(မင်းထက်စံ၊ အောင်ဘိုဘိုရှိန်)
လက်နက်ကိုင် တိုင်းရင်းသားတို့အကြား အားလုံးတန်းတူ အခွင့်အရေးရရှိရေး ဝေဖန်ထောက်ပြ ပြောဆိုနေချိန်တွင် ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ/ UWSA (United Wa State Army) က ပြည်နယ်သတ်မှတ်ပေးရန် တောင်းဆို လိုက်ခြင်းသည် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တိုင်းရင်းသား ကိုယ်စားပြုပါတီ တို့အကြား ဂယက်ရိုက်ခဲ့သည်။
တရုတ် ကူမင်တန်တပ်ဟောင်းနှင့် ဗမာပြည် ကွန်မြူနစ်ပါတီတို့ အခြေစိုက်ခဲ့ဖူး သော ဝ နယ်တွင် ၁၉၈၀ မတိုင်မီက အဝတ် အစားမရှိ ကိုယ်လုံးတီးဖြင့် သွားလာခဲ့သူများ ရှိသော်လည်း လက်ရှိတွင် လူဦးရေခုနစ်သိန်း ခန့် နေထိုင်ကာ စစ်တပ်အင်အား သုံးသောင်းခန့် ရှိသည့်အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရ ပြည်နယ်အဖြစ်ရရှိရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့နှင့် ဝပြည် သွေးစည်းညီညွတ်ရေး ပါတီတို့ တွေ့ဆုံစဉ် ဝပြည်နယ်အဖြစ် ပေးရန် တောင်းဆို လိုက်သော်လည်း တိုင်းရင်းသားပါတီများ နှင့် အဖွဲ့အစည်းများက သဘောတူညီခြင်း မရှိကြပေ။
"ဝပြည်သွေးစည်းညွတ်ရေး ပါတီ/ (UWSA) က " ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုမှုကို လွှတ်တော် နှစ်ရပ်ကသာ အဆုံးအဖြတ် ပေးရမည့်ကိစ္စ ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူ တစ်ဦးက မှတ်ချက်ပေးသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၏ ဗဟိုအလုပ်မှုဆောင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက လည်း “ဝ ပြည်နယ်တောင်းတာကို ဘယ်လိုမှ လက်မခံဘူး”ဟု ဆိုသည်။
"ဝ လူမျိုးများ ပြည်နယ်တောင်းခံမှု သည် အခြေခံဥပဒေက သတ်မှတ်ထားသော နယ်မြေအကျယ်အဝန်း၊ လူဦးရေအရ တောင်းခံပိုင်ခွင့်ရှိပြီး မြန်မာနိုင်ငံတွင်းရှိ လူမျိုးတစ်မျိုး၏ နိုင်ငံရေး အခွင့်အရေးအရ လွှတ်တော်တွင် တောင်းခံပိုင်ခွင့်ရှိကြောင်း မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သည့် ဆောင်းပါးများရေးသားသူ စာရေးဆရာ နေသန်မောင်က ဆိုသည်။
"Political Right အရ တောင်းခွင့် ရှိတာ မှန်ပေမယ့်၊ အခြေခံဥပဒေတိုင်းပဲ သွားသင့်တယ်၊ အစိုးရမှာ ပြည်နယ် သွားတောင်းလို့ မရဘူး" ဟု ၄င်းကထောက်ပြသည်။
အခြေခံ ဥပဒေစာမျက်နှာ (၁၈) ပုဒ်မ ၅၆ (စ) တွင် ရှမ်းပြည်နယ် ဟိုပန် မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန့်မြို့နယ်၊ မက်မန်းမြို့နယ်၊ ပန်ဆန်း (ပန်းခမ်း) မြို့နယ် ခြောက်မြို့နယ်ကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေးထားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လက်ရှိတိုင်းရင်းသားများ အခွင့်အရေးနှင့် မကိုက်ညီသည့်အတွက် အမြန်ဆုံးပြင်ဆင်သင့်ပြီး ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တစ်ခု ထည့်သွင်း ရေးဆွဲပေးသင့်ကြောင်း UWSA ဒုတိယဥက္ကဋ္ဌ ဦးလျောက်နီလျန်က တောင်းဆိုသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက “ဒီပြဿနာဟာ အတော်ထိလွယ် ရှလွယ် ရှိတဲ့ ပြဿနာ၊ တပ်မတော်အစိုးရ ရေးတဲ့ အခြေခံ ဥပဒေထဲမှာက သူတို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ထားတာ၊ အခု အခြေခံဥပဒေ ပြင်ရင် ပြည်နယ် ပေး မပေး ဆိုတာကလည်း ဗိုလ်ချုပ်ဟောင်းတွေပေါ် မူတည်နေတယ်” ဟု မှတ်ချက်ပေးသည်။
