Sunday, November 17, 2013

လူ၊ Infrastructure နှင့် Institution ဇေယျသူ

မြန်မာနိုင်ငံ တည်ဆောက်ရေးတွင် Infrastructure ခေါ် အခြေခံ အဆောက်အဦ အရေးကြီးကြောင်း အားလုံးသိကြပြီး ဖြစ်သည်။ အဆောက်အအုံ၊ လမ်း၊ တံတား စသည့် Infrastructure သည် ချို့တဲ့သည်။ သို့သော် လူနှင့် Institution တို့က Infrastructure ထက်ပင် ပိုပြီးအခရာ ကျသည်။
နောက်ဆုံးပေါ် ဈေးကြီးပေ့ ကုန်ပစ္စည်းများ ရောင်းချသော ကုန်တိုက်သို့ အညောင်းပြေ အညာပြေ လမ်းလျှောက်ရင်း ဝင်သွားမိသည်။ နိုင်ငံခြားမှ တိုက်ရိုက် လာရောက် ဖွင့်လှစ်သည်ဟု နာမည် ကြီးနေသည့်အတွက် မည်သို့မည်ပုံ ဆောင်ရွက်နေသနည်းကို စူးစမ်းချင်သည့် အတွက်လည်း ပါသည်။
ဝင်ဝင်ချင်း မြင်လိုက်ရသော လုံခြုံရေး စစ်ဆေးသည့် အခင်းအကျင်းက သပ်သပ်ရပ်ရပ် ရှိသည်။ ပြင်ဆင် ခြယ်သထားသည့် ဒီဇိုင်းတို့ကလည်း ထူးခြားသည်။ Brand တို့က မြန်မာကြိုက်တွေ ပါသလို မြန်မာတွင် သိပ်မတွေ့ရသည့် Brand တွေလည်း ရှိသည်။ အရောင်းဝန်ထမ်း အမျိုးသမီးငယ်တွေ ဝတ်စုံက သပ်သပ်ရပ်ရပ် သားသားနားနား။ ဝယ်သူရှင်းသည့် အချိန်မို့လား မသိ၊ အရောင်းဝန်ထမ်းတို့ ဆိုင်တစ်ဆိုင်၊ Brand တစ်ခုနှင့်တစ်ခု စကားလှမ်းအော် ပြောနေကြသည့် အသံက ကြွက်စီကြွက်စီဖြင့်။ ပြောသည့်အသံ အမျိုးအစားကလည်း ဆူညံသံအဆင့် အသံမျိုးများ။ အချို့ဆိုင်တွင် ဝန်ထမ်းများစုပြီး စကားပြောနေကြသည့်အတွက် သူတို့ စကားစပြတ်မှာပင် ကိုယ်က စိုးရိမ်သလိုလို ဖြစ်ပြီး ဝင်မကြည့်ဖြစ်ခဲ့။ သူတို့ဆိုင်ရှေ့ ဝယ်သူ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမှန်းလည်း စကားဝိုင်းတွင် နစ်မြောနေသူတို့ သတိမထားမိကြ။ ဆိုင်တွင် လူမရှိသော မြန်မာကြိုက် Brand ဆိုင်ခန်းတစ်ခုကို ဝင်ကြည့် မိဖြစ်သည်၊ အစကတော့ ကြည့်ရုံ သက်သက်သာ ဖြစ်သော်လည်း အင်္ကျီတစ်ထည်ကို ဈေးမေးချင်လာသည်။ ဆိုင်ဝန်ထမ်းကို စောင့်သော်လည်း မရွှေချောလား၊ ကိုယ်တော်ချောလားမသိ ပေါ်မလာသဖြင့် ထွက်လာခဲ့သည်။ ထိုကုန်တိုက်တွင် အရောင်းဝန်ထမ်း လုပ်ရသည်မှာ ကောင်းလေစွ။ လှလှပပ ဝတ်စား၊ အချင်းချင်း စကားစမြည်လေးပြော၊ အချိန်တန် လစာရတယ် ကောင်းတယ်ဟုတ်။ ထို့ထက် ကောင်းသော အလုပ်ပင် ထိုလောက်ကောင်းမည် မထင်။
