသည်ဟု ယင်းတို့နှစ်ဦးက ဆိုသည်။ အဓမ္မ (Grievance) ကြောင့် ဖြစ်ရသော လူမျိုးရေး ကြွေးကြော်သံများအရ ပြည်တွင်း စစ်မီးလျှံတို့သည် အမှန်စင်စစ်တွင် ခေါင်းဆောင် အနည်းစု၏ လောဘ (Greed) ကြောင့် ဖြစ်ရသည် ဟူသော အချက်ကို ၁၉၆၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ဖြစ်ပွားခဲ့သော ကမ္ဘာတစ်ဝန်းလုံးရှိ ပြည်တွင်းစစ် များကို လေ့လာဆန်းစစ်ချက်မှ ရရှိလာခဲ့ခြင်း ဖြစ်သည်။

လေ့လာချက်အရ ၁၉၄၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကြားကာလတွင် ကမ္ဘာ့နိုင်ငံ အားလုံး၏ အချိုးအစားနှင့် ပြည်တွင်းစစ် ဖြစ်ပွားမှုကို တွက်ချက်ကြည့်လျှင် နိုင်ငံ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းတွင် ပြည်တွင်းစစ် ဖြစ်ပွားလေ့ ရှိသည်။ နိုင်ငံအချင်းချင်း ဖြစ်ပွားသော စစ်ပွဲများမှာ အကြာမြင့်ဆုံးအချိန် ခြောက်လအထိ ရှိတတ်ပြီး ပြည်တွင်း စစ်များ၏ ကြာမြင့်ချိန်မှာ ပျမ်းမျှ ခုနစ်လ ရှိသည်ဟု ဆိုသည်။ ဤနေရာတွင် နိုင်ငံများအနေနှင့် ပို၍ဆင်းရဲလေလေ ပြည်တွင်းစစ် ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလေလေ ဖြစ်သည်။
၁၉၄၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ပြည်တွင်း စစ်များကို လေ့လာချက်အရ ပြည်တွင်း စစ်များကြောင့် နှစ်စဉ်ပျမ်းမျှ လူသေဆုံးမှုမှာ တစ်သိန်းလေးသောင်းကျော်အထိ ရှိခဲ့သည်။ ၁၉၆၀ ကျော်မှ ၁၉၇၀ ကျော်အထိ ကာလများတွင် ပျမ်းမျှ လူသေဆုံးရမှု သုံးသိန်းကျော်အထိ ရှိခဲ့ကြောင်း သိရှိရသည်။ ယင်းကာလများအတွင်း ပြည်တွင်းစစ် ဖြစ်ပွားမှု နှုန်းထားကို လေ့လာကြည့်လျှင် (၁) မြောက်အမေရိက၊ ဥရောပနှင့် ဗဟိုအာရှ ဒေသများမှာ ထိပ်ဆုံးတွင် ရှိနေပြီး (၂) ဆာဟာရတစ်ပိုင်း အာဖရိက နိုင်ငံများ၊ (၃) မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများ၊ (၄) လက်တင်အမေရိက နှင့် ကာရစ်ဘီယံ နိုင်ငံများ၊ (၅) ပစိဖိတ်၊ အရှေ့အာရှနှင့် တောင်အာရှ နိုင်ငံများဟူ၍ အစီအစဉ်အတိုင်း တွေ့ရှိရသည်။

အဓမ္မ လုပ်ရပ်များကြောင့် ဖြစ်ပွားရသော ပြည်တွင်း စစ်များကို Grievance Model ဟု သတ်မှတ်ပြီး (၁) မျိုးနွယ်စုနှင့် ဘာသာရေး ကွဲပြားမှု၊ (၂) နိုင်ငံရေး ဖိနှိပ်မှု၊ (၃) နိုင်ငံရေး ဖယ်ကြဉ်မှု၊ (၄) မညီမျှမှု (ဝင်ငွေနှင့် မြေယာခွဲဝေမှု) စသည်တို့အရ ဖြစ်ပွားရကြောင်း ၎င်းတို့က ဆိုသည်။

