စိတ်ကိုဘယ်လိုကူးရပါ့ - မောင်သာချို
(တစ်)
အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုယန္တရားကြီးကြောင့် ပျက်စီးသွားရတဲ့ နယ်ပယ်အသီးသီးထဲမှာ လူတွေရဲ့ စိတ်ကူးစိတ်သန်းနယ်ပယ်လည်းပါမယ်လို့ ကျွန်တော်ထင်တယ်ဗျာ။
မြန်မာ့စီးပွားရေးလောက ချုံးချုံးကျသွားရကြောင်းကိုတော့ ၀န်ခံထားကြပြီးသားပါ။မြန်မာ့ပညာရေးလောက
သုံးစားမရတော့ကြောင်းလည်းဆွေးနွေးခဲ့ကြပြီးသားပါ။ မြန်မာ့အားကစားလောက ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေကြောင်းလည်း သုံးသပ်ခဲ့ကြပြီးသားပါ။ မြန်မာ့အနုပညာလောကစံချိန်စံညွှန်းတွေလျော့ကျသွားကြောင်းလည်းဝေဖန်ခဲ့ကြပြီးသားပါ။ ဘယ်ခေါင်းစဉ်ခွဲကိုပဲ ကောက်လှန်လှန်သိပ်မဟန်တာတွေချည်းသာလို့ ၀န်ခံရမယ့် အနေအထားပါ။အဲသည့်လိုမြန်မာတို့ပျက်သွားရပုံနဲ့ ပတ်သက်လို့ ပြောကြဆိုကြတဲ့အခါ စိတ်ကူးပုံစိတ်ကူးနည်းတွေအထိ ကမ္ဘာက သြချရလောက်အောင်ပျက်စီးယိုယွင်းသွားကြရတဲ့အကြောင်းတွေကဖြင့်မကြားချင်မှအဆုံးပါပဲ။
(နှစ်)
ဂျပန်ကနေပြန်လာသူ လေးငါးယောက်လောက်က သူတို့အတွေ့အကြုံတွေနဲ့ပတ်သက်လို့ စာရေးသူကျွန်တော့်ကို မကြာခဏမျှဝေပေးတတ်ကြပါတယ်။
တစ်ခါမှာတော့ တစ်ယောက်က ဂျပန်မီးရထားစီးသူတွေနဲ့ ဂျပန်ဘူတာရုံတွေအကြောင်းကို ဖောက်သည်ချလာခဲ့ပါလေရော။ စာဖတ်သူ ကျွန်တော့်မိတ်ဆွေတို့ တိရိစာန်ဥယျာဉ်အ၀င်အ၀က လူဝင်ပေါက်မှာ တပ်ထားတဲ့ ဒလက်ကြီးတွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ လူဝင်တဲ့အခါ ဒလက်ကလည်သွားပြီး လူကဒလက်နဲ့အ တူ ပါသွားရတဲ့၊ လူဝင်လူထွက်ကို စနစ်တကျဖြစ်အောင် လုပ်ပေးထားတဲ့ ကိရိယာလို့ဆိုပါတော့။
ဂျပန်က မီးရထားဘူတာရုံတွေမှာ အဲသည့်လိုဒလက်တွေ တပ်ထားပေးပါတယ်။ ဒလက်ထဲ ကို လူဝင်ပြီးလှည့်တဲ့အခါလက်မှတ်တစ်စောင်ပေးလိုက်တာနဲ့ဒလက်က အလိုလိုလည်သွားပြီးသားဆိုပါတော့။ လက်မှတ်တစ်စောင်တည်းပေးပြီး ဒလက်ထဲမှာ လူနှစ်ယောက်ဝင်ရပ်ရင် ဒလက်က မလည်ပါဘူး။ ထစ်နေပါတယ် ဒါဆိုလူက မလည်တဲ့ဒလက်ထဲမှာတစ်နေပြီး အထဲကိုဝင်လို့မရတော့ပါဘူး။ သိပ်ကောင်းတဲ့ ဂျပန်စနစ်ပေါ့။
