မြန်မာ့နိုင်ငံရေးသင်္ချာ ဘယ်လိုအဖြေရှာကြမည်နည်း
နိုင်ငံရေးတွင် မိမိရည်မှန်းချက် ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်ကြရာ၌ ယေဘုယျအားဖြင့် နည်းနှစ်နည်းကို အသုံးပြုလေ့ရှိကြသည်။ ခပ်လွယ်လွယ်ဆိုရလျှင် “အကြမ်းနည်း” နှင့် “အနုနည်း” ...။ ပို၍ တိတိကျကျ ဆိုရလျှင် “အကြမ်းဖက်တော်လှန်ရေးနည်း” (လက်ရုံးရည်နိုင်ငံရေး) နှင့် “အကြမ်းမဖက် ဒီမိုကရေစီနည်းကျဆောင်ရွက်ခြင်း (နှလုံးရည်နိုင်ငံရေး) တို့ ဖြစ်ပါသည်။
လက်ရုံးရည်နိုင်ငံရေးမှာ မိမိနှင့် ဆန့်ကျင်ဘက်အင်အားစုကို အပြီးတိုင် ဖယ်ရှားဖို့ ရည်ရွယ်သည် ဖြစ်လေရာ ပကတိအရှိ၏ ပေးထားချက်ကို ထည့်သွင်း စဉ်းစားလေ့မရှိချေ။ မိမိစိတ်ကြိုက် အဖြေရရေးအတွက် မိမိအားသန်ရာ တွက်နည်းကိုသာ အားပြုလေ့ရှိရာ ရှင်းသည်၊ ပြတ်သည်၊ မိုက်သည်။ သို့တစေ အများညီ အဖြေရဖို့မလွယ်။ ရသည်ဟု ထင်လျှင်လည်း အဖြေသည်ပင် ပုစ္ဆာသစ် ဖြစ်နေတတ်ရာ ပြဿနာ ဝင်္ကပါတောမှ ရုန်းမထွက်နိုင် ဖြစ်ရတတ်သည်။ ဆိုရလျှင် ပဋိပက္ခအဆိုးကျော့ သံသရာ တာရှည်တတ်သည်။
နှလုံးရည်နိုင်ငံရေးကား ဤမျှမရှင်း၊ ဤမျှမပြတ်။ သို့အတွက် မိုက်လို့မဖြစ်၊ လိမ္မာဖို့လိုသည်။ ကျွမ်းကျင်လိမ္မာမှုက အရေးကြီးသည်။ ရည်ရွယ်ချက်က အင်အားစုအားလုံး လက်ခံနိုင်လောက်မည့် “ကြားအဖြေ” ကို ရှာရသည်ဖြစ်ရာ “ပေးထားချက်” ကို မလွှဲမရှောင်သာ ထည့်သွင်းစဉ်းစားကြရသည်။ ပေးထားချက် ဘောင်အတွင်း အဖြေရှာနိုင်ဖို့ ကြိုးစားရသည်။ အကယ်၍ ပေးထားချက်က နည်းလွန်းလျှင် သို့မဟုတ် မပြည့်စုံလျှင် “ဆောက်လုပ်ချက်” ဖြင့် ဘောင်ချဲ့ယူရသည်။ တွက်နည်းတစ်ခုတည်းကို အသေကိုင်လို့လည်းမဖြစ်။ တစ်နည်းမဟုတ် တစ်နည်း ပြောင်းလဲကျင့်သုံးလို့ ရနိုင်လောက်မည့် “ဆောက်လုပ်ချက်” တွေ ဖန်တီး နိုင်ဖို့လိုသည်။ ဖန်တီးတတ်ဖို့ အရေးကြီးသည်။