လောဘကြောင့် ဖြစ်ပွားရသော ပြည်တွင်း စစ်များကို Greed Model ဟု ခေါ်တွင်ပြီး အဓိကအားဖြင့် ငွေဖြစ်လွယ်သော သယံဇာတများကို ရရှိလိုမှုဖြင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ ဤမော်ဒယ်တွင် ရေနံနှင့် ပြည်တွင်းစစ်၊ စိန်နှင့် ပြည်တွင်းစစ်၊ သစ်နှင့် ပြည်တွင်းစစ်၊ ကျောက်မျက်ရတနာနှင့် ပြည်တွင်းစစ် စသည်တို့အားဖြင့် တွေ့ရှိရသည်။ ငွေဖြစ်လွယ်သော သယံဇာတဟု ဆိုရာတွင် နည်းပညာ ကြီးကြီးမားမား မလိုအပ်ဘဲ ချက်ချင်းထုတ် ချက်ချင်းရောင်းနိုင်သော ကုန်ပစ္စည်းမျိုးကို ဆိုလိုသည်။ အဆိုပါ သယံဇာတများ ထွက်ရှိသော နယ်မြေဒေသများကို အုပ်စီး သိမ်းပိုက်နိုင်ရေး နှစ်ဖက် တိုက်ခိုက်ကြရာမှ ပြည်တွင်းစစ်များ ဖြစ်ပွားလေ့ ရှိသော်လည်း လူမျိုးရေးတိုက်ပွဲ၊ တရားမျှတမှု တိုက်ပွဲ စသည်အားဖြင့် အမည်ကင်ပွန်း လှလှကလေးများ တပ်ထားကြသည့်အခါ အဆိုပါ တော်လှန်ရေး ပုံရိပ်ယောင်များကိုသာ မကြည့်ဘဲ ဇာစ်မြစ် နောက်ခံဖြစ်သော သယံဇာတ အကျိုးစီးပွားနှင့် လောဘတို့ကို မြင်အောင်ကြည့်ဖို့ လိုအပ်မည် ဖြစ်သည်။

တစ်ဖန် သယံဇာတမှ ပြည်တွင်းစစ်သို့ သက်ရောက်စေသော အကြောင်းတရား များကို ဖော်ထုတ်ရာတွင်လည်း (၁) လက်နက်ကိုင် ပုန်ကန်ရေးအတွက် ရန်ပုံငွေ၊ (၂) နိုင်ငံတော်အတွက် အားနည်းချက်စသည့် အခွင့်အလမ်းများကို ဖြစ်ပေါ်စေနိုင်သည်။ အဆိုပါ အခွင့်အလမ်းများမှ တစ်ဆင့် အစိုးရကို ဖြုတ်ချလိုသည့် လှုံ့ဆော်မှုများ ဖြစ်ပေါ်လာစေနိုင်သည်။ ရေနံနှင့် ပြည်တွင်းစစ်၊ စိန်နှင့် ပြည်တွင်းစစ် စသည့် အဆက်အစပ်ကို လေ့လာရာတွင် နိုင်ငံများအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သော ရေနံကဲ့သို့သော သယံဇာတမျိုးသည် မရှိမဖြစ် လိုအပ်ချက် မဟုတ်သော စိန်ကဲ့သို့သော သယံဇာတများနှင့် နှိုင်းယှဉ်ကြည့်လျှင် စိန်ထက်စာလျှင် ရေနံက ပို၍ ရောင်းချရလွယ်၊ ငွေရလွယ်သည့်အတွက် ငွေရလွယ်သည့် သယံဇာတသည် ပြည်တွင်းစစ် ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားစေသည်ဟု ဆိုသည်။