ဝ ကိုယ်ပိုင်ပြည်နယ် တောင်းဆိုခြင်းသည် ဒေသတွင်းဖွံ့ဖြိုးရေး အတွက်သာဖြစ်ပြီး ပြည်ထောင်စုမှ ခွဲထွက်လိုခြင်း မဟုတ် ကြောင်း UWSA ပြောဆိုထားသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများတွင် အင်အား အတောင့်တင်းဆုံး ဖြစ်သည့် ဝလက်နက်ကိုင် အဖွဲ့သည် တရုတ် အစိုးရနှင့် ရင်းနှီးသောဆက်ဆံရေး ရှိသည့်အပြင် နှစ်ပေါင်း ၂၀ ကျော်ကြာ အခြား လက်နက်ကိုင် တိုင်းရင်းသားများနှင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ သီးခြား ရပ်တည်သော အဖွဲ့အစည်းလည်းဖြစ်သည်။
ယခင်တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီခဲ့သည့် ၁၉၈၉-၉၀ ပြည့်နှစ်တွင် ဝ ကိုယ်ပိုင်ပြည်နယ် ရရှိရေး အတွက် စတင်တောင်းဆိုခဲ့သည့်အပြင် ၁၉၉၃ ခုနှစ်တွင် ကျင်းပခဲ့သည့် ညောင်နှစ်ပင်ညီလာခံ တွင်လည်း ဝ ကိုယ်စားလှယ် များကလည်း ထပ်မံတောင်းဆိုခဲ့သည်။
သို့သော် အစိုးရအနေဖြင့် တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိပေ။
ဝ ဒေသတွင် လှုပ်ရှားခဲ့ဖူးသည့် ဗမာပြည် ကွန်မြူနစ်ပါတီဝင်ဟောင်း တစ်ဦးဖြစ်သူ ဦးအောင်ကျော်ဇော ကမူ “ဝ ဒေသဟာ အနှစ်နှစ်ဆယ်လုံးလုံး ကိုယ်ပိုင် အုပ်ချုပ်ပြီး ဒေသတွင်းဖွံ့ ဖြိုးရေးကို ကိုယ့်ဟာကိုယ် လုပ်လာတာ ပြည်နယ်ပေးလို့ ရပါတယ်” ဟု ၄င်း၏ အမြင်ကို ပြောကြားသည်။
ဝ ဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်ရန် တပ်မတော်နှင့် တိုက်ခိုက် ခဲ့ရသည့်အပြင် ဝ ဒေသ တောင်ပိုင်းတွင် လည်း ခွန်ဆာတပ်များနှင့် တိုက်ခိုက်ခဲ့ရပြီး ဒေသတွင်းဖွံ့ ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင်လည်း ဘိန်းစိုက်ပျိုးမှုအပြင် တရုတ် စီးပွားရေးလုပ်ငန်းရှင်များကို မြန်မာနိုင်ငံ တွင် လုပ်ကိုင်ခွင့်ရရှိရန် ကြားဝင် လုပ်ဆောင်ပေးခဲ့ရကြောင်း ဦးအောင်ကျော်ဇောက ဆိုသည်။
"ကျွန်တော့်အမြင် ပြောရရင် အစိုးရက တခြားတိုင်းရင်းသားတွေကို ကိုင်တွယ်သလို ဝကိုကိုင်တွယ်လို့ မရဘူး" ဟု ၄င်းက ဆိုသည်။
လက်ရှိတွင်လည်း ဝကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသအတွင်း နိုင်ငံခြားသား မဆိုထားနှင့် ပြည်တွင်းတွင် နေထိုင်သော တိုင်းရင်းသားများပင် တရားဝင်သွားလာ ခွင့်မရှိဘဲ ဝင်ရောက်ခွင့်မရှိပေ။ ခွင့်ပြု ချက်မရဘဲ ဝင်ရောက်သူတို့ကို သေဒဏ်ချမှတ် သည်ဟု ယင်းဒေသခံတို့က ပြောဆိုသည်။
ဗမာပြည် ကွန်မြူနစ်ပါတီဝင်ဟောင်း တစ်ဦးဖြစ်သူ ကလည်း ဝပြည်နယ် တောင်းဆိုခြင်းနှင့် ပတ်သက်၍ “ပြည်နယ် ခုနစ်ခု နဲ့တောင် Power Sharing လုပ်ဖို့ ခက်နေတာဆိုတော့ တိုင်းရင်းသားအများစု လက်ခံမှာမဟုတ်ဘူး” ဟု မှတ်ချက်ပေးသည်။
လက်ရှိအနေအထားအရ တပ်အင်အား မရှိသော်လည်း လူမျိုးစုကြီးမားသည့် ပလောင်၊ ပအို့ဝ်တို့ ဝဒေသအနီးတွင် ရှိနေသည့်အတွက် ဝပြည်နယ်ပေးရန် မလွယ်ကူသေးကြောင်း နိုင်ငံရေးလေ့လာ သူများကဆိုသည်။
သို့သော် ဝပြည်သွေးစည်းညီညွတ်ရေး ပါတီကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ စစ်ရေးအရ ထောက်ပံ့နေမှုများကို တရားဝင် အသိအမှတ်ပြုပေးရန်လည်း ဦးလျောက်နီလျန် က ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ကိုပြောကြားခဲ့သည့်အပြင် ဝ ပြည်နယ် အဖြစ် သတ်မှတ်ပေးရန်လည်း တောင်းဆိုထားသည်။
အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေး နေသော လက်နက်ကိုင် ရှမ်းတိုင်းသားများအပြင် ကချင်၊ ကရင်၊ မွန်၊ ကယားအစရှိသော လက်နက်ကိုင် တိုင်းရင်းသားများဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲ ကာလတွင် ငြိမ်းချမ်းရေးယူထားသော ဝ ပြည်သွေး စည်းညီညွတ်ရေးပါတီက တောင်းဆိုလိုက်ခြင်းသည် တိုင်းရင်းသားများ အရေးကိစ္စ၌ စာမျက်နှာသစ် ဖြစ်လာပြီလောဟု မေးခွန်း ထုတ်စရာ ဖြစ်လာသည်။
Credit To The Voice Weekly
Post a Comment