ဒါပေမဲ့အဲသည့်လို သိပ်ကောင်းတဲ့ ဂျပန်စနစ်ကို ခေါင်းခြောက်သွားအောင်လုပ်ဖို့ ပေါ်ပေါက်လာတာက မြန်မာ့စိတ်ကူးပါ။ မြန်မာနိုင်ငံသားက ဂျပန်ကို မေးပါတယ်။ လူနှစ်ယောက်က လူတစ်ယောက်တည်း နီးနီးလောက်ဖြစ်အောင်ဖက်ပြီးတော့ ကပ်ထားမယ်။ ပြီးတော့ လက်မှတ်တစ်စောင်တည်းပြပြီးဝင်မယ်ပေါ့။ ဂျပန်အမျိုးသားက ရယ်ပါတယ်။ မရပါဘူးဗျာပေါ့။ လူနှစ်ယောက် ဘယ်လောက်ပဲကပ်ပြီး ၀င်ဝင်စက်ကနှစ်ယောက်မှန်းသိပါတယ်ပေါ့။ လက်မှတ်နှစ်စောင်မပေးရင် မလည်ပါဘူးပေါ့။
မြန်မာက လက်မလျှော့ပါဘူး။ ဒါဆို ကလေးတွေကုန်းပိုးသ လိုပိုးပြီးဝင်မယ်ဆိုရင်ရောပေါ့။ သည်တစ်ခါမှာတော့ ဂျပန်ငိုင်ကျသွားပါတယ်။ Cross Question အမေးခံလိုက်ရတဲ့လူလို ဘာပြန် ဖြေရမှန်းမသိ ဖြစ်သွားပုံရပါတယ်။အေးဗျာ ကျွန်တော်တို့ ဂျပန်တွေ ဘယ်သူမှ အဲသည်လို မတွေးမိကြဘူးတဲ့။ စိတ်မကူးမိကြဘူးတဲ့။ ၀မ်းသာရမှာလားမသိ။ ၀မ်းနည်းရမှာလားမသိ။ မြန်မာ့ စိတ်ကူးရဲ့ သူမတူအောင် ထောင့်စေ့ပုံ။ လူတစ်ယောက်အတွက်လက်မှတ်တစ်စောင်ခသက်သာ
အောင်ကုန်းပိုးပြီးဝင်ရင် ရနိုင်တယ်လို့ စိတ်ကူးပုံ။ ဂျပန်တွေ စိတ်မကူးမိကြ။
(သုံး)
နောက်တစ်ခါ အခွေကိစ္စလေးပြောချင်သေးတယ်ဗျ။ အမျိုးမျိုးအထွေထွေသော အခွေတွေပေါ့။စီဒီတွေ၊ ဗီစီဒီတွေ၊ ဒီဗီဒီတွေ။ ရုပ်ရှင်တွေရော၊ သီချင်းတွေရောအစုံ။
ကျွန်တော်တို့ဆီမှာ အဲသည့် အခွေမျိုးစုံကို လမ်းဘေးမှာ ပေါပေါလောလောနဲ့ ၀ယ်လို့ရနိုင် တယ်ဆိုတာကို အားလုံးသိပြီးသားပါ။ တစ်ထောင်၊ တစ်ထောင့် ငါးရာပေးမှ ရနိုင်မယ့်မူရင်းအခွေတွေကို ငွေနှစ်ရာနဲ့လည်းရနိုင်၊ ငွေသုံးရာနဲ့လည်းရနိုင်တဲ့အခွေ တွေဆိုပါတော့။ လူထုပါးစပ်ထဲ မှာကတော့လွယ်လွယ်ခေါ်နေတဲ့ ဝေါဟာရတစ်လုံးရှိပါတယ်။ ခိုးကူးတဲ့။ ခိုးကူးခွေတွေကြောင့် အ ရင်းအနှီးကြီးကြီးနဲ့ လုပ်ထားကြရတဲ့ တေးဂီတထုတ်လုပ်သူတွေ၊ရုပ်ရှင်ဗီဒီယိုထုတ်လုပ်
သူတွေဟာ စီးပွားပျက်မတတ် ထိခိုက်ကြရတာကိုလည်း အားလုံးသိပြီးသားပါ။ ဒါ့ကြောင့် ရုပ်ရှင်၊ ဗီဒီယို၊ ဂီတ တာဝန်ရှိသူတွေနဲ့၊ ရဲတွေနဲ့ပူးပေါင်းပြီး ဖော်ထုတ်အရေးယူဖို့ ဆောင်ရွက်နေကြတာတွေကလည်းမကြာမကြာပါ။ ထား။ ဒါက ဖြစ်ပေါ်နေတဲ့အခြေအနေ။
