Saturday, May 25, 2013

မိုးဦးလေပြည်လား၊ မိုးသက်မုန်တိုင်းလား ကန်-မြန်မာ-တရုတ် နှောင်ကြိုးများ


(မျိုးဆက်)

အမေရိကန်သမ္မတနှင့် မြန်မာသမ္မတတို့ တွေ့ဆုံခဲ့ကြပါသည်။ မြန်မာမီဒီယာ အချို့ကတော့ ပါဝါအင်အား ထိန်းညှိခြင်းအတွက် အပြုသဘောရေးသည်။ စီးပွားရေး ပွင့်လင်းလာမှုများအတွက် ကြိုဆိုသည်။ မကောင်းဟု မပြောသင့်။ တိုက်ခတ်နေသည့် လေညင်းကား ပန်းရနံ့များ သင်းနေသလို အားလုံးက မျှော်လင့်နေကြသည်မှာလည်း အမှန်ပင်ဖြစ်သည်။

သို့ရာတွင် တွေးမိသည်လေးများ ကလည်း ရှိနေပြန်သည်။ မကောင်းမြင်သည် ဆိုကြပါစို့။ မြန်မာ-ကန် ဆက်ဆံရေးတွင် Hard Power Relationship နှစ်ခုကို သိသိသာသာ တွေ့ရပါသည်။ စစ်ရေးနှင့် စီးပွားရေး တို့ဖြစ်ပါသည်။ အမေရိကန်က ပစိဖိတ်မဟာဗျူဟာ အတွက် မြန်မာကို ချဉ်းကပ်သည်မှာ သိသာပါသည်။ သန်း ၆၀ သောဈေးကွက်သည် အမေရိကန်အတွက် တစ်စုံတစ်ရာ အကျိုးရလဒ် ဖြစ်ထွန်းစေနိုင်သော်လည်း တကယ်တမ်း ရည်ရွယ်ချက်က သန်းနှစ်ထောင်သော လူအုပ်ကြီး (တရုတ်နှင့် အိန္ဒိယ) ပို၍ဖြစ်နိုင်ပါသည်။

စစ်ရေးအတွက် ကန်-မြန်မာ ဆက်ဆံရေး စလာမည့်အချိန်တွင် ဝတပ်မတော်ဘက်သို့ အားချင်း လက်နက်တပ်ဆင်မှုများ ပြုလုပ်လာသည်မှာ နဂိုကတည်းက သိသာပြီးသောအရာ ဖြစ်ရာ ထူးဆန်းလှသည်တော့ မဟုတ်ပါ။ ဘေဂျင်း၏ မပြောင်းလဲသော တရုတ်ပဒေသရာဇ်ဆန်ဆန် အနိုင်ကျင့် လွှမ်းမိုးဗိုလ်ကျလိုသည့် ပေါ်လစီကိုသာလျှင် သိသိသာသာ တွေ့မြင်ရပါသည်။ ဝတပ်မတော်ကို လက်နက်တပ်ဆင်ပေးမှုသည် ဗကပဗဟိုတွင်း အာဏာသိမ်းမှုနှင့် တရုတ်၏ ဗကပအပေါ်ထားသည့် ပေါ်လစီအရွေ့၊ ဗကပတို့ ဗဟို အစိုးရကို အာခံနိုင်ခဲ့ပုံများကို ပြန်ပြောင်း သတိရစေပါသည်။ ဤသို့ သတိရစေရာမှ ပြင်သစ်-မြန်မာ ဆက်ဆံရေးမှ စတင်ကာ ပါဝါချိန်ခွင်လျှာ ညှိရန် ကြိုးစားခြင်းအားဖြင့် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲကြီး ဖြစ်ပွားစေခဲ့ပြီး မင်းတုန်းမင်း ကြိုးစားတည်ဆောက်ခဲ့သည့် ဒစ်ပလိုမေစီခံတပ် ကျဆုံးသွား ခဲ့ရပြီး သူ့ကျွန်ဖြစ်ခဲ့ရသည်ကို ပြန်ပြောင်း သတိရနေမိပါသည်။ အကျဉ်းဆိုရလျှင် ပါဝါအားပြိုင်မှု အရွေ့တွင် အကွက်ရွှေ့ မလှ၍ ပြဿနာတက်ခဲ့ရသည် ဆိုပါစို့။