မြန်မာ လေယာဉ်လိုင်းတို့ စီးလျှင်လည်း အလားတူ ဖြစ်ရပ်မျိုး တွေ့ရသည်။ မြန်မာလေယာဉ်မယ်၊ လေယာဉ်မောင်တို့သည် မျက်နှာလေးတွေ ချိုကြ၊ ယဉ်ကျေးကြပါ သော်လည်း အလုပ်လုပ်ကိုင်ရာတွင် အသံထွက်သည်။ ဟိုဘက်ချပါ၊ ဒီဘက်ပို့ပါ စသည်ဖြင့် ဝါရင့် လေယာဉ်မယ်တို့က အသံပြု ကွပ်ကဲကြရာ အသံ ပိုထွက်ပြန်သည်။ ပြည်ပလေကြောင်း လိုင်းများတွင် ဆိုလျှင် လုပ်ငန်း ဆောင်တာတို့ကို မျက်နှာရိပ် မျက်နှာကဲ၊ လက်ဟန်ခြေဟန် ဖြင့်သာ ဆောင်ရွက် သွားကြသည်။ ပါးစပ်က အသံဗလံထွက်ခြင်း အလွန်နည်းသည်။ အကြိမ်ကြိမ် လေ့ကျင့် ဇာတ်တိုက်ထားခြင်း၏ ရလဒ်လည်း ဖြစ်ပုံရသည်။ ဒါတောင် မြန်မာနိုင်ငံသို့ ပြေးဆွဲသည့် ပြည်ပ လေယာဉ်လိုင်းတို့သည် အလုပ်သင် အချိုးအစားများ ပုံရပြီး မြန်မာခရီးစဉ်ကို လေ့ကျင့်ရေး ကွင်းသဖွယ် ကျင့်သုံးထားကြခြင်း များသည်။
နိုင်ငံတကာ မယ်ပြိုင်ပွဲများ၏ သဘောတရားသည်လည်း ထိုအတိုင်း ဖြစ်ပုံရသည်။ အဝတ်စနှစ်စသာ ကိုယ်ပေါ်တွင် ချန်ပြီး လူရှေ့သူရှေ့စင်ပေါ် လမ်းလျှောက်ရုံမျှ ကိစ္စသာဆိုလျှင် ကျန်အဝတ်များ ချွတ်ချလိုက်ရုံ။ လုပ်ရဲလျှင် ရပြီ၊ ကျန်တာ သိပ်မလို။ သို့သော် ဗဟုသုတ၊ မိမိကိုယ်ကိုယ် ယုံကြည်မှု၊ မေးလာသော မေးခွန်းအထာကို ပေါက်ခြင်း၊ ချက်ကျလက်ကျ ပြန်ဖြေခြင်းတို့မှာ လုပ်ရဲရုံနှင့် မရ။ အခံဝမ်းစာလည်း ရှိ၊ လေ့လာအားလည်း ကောင်း၊ ဆင်ခြင်ဉဏ်လည်း ရှိပါမှ။ ထိုအရာတို့ကို သုံးလေးလနှင့် လုပ်မရ၊ အချိန်ယူပြီး တည်ဆောက်ရသည်။ ပြိုင်ပွဲဝင်မည်ဟု ပြင်ဆင်ထားခြင်း နှင့်လည်း မဆိုင်လှ။ နဂိုကတည်းက ကိုယ့်ကိုယ်ကိုယ် ထူးချွန်အောင် တည်ဆောက်ထားလျှင် ပြိုင်ပွဲအထာ အတွက်သာ ပြင်ဆင်ရန် လိုသည်။
ကုမဏီတစ်ခု တည်ထောင်လိုသည် ဆိုပါစို့။ တတ်နိုင်လျှင်အခန်း၊ အဆောက်အအုံ ချက်ချင်းလက်ငင်း ဝယ်လိုက် ငှားလိုက် ပရိဘောဂများထည့် ဆိုင်းဘုတ် ချိတ်လိုက်လျှင် ကုမ္ပဏီ အပြင်ပန်းရပြီ။ သို့သော် ကုမ္ပဏီကို ဦးဆောင်မည့်သူ၊ တာဝန်ခံမည့်သူ၊ ကုမ္ပဏီတွင် ပါဝင်လှုပ်ရှားမည့် သူများမှာမူ ထို Infrastructure များကဲ့သို့ အဆင်သင့် ချက်ချင်း တပ်လိုက် ဆင်လိုက်ရန် မလွယ်။ တတ်ကျွမ်းသူတို့ကို ရှာနိုင် ခန့်နိုင်လျှင်ပင် သူတို့ အတူတူအလုပ် လုပ်နိုင်အောင် တစ်သင်းသားတည်း စိတ်ဓာတ် ဖြစ်လာအောင် စီမံချထားပေးရန် လိုသေးသည်။