ပြည်တွင်းစစ်နှင့် ပညာရေးသည်လည်း ကြီးမားသော အဆက်အစပ်များ ရှိနေသည်။ ဆင်းရဲနွမ်းပါးပြီး သယံဇာတ ကြွယ်ဝသည့် နိုင်ငံများတွင် တန်းတူညီမျှရေးဟု ကြွေးကြော်ကြသော လောဘအခြေခံ ပြည်တွင်းစစ်များ ဖြစ်ပွားလေ့ ရှိသည်။ ပြည်တွင်းစစ်အတွက် ငွေဖြစ်လွယ်သော သယံဇာတ အကျိုးစီးပွားများကို တစ်ဖက်နှင့်တစ်ဖက် ရယူသိမ်းပိုက်ခြင်းကြောင့် ဒေသ မတည်မငြိမ် ဖြစ်စေကာ စစ်မီးလျှံတို့၏ ဆိုးကျိုးဖြစ်သော (၁) စီးပွားရေး၊ (၂) လူမှုရေး၊ (၃) သဘာဝ ပတ်ဝန်းကျင် တို့ကို ဆိုးဆိုးရွားရွား ထိခိုက်စေသည်။ အကျိုးဆက်အားဖြင့် ပညာမတတ်၊ စာမတတ်သော လူငယ်မျိုးဆက် သစ်များ လက်နက်ကိုင် တိုက်ပွဲများတွင် အလွယ်တကူ ပါဝင်ဆင်နွှဲကြခြင်း အားဖြင့် အဆိုးကျော့ သံသရာကို လည်ပတ်စေမည် ဖြစ်သည်။

ဒီမိုကရေစီနှင့် ပြည်တွင်းစစ်


အော်တိုကရေစီ နိုင်ငံများတွင် လောဘများနှင့် အချောင်သမား စိတ်ဓာတ်များ မြင့်မားစေ သည့်အတွက် ပြည်တွင်းစစ် ဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်။ ဒီမိုကရေစီ နိုင်ငံများတွင်မှု အချောင်သမား စိတ်ဓာတ်များ လျော့နည်းစေပြီး ပြည်တွင်းစစ် ဖြစ်နိုင်ခြေ ပိုမို နည်းပါကြောင်း တွေ့ရှိရသည်။ နိုင်ငံရေးစနစ်တွင် ပြည်သူများ၏ ကိုယ်စားပြု ပါဝင်မှု ပိုမို မြင့်မားလာလေလေ ပြည်တွင်းစစ် ဖြစ်ပွားနိုင်ခြေ လျော့နည်းလေလေဖြင့် ပြောင်းပြန် သက်ရောက်မှု ရှိကြောင်းလည်း တွေ့ရှိရသည်။ တိုင်းရင်းသား၊ မျိုးနွယ်စု အများအပြား ကွဲပြားခြားနားသော ဒီမိုကရေစီ နိုင်ငံများတွင် မျိုးနွယ်စုဆိုင်ရာ ပဋိပက္ခ ဖြစ်နိုင်ခြေကို လေ့လာကြည့်သော အခါတွင်လည်း Proportional System ကျင့်သုံးသော နိုင်ငံများသည် Majoritarian System ကျင့်သုံးသော နိုင်ငံများထက် ပိုမို နည်းပါးကြောင်း တွေ့ရှိရသည်။

အလားတူ လက်နက်ကိုင် ပဋိပက္ခအပေါ် သက်ရောက်စေသော ကိန်းရှင် ရှစ်ခုမှာ (၁) လူဦးရေ၊ (၂) ဝင်ငွေ နိမ့်ကျမှု၊ (၃) တိုးတက်မှု နည်းပါးခြင်း၊ (၄) နိုင်ငံရေး မတည်မငြိမ်မှု၊ (၅) ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ အားနည်းမှု၊ (၆) တောင်တန်းများ ပေါများခြင်း၊ (၇) ဒီမိုကရက် တစ်မဟုတ်သော အိမ်နီးချင်း နိုင်ငံများ၊ (၈) စစ်ဖြစ်ပွားနေသော အိမ်နီးချင်း နိုင်ငံများ ဖြစ်ပြီး ယင်းကိန်းရှင် ရှစ်ခုကို မူတည်၍လည်း ပြည်တွင်းစစ်မီး တောက်လောင်နိုင်ကြောင်း တွေ့ရှိရသည်။ Miguel (၂၀၀၄) အာဖရိက ပြည်တွင်းစစ်များ လေ့လာချက်အရ စီးပွားရေး စွမ်းဆောင်ရည်နှင့် ပြည်တွင်းစစ်သည် ကြီးကြီးမားမား ဆက်စပ်နေပြီး ပြောင်းပြန် အချိုးကျနေကြောင်း၊ စီးပွားရေး တိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်း လျော့နည်း ကျဆင်းသွားလျှင် နောက်နှစ်တွင် ပြည်တွင်း ပဋိပက္ခ ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း တိုးလာကြောင်း သိရှိရသည်။