နောက် ဥပမာတစ်ခုက ကိုရီးယားဖြစ်သည်။ ကိုရီးယားနိုင်ငံကို ဂျပန် မသိမ်းမီ၊ Imperial Japan ကို ကိုရီးယားတို့ မသိမ်းနိုင်မီ ကိုရီးယားနောက်ဆုံး ဘုရင် ဂိုဂျောင်းသည် ရုရှား၊ တရုတ်နှင့် အနောက်ပါဝါများကို ဖိတ်ခေါ်ကာ Power Balancing လုပ်ခဲ့ပါသည်။ ရုရှား၊ ဂျပန်စစ်အပြီး ဂျပန်စစ်နိုင်သော အခါ၊ တရုတ်-ဂျပန်စစ် အပြီး ဂျပန်စစ်နိုင်သော အခါတွင် အမေရိကန်က ဝင်မစွက်တော့ပါ။ သူက ဖိလစ်ပိုင်ကို ယူမည်။ ကိုရီးယားကို ဂျပန်ယူဟူ၍ နားလည်မှု ယူခဲ့ကြပါသည်။ Taft-Katsura Agreement ဟု ခေါ်ပါသည်။ ထိုသဘောတူညီချက်မှာ Secretary of War of U.S ဖြစ်သူ Taft ၏ ကိုယ်ပိုင်အမြင်များသာဖြစ်ကြောင်း အမေရိကန်က ယနေ့တိုင် ငြင်းဆိုဆဲ ဖြစ်ပါသည်။ ထိုနားလည်မှုစာချွန် အသက်ဝင်လာရခြင်းမှာ ဂျပန်တို့က ရုရှားအား စစ်နိုင်အပြီးတွင် ဖြစ်ပါသည်။ ဤသို့အားဖြင့် ကိုရီးယားနိုင်ငံသည် ဂျပန်ဘုရင့်နိုင်ငံတော်၏ လက်အောက်ခံ အဖြစ်သို့ ကျရောက်သွားခဲ့ပါသည်။ ကိုရီးယားနိုင်ငံတွင် မြောက်ကိုရီးယားသည် ဂျပန်၊ ရုရှား၊ တရုတ်တို့ကြားတွင် ရှိပြီး မြန်မာကဲ့သို့ ပထဝီနိုင်ငံရေးအရ အရေးပါသော အနေအထား ရှိနေခဲ့ ပါသည်။ ဤသည်မှာလည်း သတိမူချင်စရာပင် ဖြစ်ပါသည်။