တစ်ရက် အနောက်ကမ္ဘာ မှာ အနေကြာခဲ့ အနေကြာဆဲသူ တစ်ယောက်နဲ့ စကားဝိုင်းဖွဲ့မိကြ တဲ့အခါ ခိုးကူးခွေတွေဘက်ဆီကို စကားဝိုင်းရောက်သွားတော့ အိုင်တီနည်းပညာ သိပ်ကိုရှေ့တန်း ရောက်တဲ့နိုင်ငံမှာ အခွေတွေကို ကူးမရောင်းဘူးလားလို့ ကျွန်တော်က မေးမိပါတယ်။ ဆိုကြပါစို့ လေဒီဂါဂါရဲ့အခွေ၊ တေလာ ဆွစ်ရဲ့အခွေ၊ ဂျပ်စတင်ဘီဘာရဲ့ အခွေ။
အမေးခံရတဲ့လူ ကြောင်တက်တက်ဖြစ်သွားသဗျ။ သူတို့ဆီမှာ တစ်ခါမှ စိတ်ကူးလေ့ကူးထမရှိတဲ့ စိတ်ကူးမျိုးကို သိလိုက်ရလို့ အံ့သြသွားပုံလည်း ရပါတယ်။ အေးဗျာ.. တဲ့။ ကူးရောင်းရင်တော့ ဈေးသက်သာမှာ သေချာပေါက်ပေါ့တဲ့။ ဒါပေမဲ့ အဲသည့်ကမ္ဘာကလူတွေက အဲသည်လိုမျိုးလုပ်ပြီး ပိုက်ဆံရှာဖို့ စိတ်ကူး လေ့ရှိကြပုံမရဘူးတဲ့။ မအံ့သြဘူးလား။
(လေး)
သွေးဆေးထဲမှာ အုတ်နီခဲမှုန့်ရောပြီးရောင်းရင်ဖြစ်မယ်လို့ စိတ်ကူးသူတွေရှိပါတယ်။ နှမ်းထဲမှာ ကျောက်စရစ်ခဲကလေးတွေ ရောပြီးရောင်းရင်ဖြစ်မယ်လို့ စိတ် ကူးသူတွေရှိပါတယ်။ သူတစ်ပါး ပြုစုထားတဲ့ အဘိဓာန်စာအုပ်ကြီးထဲကနေ ကိုယ့်စိတ်ကြိုက်စကားလုံးတချို့ ရွေးထုတ်ကာ ကိုယ့်ကိုယ်ကိုယ် အိတ်ဆောင်အဘိ ဓာန်ပြုစုသူလုပ်ရင်ဖြစ်မယ်လို့ စိတ်ကူးသူတွေရှိပါတယ်။ အနောက်တိုင်းဆေးပညာကနေလာတဲ့ သောက်ဆေးတွေကို အမှုန့်လုပ်၊ ပုလင်းထဲထည့်၊ ရွာစဉ်လှည့်
ကာ မိမိကိုယ်တိုင် ဖော်စပ်ထားတဲ့ဆေးအဖြစ် ပုံဖမ်းပြီး တိုင်းရင်းဆေးဆရာကြီးအဖြစ်ကုသဖို့ စိတ်ကူးသူတွေရှိပါတယ်။
စိတ်ဆိုတာ ကူးလို့ရတဲ့အရာဖြစ်လို့ ဘယ်သူမဆို စိတ်ကူးနိုင်ခွင့်ရှိကြသူတွေချည်းပါပဲ။ ဒါပေမဲ့ ဘယ်လိုစိတ်ကူးမျိုးကို ကူးနေသလဲ၊ ဂုဏ်သိက္ခာရှိတဲ့လူတွေ ကူးတဲ့ စိတ်ကူးမျိုးမှဟုတ်ရဲ့လားဆိုတာက ဘ၀ရဲ့ပြဿနာပါ။
ကြီးမြတ်တဲ့လူမျိုးဟာ ပေါက်တတ်ကရတွေကို စိတ်ကူးလေ့ကူးထမရှိပါဘူး။ အခုကျွန်တော်တို့ စိတ်ကူးနေကြတာတွေက လက်မှတ်တစ်စောင်တည်းနဲ့ လူနှစ်ယောက်ဝင်လို့ရအောင် ကုန်းပိုးပြီးဝင်မယ်ဆိုတဲ့ စိတ်ကူးမျိုး။ သူများတကာ နှလုံးသားနဲ့၊ ဉာဏ်ပညာနဲ့ ရင်းနှီးထုတ်လုပ် ထားတဲ့အခွေကို ခိုးကူးမယ်ဆိုတဲ့စိတ်ကူးမျိုး။
လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်းကိုခန့်မှန်းတဲ့အခါ သူတို့မှာဘယ်လိုစိတ်ကူးမျိုးတွေရှိနေကြ
သလဲဆိုတာကလည်း ထည့်သွင်းတိုင်းတာရတဲ့ပေတံတစ်ချောင်းပါ။ အခု...ကျွန်တော်တို့ စိတ်ကူးနေကြပုံတွေ...။
ရှက်ပါတယ်။ ။
Credit To 7Day News Journal
Post a Comment