ပြည်တွင်းစစ် ဖြစ်ပွားနိုင်ခြေ လျှော့ချနိုင်သော နည်းလမ်း သုံးရပ်မှာ (၁) မူဝါဒကောင်းများ ချမှတ်ခြင်း (အထူးအားဖြင့် သယံဇာတ ခွဲဝေမှုနှင့် စီမံခန့်ခွဲမှု)၊ (၂) ဖွံ့ဖြိုး တိုးတက်မှု (ငြိမ်းချမ်းရေးကို အထောက်အကူ ပြုသည်)၊ (၃) ပြည်သူများ၏ ပညာရေး ရေချိန် (လောဘလား-အဓမ္မလား၊ မျိုးနွယ်စု အကျိုးလား-ခေါင်းဆောင်များ အကျိုးလား ကောင်းစွာ ခွဲခြား သိမြင်နိုင်သည်) တို့ ဖြစ်ကြောင်း တွေ့ရှိရသည်။

ပေါလ်ကိုလီယာက ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံများတွင် ပဋိပက္ခ ဖြစ်နိုင်ခြေ မြင့်မားနေပြီး ဒီမိုကရေစီလို ငွေအချိုး မည်မျှရှိသည်ဟူသော အချက်ပေါ် မူတည်၍ စစ်ဖြစ်ပွားနိုင်ခြေ အနိမ့်- အမြင့် ရှိသည်ဟု ဆိုသည်။ အဓိက ကုန်စည်များ ဖြစ်သည့် သယံဇာတများ စီမံခန့်ခွဲရေးနှင့် စပ်လျဉ်း၍ အများညီ လက်ခံနိုင်သော မူဝါဒတစ်ရပ် အမြန်ဆုံးနှင့် အခိုင်မာဆုံး ချမှတ်ကာ တရားမဝင် ကူးသန်းရောင်းဝယ်နေမှုများ ပပျောက်စေရန် အလျင်အမြန် ဆောင်ရွက်သင့်သည်ဟု ရပ်ခံထားသည်။ သို့မဟုတ်ပါက သယံဇာတ ပိုင်စီးလိုမှု လောဘဖြင့် အုပ်စီးထားသော သယံဇာတ နယ်မြေများတွင် စစ်ပွဲများ ကာလရှည်ညောင်း တည်တံ့လေ့ ရှိနိုင်သည်။ တရားမဝင် ရောင်းချ၍ ငွေဖြစ်လွယ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိစေရန် အလေးထား ဖြေရှင်းသင့်သည်ဟု ဆိုသည်။ ပြည်တွင်း ပဋိပက္ခများနှင့် အသွင် ကူးပြောင်းကြရသော (မြန်မာနိုင်ငံ ကဲ့သို့သော) နိုင်ငံများ၌ အသွင်ကူးပြောင်းရေးကာလ တိုနိုင်သမျှတိုစေရန် ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်သည်။ အသွင် ကူးပြောင်းရေးကာလ ရှည်ကြာနေသည်နှင့်အမျှ အဓမ္မကို တွန်းလှန်သည့် မျိုးနွယ်စု တော်လှန်ရေး အသွင်ဆောင်ထားသော လောဘအရင်းတည် ပဋိပက္ခများသည် ဆင်းရဲ နွမ်းပါးမှု ထောင်ချောက် လေးရပ်နှင့် ပြန်ပိတ်မိ သွားမည် ဖြစ်သည်။ ဤတွင် ဒီမိုကရေစီသည် အပြစ်ဖို့စရာ အဓိက အကြောင်းရင်း ဖြစ်လာတတ်ပြီး ဒီမိုကရေစီ နောက်ပြန် လှည့်သွားတတ်ကြောင်း တွေ့ရှိရသည်။