မြန်မာနိုင်ငံ ပညာရေး နိမ့်ကျခဲ့ခြင်းတွင် ပညာရေး အသုံးစရိတ် နည်းပါးခြင်းသည် အဓိက အကြောင်းရင်း တစ်ရပ်ဟု အဖြေထုတ်ကြသည်။ စာရေးသူ အမြင်တွင် ထိုနည်းပါးသော ပညာရေး အသုံးစရိတ်ကိုပင် ခွဲဝေ သုံးစွဲပုံ ပြင်လိုက်နိုင်ခဲ့လျှင် ပညာရေး အခြေအနေ ယခုလောက် မဆိုးနိုင်။ Infrastructure ဖြစ်သည့် အဆောက်အဦများ တည်ဆောက်ကာ တက္ကသိုလ်များ အရေအတွက် များခဲ့သော်လည်း ကျောင်းတွင်းရှိလူများ (ကျောင်းသားများ၊ ဆရာများ) ကို တည်ဆောက်ရန် ငွေသုံးစွဲမှု နည်းပါးခဲ့ခြင်းသည် မြန်မာ့ပညာရေး အားနည်းရခြင်း၏ အဓိက အကြောင်းတရားတစ်ရပ် ဖြစ်သည်။
Institution ခေါ် စည်းဘောင် သွင်းခြင်းသည်လည်း အခြေခံ အဆောက်အဦတို့နှင့် သဘောတရား တူတူပင် ဖြစ်သည်။ ဥပမာ-နေပြည်တော်တွင် ခမ်းနားကြီးကျယ်သော လွှတ်တော် အဆောက်အအုံကြီး တည်ဆောက်ထားရုံဖြင့် တိုင်းသူပြည်သားတို့ အကျိုးကို ဆောင်ရွက်နိုင်သော ဥပဒေပြု လွှတ်တော်ကြီး အလိုလို ဖြစ်မလာကြောင်း တွေ့ခဲ့ရပြီး ဖြစ်သည်။ အဆောက်အအုံတွင်းရှိ လူများကို တည်ဆောက်ခြင်း၊ ထိုလူများ တစ်ဦးနှင့်တစ်ဦး ပူးတွဲ အလုပ်လုပ်ကိုင်ကြခြင်း၊ လွှတ်တော် အလေ့အထများ မွေးမြူကြခြင်းတို့ဖြင့်သာ လွှတ်တော် တဖြည်းဖြည်း အသက်ဝင်လာပြီး လွှတ်တော်ဟူသော Institution တစ်ခုကို ပြည်သူတို့ မြင်လာရသည်။
လွှတ်တော် ဆိုသည်မှာ Formal Institution ခေါ် အလုပ်သဘော စည်းမျဉ်းစည်းကမ်း သတ်မှတ်ထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ Formal Institution ဖြစ်သည့် ယဉ်ကျေးမှုဆိုလျှင် ပိုမိုရှုပ်ထွေး သိမ်မွေ့သည်။ ကားတင်သွင်းခွင့် မူဝါဒကို လျှော့ချပေးပြီး ကတည်းက မြန်မာနိုင်ငံတွင်းတွင် ကားသစ်များ သို့မဟုတ် တစ်ပတ်ရစ် ကားသစ်များကို စီးလာနိုင် ကြသည်။ သို့သော် ကားများ သစ်လာရုံဖြင့် ယာဉ်စည်းကမ်း လိုက်နာမှုများ၊ ယာဉ်တစ်စီးနှင့်တစ်စီး နားလည် ညှာတာခြင်း ကဲ့သို့သော Formal Institution များမူ အလိုအလျောက် တက်လာခြင်း မရှိသည်ကို တွေ့ရမည်။ ပြည်တွင်းသို့ ကားများကို ချက်ချင်းလက်ငင်း တင်သွင်း လိုက်နိုင်သော်လည်း ကားပေါ်တွင် တက်ထိုင်မည့် သူများကိုမူ တင်သွင်း မရနိုင်ပါ။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမှု တိုးတက်လာရန် အချိန်ယူရဦးမည်သာ ဖြစ်သည်။
ငွေရှိလျှင် Infrastructure ကို ချက်ချင်းလက်ငင်း တည်ဆောက် ယူနိုင်သည်။ လူကို ချက်ချင်း ဖန်ဆင်းမရပါ။ Institution ကို ဥုံဖွဆိုပြီး မန်းမှုတ် မရနိုင်ပါ။ လူမပါသော၊ Institution မပါသော Infrastructure သည် ခေါင်းမပါသော ကိုယ်နှင့်သာ တူပေလိမ့်မည်။
Credit To The Voice Weekly

Related Articles:

Post a Comment