နောက်တစ်ချက်မှာ စီးပွားရေးချည့်နဲ့မှု Weak Economy ရှိသော တိုင်းပြည်များသည် ဈေးကွက်ကို ဇက်ကြိုးမသတ်ဘဲ ဖွင့်လိုက်လျှင် တိုင်းပြည်တွင်းရှိ ကိုယ်ခံအားနည်းသော လုပ်ငန်းများ ပြိုလဲသွားတတ်ခြင်း ဖြစ်ပါသည်။ ထို့ပြင် တရားဥပဒေစိုးမိုးမှု အားနည်းသောကြောင့် FDI များသည် လူများအကျိုးရှိဖို့ထက် အာဏာပိုင် များနှင့်သာ လက်ဝါးချင်း ရိုက်သွားပြီး မြေသိမ်းယာသိမ်း ကိစ္စရပ်များ၊ ခြစားမှုများ ပိုမိုကြီးထွားလာတတ်သည့် အန္တရာယ်ရှိနေခြင်း ဖြစ်ပါသည်။ ထို့ပြင် အင်အားကြီး ကော်ပိုရိတ်များ ဝင်လာပါက ထိုကော်ပိုရိတ်များ၏ စီးပွားရေးဆိုင်ရာ လွှမ်းမိုးမှုကို အစိုးရက ခံရသဖြင့် အစိုးရ၏အာဏာစက်နှင့် နိုင်ငံတော်၏ အခန်းကဏ္ဍ လျော့ကျလာ တတ်ပါသည်။ ထို့ပြင် ဒေသခံပြည်သူများနှင့် သဟဇာတမဖြစ်ပါက လူထု၏ဖိအား ပိုမိုများပြားလာတတ်ခြင်း ဖြစ်ပါသည်။ ဤသည်တို့အတွက် ဈေးကွက် မဖွင့်မီ ကိုယ့်တိုင်းပြည်ရှိ လုပ်ငန်းများ၊ လုပ်ငန်းရှင်များကို ကာပြီးသား ဖြစ်သင့်ပါသည်။ ထို့အပြင် ပြည်တွင်းသို့ လာမည့် လုပ်ငန်းမှန်သမျှသည် တိုင်းပြည်ရှိလူများကို ပညာတတ် သွားအောင်၊ အလုပ်ရသွားအောင် လုပ်ပေးမည့်လုပ်ငန်းများ ဖြစ်ဖို့ လိုပါသည်။ ထိုသို့ဖြစ်ရန် ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အခွန်ဥပဒေ၊ အလုပ်သမားဥပဒေ၊ အလုပ်သမားခံစားခွင့် ဥပဒေ စသည်တို့ ပြဋ္ဌာန်းသတ်မှတ်ပြီး ဖြစ်ရပါမည်။

ထို့ပြင် တရုတ်၏ တုံ့ပြန်နိုင်မှုကို ထည့်စဉ်းစားရပါသေးသည်။ ပိုက်လိုင်းကြီး ဖြတ်သွားမည့် မြန်မာနိုင်ငံကို တရုတ်သည် သူ၏ပိုက်လိုင်းအပေါ် အန်ကယ်ဆမ်ကို တက်ထိုင်ခိုင်းရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် ဝတပ်အား ပြင်ဆင်ပေးသည့်အပြင် စီးပွားရေးအရ တုံ့ပြန်မှုများ ပြုလုပ်လာနိုင်သည် ကိုလည်း ယခင်ရေးသား ဖော်ပြခဲ့ဖူးပြီး ဖြစ်ပါသည်။ ဘေဂျင်း၏ တုံ့ပြန်မှုမှာ မြန်မာ-ကန် စစ်ရေး-စီးပွားရေး ဆက်ဆံမှုကဲ့သို့ပင် စီးပွားရေး-စစ်ရေး တုံ့ပြန်မှုဟူ၍ အသွင်နှစ်မျိုးဖြင့် ထွက်ပေါ်လာနိုင်ပါသည်။ ဤအချက်ကို သတိပြုမိရန် လိုပါမည်။

မုတ်သုံမိုးကား လာပေတော့မည်။ အပူလျော့မည်ထင်၍ ဝမ်းသာ ကြပါသည်။ မိမိသည်လည်း ဝမ်းသာပါသည်။ မုတ်သုံမိုးနှင့်အတူ မုန်တိုင်းကြီး များ ရံခါကျရောက်လာတတ်သည်ကို မမေ့လျော့ရစေခြင်း အလို့ငှာ မိမိ ယခင်သုံးသပ်ဖူးသည် များကို အနည်းငယ် ချဲ့ ၍ မြန်မာ-ကန်၊ မြန်မာ-တရုတ် ဆက်ဆံရေးအတွက် ဖော်ပြလိုက်ရ ပါသတည်း။

Credit To The Voice Weekly

Related Articles:

Post a Comment