နိဂုံး


ပဋိပက္ခများ ကင်းလွတ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံများတွင် ပထမ ၁၀ နှစ်တာ အတွင်း ပုံမှန် အနေအထားထက် စီးပွားရေး တိုးတက်မှုနှုန်း မြင့်မားလာတတ်ပြီး အလယ်ပိုင်းတွင် တိုးတက်မှု အမြင့်ဆုံး အမှတ်သို့ ရောက်ရှိပြီးနောက် အောက်သို့ ပြန်လည် ကျဆင်း သွားတတ်ကြောင်း တွေ့ရှိရ သည်။ အစောပိုင်း နှစ်များတွင် ဧကန်မဲ့မှု (မသေချာမှု) များ ဖြစ်ပေါ်လေ့ရှိပြီး ယင်းကာလတွင် နိုင်ငံတော်၏ စွမ်းဆောင်ရည်ကို မြှင့်တင် ပေးနိုင်မှသာ တိုးတက်မှုကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။ ငြိမ်းချမ်းရေးကို စဉ်ဆက်မပြတ်အောင် ဆက်လက် ထိန်းသိမ်း ထားနိုင်ပါက မူလ တိုးတက်မှု နှုန်းထားကို ပြန်လည် ရရှိအောင် ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။ ယင်းကာလတွင် ဒီမိုကရေစီ ခိုင်မာစေသည့် အဆင့်သို့ ဆက်လက် ကူးပြောင်း သွားနိုင်ရန် အရေးကြီးသည်။ တစ်ဖန် တိုက်ပွဲဖြင့် ရရှိသော ငြိမ်းချမ်းရေးသည် ဒိုင်ယာလော့ဖြင့် ရရှိသော ငြိမ်းချမ်းရေးထက် ပိုမို ခိုင်မာလေ့ရှိပြီး ဒိုင်ယာလော့မှ ရရှိသော ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရန် စီးပွားရေး၊ ပညာရေးနှင့် ဒီမိုကရေစီ တည်ဆောက်ရေးကို အဟုန်ပြင်းပြင်းဖြင့် ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သည်။

ဆင်းရဲ နွမ်းပါးပြီး လက်နက်ကိုင် ပဋိပက္ခ မီးတောက်များအကြား ရှင်သန်နေရသော ဘဝများမှာ ဖွံ့ဖြိုးပြီး ဒီမိုကရေစီ နိုင်ငံများထက် များစွာ ဈေးပေါနေတတ်သည်။ Life is cheap in Civil Wars ဟု ဆိုကြသည်။ ထိုသို့ စစ်မီးလျှံ များကြားတွင် ပျက်သုဉ်းခဲ့ရသော လူ့အသက် များစွာတို့သည် အမှန်စင်စစ် လောဘ Greed ကြောင့် ဖြစ်နေရခြင်း ဖြစ်ကြောင်း ခိုင်ခိုင်မာမာ သိရှိရသောအခါ ရင်ထုမနာ ဖြစ်ကြရသည်ဟု ဆိုသည်။ ခေါင်းလောင်းသံတိတ်၊ ကျောင်းများလည်း ပိတ်ထားရသည့် တိုက်ပွဲ နယ်မြေများသည် တန်ဖိုးရှိလှသော မျိုးဆက်သစ်များ၏ အသက်ကို ခြွေချနေသော မုန်တိုင်း ကြီးများ ဖြစ်နေသည်။ စစ်မီးလျှံများ ယခုတိုင် မငြိမ်းနိုင်သေးသော မိမိတို့ နိုင်ငံ၏ ဝေးလံခေါင်ဖျား ဒေသများမှ လူ့အသက်များသည် အမေရိကန် မြို့ကြီးများရှိ လူ့အသက်များနှင့် ဘဝချင်း မတူသော်ငြားလည်း တန်ဖိုးချင်းတော့ အတူတူပင် ဖြစ်ရပါမည်။ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်း စစ်ကြောင့် စတေး ပေးဆပ်ခဲ့ရသော လူ့အသက်ပေါင်း များစွာသည် ဈေးပေါ နေပါသလား။ လက်ရှိ သန်း ၆၀ သော နိုင်ငံသားတို့၏ တန်ဖိုးမည်မျှရှိပါ သနည်း။ ဤသည်ကို လက်ရှိ နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် သန်း ၆၀ သော နိုင်ငံသားများ ကိုယ်တိုင် ပြဋ္ဌာန်း သတ်မှတ် ပေးကြရတော့မည် ဖြစ်ပေသည်။
မှူးဇော်
Credit To The Voice Weekly

Related Articles:

Post a Comment