ဤနည်းနာနှစ်ရပ်ကို နှိုင်းယှဉ် ဆဝါးနိုင်ဖို့ဆိုလျှင် အဝေးကြီးကြည့်စရာ မလိုပါ။ ခေတ်သစ်မြန်မာ့နိုင်ငံရေး ကိုပဲကြည့် ...။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင် သော ဖဆပလ အဖွဲ့ ကြီးအနေနှင့် စစ်ပြီးခေတ် ပေးထားချက်ကို ဖြစ်နိုင်ခြေရှိသော ဆောက်လုပ်ချက်များဖြင့် ဖြည့်ဆည်းပြီးသကာလ တစ်မျိုးသားလုံး လိုလားသည့် အဖြေ (လွတ်လပ်ရေး) ကို အေးအေးညောင်းညောင်း အရယူနိုင်ခဲ့သည်။ တစ်ဖက်အင်အားစု ဗြိတိသျှတို့နှင့်လည်း မိတ်ဝတ်မပျက် လမ်းခွဲနိုင်ခဲ့သည်။ နှလုံးရည်နိုင်ငံရေးက ခင်းပြခဲ့သော မင်္ဂလာလမ်း ...။
သို့နှင့်တိုင် လွတ်လပ်ရေးခေတ်ဦး တွင်ကား သြဇာကြီးသော နိုင်ငံရေးပါတီကြီး တစ်ခုက အကဲဆတ်လှသော ပကတိအရှိ၏ ပေးထားချက်ကို အလျှင်းဂရုမစိုက်ဘဲ ၄င်းတို့လိုလားသော အဖြေကို ၄င်းတို့စိတ်ကြိုက် တွက်နည်းဖြင့် ပြတ်ပြတ်သားသား (သို့သော် မိုက်မိုက်မဲမဲ) ဇွတ်တွက်ထုတ်ခဲ့ကြသည်။ အကျိုးဆက်ကား ညီအစ်ကိုချင်း စစ်ခင်းကြရသည့် ပြည်တွင်းစစ်။ တိုင်းပြည်ကို ဆင်းရဲတာရှည်စေသည့် ပြည်တွင်းစစ်။ နုနယ်သော ဒီမိုကရေစီကို အမြစ်က နုတ်ယူသွားသည့် ပြည်တွင်းစစ် ...။ လက်ရုံးရည်နိုင်ငံရေးက လှစ်ပြခဲ့သော အမင်္ဂလာလမ်း ...။
ဟော ... အခုလည်း လာပြန်ချေပြီ ...။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ...။ အမှန်စင်စစ် ဤဥပဒေမှာ မြန်မာ့ဒီမိုကရေစီ တာထွက်ခရီး၏ ပေးထားချက်။ ၂၀၁၀ ရွေးကောက်ပွဲတွင် အချို့က ပေးထားချက်ဘောင်ထဲမှ အဖြေရှာသည်။ တော်တော်များများက ပေးထားချက်ကို ပယ်သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်ကား ပေးထားချက်ကို မဆိုစလောက်ချဲ့ပေးလိုက်ရာ တော်တော်များများ ရွေးကောက်ပွဲလမ်းကြောင်းပေါ် ရောက်လာသည်။ ယနေ့ ၂၀၁၃ ရောက်တော့ ပေးထားချက်ကို ပြင်လိုက ပြင်နိုင်ဖို့ လွှတ်တော်ကိုယ်တိုင်က မီးစိမ်းပြလိုက်ချေပြီ။
ဘယ်လိုပြင်ကြမည်နည်း။ ဘာတွေပြင်ကြမည်နည်း။ အကုန်ပြင်မည်လော ...။ အပြတ်ပြင်မည်လော ...။ ပေးထားချက် မလိုတော့ပြီလော ...။ သို့တည်းမဟုတ် ဆောက်လုပ်ချက်များဖြင့် ပေးထားချက်ကို ချဲ့ယူမည်လော ...။ မြန်မာ့ နိုင်ငံရေးသင်္ချာ အဖြေရှာရပါတော့မည်။ မြန်မာ့နိုင်ငံရေး ပလေယာများ၏ အမြော်အမြင်နှင့် အတွက်အချက်ပေါ် မူတည်ပြီး မြန်မာ့ဒီမိုကရေစီ အနာဂတ် ဖြစ်တည်လာ ပေလိမ့်မည်။ သတိပြု ဆင်ခြင်ကြပါကုန် ...။
Credit To The Voice Weekly
Post a Comment